( သူငယ်ချင်း ၃ ယောက် ရှိလေသည် )

တောင်ပေါ်သားSeptember 23, 20151min1948

ငယ်သူငယ်ချင်းဆိုတာ အတော့်ကို မေ့ခဲစရာ သူငယ်ချင်းမျိုးလို့ ကျနော် ယုံကြည်ပါတယ် ၊

 

ကျနော့်မှာလည်း ငယ်ငယ်က တကယ် ခင်ခဲ့ တွဲခဲ့တဲ့ သူငယ်ချင်း ၂ ယောက် ရှိခဲ့ဘူးပါတယ် ၊

 

တစ်ယောက်က ကမ်းနားပိုင်းမှာ နေတဲ့ ရှမ်းအနွယ် ၊ နောက်တစ်ယောက်ကတော့ မီးသတ်ရုံးနားမှာနေတဲ့ ကချင်လေးတစ်ယောက်ပေါ့ ၊

 

ကျနော်က ရွှေကူမှာ မွေးခဲ့ပေမယ့် အသက် ၈ လသားကတည်းက ဗန်းမော်ကို ရောက်လာသူပါ ၊

 

ကျနော်တို့ တက်ခဲ့တဲ့ကျောင်းကတော့ ဗန်းမော် အ ထ က ၁ ပါပဲ ၊

 

ကျနော်နေတာက ကျောင်းနဲ့ မဝေးလှတဲ့ ဂေါ်ရာကန်ဘေးက ဂျူဗလီလမ်းမှာပါ ၊

 

ကျယ်ဝန်းလှတဲ့ ကျောင်းဝင်းကြီး နဲ့ များပြားလှတဲ့ ကျောင်းသူ ကျောင်းသားတွေကြားမှာ မျက်စိသူငယ် နားသူငယ်ဖြစ်နေတဲ့

 

သူငယ်တန်းကျောင်းသားသစ်လေးတွေထဲမှာ ကျနော်တို့ ၃ ယောက် စ ပြီး သူငယ်ချင်းဖြစ်ခဲ့ကြပါတယ် ၊

 

ကျောင်းပိတ်ရက်ကလွဲပြီး တတွဲတွဲနေခဲ့ကြတဲ့ ကျနော်တို့ကြားမှာ အမှတ်ရစရာတွေကလည်း မနည်းလှတာ အမှန်ပါ ၊

 

သူတို့နဲ့ ပေါင်းလို့ ကျနော်ဟာ ရှမ်းဟင်း ၊ ကချင်ဟင်းတွေကို မြည်းစမ်း စွဲမက်ခွင့် ရခဲ့တယ် ဆိုပါစို့လေ ၊

 

မောင်စိုင်းအမေရဲ့   မုန်ညင်းပေါင်း ၊ မတ်ခမ်းအမေရဲ့  ပိန်းဥမျှစ်သို့ခြောက်ဟင်းတွေဟာ ကျနော့်အတွက် မမေ့ရက်စရာပါပဲ ၊

 

ဒါပေမယ့် ပျော်ရာမှာ မနေ တော်ရာမှာ နေရမယ်ဆိုတဲ့ စကားလိုပဲ ၂ တန်းစာမေးပွဲ ပြီးချိန်မှာ ကျနော်ဟာ

 

အမေနဲ့အတူ ရန်ကုန် ဆိုတဲ့ မြို့တော်ကြီးဆီ လိုက်ခဲ့ရပါတော့တယ် ၊

 

ဆရာမ လုပ်ခဲ့တဲ့ အမေ့ဆီကို ကျောင်းသတင်းတွေက တစ်ခါတစ်ခါ ရောက်လာတတ်ပေမယ့်

 

ကျနော်ကတော့ ဗန်းမော်ကို ၁ဝ တန်းစာမေးပွဲ အပြီးမှာမှ တစ်ခါတစ်ခေါက် ပြန်ရောက်နိူင်ခဲ့ပါတော့တယ် ၊

 

ကံကောင်းစွာနဲ့ပဲ လူကောင်ကြီးတွေ ထွားလှတဲ့ သူငယ်ချင်းနှစ်ယောက်ကိုလည်း ဆုံခွင့်ရခဲ့ပါသေးတယ် ၊

 

ဒါပေမယ့် ကျနော်တို့ရဲ့ အဲဒီတွေ့ဆုံခြင်းဟာ လက်ရှိ ဒီအချိန်ထိ နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်လာမယ်လို့တော့ မထင်မိခဲ့တာ အမှန်ပါ ၊

 

ကျောင်းပြီးလို့ အလုပ်ဝင်ရင်း ကိုယ့်ဘဝလမ်းကိုယ်လျှောက်ခဲ့ရပြီပေါ့ ၊

 

နောက်တော့ မထင်ထားပဲ ဇာတိပြန်ဖို့ ကြုံလာတာမို့ ရွှေကူကနေ ဗန်းမော်ကို တက်ခဲ့ပါသေးတယ် ၊

 

မင်းတို့က ဗန်းမော်မှာ မရှိတော့ပေမယ့် မင်းတို့ သတင်းတွေကိုတော့ ငါ အံ့အားသင့်စွာ ကြားခဲ့ရပါသေးတယ် ၊

 

မောင်စိုင်းက စစ်တက္ကသိုလ် တက်ပြီးလို့ ဗိုလ်ကြီးဖြစ်နေသလို မတ်ခမ်းကတော့ ကေအိုင်အေထဲ ဝင်သွားသတဲ့ ၊

 

အခုချိန်ဆို မင်းတို့ ဘယ်တွေဆီမှာ ရှိနေမလည်းလို့ ငါစဉ်းစားမိသလို ငယ်ငယ်က လည်ပင်းဖက်ပြီး

