. မြ ရဲ့ သင်ပုန်း ၁၄-၀၉-၂၀၁၅

မြစပဲရိုးSeptember 14, 20151min27814

.မြ တစ်ယောက် တွေ နေသည်။
.ကြားလိုက်ရသော စကားတစ်ခွန်းကြောင့် ဖြစ်သည်။

နည်းပညာကျေးဇူး ကြောင့် ဈေးပေါသော စမတ်တယ်လီဖုန်း နှင့် ကဒ် များ ဖန်တီးပေးနိုင်သည် မှ မြန်မာပြည် တွင်လဲ တောရော၊ မြို့ပါ မကျန် ဆက်သွယ်ရေးကောင်းမွန်ခဲ့သည်။
နယ်မှ အဒေါ်များနှင့် လဲ အဆက်အသွယ် ပြန်ရလာသည်။
အပါတ်တိုင်း သူတို့ နှင့် ဗိုင်ဘာ မှတစ်ဆင့် စကားပြောရတော့သည်။

အဒေါ်အပျိုကြီး နှစ်ယောက် အနက် အငယ် သည် ရပ်ရွာထဲတွင် ဟိုဟိုဒီဒီ လူမှုရေးများ လုပ်သည်။
ထို့ကြောင့် သတင်းစုံ ကြားရတတ်သည်။
မနေ့က သူ့ကို မဲထည့်ရန် တိုက်တွန်းလိုက်တော့ ကြံ့ဖွံ့ ကိုလဲ မထည့်၊ ဒီချုပ် ကိုလဲ မကြိုက် ဟုပြောသည်။
ဖွတ်ကိုတော့ ထားတော့။ ဒီချုပ် က ဘာလို့လဲ လို့ မေးတော့ လူ ကို မကြိုက် လို့ ဟုပြောသည်။
ဖြစ်နိုင်ရင် လူသိသော ပညာတတ် များ ဖြစ်လျှင် ကောင်းမည်၊ အခု ဟာက အထင်ကြီးစရာ မရှိသော သာမာန်ကျောင်းဆရာ ဟု စိတ်ပျက်လက်ပျက် ဆိုသည်။
ဒါ့အပြင် ထိုနယ်မှ NLD အဖွဲ့ ထဲ မှာလဲ ဒီလူ ဖြစ်တာ ကို သိပ်မကြိုက်ကြဟု လဲ ကွန်ပလိန့် လုပ်သည်။
ကြံ့ဖွံ့ ဘက်က ဒုဝန်ကြီး တစ်ပါး မှ ဝင်ပြိုင်မည် ဖြစ်ပြီး မီးအချိန်ပြည့်ပေးနိုင်ရန် မီးတိုင်များ မြို့ နှင့် နီးလာပြီ ဟု မဲဆွယ် နေသည် တဲ့။
သို့သော် သူ့ကိုလဲ အယုံအကြည် မရှိဟု ဆိုသည်။
တော်သေး၏။
ဒီတော့ မည်သူ့ ကို မဲပေးမည်နည်း ဟု မေးတော့ အမျိုး ဘာသာ သာသနာ အတွက် ဦးစားပေးသူ ကို ပေးမည် ဟုပြောလေသည်။
ကြည့်ရတာလဲ တစ်သီးပုဂ္ဂလ ဖြစ်မည်လား၊ ဖွတ်ခွဲ ဘဲ ဖြစ်မည်လား တော့ မသိ။

လောလောဆယ်မှာတော့ မြတစ်ယောက် အမျိုး ဘာသာ သာသနာ အတွက် အကာအကွယ်ပေးမည့် အဒေါ် ၏ ထံမှ ဒီချုပ် အတွက် မဲတစ်ပြား ရစေရန် မဲဆွယ်နေလေတော့သည်။
ကိုယ့်ဘက်ကို ယိုင်လာသည်ဟုတော့ ထင်၏။
ထိုအပျိုကြီး သည် “ချစ်သုဝေ” ၏ “လင်းလင်း” ကို သဘောကျ အားပေး တစ်ယောက် ဖြစ်နေသည် ကလဲ ဆွဲဆောင်အား တစ်ခု ဖြစ်ခဲ့ကြောင်း သိခဲ့ရသည်။
သူ့ ကို ဖုန်းခေါ်ချိန် ဒါရိုက်တာ ဝိုင်းရဲ့ မဲဆွယ်ကားကိုလဲ ကြည့်နေကြောင်း သိလို့ ကိုယ်တွန်းချိန် စိတ်ပြန်ယိုင် လာတာ လဲ ဖြစ်နိုင်သည်။

နယ်တွေမှာ ဒီလို သာ အမျိုး ဘာသာ သာသနာ အတွက် စိတ်ဓာတ် တစ်လွဲ ဖြစ်နေ ကြပါက မဲ တွေ ပြန့် ပေတော့မည်။
တစ်သီးပုဂ္ဂလ တွေ ကများ၊ ဖွတ် အခွဲ တွေကလဲ များ နေတဲ့ ကြားထဲ မှာ အဘတို့ အဖွဲ့ ကလဲ နည်းမျိုးစုံသုံး ညစ်ဦးမှာ ဆိုတော့ သိပ်ပြီး ပေါ့ လို့မရ တဲ့ အခြေ ဖြစ်နေသည်။
အနုပညာသမားများ စွမ်းအား ဖြင့် ဆွဲဆောင် နိုင်လျှင် တော့ တစ်ချို့ ပြန်ပါလာနိုင်မည် မှန်းသည်။

