နတ်ပြည်က ဝှက်ယူလာတဲ့အသီး

ငယ်ငယ်တုန်းက ကြားဖူးနားဝပုံပြင်လေးတစ်ပုဒ်ပါ။ အခုထက်ထိ မှတ်မိနေသေးတော့

ပျော်စရာအနေနဲ့ ပြန်ရေးကြည့်ပါဦးမယ်။ နတ်ပြည်ကစားတဲ့ နတ်သုဒ္ဒါအသီးတစ်မျိုးဟာ

လူ့ပြည်မှာ ရှိပါသတဲ့။ အဲ့သည် အသီးရဲ့ ဒဏ္ဏာရီလေးပေါ့။

 

ရှေးသရောအခါက တိုင်းပြည်တစ်ပြည်ရဲ့ ဘုရင်ကြီးတစ်ပါး အလွန်ချောမောလှပတဲ့

သမီးတော်လေးတစ်ပါးရှိပါသတဲ့။ မင်းသမီးလေးရဲ့ အလှဟာ သူ့တိုင်းပြည်မှာတင်မဟုတ်ဘဲ

အနီးအနား ဝန်းကျင်က တိုင်းပြည်တွေပါတင် ကျော်ကြားသတဲ့။ မင်းသမီးလေးကို လိုချင်ကြ

တဲ့ အခြားတိုင်းပြည်က မင်းသားတွေလည်း တပုံတပင်ပေါ့။

 

သည်လိုနဲ့ ဘုရင်မင်းကြီးဟာ သူ့ရဲ့သမီးတော်လေးအတွက် တွေးပြီး ပြိုင်ပွဲတစ်ခုကို

တိုင်းပြည်အရပ်ရပ်သို့ ကြေငြာမောင်းထုခဲ့သတဲ့ကွယ်။ အဲသည်ပြိုင်ပွဲကြေငြာချက်ကတော့

မြင့်မားလှတဲ့ မျှော်စင်ကြီးတစ်ခု တည်ဆောက်ပြီး မျှော်စင်ရဲ့ပတ်ပတ်လည်မှာ ရေပြင်ကျယ်

ကြီးဖြစ်အောင် ဖန်တီးလိုက်သတဲ့။ ရေပြင်ကျယ်ကြီးထဲမှာတော့ အသားစား ရေသတ္တဝါ

အစုံကိုထည့်သွင်းထားသတဲ့။ မင်းသမီးလေးကို လိုချင်တဲ့ မင်းညီမင်းသားတွေဟာ

မင်းသမီးလေးရှိတဲ့ မျှော်စင်ပေါ်ကို ရေလည်းမစို အသက်လည်းမသေးဘဲ ရောက်အောင်

သွားနိုင်တဲ့သူဟာ မင်းသမီးလေးကို ပိုင်ဆိုင်ရမယ်လို့ ကြေငြာသတဲ့။

 

ဘုရင်ကြီးရဲ့ ပြိုင်ပွဲကို ယှဉ်ပြိုင်နိုင်ခြင်းမရှိတဲ့ မင်းညီမင်းသားတွေဟာ ရေကန်ကြီးပတ်လည်

ကနေပဲ မင်းသမီးလေးကို စောင့်မျှော်နေကြရပါသတဲ့။ ဒီလိုနဲ့ မင်းသမီးလေးရဲ့ သတင်းဟာ

လူ့ပြည်မှာသာ မကဘဲ နတ်ပြည်မှာပါ သတင်းကျော်ကြားသွားပါသတဲ့။ သည်လိုနဲ့ နတ်ပြည်

က နတ်သားတစ်ပါးဟာ မင်းသမီးလေးကို ချစ်ခင်နှစ်သက်စိတ်ဝင်ပြီး။ မင်းသမီးလေးရှိရာ

မျှော်စင်ကိုလာပြီး မင်းသမီးလေးကို နတ်ပြည်ကို ခေါ်ဆောင်သွားပါသတဲ့။ မင်းသမီးလေးကို

နတ်ပြည်ခေါ်ဆောင်သွားတဲ့ သတင်းဟာ လူ့ပြည်မှာ ဟိုးလေးတကျော်ကျော်ဖြစ်သွားတဲ့

အပြင် မင်းသမီးလေးကို ချစ်ချင်စုံမက်နေတဲ့ မင်းညီမင်းသားတွေကိုပါ ဝမ်းနည်းစေပါသတဲ့။

 

