အမေ့ကိုလွမ်းလို့

aye.kkSeptember 13, 20151min3238

သုံးရာသီအလိုက်

ရာသီပေါ်စာတွေလုပ်ကျွေးလေ့ရှိတဲ့အမေ့ကို

မလွမ်းဘဲမနေနိုင်တာ အမှန်ပါဘဲ။

ရှမ်းအရှေ့ဒေသမှာရွှေဖရုံသီးတွေလှိုင်လှိုင်ထွက်တာမို့

ဝယ်စားရတာဈေးအင်မတန်ချိုပါတယ်။ဈေးလည်းပေါ,ကျန်းမာရေးနဲ့လည်းညီညွတ်တာမို့

ဝယ်စားဖြစ်လေ့ရှိပါတယ်။

ရွှေဖရုံသီးမြင်ရင်

လွမ်းမိတာကအမေ့ကိုပါဘဲ။

မနက်သွားရေစာအဖြစ် ရွှေဖရုံသီးမုန့်ကိုလုပ်ကျွေးလေ့ရှိသလို

ငယ်စဉ်တောင်ကျေး၊ကလေးဘဝအရွယ်ကနေ၊ကြီးပျင်းလာတဲ့အချိန်ထိဆိုတာထက်

အိမ်ထောင်မကျမှီအရွယ်တိုင်ထိပါဘဲ။

ဒါကြောင့်လည်းဖြစ်မယ်ထင်ပါတယ်။

ဘယ်သွားသွား၊ဘယ်လာလာ၊ဘာလုပ်လုပ်

အမေ့ခြေရာ၊လက်ရာတွေကအမြဲလိုလိုအရိပ်ပမာ၊တွယ်တာလိုက်နေခဲ့တာပါ။

ရွှေဖရုံသီးတွေပေါ်ချိန်

ဈေးကလည်းချိုတော့၊အိမ်ရှင်မတစ်ယောက်အနေနဲ ့မဝယ်ဖြစ်ဘဲမနေနိုင်တာပါ။

အာဟာရလည်းဖြစ်၊ဆေးဖက်လည်းဝင်၊ကျန်းမာရေးအရလည်း၊စားသုံးလို့သင့်လျော်တာမို့

ရွှေဖရုံသီးကိုအလုံးလိုက်ဘဲဝယ်ဖြစ်ပါတယ်။

အသားကိုဟင်းချက်၊မုန့်လုပ်စား၊ရွှေဖရုံစေ့ကိုလှော်စားရတာနှစ်သက်လို့ပါဘဲ။

အခွံကိုလည်းမပြစ်ထုတ်ရဘဲ၊ပုရွက်ဆိပ်တွေမလာနိုင်အောင် အသုံးပြုပါတယ်။

အလေအလွင့်မရှိလို့၊အိမ်ရှင်မဖြစ်တဲ့၊ကျွန်မအနေနဲ ့အင်မတန်နှစ်ခြိုက်သဘောကျမိတာက

အမှန်ပါဘဲ။

အမေလုပ်ကျွေးတဲ့ရွှေဖရုံသီးမုန့်ကို၊အရမ်းနှစ်သက်မိပါတယ်။

အရမ်းကြိုက်ပါတယ်။

ရွှေဖရုံသီးအမှည့်၊ဈေးထဲကနေအမေဝယ်လာရင်

ရေဆေးပြီးအလုံးလိုက်ပြုတ်ပါတယ်။

နှူးအိလာရင်အသားကိုဇကါနဲ့တိုက်ချပြီး

ဆန်မုန့်နှစ်ရည်နဲ ့သမပါတယ်။

ဝက်သားကိုစင်းပြီး,ဂျင်း,ကြက်သွန်အဖြူ,အနီတို့နဲ ့မွှေးနေအောင်ဆီသပ်ထားပြီးသား

(အပေါ့အငံ)ပါပြီးသားကိုထည့်ပါတယ်။ရေခဏစိမ်ထားတဲ့ရွှေပုဇွန်ခြောက်အကောင်ကြီးကြီးတွေ

အနည်းငယ်ပွလာမှ၊မုန့်နှစ်ရည်ထဲထည့်ပြီး၊ငြုပ်ကောင်းမှုန့်မွှေးနေအောင်ခပ်ပြီး၊ယောက်ဇွန်းကြီးနဲ့

20150909_163929
မိသားစုနည်းတော့၊ရွှေဖရုံသီးအလုံးလိုက်ဝယ်လာပေမယ့် ဟင်းလျာအတွက်ချက်ဘို့ခွဲခြမ်းထားတာပါ။