ဒီကြားမှာ နဲနဲ စိတ်ပျော်လိုက် မိသည်တော့လဲ ရှိသည်။
နည်းပညာဘက်မှ ဆရာ့ဆရာကြီး တစ်ချို့ ရဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်ထားတဲ့ သဘောထား ကို မြင်လိုက်ရ၍ဖြစ်သည်။
ထို လူတန်းစား မှ ဒီချုပ်ဘက် က ရပ်တည်ပေးနိုင်လျှင် တော့ မတရားမှုများ အတွက်တန်ပြန်ပေးနိုင်သည့် အား ရမည်ဟုတော့ မျှော်လင့်ချက်ထားမိ၏။

ဘာဘဲဖြစ်ဖြစ် ဒီ တစ်ပွဲ သည် မြန်မာပြည် အနာဂါတ် အကောင်းအဆိုး အတွက် နောက်ဆုံးပြိုင်ပွဲ ဖြစ်သည်။
ရလာဒ်ကို အသေအချာ မှန်းထားလို့ မရ သည့် ပွဲ တစ်ပွဲ လဲ ဖြစ်နေသည်။

မဲပြတ် နိုင်မည် ဟု မထင်လိုက်ကြပါနှင့်။
ကိုယ့် အသိုင်းအဝိုင်း အများစု သည် မဲစာရင်းပါ/မပါ ပင် သွားမကြည့် သူများဖြစ်သည်။
နယ်ဘက် မှ အများစု သည် မဲ ဝယ် လျှင် ရောင်းမည့် သူများ ဖြစ်သည်။
စစ်တပ် သည် လဲ သူတို့ အချင်းချင်း ထူးပြီး သိမ်းသွင်းရန် မလိုတော့။
အတိုက်အခံများ ၏ အပြောအဆိုများကြား တွင် စည်းခြား၍ သွေးကွဲ နေပြီ ဖြစ်သည်။
လူမျိုး ဘာသာ သာသနာ အတွက် ထမင်းငတ်လဲ ဂရုမစိုက်၊ အသက်ပင်ပေးမည် ဟု ကြိမ်းဝါးသူများ နေရာအနှံ့ပြန့် နေသည်။
KFC ကို တိုးဝှေ့၍ စားသော်လည်း ပြည်ပအားကိုး အလိုမရှိ ကြွေးကြော်သူများ လဲ ရှိနေသည်။
ငါတော့ တော့ မအားဘူး။ တတ်နိုင်သူများ လုပ်ကြပါလို့ တာဝန်ယူရန် မသိဟန်ဆောင် များ လဲ မနဲတာ တွေ့ရသည်။

အင်တာနက် ထဲ ဝင်လိုက်လျှင် တော့ ကိုယ့် ဟာ နဲ့ ကိုယ်တော့ ဟုတ်နေကြသည်။
အနီ ရောင် ကလဲ ပြည်သူတစ်ရပ်လုံး သူတို့ နောက်မှာ ရှိနေသည် ထင်၏။
အစိမ်းရောင် ကလဲ စစ်တပ်တစ်ရပ်လုံး သူတို့ နောက်မှာ ရှိနေသည် ထင်၏။
. မြ ကိုယ်ပိုင်အမြင် ကို ပြောပါမည်။
အစိမ်းရောင် နောက်က အစိမ်းရောင် များသည် ကား ပို၍ စည်းရုံးနေပါသည်။
. မြ ပြောခဲ့သလိုပင် အတိုက်အခံများ ကျေးဇူးပင်ဖြစ်၏။
သို့သော် ဝမ်းနည်းစရာမှာကား အနီရောင်နောက်မှ ပြည်သူများ ဆိုသည် မှာ ပြည်သူ တစ်ရပ်လုံး လို့ မထင်ကြပါနှင့်။
ဒီအချိန်မှာ အာဏာကိုယ့်လက်ထဲ ရဖို့ အဓိက စည်းလုံးရမည့်အချိန်ဖြစ်သည်။
သို့ရာတွင် အစိုးရ ဆန့်ကျင်သူများ ထဲ ၌ပင် ကိုယ်ထင်ရာ စိုင်း ကာ ကိုယ့်စိတ်ကြိုက် လမ်းဖောက်ရင်း လားရာ ကွဲ နေကြပါပြီ။
အချင်းချင်း အပြစ်ဖို့ စကား တွေ နှင့် ခြေထိုးနေကြသည်။
လက်ရှိ အာဏာရှင်များ ပြုံး၍ ဒူးနှံ့ နေတာ မြင်ရသည်။

.မြ စကား အစ ကို ပြန်ချုပ် ပါမည်။
နည်းပညာ သည် ဆက်သွယ်ရေး ကို အင်မတန် ကောင်းမွန်စေခဲ့ပါသည်။
သို့သော် ချစ်သော မြန်မာပြည်တွင်း ၌ မူ ကောင်းသော ဘက် ကို တွန်းပို့ ခဲ့ပါသည် ဟု မြ ဆိုပါမည်။
အပြောအဆို မတတ်ကျွမ်း မလိမ္မာသော၊
လူ လူချင်း ဆက်ဆံမှု ရေးရာ၌ ညံ့ဖျင်းသော၊
ကိုယ့်မှလွဲ၍ ကျန်သူများ ကို အထင်မကြီးသော၊
အပြိုင်အဆိုင် ကြွားလုံးများ ထုတ်ရန်သာ အာရုံရှိသော၊
ယခုချိန် ထက် နောင်အချိန် ကို ပိုပြီး စိတ်ရောက် တန်ဖိုးထားသော၊
လက်ရှိ လူ့ငရဲ ကို ခံပြီး နောင်ဘဝ နတ်ပြည် ကို ပိုတတ်မက်သော၊
တကဲ့ကို ရိုးသားစွာ ဘာဆိုဘာမှ မသိဘဲ အများ ယောင်သလို လိုက်ယောင်တတ်သော၊
ဘယ်အစိုးရ တက်တက် ကိုယ့်ထမင်း ကိုယ်ရှာစားရတာ ဆိုသော …..
ထိုထိုသော လူတန်းစား များ၏ up-to-date ဆက်သွယ်နိုင်သည့် စကားသံများ ကြား တွင် နိုင်ငံ၏ အနာဂါတ်ကို မြ မမှန်းတတ်ပါ။

