ကျွန်မနာမည်လား မိချမ်းလေ

မွေးတာကတော့ ဧရာဝတီတိုင်းက မြို့တစ်မြို့ပေါ့။

ပညာလား . . . သင်ခဲ့တယ်လေ ၆တန်းလောက်ထိ။ အဖေက တံငါလုပ်တယ် အမေကတောင်သူလုပ်တယ်ပေါ့။ အဖွားတို့ဘာတို့လဲရှိတယ်။ မောင်နှမကလဲ ၈ ယောက်ဆိုတော့ ကျောင်းကလဲ အဆင်ပြေတဲ့နှစ်တက်တယ် အဆင်မပြေတဲ့နှစ်တော့ မတက်ပဲ အိမ်မှာဝိုင်းကူပေါ့။ ၆ တန်းရောက်တော့ အသက် ၁၅ နှစ်ဖြစ်နေပြီလေ။ အင်း အခုအငယ်ကောင်လေးတစ်ယောက်တော့ ၁ဝ တန်းဆိုလားပဲ။

 

အိမ်ထောင်လားကြနေပြီလေ။ ကလေးတင်သုံးယောက်နဲ့ တစ်ဗိုက်။ ယောက်ျားက ပန်းရံနောက်လိုက်။ ရွာက ဘုန်းကြီးကျောင်းကို ပန်းရံလာလုပ်ရင်းနဲ့ ညားကြတာ။ အခုနေတာက လှိုင်သာယာမှာ။

တဲငှားနေတယ်လေ။ မထူးဆန်းပါဘူး တစ်ချို့ဆိုမိသားစု နှစ်စုလောက် အဲဒီတဲလေးကို ငှားပြီးနေကြတာ။

အော် ကျွန်မရဲ့ တစ်နေ့တာကို သိချင်တယ် ဟုတ်လား။ ဒါဆိုလဲ ပြောပြမယ်လေ

 

မနက် ၅ နာရီလောက်ထတယ်။ ညတုန်းကဝယ်ထားတဲ့ ဘဲဥလေး၊ ချဉ်ပေါင်ရွက်လေးကို ယောက်ျားအလုပ်သွားဖို့ တစ်ယောက်စာချက်ပြုတ်။ ပြီးရင်သူ့ကို ထမင်းချိုင့်ထည့်ပေးပြီးရင် ပိုက်ဆံ ၄၀ဝ ပေးလိုက်တယ်။ လမ်းစရိတ်လေ. . .၄၀ဝ ပေးတာတခြားမဟုတ်ဘူး။ တစ်ခါတစ်လေ ကားပျက်သွားတာတို့၊ သွားရတဲ့နေရာ အရမ်းဝေးရင် နှစ်ဆင့်စီးရအောင်လို့ ပေးလိုက်တာ။ ပြီးရင်တော့ ကလေးတွေကို နှိုး။ မျက်နှာသစ်ပေးပြီးရင် အိမ်မှာထားခဲ့၊ ကျွန်မက ဆွဲခြင်းလေးကိုင်ပြီးတော့ လမ်းထိပ်ကိုသွားတယ်။ လမ်းထိပ်မှာက ကုန်စုံဆိုင်ကြီးရှိတယ်လေ။ ဒီလိုနေရာမှာ ဒီလိုကုန်စုံဆိုင်ကြီးရှိတာ ကျွန်မတို့မှာ သိကြားမင်းရှိတာနဲ့ တူတူပဲ။ ကုန်စုံဆိုင်ရှင်က ငွေချေးတယ်လေ။သူ့ဆီကနေ ၃၀၀ဝ ချေးတယ်။အဲဒီကုန်စုံဆိုင်မှာ ဆန်လေးလုံးရယ်၊ ဆီ ၂ဝ သားလောက်ရယ်၊ ဝယ်တယ်။ ပြီးရင် ဈေးတန်းလေးဘက် ကူးတယ်။ သူများလိုလဲ ကြက်သားတို့ ငါးတို့ဆိုတာ နေ့တိုင်းမစားနိုင်ပါဘူး၊ ကြက်ဥ၊ ဘဲဥ ဟင်းသီးဟင်းရွက်လောက်ပဲ ဒါတောင် အခုဟင်းရွက်တွေ ဈေးတက်လို့ နပ်မမှန်တော့ဘူး။ တစ်ချို့နေ့ဆို ပဲပြုတ်နဲ့ ပြီးတယ်။