သမအောင်မွှေပါတယ်။

ကြက်သွန်နီကြော်ထားတာတွေကို မုန့်နှစ်ရည်အပေါ်မှာပြန်ပြီးဖြူးပါတယ်။ပေါင်းအိုးနဲ ့၄၅မိနစ်လောက်ပေါင်းပြီး

အနံ ့မွှေးလာပြီဆိုမှ မီးဖိုပေါ်ကနေချပြီးအအေးခံထားပါတယ် ။

မုန့်ကိုလုပ်ထားပြီး၊နောက်နေ့နံနက်ရောက်ရင်တော့၊ရွေဖရုံသီးမုန့်ကို

လေးထောင့်အနေအထားမထူမပါးလှီး၊ဒယ်အိုးထဲမှာဆီထည့်ပြီး၊ပြန်ကြော်ပါတယ်။

မွှေးမွှေးကြွပ်ကြွပ်လေးဖြစ်လာမှဆယ်ယူပြီး၊ပူပူနွေးနွေးမှာပဲ၊မျောက်တံဆိပ်ငြုပ်ဆီနဲ ့ကျွေးပါတယ်။

အမေကအမြဲလိုလိုလုပ်ကျွေးခဲ့တာမို့၊မုန့်လုပ်တာကိုအမြင်နဲ့လည်းမှတ်မိနေတာမို့

အမေ့ကိုလွမ်းမိရင်း၊ရွှေဖရုံသီးမုန့်လုပ်စားဖြစ်တာလေးပြောပြမိပါတယ်။။

အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေ။။။။

20150909_164723
အစေ့ကိုတော့လှော်စားဘို့အတွက် ရေးစင်စင်ဆေးပြီးခြောက်သွေ့အောင်ထားတာပါ။
20150912_092905
ဟင်းလျာတစ်ခွက်ပါ။
20150912_152955
ရွှေပုဇွန်ခြောက်တော့မပါဘူး၊ဝက်သားစင်းပြီးဆီသပ်ထားတာရယ် ငြပ်ကေါင်းမှုန်ုရယ်,ကြက်သွန်ကြော်ရယ်ပါပါတယ်။ကြက်သွန်ကြော်ကိုမုန့်နှစ်ရည် အပေါ်မှာဘဲဖြူးထားပါတယ်။ပေါင်းပြီးအအေးခံထားတာ။
20150912_153010
အမေ့ကိုလွမ်းမိလို့လုပ်ကြည့်တာ အမေ့လက်ရာမမှီပြန်လို့လွမ်းရတဲ့ရွှေဖရုံသီးမုန့်။

8 comments

  • ဇီဇီခင်ဇော်

    September 13, 2015 at 6:34 pm

    ဟယ်တော့။
    စားချင်စရာလေး၊
    ရွှေဖရုံသီးကို ပါးပါးလှီးပြီးအကြော်လို မုန့်နှစ်နဲ့ ကြော်တာလည်း ကြိုက်တယ်။

  • Ma Ma

    September 13, 2015 at 8:20 pm

    ရွှေဖရုံသီးမုန့်ကြိုက်တယ်။
    ပိန်းဥပေါတဲ့အချိန်ကျရင် ပိန်းဥနဲ့လုပ်ရင်လည်း စားကောင်းတယ်။
    လုပ်မစားဖြစ်တာတောင် ကြာပေ့ါ။

  • aye.kk

    September 13, 2015 at 8:29 pm

    ဇီဇီ
    အန်တီလုပ်တာ
    အမေ့လက်ရာမမှီလို့။

  • aye.kk

    September 13, 2015 at 8:32 pm

    မမ
    ဆောင်းရောက်ရင်
    အမေလုပ်ကျွေးတဲ့ဝက်နံရိုးနဲ့ပြုတ်တဲ့
    ပိန်းဥဆန်ပြုတ်မွှေးမွှေးလေးကိုသတိရမိတယ်။။

  • မြစပဲရိုး

    September 13, 2015 at 8:36 pm

    ကျွန်မလဲ ရွှေဖရုံသီးဟင်း ဆို အရမ်းကြိုက်တယ် အစ်မအေး ရေ။
    အစ်မအေး လုပ်တာ က အမေ့လက်ရာ မမှီတာ တောင် အရသာ အတော်ရှိမဲ့ ပုံပါဘဲ။
    အမေ့ ကို မူရင်း ကို မှီဖို့ ခက်တာ တော့ သိတယ် အစ်မရေ။
    အစ်မ လက်ရာ ကိုလဲ အစ်မ ကလေး တွေ လွမ်းနေမှာ။