အာဏာရှင် စစ်ဖိနပ်အောက်မှ ထွက်လို လျှင် “မှတစ်ပါး အခြားမရှိ” တာ သိကြစေလိုသည်။

. ဒီလပိုင်းလေး အတွင်း အာဏာရှင် အားရစေမည့် ပြစ်တင်လေသံ များအစား ဒီချုပ် ကို သာ အားဖြင့်ပံ့ပိုး ကြဖို့ ဖြစ်သည်။
သို့သော်လဲ ဒီမိုး ဒီလေ ဒီလူ တွေ နှင့် ရွေးကောက်ပွဲ တွင် မြတို့ ထင်သလောက် ပေါက်မည် မထင်ပါ။

.မြ အထင် အမှားကြီး မှားပါစေ၊ အလွဲကြီးလွဲပါစေ ဆုတောင်းပါသည်။

 

DASSK
I am here because of her , my hero.,my role model, my real model. :-)))

14 comments

  • ကထူးဆန်း

    September 14, 2015 at 5:51 pm

    မြို ့နေ လူတန်းစားကတော့ NLD ဘဲဖြစ်မှာပါ အရီး ..
    အဲ တိုင်းရင်းသားဒေသ နဲ့ အချို ့ နယ်တွေကတော့ မလွယ် ….
    ကျွန်တော်လည်း အရီး အဒေါ်လိုဘဲ ..
    ဒါပေမဲ့ မှ တစ်ပါး မရှိပြီ ကိုလည်း သိတော့ ..

  • aye.kk

    September 14, 2015 at 10:40 pm

    မလတ်
    ဒီဒေသမှာပိုဆိုးတယ်
    ဖွတ်တွေကတော့နေ့စားပိုက်ဆံတွေပေးပြီး
    မဲဆွယ်ထွက်ပြီးစည်းရုံးရေးဆင်းကြတာတွေ့ရတယ်။
    ဒီနယ်မှာဒီချုပ်ကိုစိတ်ဝင်စားမှုမရှိကြဘူး
    နောင်ရေးအတွက်ရတက်မအေးဘဲမျှော်တလင့်လင့်ငံ့လင့်လို့
    ဆုတောင်းရုံမှတစ်ပါးအခြားမရှိ။။