နတ်သားဟာ နတ်ပြည်ရောက်တဲ့မင်းသမီးလေးကို သူတို့ဆီက နတ်သုဒ္ဒါတွေနဲ့ ကျွေးမွေး

သတဲ့။ နတ်သား ခေါ်လာတဲ့မင်းသမီးလေးသတင်းကို ကြားတဲ့ အကြီးအကဲတစ်ဦးဟာ

နတ်သားကို ဆင့်ခေါ်သတဲ့။ နတ်သားကိုလည်း ပြောပါသတဲ့ လူနဲ့နတ်ဟာ မအပ်စပ်တဲ့

အကြောင်း၊ မင်းသမီးလေးကို လူ့ပြည်ပြန်ပို့ဖို့ အမိန့်ချပါသတဲ့။ သည်လိုနဲ့ နတ်သားဟာ

စိတ်မကောင်းစွာနဲ့ မင်းသမီးလေးကို လူ့ပြည်ပြန်ပို့ဖို့ လုပ်တဲ့အခါမှာ မင်းသမီးလေးဟာ

နတ်ပြည်ကကျွေးတဲ့ နတ်သုဒ္ဒါသစ်သီးတွေအထဲမှာ အသီးတစ်မျိုးကို အလွန်ကြိုက်နှစ်သက်

တာနဲ့ အဲသည်အသီး မသိအောင် မကောင်းတဲ့နေရာတစ်နေရာမှာ ထည့်ပြီးခိုးယူလာပါ

သတဲ့။

 

နတ်ပြည်ကိုပြန်ပို့တဲ့ လမ်းခရီးမှာ နတ်သားရဲ့ စိတ်မကောင်းဖြစ် ဝမ်းနည်းခြင်းတွေကြောင့်

မိုးတွေသည်းသည်းမဲမဲရွာတာကြောင့် လူ့ပြည်ကို ပြန်ရောက်တဲ့အခါ မင်းသမီးလေးဟာ

နာမကျန်းဖြစ်ပြီး အသက်ဆုံးရှုံးသွားပါသတဲ့ကွယ်။ ဒီလိုနဲ့ ဘုရင်ကြီးဟာ မျှော်စင်နဲ့မလှမ်း

မကမ်းမှာ မင်းသမီးလေးအုတ်ဂူကို အမှတ်တရ ပြုလုပ်ပေးခဲ့သတဲ့။ မင်းသမီးလေးကို

ချစ်ခင်ကြတဲ့ မင်းညီမင်းသားအချို့ဟာ စိတ်မကောင်းခြင်းကြီးစွာနဲ့ မင်းသမီးလေးရဲ့ အုတ်ဂူ

ဘေးမှာပဲ လအတော်ကြာ ရှိမြဲအတိုင်း ရှိနေသတဲ့ကွယ်။

 

ရက်တွေ လတွေအတော်ကြာလာတဲ့အခါမှာတော့ မင်းသမီးလေးအုတ်ဂူကနေ

အပင်တစ်ပင်ပေါက်လာပါသတဲ့။ အဲသည်အပင်ကနေ အသီးတွေသီးလာတဲ့အခါမှာ

မင်းညီမင်းသားတွေ အစိမ်းတစ်ဖုံ ကြော်ချက်ပြီးတစ်ဖုံ စားကြည့်ကြသတဲ့။ အသီးဟာ

အလွန်စားကောင်းတာကြောင့် မင်းသမီးလေး နတ်ပြည်က ဝှက်ယူလာတဲ့ အသီးဖြစ်မယ်

လို့ မှတ်ယူကြသတဲ့ကွယ်။ ဒါပေမယ့်လည်း အသီးဟာ မင်းသမီးလေးရဲ့ မကောင်းတဲ့နေရာ

က ဝှက်ယူလာတဲ့အတွက် အနံ့အသက်ကတော့ မကောင်းရှာဘူးသတဲ့ကွယ်။

 

ယခုထက်ထိတိုင် အဲ့သည်အသီးဟာ လူကြိုက်များတဲ့ အသီးဖြစ်တာကြောင့်

အနံ့အသက်မကောင်းလည်း  လူတွေဟာနှစ်သက်စွာ စားသုံးနေကြဆဲပါသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

နတ်ပြည်ဝှက်ယူလာတဲ့ အသီးလေးရဲ့ နာမည်ကတော့ “ဒညင်းသီး”ဖြစ်ပါသတဲ့ကွယ်။

 

လေးစားစွာဖြင့်

အောင်မိုးသူ

18 comments

  • ဇီဇီခင်ဇော်

    August 25, 2015 at 11:16 am

    ငင့်။
    ဒညင်းသီး မကြိုက်လို့ တော်သေးး

    :mrgreen:

  • တောင်ပေါ်သား

    August 25, 2015 at 11:23 am

    ဒီညနေ လဘက်သားနဲ့ ဒညင်းသီးမြည်းမလို့ စဉ်းစားနေတာ ၊

    ခီညားဗျာ

    အို ဘာဖြစ်ဖြစ် မြည်းမှာပဲ ၊ ဒညင်းလဘက်ကို ကြက်ကြော်နဲ့တောင် မလဲပေါင် 🙂

    • အောင် မိုးသူ

      August 25, 2015 at 11:39 am

      ဒညင်းသီးကို အရင်ပြုတ် ရေဆူလာရင် အခွံတွေကွာလာမယ်။ ခဏရပ် အခွံတွေ အကုန်ခွာ ထက်ခြမ်းခွဲ။ ရေအသစ်ထည့် ပဲငံပြာရည်နည်းနည်းထည့် သကြားထည့် ဆားထည့် ဆီ တစ်စက်နှစ်စက်ထည့် ရေခမ်းတဲ့အထိပြုတ်။ ကောင်းမှကောင်းပဲ ဘာနဲ့မှ မလဲနိုင် အရသာရှိ။ ပြုတ်ပီးသား ဝယ်ရင် ရေပြန်ဆေး စောနကလိုပြုတ် အရမ်းကောင်း။

  • may july

    August 25, 2015 at 1:44 pm

    ဒညင်းသီး နံရခြင်းအကြောင်းက … ငိငိ
    ဒညင်းသီးကို ပြုတ်ရင် ရေ နှစ်ခါ သုံးခါ လဲ ပြီး ပြုတ်တာပိုကောင်းပါတယ် .
    ဒညင်းသီးမှာ ပါတဲ့ အဆိပ်တွေ ကို တတ်နိုင်သလောက်ဖယ်ရှားလိုက်တဲ့ သဘောပေါ့နော် ..
    တချို့ ကလည်း ဒညင်းသီးကို အဆိပ်သီးလို့ ခေါ်ကြတယ်ဗျ ..
    မစား တာ တော့ အကောင်းဆုံးပေါ့ဗျာ ..ကြိုက်မိတော့လည်းအခက်သားးးးး

  • kai

    August 25, 2015 at 2:05 pm

    နတ်မျက်စိဆိုတာ.. ဒိဗ္ဗစက္ကုဗျ..။
    အကုန်ဖောက်ထွင်းမြင်နိုင်တယ်တဲ့..။
    ဆိုတော့…
    ဝှက်၍မရ..။ မရ..။

    • အောင် မိုးသူ

      August 25, 2015 at 2:30 pm

      နတ်သားလေးဟာ သူ့ကို ချစ်လို့ လွှတ်ပေးလိုက်တာ ဖြစ်မှာပေါ့ သူကြီးရဲ့ ဟိဟိ။

    • CharTooLan

      August 25, 2015 at 4:06 pm

      ဒါဆိုနတ်တွေရှေ့ အထူးတလည် အဝတ်ဝတ်စယာမလိုဘူးပေါ့
      ဝတ်ထားလဲမြင်နေမှာစိုဒေါ့လေ 😛

  • CharTooLan

    August 25, 2015 at 4:07 pm

    ပျော့မဲ့သာပျော့ရဒါ တော်ကြာ ဟိုဏှာဖူးကြောင်က
    သုကိုသူ နတ်ကြောင်လုပ်နေမှဖြင့် တေဘီဆြာ 😛

  • Alinsett @ Maung Thura

    August 25, 2015 at 6:00 pm

    အဲ့ ပုံပြင်ကို ကာတွန်းရုပ်ပြအနေနဲ့ ငယ်ငယ်က ဖတ်ဖူးသလိုလိုပဲ…

    ဒညင်းသီးကို… လက်ဖက်သုတ်နဲ့ စိပ် စားရတာကိုတော့ ကြိုက်သလိုလိုရှိ….

    😆

  • ဝင့်ပြုံးမြင့်

    August 25, 2015 at 7:59 pm

    .စိတ်ကူးစိတ်သန်းတအားကောင်းတဲ့ ကြံကြံဖန်ဖန်ပုံပြင်။

  • aye.kk

    August 25, 2015 at 8:11 pm

    ဘယ်နေရာကနေဝှက်ယူလာလည်းတော့မသိ။
    မကေါင်းတဲ့နေရာကဆိုတော့အာခံတွင်းကနေ(ပါးစပ်)ငုံပြီးယူလာခဲ့တာဖြစ်မယ်။
    စားလိုက်ရင်အရမ်းနံလို့။။။။။

  • ဦးကြောင်ကြီး

    August 26, 2015 at 8:46 am

    မ ကောင်းတဲ့ နေလှ ျာပါဂ ျ…

Leave a Reply