    ကျွန်မ ကတော့ ရွှေဖရုံသီးချက် ကို စားတိုင်း ငယ်တုန်းက ပုံပြင်လေး ကို အမြဲသတိရတယ်။
    နတ်သမီးလေး နဲ့ ကြိုက်ပြီး နတ်ပြည်ပါသွား တဲ့ ကောင်လေး က သူ့ အမေကို သတိရပြီး လူ့ပြည် ကို ခဏ ပြန်ချင်တယ် ပြောတော့
    သူ့ရဲ့ နတ်သမီးလေး က နတ်မြင်းပျံကြီးပေးပြီး မြင်းပေါ်က မဆင်းဘဲ အမေ့ကို နှုတ်ဆက်ပြီးပြန်ခဲ့ဖို့ မှာလိုက်တယ်။
    အမေ ဆီရောက်တော့ အမေ က သူ့သားလေးကြိုက်တဲ့ ရွှေဖရုံသီးလေးချက်ထားတာမို့ နဲနဲစားသွားပါပြောလိုက်တယ်။
    ဒါနဲ့ မြင်းပေါ်က မဆင်းဘဲ ဟင်းပန်းကန် ကို ယူလိုက်တာ ချော်ပြီး မြင်းပေါ်ကို မှောက်တော့ မြင်းက လန့်ပြီး ခါထုတ်တော့ သူ့မှာ မြင်းပေါ်က ကျရော။
    ပြီးတော့ မြင်းကြီး က မိုးပေါ်ပျံသွားလိုက်တာ သူ ကျန်ခဲ့ပါလေရော။

    Happy Ending မဟုတ် တဲ့ ဇာတ်လမ်း ထဲ က ရွှေဖရုံသီးချက် ကို ရွှေဖရုံသီးချက် စားတိုင်း အမြဲသတိရမိပေါ့။ :-)))

    ဒီမှာ လဲ ရွှေဖရုံသီး ရတယ်။
    တစ်နှစ်လုံး ရှိတာ က Butternut squash လို့ ခေါ်တဲ့ ရွှေဖရုံသီး အသေးစား။
    pumpkins လို့ ခေါ်တဲ့ တကဲ့ ရွှေဖရုံသီး အကြီးကြီး တွေ က တော့ တစ်နှစ်မှ တစ်ခါ အောက်တိုဘာမှ ရတယ်။
    ပြီးရင် မရတော့ဘူး။

  • aye.kk

    September 13, 2015 at 8:50 pm

    မလတ်
    ကျေးဇူးပါ။
    ပုံပြင်လေးကကေါင်းတယ်
    ရွှေဖရုံသီးကလည်းကေါင်းတယ်
    အမေ့လက်ရာကလည်းပိုကေါင်းတာအမှန်ပါဘဲ။

  • kai

    September 14, 2015 at 4:58 pm

    အဲဒီရွှေဖရုံသီးကို.. တဝက်ဝက်ပြီး.. ပလပ်စတီ Wrap နဲ့ထုတ်…။
    မိုက်ခရိ်ုဝေ့ဗ်ထဲ..ထည့်… ၅မိနစ်လောက်.. ချွင်လိုက်ရင်.. အသားကနူးအိသွားပါတယ်..။
    အဲဒါကို.. ဇွန်းနဲ့ခြစ်..။ အရက်ရယ်..။ သကြားရည်ရယ်..။ စပျစ်သီးခြောက်လေးတွေရယ်.. နို့စိမ်းရယ်နဲ့ရေသမမွှေလိုက်ရင်..
    တော်တော်ကောင်းပါကြောင်း..။

    ဂျပန်မှာ.. ဆိုင်မှာလုပ်တုံး.. တိဘက်ကလာတဲ့.. သက်သတ်လွတ်ဘုန်းဘုန်းတွေ.. ဆိုင်ကြွလာစားကြချိန်.. ဆိုင်ရှင်က.. သက်သတ်လွတ်စားနိုင်ဖို့ဘာရှိလည်းမေးတာမို့.. အဲဒီဆွမ်းကပ်ဖူးပါကြောင်း…။ :k:

  • Shar Thet Man

    June 28, 2018 at 3:18 pm

    ရွှေဖရုံသီးမကြိုက်ပါ…

Leave a Reply