  • Ma Ma

    September 14, 2015 at 11:34 pm

    ဒီ လူ ကိုမင်း
    မဲပေးရင် လူကိုပဲ ကြည့်ပေးမယ်…
    မဲပေးရင် မူကိုပဲ ကြည့်ပေးမယ်…
    ဘယ်သူ့မှ မယုံလို့ ဘယ်ပါတီမှ မဲမပေးဘူး…
    တစ်ခုချင်း ရှင်းပြချင်ပါတယ်…
    နံပါတ် (၁)
    လူကိုပဲ ကြည့်ပေးမယ် ဆိုပါစို့…
    ဟုတ်ပါတယ် တစ်ချို့သော အမတ်တွေဟာ NLD က အမတ်တွေထက် သာကောင်းသာနိုင်ပါတယ်… သာတဲ့အတွက် သူတို့ကို ကျွန်တော်တို့ ရွေးချယ်လိုက်ပြီ ထားပါတော့…
    တစ်ဦးတစ်ယောက်တည်း လွှတ်တော်ထဲ ရောက်သွားတဲ့အခါ အင်အားကြီးပါတီကို ကျော်လွန်ပြီး ဘယ်ဥပဒေမှ ပြုလို့ မရနိုင်သလို၊ ဘယ်ဆောင်ရွက်ချက်ကိုမှ ဆောင်ရွက်လို့ မရနိုင်ပါဘူး… အခြေခံဥပဒေကို မပြင်နိုင်သေးသရွေ့ အာဏာဟာ ဘယ်သူတွေလက်ထဲမှာလဲဆိုတာ သဘောပေါက်ရပါမယ်… ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင်မှ အခက်အခဲပေါင်းများစွာနဲ့ ရုန်းကန်ခဲ့ရတာကို သင်ခန်းစာယူရပါမယ်…
    အင်အားကြီးသူကို အနိုင်ယူဖို့အတွက် ကျွန်တော်တို့ စည်းလုံးညီညွတ်မှသာ အောင်မြင်ပါလိမ့်မယ်…
    ——————–x———————-x——————–
    နံပါတ် (၂)
    မူကိုပဲ ကြည့်ပေးမယ် ဆိုပါစို့…
    မူကိုပဲ ကြည့်ပေးတဲ့အတွက် ပါတီဥက္ကဌရဲ့ အဆုံးအဖြတ်အတိုင်း အားလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြတဲ့အခါ ဘယ်လိုအတားအဆီးမျိုးကိုမဆို ချိုးဖျက်နိုင်မှာ ဖြစ်သလို… ဘယ်လို ပြုပြင်ပြောင်းလဲမှုမျိုးကိုမဆို အရှိန်အဟုန်နဲ့ တက်တက်ကြွကြွ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်…
    ပွင့်ပွင့်လင်းလင်းပြောရရင် စစ်တပ်အနေနဲ့ အမတ်နေရာအားလုံးရဲ့ ၂၅% ကို ဘယ်သူမှ မတင်မြှောက်ဘဲ အခန့်သား နေရာယူထားတာကို သဘောမကျပါဘူး… ဒါ့အပြင် အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ခေါင်းဆောင်ပိုင်းတွေဟာ စစ်တပ်ကပဲ ဆင်းသက်လာကြတာဖြစ်လို့ ဒီမိုကရေစီနဲ့ စစ်အာဏာရှင်စနစ် ဘယ်ဘက်ကို အားသာကြသလဲ စဉ်းစားကြည့်နိုင်ပါတယ်…
    သူတို့ကို ထိခိုက်နိုင်မယ့် ဥပဒေတစ်ခု ပြင်ချင်ပြီဆိုရင် တညီတညွတ်တည်း ကန့်ကွက်ကြတဲ့အခါ အတိုက်အခံပါတီအနေနဲ့ လွှတ်တော်ထဲမှာ ၅၁% ထောက်ခံမဲရဖို့လိုပါတယ်… တစ်နည်းပြောရရင် NLD အနေနဲ့ လွှတ်တော်ထဲမှာ အမတ်နေရာ ၃၃၃ နေရာ ရပါမှ ပြည်သူတွေအတွက် အကျိုးရှိမယ့် ဥပဒေ ပြုတာတွေ၊ အကျိုးရှိမယ့် ဆောင်ရွက်ချက်တွေကို အဟန့်အတားမရှိ ဆောင်ရွက်နိုင်ပါလိမ့်မယ်…
    မူအရ ကျွန်တော်တို့ ယုံကြည်နိုင်တာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါပဲ…
    ——————–x———————-x——————–
    နံပါတ် (၃)
    ဘယ်သူ့ကိုမှ မယုံလို့ ဘယ်ပါတီမှ မဲမပေးဘူး ဆိုပါစို့…
    အပေါ်မှာ ပြောခဲ့တဲ့အတိုင်း စစ်တပ်ဟာ အလိုအလျှောက် ၂၅% မဲနိုင်ပြီးသားပါ… ဒါ့အပြင်ကိုမှ အခြား USDP ရဲ့ အမျိုးမျိုးသော မဲဆွယ်မှုတွေကြောင့် နောက်ထပ် ၂၆% သာ ရရှိသွားခဲ့မယ်ဆိုရင် ဘယ်ပါတီမှ မဲမပေးခဲ့ကြတဲ့အတွက် အားလုံး အရင်အစိုးရရဲ့ အရိပ်ဆိုးအောက်က လွတ်မြော်ကနိုင်ကြမှာ မဟုတ်တော့ပါဘူး…
    ခင်ဗျားရော၊ ကျွန်တော်ရော၊ အားလုံးရော စစ်အာဏာရှင်စနစ်ရဲ့ ဆိုးမွေတွေ… စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုတွေ ခံခဲ့ရဖူးသူချည်းပါပဲ… ဒါကိုမှ ရုန်းမထွက်ချင်သေးဘူးဆိုရင် ခင်ဗျားလောက် မိုက်တဲ့သူ ရှိမှာ မဟုတ်ပါဘူး… အခုအချိန်ဟာ အချိန်ကောင်းပါပဲ…
    ခင်ဗျား ဘယ်ပါတီကိုမှ မယုံပါစေ စစ်အာဏာရှင်အစိုးရကို မုန်းတီးဆန့်ကျင်တယ်ဆိုရင် NLD ကို မဲပေးတာကလွဲရင် လတ်တလော အခြားဖြေရှင်းနည်း မရှိသေးပါဘူး…
    ——————–x———————-x——————–
    အဆုံးသတ်အနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေမှာ ပါတီစုံဒီမိုကရေစီစနစ်ကို ဘယ်လိုမှ အကောင်အထည်ဖော်လို့ မရနိုင်သေးပါဘူး… စစ်သားအမတ် ၂၅% လွှတ်တော်ထဲ ရောက်နေသေးသရွေ့ ပါတီစုံလုပ်ခြင်းဟာ အာဏာရှင်ကို အသာစီးက နေခိုင်းလိုက်သလို ဖြစ်သွားမှာပါပဲ…
    လက်ရှိအချိန်မှာ ဘယ်ပါတီနိုင်ရင် ဘာလုပ်ပေးမယ့်အကြောင်း စဉ်းစားနေတာထက် NLD သာမနိုင်ခဲ့ရင် ဘာတွေဖြစ်မလဲ ဆိုတာ ပြန်စဉ်းစားကြည့်ပါ…
    NLD သာ မနိုင်ခဲ့ရင် အရင်အစိုးရအဟောင်းကိုပဲ မချစ်သော်လည်း အောင့်ကာနမ်းကြရဦးပါမယ်… အပြောင်းအလဲကို မျှော်လင့်မနေပါတော့နဲ့… လူမွှေးလူရောင်ပြောင်ဖို့ မျှော်လင့်မနေပါတော့နဲ့… တရားဥပဒေ စိုးမိုးဖို့ မျှော်လင့်မနေပါတော့နဲ့… နိုင်ငံတကာ အဆင့်အတန်းမှီဖို့ မျှော်လင့်မနေပါတော့နဲ့…
    ပြည်သူတစ်ရပ်လုံးရဲ့ ၁၀၀% သော မဲပြားတွေဟာ NLD အတွက် ဖြစ်မှသာလျှင် ကျွန်တော်တို့ရဲ့ အနာဂါတ်လှပဖို့ မျှော်လင့်လို့ ရမှာဖြစ်ကြောင်း အမုန်းခံပြီး ပြောပြပါရစေခင်ဗျာ…။
    “အားလုံးအနာဂါတ် လှပဖို့၊ NLD ကို မဲပေးစို့…!”
    ရွှေယုန်
    (၁၀၊ စက်တင်ဘာလ၊ ၂၀၁၅)
    Khoon Nyo Thway

