ဘာရယ်မဟုတ်ပါဘူး။
ဒီမနက် သတင်းတစ်ပုဒ် ဖတ်ပြီး ရေးချင်လို့ ရေးတဲ့ စာပါ။

ကျွန်မ ပြောနေတာ ငါအမှန်လို့ မပြောကြောင်း ကြိုပြီးပြောပါတယ်။

ပြီးခဲ့တဲ့ အပါတ်ထဲမှာ အမေရိကား က တက်ဆက်ပြည်နယ်မှာ အာမက်မိုဟာမက် လို့ ခေါ်တဲ့ ၁၄နှစ်အရွယ် မူဆလင်ဆယ်ကျော်သက်ကောင်လေး တစ်ယောက် အဖမ်းခံရတဲ့ သတင်း ကို သိကြမှာပါ။
အဲဒီ ကလေးက အင်ဂျင်နီယာပိုင်းဆိုင်ရာ (အဓိက ရိုဘော့) တီထွင်မှု တွေ ကို အတော်အားသန်တဲ့ ကလေးဖြစ်တယ်။
သူ့ရဲ့ မိဘ က ဆူဒန်ကနေ ပြောင်းရွှေ့လာတာပါ။
အခင်း ဖြစ်တဲ့နေ့က သူ့ရဲ့ တီထွင်မှု နာရီလေး ကို ယူလာပြီး သူ့ အင်ဂျင်နီယာ ဆရာကို ပြခဲ့သတဲ့။
အဲဒီ ပြ အပြီးဆရာက ဒါကို တစ်ခြားဆရာတွေ ကို မပြဖို့ အကြံပြုခဲ့ တယ်။ ( စဉ်းစားကြည့်ရင် အကြောင်း က ဘာလဲ?)
သူ့ နာရီလေးကို အိတ်ထဲထည့်သိမ်း၊ အင်္ဂလိပ်စာအချိန်မှာ အတန်းတက် နေတုန်း သူ့ အိတ်ထဲက နာရီလေး က ထမြည်ပါရော။
ဒီတော့ သူနာရီ လေး ကို ထုတ်ပြီး ဆရာမ ကိုပြလိုက်တာမှာတင် ဗုံးမှတ်လို့ ရဲ ခေါ်ကာ ဖမ်းခဲ့တာပါ။
ပြီးတော့ ရဲစခန်းကို ခေါ်သွားပြီး ၃ ရက်လောက်ချုပ်ထားခဲ့တယ်။
နောက်တော့ လွှတ်ပေးခဲ့ပါတယ်။

အများစုက ဝေဖန်တာကတော့ ဒါဟာ မူဆလင်ကလေး ဖြစ်နေတာမို့ ဒီလို အဖမ်းခံရတာပါတဲ့။
ဒါမှန်နိုင်ပါတယ်။
ဒီနေ့လို မူဆလင်ကလေး တွေ အသေခံဗုံးခွဲနေတဲ့ အချိန်မျိုး မှာ ဒီကလေးက ဝိုင်ယာကြိုးတွေ၊ ဘက်ထရီတွေ နဲ့ အသံမြည် တဲ့ အရာကို အိတ်ထဲ ထည့်ထားရင် သံသယ ဖြစ်ခံရမှာပါဘဲ မဟုတ်လား။
ဒါကို ကြောက်လိုက်တဲ့ ဆရာမ ကို အပြစ်တင်လို့ မရနိုင်ပါ။
ဒီလို ပစ္စည်းလေးကို တီထွင်ထားတဲ့ ကလေး ကိုတော့ ပိုပြီး အပြစ်တင်လို့ မဖြစ်ပါ။
ဒါဟာ သူ့ ရဲ့ အနာဂါတ်အတွက် ကြိုးစားမှုလမ်းစ အမှန်လေး မဟုတ်လား။
ကိုယ့်အစွဲ နဲ့ ဘက်လိုက်မှု (confirmation bias) ကနေ ဖြစ်ခဲ့တဲ့ အမှားတွေ ဟာ များလှပါတယ်။

အဲဒီလိုဖြစ်ပြီးနောက် သဘောကတော့ မတရားစွပ်စွဲခံရတဲ့ ကလေး ရဲ့ ကြိုးစားမှု လမ်းစလေး ပျောက်မသွားဖို့ အတွက် ဝိုင်းဝန်းပံ့ပိုး ပေးလိုက်ကြတဲ့ လူ တွေ ကို အများကြီး မြင်လိုက်ရတယ်။