 

တစ်ယောက်မုန့် တစ်ယောက်စားလာတဲ့ မင်းတို့နှစ်ယောက် ဟောဒီ ဗန်းမော်မြေတဝိုက်မှာ

 

တစ်ယောက် နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်နေ သူသေကိုယ်သေ ပစ်ခတ်လို့ နေရတဲ့

 

အခြေများ ရောက်နေမလားလို့လည်း တွေးမိပါရဲ့  သူငယ်ချင်းတို့ရေ ၊

 

သေနတ်သံ ဆိုတာ ကောင်းတဲ့ အဓိပ္ပါယ်မှ မဟုတ်တာကွာ ၊

 

ငါတို့ ရေမြေမှာသာမက ကမ႓ာမြေပေါ်မှာပါ သေနတ်သံ ကင်းမဲ့ဇုန်ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလည်းနော် ၊

 

လောကမှာ မဖြစ်နိူင်တာ မရှိဘူး ၊ မဖြစ်သေးတာပဲ ရှိတယ် လို့ပြောကြတယ် မဟုတ်လား ၊

 

အေး  ငါလည်း အဲဒီ မဖြစ်နိူင်တာ မရှိ ၊ မဖြစ်သေးတဲ့ အရာတစ်ခုအတွက်ပဲ ဆုတောင်းမိတယ် သူငယ်ချင်း ၊

 

ငယ်ငယ်တုန်းကလို ဖြူစင်ရှင်းသန့်တဲ့ နှလုံးသားကိုယ်စီနဲ့  ပျော်ပျော်ပါးပါး ငါတို့ ၃ ယောက်သား ပြန်ဆုံချင်သေးတယ်ကွာ ၊

7

8 comments

  • kai

    September 24, 2015 at 1:30 am

    ရောင်းစရာတွေထဲ.. လက်နက်ခဲယမ်းမီးကျောက်ရောင်းရငွေ.. အဲဒီဘစ်ဇနက်က..အကိုက်ဆုံးဗျ..
    စစ်တွေမရှိရင်.. အမေရိကားလဲ.. မွဲတာကြာပေါ့…။
    တိုက်ကြ… :k:

    • မြစပဲရိုး

      September 24, 2015 at 2:22 am

      သူကြီး ပွဲစား လုပ်ဖို့ စဉ်းစားများနေလား။ 🙄

      • kai

        September 24, 2015 at 4:40 am

        လုပ်လို့ရရင်ကောင်းတာပေါ့…
        ဘီလီယံနာတန်းဖြစ်..။
        ပြောသာပြောတာ.. ဦးတေဇက..အဲလိုနဲ့ချမ်းသာတယ်မှတ်ပါတယ်…။

        ဆိုတော့…
        မြန်မာကလည်းခေသူမဟုတ်…
        မူးယစ်ဆေးတွေလှိမ့်ထုတ်…။ လက်နက်နဲ့မူးယစ်ဆေးနဲ့.. လဲ…။
        ဘယ်သူပိုတရားမျှတသလဲ… စဉ်းစား.. စဉ်းစား….။ :k:

  • Mike

    September 24, 2015 at 11:39 am

    .တေ ျာက်ကစစ်ဗိုလ်၊ တေ ျာက်က ကေအိုင်အေ…နောက်ဆုံးတေ ျာက်ကငြိမ်းချမ်းရေးအက ျိုးတော်
    .ဆောင်လုပ်ပေါ့ :))

    • တောင်ပေါ်သား

      September 24, 2015 at 1:38 pm

      ကျနော်တို့က ရန်ကုန်မှာ အေးအေးဆေးဆေး
      ကချင်မြေမှာက ဒုက္ခသည်တွေ ဟိုပြေး ဒီပြေး
      ရင်လေးပါရဲ့ဗျာ

  • Alinsett @ Maung Thura

    September 25, 2015 at 1:43 am

    ကျနော့်မလည်း လွမ်းမယ်ဆို အခါတစ်ရာ အခါတစ်သိန်းပြန် လွမ်းရမယ့် ငယ်ငယ်က သူငယ်ချင်းတွေ ရှိခဲ့ဖူးတယ်

  • အောင် မိုးသူ

    October 2, 2015 at 9:50 am

    ငယ်ငယ်က သူငယ်ချင်းကို
    ရင်မှာတအားလွမ်းကား ချစ်မိတယ်
    အတူတူကျောင်းသွားကစားကြရင်း
    အနွံတာခံလို့ တို့အပေါ်ကောင်းလွန်းတယ်

  • aye.kk

    October 3, 2015 at 12:41 pm

    နားမလည်
    ပါးမလည်
    ချစ်တာတခုထဲသိတဲ့အရွယ်
    ငယ်ငယ်ကအရွယ်
    မာလကါသီးတစ်လုံး
    ၂-ယောက်အတူစား
    စာအုပ်တစ်အုပ်ထဲ
    မျက်နှာချင်းအပ်လို့
    ၂-ယောက်အတူတူကျက်
    ဆီမီးခွက်ဂျောင်ဂျင်လို-
    ၂-ယောက်ခြေချင်းချိပ်လို့ရတာမှ
    ရွေးပြီးကစား
    ဇယ်ခုတ်ရင်
    ၂-ယောက်အတူတူခုတ်
    စွယ်တော်ရွက်လို
    နှစ်လွှာပေါင်းမှတစ်ကမ္ဘာထင်ပြီးချစ်ခဲ့ရ
    ကလေးဘဝဆိုတဲ့၊လူပါးမဝတဲ့အရွယ်တုန်းကလေ။။

Leave a Reply