  • ဇီဇီခင်ဇော်

    September 15, 2015 at 8:24 am

    အပိုင်းလိုက်ခွဲမယ်လေ အရီးရဲ့။

    စု ခေတ် ကို မှီတဲ့ လူ တန်းစားမှာမှ၊
    ၁) နိုင်ငံပြင်ပ ရောက်နေသူတွေ
    ၂) ဒီ အစိုးရနဲ့ အခွင့်ထူးခံပေါင်းရသူတွေ
    ၃) လာဘ် အများကြီး စားလို့ ရတဲ့ အစိုးရ ဌာန က လူတွေကတော့ ဒီချုပ်ကို ကြိုက်မယ်မထင်ဘူးး။
    :mrgreenn:
    အဲ။
    စု ရောက်သမျှ နေရာတိုင်းက နယ်တွေ အကုန်လုံးရဲ့ မဲ ပေးခွင့် စာရင်းကို မပြောဘူးးးဆိုရင်
    ဘယ်နယ်က မကြိုက်ဘူး လဲ???
    မ မြင်ဘူးသေးဘူးးး။
    :mrgreenn:
    စု ခေတ် ကို မမှီတဲ့ ကလေးတွေကတော့ အဆိပ်ခတ်ရလွယ်တယ်လေ။
    နိုင်ငံခြားသား ယူထားတာတို့၊ ရိုဟင်ဂျာ ကိစ္စမပြောတာတို့ ဘာတို့နဲ့ အမျိုးဘာသာ သာသနာ ကိစ္စ အဆိပ်ခတ်လိုက်ရင် စု ကို မကြိုက်တော့ဘူးး
    အဲ။ စာဖတ်နာပြီး စဉ်းစားဆင်ခြင်နိုင်တဲ့ ကလေးတွေ စု အကြောင်း ပြန်လေ့လာပြီးမှ ထောက်ခံတာ ကိုယ်တွေ့ပါ။
    ဘေးထိုင်ဘုပြောတွေထက် အချိန်စီးပြီး ယုံကြည်လို့ ရတဲ့ ဝန်းရံမှုမျိုးတွေပေါ့။
    :mrgreenn:
    နောက် တစ်မျိုးကတော့ အရီး အဒေါ်လိုပေါ့။
    အမျိုးသမီး နေရာမရတဲ့ နိုင်ငံမှာ မိန်းမ တစ်ယောက် ချွန်ထွက်လာပြီဆို အနည်းနဲ့ အများ မနာလိုတဲ့ အမျိုးသားတွေ ရှိသဗျ။
    မယုံမရှိနဲ့။
    အဲတော့ ဘာလုပ်တုန်းဆို ပြည်တွင်းမှာ ရှိတဲ့ မိန်းမတွေကို မလှုပ်နိုင်အောင် အမျိုးဘာသာ သာသနာ ခေါင်းစဉ်နဲ့ ဖိထားတာ။
    အဟွတ်။။ ယုံလွယ်သူ မိန်းမတွေ အဟုတ်ထင်တာပေါ့။
    :mrgreenn:
    ပြောရမှာက ဘုန်းကြီးသတ် အဆိုးရ လက်က လွတ်ပြီးမှ
    ဘာသာသာသနာ အတွက် စဉ်းစားပါလို့။

    :mrgreenn:

  • ဇီဇီခင်ဇော်

    September 15, 2015 at 9:31 am

    ကို သက္ကပြောတာလေး ဖတ်ကြည့်
    ~~~~~~~~~~~

    NLD ကို ကျွန်တော် မဲပေးမယ်
    ——————————

    ၁- ဘာနိုင်ငံရေး ပညာမှတော့ မသိပါ။ မတတ်ပါ။ ကိုယ်ယုံကြည်ရာကို သူတပါးအား မထိခိုက်ပဲ ဖေါ်ပြခွင့် ရှိသည်ဟု ကြားဖူးနားဝ ရှိသဖြင့် ပြောနေပါသည်။ မှားလျှင် ငေါက်တော် မမူပဲ ပြင်ပေးတော်မူကြပါ။

    ၂- ဘယ်ပါတီကို မဲပေးမယ်ဆိုတာ ပြောရဘူး ဟု ငေါက်တော့လည်း ပြောမိသူမှာ ငုံ့ခံရပါသည်။ ကျွန်တော်ကတော့ ပြောခွင့် ရှိသည်ထင်သည်။ ပြန်ဖတ်တော့ the right to vote in secret ဟု တွေ့သည်။ လျှို့ဝှက်စွာ မဲပေးခွင့် ဟု ပြန်ရမည်ထင်ပါသည်။ ခင်ဗျားမှာလည်း လျှို့ဝှက်ခွင့် ရှိသည်။ ကျွန်တော့်မှာလည်း လျှို့ဝှက်ခွင့် ရှိသည်။

    ၃- သိသလောက်ကတော့ right ဟူသည် သုံးချင်သုံးနိုင်သော အခွင့်အရေးဟု နားလည်ပါသည်။ လူသားတိုင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့် ရှိသည်။ သို့သော ကမာ္ဘ့လူသားတိုင်း နေ့စဉ်ဆန္ဒထုတ်ဖေါ်မနေ။ ဖေါ်ချင်ဖေါ်မည်၊ မဖေါ်ချင် မဖေါ်ပါ။ ကိုယ့်right ကို ဒီလိုပင် နားလည်ပါသည်။

    ၄- ကိုယ်ဘယ်ပါတီ မဲပေးမည်ဆိုသည်ကို လျှို့ဝှက်ထားနိုင်သည် ဆိုသည်မှာလည်း voter’s right ဟုပင်နားလည်ပါသည်။မပြောချင်လျှင် အတင်းအကြပ် မမေးရာ။ ပြောချင်လွန်း၍ ပြောနေသည်ကိုလည်း မတားရာ။