ပြီးရင် အိမ်ပြန်ပြေးတယ်။ ထမင်းချက်ပေါ့ ငပိရည်ကျို။ လမ်းကနေ ၂၀ဝ တန် အသုပ်တစ်ထုပ်ဝယ်လာတယ်။ ထမင်းကျက်ရင် ကလေးတွေကိုအသုပ်နဲ့ ထမင်းနဲ့ ခွဲဝေကျွေး၊ ကျွန်မကတော့ ဒီလိုပဲ ငပိရည်နဲ့ စားလိုက်တာပေါ့။ ပြီးရင် တို့စရာခူးဖို့ စက်မှုဇုန်ထဲသွားတယ်။ အဲမှာ ခြံအကျယ်ကြီးတွေနဲ့ မြောင်းကြီးတွေရှိတော့ မှိုနတိုတို့၊ ကနဖော့တို့၊ တစ်ခါတစ်လေကံကောင်းရင် ဇရစ်တို့ စာကလေးခြေထောက်တို့ပါရတယ်။ မိတုတ်ဆိုတဲ့ ကောင်မနဲ့တောင်ရန်ဖြစ်ပြီး လုခူးရသေးတာ။ ဒီကောင်မက အဲဒါတွေခူးပြီးတော့ ဈေးမှာရောင်းတယ်လေ။ ကျွန်မကိုလဲပြောသေးတယ် လာမခူးပါနဲ့ဆိုပြီးတော့ ကျွန်မကလဲ ဒိကောင်မကို ဂရုစိုက်တာ မဟုတ်ဘူးလေ။ ဟဲ့ကောင်မ နင်က အလကားရတာတွေလဲ ခူးရောင်းသေးတယ် စီးပွားရေးသောင်းကျန်းမ ဆိုပြီး ကိုင်တုတ်ပြစ်တာ။ ထားပါတော့

တို့စရာခူးပြီး အပြန်ကျရင် ကျွန်မလက်ထဲမှာ ၅၀ဝ လောက်ပိုတယ်လေ။ အဲ့တော့ ထုံးစံအတိုင်း ငွေပိုငွေလျှံလေးရဖို့ ကစားရတော့တာပေါ့။ နှစ်လုံးထီကိုပြောတာ။ ရပ်ကွက်ထဲမှာက ငါးဆယ်ဖိုးကစ ရောင်းတဲ့ ဒိုင်ရှိတယ်။ အဲဒီမှာ ကျွန်မ ၁ဝ ကွက်လောက်တော့ ကံစမ်းတာပေါ့။ မပေါက်တာက များပါတယ်။ ပေါက်ရင်လဲ ငွေပိုရတော့ အဲတော့မှ ကြက်သားလေး၊ငါးလေးဝယ် ကလေးတွေကို အရုပ်လေးဝယ်ပေးရတာပေါ့။ တစ်ပါတ်မှာ တစ်ကြိမ်လောက်တော့ ပေါက်တယ်။ ၅ဝ ဖိုးပေါက်ရင် ၃၀၀ဝ လောက်ရတယ်။

နေ့ခင်းပိုင်းကတော့ ရေမိုးချိုး လျှော်ဖွပ်ထမင်းစား။ ပြီးရင် ဘေးအိမ်က အဒေါ်ကြီးတွေနဲ့ စကားဝိုင်းဖွဲ့ကြပေါ့။ ပြောတာကတော့ အစုံပဲ မင်းသားမင်းသမီးအကြောင်းတို့ ညကျရင်လာမယ့် ကိုရီးယားကား အကြောင်းတို့ စသဖြင့်ပေါ့။ ညနေ ငါးနာရီလောက်ကျရင် သားအမိတွေ စားသောက်ပြီးတော့ ကိုရီးယားကားသွားကြည့်ကြတယ်။ ရပ်ကွက်ထဲက ကိုပေါက်ဆိုတော့လူရဲ့ အိမ်မှာလေ။ ကျွန်မ ယောက်ျားက အိမ်ပြန်နောက်ကျတယ်။ သူက အလုပ်ပြီးရင် အရက်ဆိုင်ထိုင်ပြီး စည်းစိမ်ခံသေးတာ်။ ထမင်းလဲ အိမ်မှာ မစားတတ်ဘူး. သူ့ဖို့တော့ ချန်ထားရတယ်။ မူးလာရင် တစ်ခါတစ်လေ ဆာလို့ စားစရာမရှိရင် ရိုက်ကော။ သူမစားလဲ အမတို့သားအမိတွေ နယ်ဖတ်ပြီးတော့ စားလိုက်တာပေါ့။ သူကမူးလာရင် ဒေါသထွက်လာရင် ရိုက်တယ်လေ။ အခုတော့ သိပ်မရိုက်တော့ပါဘူး။ အမက ကိုယ်ဝန်နဲ့ဆိုတော့ အော်ဆဲတာပဲ။ တစ်ခါတစ်လေ ကလေးတွေကိုပါရိုက်တယ်။ သူက တစ်နေ့ကို ၅၀၀ဝ ရတယ်လေ။ အရက်ဆိုင်မှာ ၁၀၀ဝ ဖိုး ၁၅၀ဝ ဖိုးလောက်သောက်ပြီး ပြန်လာရင် ကျန်တဲ့ပိုက်ဆံအကုန်ပေးတယ်လေ။ ည ၉ နာရီလောက်တော့ ပြန်ရောက်တယ်။ အဲတော့မှ ကုန်စုံဆိုင်ကိုပြေးပြီး အကြွေး ၃၀၀ဝ ဆပ်ရတာ။ နောက်နေ့မကူးရဘူး နောက်နေ့ကူးရင် ၃၅၀ဝ ဆပ်ရမှာ။ ချစ်တီးကျတယ်ဆိုရင် သူကတော်သေး။ ဟိုဖက်ရပ်ကွက်က အုပ်ချုပ်ရေးမှူးကတော် ငွေချေးတာဆို နေ့ပြန်တိုး၊ ချီးလိုက်တာနဲ့ အတိုးပါ နှုတ်ပြီးသား။ ဒါကြောင့် သူ့ကို သိကြားမင်းလို ကျေးဇူးတင်တာ။

