ငယ်သူငယ်ချင်းဆိုတာ အတော့်ကို မေ့ခဲစရာ သူငယ်ချင်းမျိုးလို့ ကျနော် ယုံကြည်ပါတယ် ၊

 

ကျနော့်မှာလည်း ငယ်ငယ်က တကယ် ခင်ခဲ့ တွဲခဲ့တဲ့ သူငယ်ချင်း ၂ ယောက် ရှိခဲ့ဘူးပါတယ် ၊

 

တစ်ယောက်က ကမ်းနားပိုင်းမှာ နေတဲ့ ရှမ်းအနွယ် ၊ နောက်တစ်ယောက်ကတော့ မီးသတ်ရုံးနားမှာနေတဲ့ ကချင်လေးတစ်ယောက်ပေါ့ ၊

 

ကျနော်က ရွှေကူမှာ မွေးခဲ့ပေမယ့် အသက် ၈ လသားကတည်းက ဗန်းမော်ကို ရောက်လာသူပါ ၊

 

ကျနော်တို့ တက်ခဲ့တဲ့ကျောင်းကတော့ ဗန်းမော် အ ထ က ၁ ပါပဲ ၊

 

ကျနော်နေတာက ကျောင်းနဲ့ မဝေးလှတဲ့ ဂေါ်ရာကန်ဘေးက ဂျူဗလီလမ်းမှာပါ ၊

 

ကျယ်ဝန်းလှတဲ့ ကျောင်းဝင်းကြီး နဲ့ များပြားလှတဲ့ ကျောင်းသူ ကျောင်းသားတွေကြားမှာ မျက်စိသူငယ် နားသူငယ်ဖြစ်နေတဲ့

 

သူငယ်တန်းကျောင်းသားသစ်လေးတွေထဲမှာ ကျနော်တို့ ၃ ယောက် စ ပြီး သူငယ်ချင်းဖြစ်ခဲ့ကြပါတယ် ၊

 

ကျောင်းပိတ်ရက်ကလွဲပြီး တတွဲတွဲနေခဲ့ကြတဲ့ ကျနော်တို့ကြားမှာ အမှတ်ရစရာတွေကလည်း မနည်းလှတာ အမှန်ပါ ၊

 

သူတို့နဲ့ ပေါင်းလို့ ကျနော်ဟာ ရှမ်းဟင်း ၊ ကချင်ဟင်းတွေကို မြည်းစမ်း စွဲမက်ခွင့် ရခဲ့တယ် ဆိုပါစို့လေ ၊

 

မောင်စိုင်းအမေရဲ့   မုန်ညင်းပေါင်း ၊ မတ်ခမ်းအမေရဲ့  ပိန်းဥမျှစ်သို့ခြောက်ဟင်းတွေဟာ ကျနော့်အတွက် မမေ့ရက်စရာပါပဲ ၊

 

ဒါပေမယ့် ပျော်ရာမှာ မနေ တော်ရာမှာ နေရမယ်ဆိုတဲ့ စကားလိုပဲ ၂ တန်းစာမေးပွဲ ပြီးချိန်မှာ ကျနော်ဟာ

 

အမေနဲ့အတူ ရန်ကုန် ဆိုတဲ့ မြို့တော်ကြီးဆီ လိုက်ခဲ့ရပါတော့တယ် ၊

 

ဆရာမ လုပ်ခဲ့တဲ့ အမေ့ဆီကို ကျောင်းသတင်းတွေက တစ်ခါတစ်ခါ ရောက်လာတတ်ပေမယ့်

 

ကျနော်ကတော့ ဗန်းမော်ကို ၁၀ တန်းစာမေးပွဲ အပြီးမှာမှ တစ်ခါတစ်ခေါက် ပြန်ရောက်နိုင်ခဲ့ပါတော့တယ် ၊

 

ကံကောင်းစွာနဲ့ပဲ လူကောင်ကြီးတွေ ထွားလှတဲ့ သူငယ်ချင်းနှစ်ယောက်ကိုလည်း ဆုံခွင့်ရခဲ့ပါသေးတယ် ၊

 

ဒါပေမယ့် ကျနော်တို့ရဲ့ အဲဒီတွေ့ဆုံခြင်းဟာ လက်ရှိ ဒီအချိန်ထိ နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်လာမယ်လို့တော့ မထင်မိခဲ့တာ အမှန်ပါ ၊

 

ကျောင်းပြီးလို့ အလုပ်ဝင်ရင်း ကိုယ့်ဘဝလမ်းကိုယ်လျှောက်ခဲ့ရပြီပေါ့ ၊

 

နောက်တော့ မထင်ထားပဲ ဇာတိပြန်ဖို့ ကြုံလာတာမို့ ရွှေကူကနေ ဗန်းမော်ကို တက်ခဲ့ပါသေးတယ် ၊

 

မင်းတို့က ဗန်းမော်မှာ မရှိတော့ပေမယ့် မင်းတို့ သတင်းတွေကိုတော့ ငါ အံ့အားသင့်စွာ ကြားခဲ့ရပါသေးတယ် ၊

 

မောင်စိုင်းက စစ်တက္ကသိုလ် တက်ပြီးလို့ ဗိုလ်ကြီးဖြစ်နေသလို မတ်ခမ်းကတော့ ကေအိုင်အေထဲ ဝင်သွားသတဲ့ ၊

 

အခုချိန်ဆို မင်းတို့ ဘယ်တွေဆီမှာ ရှိနေမလည်းလို့ ငါစဉ်းစားမိသလို ငယ်ငယ်က လည်ပင်းဖက်ပြီး

 

တစ်ယောက်မုန့် တစ်ယောက်စားလာတဲ့ မင်းတို့နှစ်ယောက် ဟောဒီ ဗန်းမော်မြေတဝိုက်မှာ

 

တစ်ယောက် နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်နေ သူသေကိုယ်သေ ပစ်ခတ်လို့ နေရတဲ့

 

အခြေများ ရောက်နေမလားလို့လည်း တွေးမိပါရဲ့  သူငယ်ချင်းတို့ရေ ၊

 

သေနတ်သံ ဆိုတာ ကောင်းတဲ့ အဓိပ္ပါယ်မှ မဟုတ်တာကွာ ၊

 

ငါတို့ ရေမြေမှာသာမက ကမ္ဘာမြေပေါ်မှာပါ သေနတ်သံ ကင်းမဲ့ဇုန်ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလည်းနော် ၊

 

လောကမှာ မဖြစ်နိုင်တာ မရှိဘူး ၊ မဖြစ်သေးတာပဲ ရှိတယ် လို့ပြောကြတယ် မဟုတ်လား ၊

 

အေး  ငါလည်း အဲဒီ မဖြစ်နိုင်တာ မရှိ ၊ မဖြစ်သေးတဲ့ အရာတစ်ခုအတွက်ပဲ ဆုတောင်းမိတယ် သူငယ်ချင်း ၊

 

ငယ်ငယ်တုန်းကလို ဖြူစင်ရှင်းသန့်တဲ့ နှလုံးသားကိုယ်စီနဲ့  ပျော်ပျော်ပါးပါး ငါတို့ ၃ ယောက်သား ပြန်ဆုံချင်သေးတယ်ကွာ ၊

7

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..