    ၅- ဝန်ထမ်းလောကဝယ် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲကို ခြိမ်းခြောက်နေသူတွေ ရှိသေးသည်။ ဘယ်ပါတီကို မပေးရ။ ဘယ်ပါတီကို ပေးပါ။ အကြောက်တရားနှင့် နေသူတွေ ရှိသေးသည်။ ထိုသို့သော ဝန်ထမ်းများကို အကြောက်တရား ဖယ်ခွာနိုင်စေရန် ကျွန်တော် အန်အယ်ဒီကို ပေးမည်ပြောသည်။ ကိုယ့် risk ကိုယ် ယူခြင်းဖြစ်သည်။ ဒါကို electoral violence ကာကွယ်ရန် မပြောရဘူးဆိုတော့ မုဒိမ်းကျင့်သူကို အပြစ်မပြောပဲ နင်က စကပ်တိုတာကိုး၊ ကျင့်မှာပေါ့ဟု ပြောနေသည်နှင့် တူလှသည်။

    ၆- free and fair election ဖြစ်ရန် ရွေးကော်၊ အစိုးရ၊ မီဒီယာ လိုအပ်ချက်တွေ အများကြီးရှိသည်။ ဒါတွေကို မပြောပဲ အန်အယ်ဒီကို မဲပေးမည် ပြောနေသူတွေကို လာငေါက်သည်ကတော့ နားလည်ရ ခက်လှသည်။
    ~~~~~~~~~~

    ဘာဖြစ်ဖြစ် စပယ်ရှယ်လစ်ကြီးတွေ က NLD ပဲ လာလာငေါက်နေတော့ မခက်လားး??

    :kwi:

  • Mike

    September 15, 2015 at 3:14 pm

    မဟာ မိုင်း

    တစ်သီးပုဂ္ဂလတွေကို စာနာပါတယ်။
    ဒါပေမယ့် သိကြားမင်းကြီးကိုယ်တိုင် မဲခွက်ကြီးကိုင်ပြီး တစ်သီးပုဂ္ဂလအဖြစ် အရွေးခံလာခဲ့ရင်တောင် NLD ပဲမဲထည့်ပေးပါဗျာ။

    အခုလာမယ့်ရွေးကောက်ပွဲဆိုတာ “လူတော်” ရွေးပွဲမဟုတ်ပါဘူး။ အာဏာရူးအကြွင်းအကျန်တွေကို ပြည်သူ့အားနဲ့ လှဲ ထုတ်ရမယ့်ပွဲပါ။
    အဲဒီအတွက် တကယ့်အတိုက်အခံပါတီကြီးဟာ ပြည်သူ့ထောက်ခံမှုကောင်းကောင်းနဲ့ ချီတက်နို်င် ဖို့လိုပါတယ်။

    ဒီလိုပြောရတဲ့အတွက် “တစ်သီး” တွေကိုအားနာပါတယ်။ ခင်ဗျားတို့ဘယ်လောက်တော်တော် ခင်ဗျားတို့ကို မဲ ပေးရမယ့်အချိန်မဟုတ်သေးဘူးဗျာ။

    ဖြစ်နိုင်ရင်ခင်ဗာျးတို့ကိုယ်တိုင်တောင် NLD ကိုမဲပေးသင့်တယ်။

    ခြေဥကြီးကိုပြင်နိုင်ဖို့အတွက် NLD မဲအပြတ်အသတ်နဲ့နိုင်မှကိုဖြစ်မယ်။

    NLD အစိုးရဖွဲ့နိုင်ပြီဆိုရင် အဲသည်လိုအရည်အချင်းရှိတဲ့ “တစ်သီးသမား”တွေကို “ဆယ်သီးစား” ဖြစ်အောင် လုပ်ပေးပါလိမ့်မယ်။

    အခုတော့သည်းခံကြပါဦး။ ဒီအခြေအနေကို ဦးကိုကိုကြီး ကကောင်းကောင်းသဘောပေါက်ခဲ့တယ်။ သူ့ကို မဲ ပေးလိုက်ရင် NLD အတွက် မဲလျော့သွားမှာစိုးလို့ “တစ်သီး” မလုပ်ပဲ နောက်ဆုတ်ပေးခဲ့တယ်။

    တကယ်လေးစားစရာကောင်းတဲ့ အစ်ကိုကြီးပဲ။

    အရေးကြီးလို့ထပ်ပြောပါ့မယ်ဗျာ။
    NLD ကိုပဲ မဲပေးကြပါ။
    ဒီတစ်ခါမှ အတူတူမရုန်းနိုင်ရင် နာဂစ်ခြေဥတည်နေသမျှ အာဏာရှင်လက်အောက်က ဘယ်တော့မှမလွတ်ဘူး။

    ဒါကြောင့် လာဘ်ပေးလာဘ်ယူပပျောက်အောင်လုပ်ပေး ပါ့မယ်ဆိုတဲ့ တစ်သီးတွေထက် ခြေဥကို မရရအောင်ပြင်ပေးမယ်ဆိုတဲ့ NLD ကို မဲပေးဖို့ ပိုအရေးကြီးပါကြောင်း။

  • kai

    September 15, 2015 at 3:42 pm

    ဒီချုပ်မဲဆွယ်ပွဲမှာ…
    ၁။ အမေရိက ဆန်ရှင်ဖယ်ပေးခြင်းနဲ့.. ကမ္ဘာ့ရင်းနှီးမြုတ်နှံမှု ဝင်လာတာတွေကို.. အာမခံသင့်တယ်..။
    လူထုအမာျးစုကြိုက်.. မက်ခ်ဒေါ်နယ်တို့.. ဝေါမတ်တို့ ဝင်လာအောင်ခေါ်ပေးမယ်.. ဈေးပေါပေါနဲ့စားသုံးနိုင်အောင်လုပ်ပေးမယ် ပြောသင့်တယ်။