ပထမဆုံး Facebook CEO Mark Zuckerberg က အဲဒီကလေး ကို Support  လုပ်ပြီး အားပေးတဲ့ Message Facebook  ပေါ်ကို ရောက်ခဲ့တယ်။
လူပေါင်းများစွာ ဝိုင်းပြီး Like  လုပ်ခဲ့တယ်။
အာမက်ကို သူ့ရဲ့ Facebook  ရုံး ကိုလဲ ဖိတ်ထားခဲ့တယ်။
အဲဒါကို အားပေးသူရှိသလို တစ်ဖက်မှာလဲ ရှုံ့ချသူ၊ ဝေဖန်အပြစ်တင်သူ တွေ အပြည့်ပါ။
ဥပမာ – “ငါလဲ စက္ကူလေယာဉ်ပျံလေး လုပ်နိုင်တယ်၊ ငါ့ကို ဖိတ်မလား” ဆိုတဲ့ လှောင်သလိုမျိုး တွေ ထွက်လာတယ်။
ဘာမှမဟုတ်ဘဲ အသုံးမကျတဲ့ ရီစရာ တီထွင်မှု လေး ကို အရေးလုပ်နေသလားပေါ့။

နောက်တော့ သမ္မတ အိုဘားမား ရဲ့ အားပေးစကား နဲ့ သူ့ အိမ်ဖြူတော် ကို ချက်ခြင်း ဖိတ်ပြီး အဲဒီ နာရီလေး ကို ကြည့်ခဲ့တယ်။
ဒီမှာတော့ သူ့ ကို အမြဲ တိုက်ခိုက်နေသူ Sarah Palin ရဲ့ ဝေဖန်ချက် ထွက်လာတယ်။
‘If that’s a clock, I’m the Queen of England’ တဲ့။
သဘောက ဒါဟာ နာရီ နဲ့လဲ မတူဘူးပေါ့။ နာရီမတူ အောင် လုပ်ထားတာ ကို အန္တရာယ် ကို မြင်ရက် နဲ့ အိုဘားမား က ကာကွယ်နေတယ်ပေါ့။
နောက်ပြီး ဒါဟာ ဒီကလေးတစ်ယောက် ထဲ တင်မဟုတ် တစ်ချို့ကလေး တွေ လဲ ဒီလို ဖြစ်ဖူးပါတယ် လို့ ပြောခဲ့တယ်။
အမဲလိုက်ပြီး ကျောင်းကို အမဲလိုက်သေနတ် မတော်တဆပါလာ လို့ ကျောင်းကအပြစ်ပေးတာ ခံရတာတွေ လိုမျိုးတဲ့။ (သူပြောတာမှာ ရဲ က ကျောင်းကိုလာပြီး လက်ထိပ်ခတ် ခေါ်တာတော့မပါဘူး)

ဒီမှာ ကျွန်မ ရဲ့ ကိုယ်ပိုင် အထင် ကို ပြောလိုပါတယ်။
မာ့ခ် ရော၊ အိုဘားမားပါ ဒီလို ဘာကြောင့်လုပ်ခဲ့လဲ ဆိုတာ ရည်ရွယ်ချက်မဲ့ ဟုတ်မှာ မဟုတ်ပါဘူး။
(1) အခုချိန်မှာ ဘာမှ မဟုတ်ဘဲ အသုံးမကျနိုင်တာလေးကလဲ စိတ်ဓာတ်ရေးရာကောင်းကောင်း နဲ့ ကြိုးစားရင် နောင်တစ်ချိန်မှာ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်လာနိုင်တာကို အားပေးမှု
(2) ဘာသာရေး ၊ လူမျိုးရေး ရဲ့ ရန်စ တွေ မလိုအပ်ဘဲ များလာမှာကို တားဆီးမှု
(၃) တရားမျှတမှု အတွက် မတရား ဖိနှိပ်ခံရတဲ့ အားနည်းသူဖက် က ရပ်တည်ပြပေးမှု
စတဲ့ အကြောင်းတွေ ကြောင့် လို့ ထင်ပါတယ်။

ဘာရယ် မဟုတ်ပါဘူး။
တကယ်လို့များ …..
ကျွန်မ က …
အိုဘားမား ကို အပြစ်တင် ရှုံ့ချနေတဲ့ …
ဆာရာပေလင် ကို …
တန်ပြန် ပြီး ဝေဖန်ရေး လုပ်လိုက် မယ် ဆိုရင် …
“ဒီမိုကရေစီ မှာ ဒီလို ဝေဖန်တာ ကို လက်မခံရင် ဒီမိုကရေစီ မဟုတ်ဘူး” “နင့် ဘိုးတော်ကြီး ကို ထိလို့ နာသလား” လို့ များ ကက်ကက်လန် ပြန်ဝေဖန်ကြမလား မသိ။

အဲဒီလို “တန်ပြန် ပြီး ဝေဖန်ရေး” လုပ်ခြင်းဟာ အရေးကိစ္စတွေ မှာ ပြသနာကြီး အောင် လုပ် နေတာ ကို ငယ်သွားအောင် တားဆီး တဲ့ ကိစ္စလို့ မမြင်ဘဲ
“ဒီမိုကရေစီ  ဝေဖန်ရေး” ကို ထိပါးတယ်လို့  အစွဲပြု ကိုင်တုတ် နေကြလဲ
သဘောအတိုင်းပါဘဲ ကွယ်တို့။

About မြစပဲရိုး

Khin Latt has written 240 post in this Website..