စားသောက်ပြီး သူလဲပြန်ရောက်ပြီဆိုရင်တော့ အိပ်ကြတာပေါ့။ ဒါတောင် တစ်လတစ်လ မီးဖိုးတို့၊ အဝတ်အစားတွေဝယ်ဖို့၊ အဲဒါတွေကို ကျွန်မ နှစ်လုံးပေါက်တဲ့ ငွေလေးတွေ စုစုထားပြီးတော့ ရှင်းရတာ။ ကျွန်မကတော့ အကြွေးမတင်ချင်လို့ ကြပ်တည်းလဲ အကြွေးတော့ အတင်မခံဘူး။ ဒါတောင် တစ်ခါတစ်လေ အကြွေးတင်ချင်တယ်လေ။ ဒီကလေးမွေးဖို့ကတော့ ထုံးစံအတိုင်းအိမ်မှာပဲပေါ့။ ဆေးရုံတို့ ဆေးခန်းတို့ မသွားနိုင်ပါဘူး။ သွားရင်ကားခတို့ ဘာတို့ဆိုတာ။ ကုန်ပေါက်ချည်းပဲ။ ဒီကလေးတွေလဲ အိမ်မှာပဲမွေးခဲ့တာပဲ ရပ်ကွက်ထဲက ဝိုင်းမွေးပေးကြတာပေါ့။ တစ်ခါတစ်လေ နယ်က အဖေနဲ့ အမေတို့ကို သတိရတယ်။ ပြန်ချင်ပေမယ့် ဘယ်လိုမှမပြန်နိုင်ဘူး။ ကားခတင် ၆၀၀ဝ ကျော်ကျတော့၊ ဘုရားရှိခိုင်းတိုင်းရှိခိုးပါတယ်။ မောင်လေးတွေကိုလဲ တွေ့ချင်တယ်။

နောက်တစ်နေ့ဟုတ်လား။ နောက်တစ်နေ့လဲ ဒီလိုပဲပေါ့။ ဒီလိုနဲ့နေလာတာ ၅ နှစ်ကျော်ပြီပဲ။ အကြီးမကလဲ ရှေ့နှစ်ဆို ရ နှစ်ဖြစ်နေပြီ။ ကျောင်းကတော့ အလကားတတ်ရတယ်ပြောတယ်။ ဒါပေမယ့် ကျောင်းဝတ်စုံဘိုး ထမင်းဘူးထည့်ရမှာနဲ့ မတတ်နိုင်ဘူးလေ။အခုတော့ မိချမ်းမဟုတ်တော့ပါဘူး မိကြမ်းဖြစ်နေပြီ ။

ငါ့မောင်ပေးတဲ့ မုန့်တွေလဲ ကလေးတွေကို ကျွေးလိုက်ပါ့မယ်။ မိုးတွေလဲ ရွာနေပြီ ပြန်တော့လေ။ ပိုက်ဆံတော့မယူပါရစေနဲ့ရှင် ကျွန်မတို့က သူတောင်းစားတွေမှမဟုတ်တာ။ပြန် ပြန် ဒီမှာလဲ နှစ်လုံးတွက်လိုက်ဦးမယ်. . .

 

မောင်စိုင်း

About mgsai

sai khon has written 9 post in this Website..

မြန်မာပြည်မှာမွေးသည်။ ဘာသာပြန်ခြင်းကို စိတ်ဝင်စားပြီး ယခုအခါ ကိုယ်ပိုင်စာလေးများ ရေးသားသည်။