    ၂။ လယ်သမားတွေကို.. ကမ္ဘာ့ဘဏ်..စတဲ့ငွေအရင်းအမြစ်တွေဆီကရမယ့်ငွေတွေ ပြန်ထုတ်ချေးနိုင်ရေး၊ ILO တို့နဲ့ချိပ်ဆက်ပြီး. အလုပ်သမားတွေ သမဂ္ဂထောင်ခွင့်နဲ့ ဘဝအခြေခိုင်ရေးတွေကို မဲဆွယ်လက်နက်အဖြစ်သုံးသင့်တယ်။

    ၃။ နယ်စပ်က ကျူးကျော်ဝင်ရောက်လာသူတွေကို ပြတ်ပြတ်သားသား နှိမ်နင်းပါမယ်ဆိုပြီး ကတိပေးသင့်တယ်။
    ကျုပ်ဆိုရင်တော့ အခု အမေရိကားမှာ လူကြိုက်မာျးလာတဲ့ ဒေါ်နယ်ထရမ့်စကားယူသုံးမှာပဲ..။
    ဘာတဲ့.. Trump Wall ဆောက်မယ်တဲ့..။
    ဘယ်သူမှ မကျော်မဖြတ်နိုင်အောင်တဲ့..။

    Trump on Border: Maybe They’ll Call It “The Trump Wall …
    http://www.realclearpolitics.com/…/trump_on_border_maybe...
    RealClearPolitics
    Aug 19, 2015 – DONALD TRUMP: I will build the greatest wall that you’ve ever seen. And I would never do this myself. But I hope it will be so — actually, it will …

    ဒီချုပ်ကတော့.. မြန်မာ-ဘင်္ဂလားဒေ့ချ် နယ်စပ်မှာ ဆောက်မယ့်ခြံစည်းရိုးတံတိုင်းဘေးမှာ… မြေအောက်မိုင်းတွေပါ မြုတ်ထားပစ်လိုက်မယ်ပြောလိုက်… .. ပြီးတာပဲ..။ :k:

    • မြစပဲရိုး

      September 16, 2015 at 3:03 am

      {{{ ဒီချုပ်ကတော့.. မြန်မာ-ဘင်္ဂလားဒေ့ချ် နယ်စပ်မှာ ဆောက်မယ့်ခြံစည်းရိုးတံတိုင်းဘေးမှာ… မြေအောက်မိုင်းတွေပါ မြုတ်ထားပစ်လိုက်မယ်ပြောလိုက်… .. ပြီးတာပဲ..}}}
      .ပြီးရင် ကမ္ဘာကို ဘယ်လို မျက်နှာ နဲ့ ကြည့်မှာလဲ?
      အပေါ်မှာတော့ အနောက်တိုင်းနိုင်ငံကြီး တွေ နဲ့ ပေါင်းမယ် လဲ ပြောသေး။

      • kai

        September 16, 2015 at 4:25 am

        အဲ..
        သူတို့လည်း… ပျားတုတ်နေ…။

        Migrant crisis: Hungary declares emergency at Serbia border
        BBC News‎ – 8 hours ago
        The EU is facing a huge influx of migrants, many fleeing conflict and poverty in countries …
        =
        Trump: ‘Walls Work’; Ask Isreal | The Daily Caller
        dailycaller.com/…/trump-walls-work-ask-israel-video/
        The Daily Caller
        20 hours ago – Donald Trump suggested that “we have to build a wall” to keep the illegal immigrants out of America. Trump, appearing at the American Airlines …

        • မြစပဲရိုး

          September 16, 2015 at 5:23 am

          လာပါ လာပါ ခေါ်တဲ့ ဂျာမဏီ ခမျာ လဲ မတတ်နိုင်တော့တဲ့။ ပိတ်လိုက်ပြီ ထင်တယ်။
          ခလေးငယ် တွေ နဲ့ အတော် သနားဖို့တော့ကောင်းသား။

          အေးသီးရစ် ဆရာကြီး ရစ်ချာ့ဒ် က ဆော်ဒီ ကို သွားပြီး ကွန်ပလိမ့် သွားလုပ်ခဲ့သတဲ့။
          ဒီလောက် သူတို့ ဘာသာဝင် တွေ ဒုက္ခရောက်နေတာ မကူညီဘူးလားလို့ တဲ့။
          အဲဒါ ဟိုက ဘာပြန်ပြောတယ်မှတ်လဲ။
          ဂျာမဏီ မှာ ဗလီ တွေ အများကြီး ဆောက်ပေးမတဲ့။ ပြီးရော။
          :-)))
          The Oxford Professor claimed the Kingdom was ‘deluded’ for thinking mosques would contribute to the welfare of the refugees.
          Richard Dawkins has branded Saudi Arabia’s reported offer to build 200 mosques for refugees arriving in Germany a “sick insult”.
          http://www.independent.co.uk/news/people/richard-dawkins-brands-saudi-arabias-offer-to-build-200-mosques-for-refugees-a-sick-insult-10496211.html

    • kai

      March 14, 2017 at 8:55 am

      တနှစ်ခွဲမျှ ကြာသောအခါ..။
      ဒန်တန်တန်…
      အမေရိကားမှာထရမ့်အာဏာရ..။ မြန်မာပြည်မယ်.. ဒေါ်စုအာဏာရ..။
      အမေရိကားက.. သူပြောခဲ့တာတွေသူလုပ်ပြီးသွားပြီ..။ ဆန်ရှင်လည်းလွှတ်ခဲ့ပြီ..။

      မြန်မာပြည်ကား… ဘာသာရေးနွံထဲ.. နစ်ဆဲ.. နစ်၍.. နစ်လတံ့..။ :v

  • Khin Thi

    September 16, 2015 at 3:00 pm

    ကျုပ်တို့ နိုင်ငံ ပြောင်းလဲ ဖို့ နောက်ဆုံး ကျည်ဆံ လို့ ပြောလို့ရတဲ့ အချိန်မှာ
    အများစု ကလည်း ဝေဝေ ဝါးဝါး ဖြစ်အောက်လိုက်လုပ်နေကြတယ်။
    တချို့ ကလည်း အနှစ်နှစ် အလလ ရိုက်သွင်းခံထားရတဲ့ စကားတွေနဲ့ NLD ကို မဲ ပေးရင် ကုလားပြည်ဖြစ်သွားမယ် ဆိုတဲ့ သူရယ်။
    တကယ် သိရဲ့သားနဲ့ မဲ ထည့် ဖို့ ကိစ္စပေါ့ပေါ့ ယျော့ ယျော့ လုပ်နေကြတဲ့ သူတွေရယ်….. …
    ရလဒ်ကိုတော့ ရင်တထိတ်ထိတ်ပဲဗျာ……

  • ဦးဦးပါလေရာ

    September 17, 2015 at 11:59 pm

    ဟွင်း…. ဟွင်း…..
    ကြံ့ ဖက်က ဘယ်သူတွေမဲပေးမလဲဆိုတာပြောပြမယ်…

    ၁. စစ်သားတွေနဲ့ သူတို့မိသားစု အများစု မဲပေးမယ်
    ဒီကနေ့ စစ်သားတွေကို ဦးနေဝင်းခေတ်နှောင်းကစစ်သားတွေနဲ့ တူတယ်လို့မထင်ပါနဲ့…
    ဒီနှစ်အစိတ်အတွင်း စစ်သားနဲ့ အရပ်သားကြားမှာ အပီအပြင် သွေးခွဲထားပြီးပါပြီ…

    ၂. ဝန်ထမ်းအများစု မဲပေးမယ်
    သူတို့က သူတို့လက်ရှိလည်ပတ်နေတဲ့ လစာ+ ဘေးပေါက်+ အခွင့်အရေး ပုံစံပျက်သွားမှာ ကြောက်သူတွေ အင်မတန် များလွန်းတယ်။ အဲသလိုလဲ သူတို့ချင်းကြား ဝါဒဖြန့်တာတွေ မနှစ်ကလောက်ကတည်းကရှိတယ်။
    …..
    ၃.လက်ရှိအစိုးရလုပ်လက်စ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ရပ်သွား တန့်သွားမှာစိုးသူတွေ မဲပေးမယ်.
    ကြံ့က ပြည်သူ့ဘဏ္ဍာနဲ့ မဲဆွယ်ထားပြီးသား။
    ဥပမာ မအူပင်ခရိုင်က ရွာတွေ လမ်းခင်း မီးရ ဖို့ကိစ္စအတွက် ဦးသိန်းညွန့်ကို မဲပေးကြမယ်။ အဲဒါမျိုး။

    ၄. ဘုန်းကြီး ရဟန်းတွေနဲ့ နီးစပ်သူ (အထူးသဖြင့် နယ်က) တကာတကာမ ငယ်လတ်ကြီး အရွယ်စုံ မဲပေးမယ်။
    မဘသ စနက်ပေါ့။ ကျုပ်အမျိုးတွေဆို အားလုံးနီးပါးပဲ။ ကျုပ်က မေးဘူးတယ်။ ဘာကြောင့် ဒေါ်စုကို မကြိုက်တာလဲလို့..။
    သူတို့ပြောတာက ဒေါ်စုတက်ရင် ကုလားတွေလွှမ်းမိုးမယ်… တဲ့။ ရခိုင်အရေးအခင်းတုန်းက ဒေါ်စုက ကုလားဘက်က ရပ်တည်တယ်..တဲ့။ ဗလီဆောက်ဖို့ သိန်းလေးဆယ် လှူသတဲ့..။ ကျုပ်က မဟုတ်ပါဘူးပြောပေမယ့် ကျုပ်စကားနဲ့ ဘုန်းကြီးစကား ဘယ်ဟာကိုယုံမလဲ….။
    ….
    ုဒီနေရာမှာ ဒေါ်စုခရီးစဉ်တွေမှာ လူတွေ ပေါင်းလန်အောင်များတာကို အရမ်းအားကိုးနေရင်မှားမယ်။ ဘယ်လိုမှားမလဲဆိုတော့ ဗမာပြည်ကွန်မြူနစ်ပါတီညီလာခံကို ပျဉ်းမနားမှာလုပ်တော့ ဘုရားပွဲတွေလာရင်း မြို့ရောက်နေတဲ့လူထုကြီး လာနားထောင်တာကို ပြည်သူတွေအားလုံး ကွန်မြူနစ်ကိုထောက်ခံတယ်လို့ အတွက်မှားတဲ့ သခင်သန်းထွန်းကြီးမှားသလိုမှားမယ်..။
    …..
    ၅. ကြံ့.. စစ်… နဲ့ အဘတွေနဲ့ အကျိုးစီးပွားဆက်စပ်နေသူတွေမဲပေးမယ်…
    အဲဒါ ဘယ်လောက်များတယ်ထင်သလဲ….

    ….
    ……
    ဆိုတော့ကာ….
    ကျုပ်ကတော့ NLD ကို မဲပေးပါမယ်
    NLD နေရာခပ်များများရပါစေလို့လဲ ဆုတောင်းဆန္ဒပြုပါမယ်။
    ဒီမိုကရေစီမရခင်စပ်ကြား နောင်ဆယ့်ငါးနှစ်အတွင်း ဘယ်လိုနေထိုင်ရမယ်ဆိုတာလဲ စဉ်းစားထားပါမယ်..။

Leave a Reply