အချစ်ဆုံးသို. ……….

ko noAugust 27, 20101min682

သို့ /

အကြောင်းအရာ။……….။ ချစ်သူရာထူးမှ နုတ်ထွက်ခြင်း

ကျွန်တော်မျိုး တာဝန်ထမ်းဆောင်သည့် တစ်နှစ်သာကာလအတွင်း သခင်အပါး အမြဲခစား
လေ့လာသင်ယူခဲ့၏။ အမိန့်တော် နာခံခဲ့၏။ သခင့်အလို အမြဲဖြည့်ဆည်းခဲ့၏။
နေကောင်းကျန်းမာပါသလားဟု အမြဲ မေးမြန်းလျှောက်တင်ခဲ့ရ၏။

တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အချစ်ခံရသူအဖြစ် သခင်ခံစားစေရန်
ကျွန်တော်မျိုးမှာ စောင့်စားခြင်း၊ ကြိုပို့ခြင်း၊ အဖော်လုပ်ခြင်း စသည်
အလုပ်များကို လုပ်ခဲ့သည့်အပြင် သခင်ဝယ်သမျှ အသပြာလိုက်လံ ပေးဆပ်ခဲ့ရ၏။
သခင်စိတ်တော် မညိုးနွမ်းအောင် မကြာခဏ လက်ဆောင်ပဏ္ဍာ ဆက်သရ၏။

ချစ်သူဟူသော တာဝန်ကို ထမ်းဆောင်စဉ် စိတ်နှလုံးကြီးမြတ်ရ၏။
နွေးနွေးထွေးထွေး ဆက်ဆံရ၏။ ဂရုတစိုက် ယုယရ၏။ တစ်ခြားအမျိုးသားများနှင့်
သခင်စကားလက်ဆုံကျလျှင် (သို့) သူတို့ကိုတော်ကြောင်း၊ တတ်ကြောင်း
သခင်ချီးကျူးလျှင် မနာလို ဝန်တိုစိတ်မရှိရ။

တာဝန်ထမ်းဆောင်နေစဉ် အမှားလုပ်ခဲ့မိလျှင်သော် လည်းကောင်း၊ သခင်နှင့်
အငြင်းပွားမိလျှင်သော် လည်းကောင်း ကျွန်တော်မျိုးအား အလုပ်ထုတ်ရန်
သခင်အမိန့်ချ ဆုံးဖြတ်ခဲ့သော်လည်း နောင်နောက် ၎င်းအမှားမျိုး
မလုပ်မိအောင် ကျွန်တော်မျိုး ဆင်ခြင်ပါ့မည်ဟု ဝန်ခံဂတိပေးပြီး ဤတာဝန်ကို
ဆက်လက်ထမ်းဆောင်ခဲ့၏။

တစ်နှစ်သာကာလအထိ ဤတာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်အောင်
အခွင့်အရေးပေးခဲ့သော သခင်အား ကျေးဇူးတင်လှပါသည်။

သို့သော် ဤတာဝန်သည် ကျွန်တော်မျိုးနှင့် မအပ်စပ်လှသောကြောင့်
ကျွန်တော်မျိုးအား သူငယ်ချင်းအဆင့်သို့ လျှော့ချပေးပါရန်
တောင်းဆိုလျှောက်တင်ပါသည်။

သူငယ်ချင်းများနှင့် ရယ်ရယ်မောမော သခင်ပျော်ပါး၏။ မကြာခဏ သူတို့နှင့်
သခင် တွေ့ဆုံစားသောက်၏။ ထိုသူငယ်ချင်းများကို ကျွန်တော်မျိုး အားကျပါသည်။
သူငယ်ချင်း တာဝန်မှာ သခင့်အပါး အမြဲခစားစရာ မလို။ ယခုဖုန်းဆက်
ယခုအပါးတော် ရောက်စရာမလို။ ကြိုပို့စရာ မလို။ ငွေရှင်းစရာ မလို။
လက်ဆောင်ပဏ္ဍာ ဆက်သရန် မလို။ သခင် မျက်ကွယ်ပြုမှု ခံစရာမလို။ နေခြည်ပမာ
ကြည်လင်သော သခင့်အပြုံးကို သူတို့ အမြဲ ဖူးမြင်ရ၏။ ချိုသာသော
သခင့်စကားကို သူတို့နားဆင်ရ၏။

သို့သော် ချစ်သူတာဝန်ကို ထမ်းဆောင်ထားရသော ကျွန်တော်မျိုး၏ တာဝန်မှာ
တစ်နေ့တစ်ခြား ကြီးလေးလာသည့်အပြင် ကောင်းမွန်သော ဆက်ဆံမှုမျိုး မရရှိခဲ့၊
ထိုကဲ့သို့ ချစ်ခင်နှစ်လိုသော စကားများ မကြားခဲ့ရ၊ သူငယ်ချင်းထက်ပိုသော
ဂရုစိုက်မှုမျိုး မခံစားခဲ့ရ၊ လက်ဆောင်ပဏ္ဍာ ပေးသနားခြင်းလည်း
မရှိခဲ့၊…….. ၊ ……

ထို့ကြောင့် ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့
လျှော့ချပေးပါရန် အနူးအညွှတ် တောင်းဆိုအပ်ပါသည်။

လေးစားစွာဖြင့်
သခင့်အပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့သော
ဝန်ထမ်းတစ်ဦး

၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉

သို့ /

အကြောင်းအရာ။………။ ရာထူးနုတ်ထွက်သူအား ပြန်ကြားစာ

ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့ လျှော့ချပေးရန်
လျှောက်တင်ထားသော အသင်၏ စာအား ဖတ်ရှုပြီးနောက် အထက်လူကြီး
အုပ်ထိန်းသူမိဘများနှင့် အစည်းအဝေးပြုလုပ်ခဲ့သည်။ ရှင်းလင်းချက်မှာ
အောက်ပါအတိုင်းဖြစ်သည်။

အသင်လာရောက် တွေ့ဆုံမေးမြန်းစဉ်က ချစ်သူဟူသည့် တာဝန်ဖြစ်သည်။ သူငယ်ချင်း
မဟုတ်ဟု အလုပ် စလျှောက်စဉ်က အသင်တောင်းဆိုခဲ့သည်။ အသင်အား
စမ်းသပ်ကာလမှာပင် အသင်၏ တာဝန်ယူညံ့ဖျင်းမှုကြောင့် အလုပ်ထုတ်ခံရလုနီးနီး
ဖြစ်ခဲ့သော်လည်း ကြိုးစားစွမ်းဆောင်ပြီး အမှုတော်ထမ်းပါမည်ဟု အသင်၏
ဝမ်းနည်းပက်လက်တောင်းဆို ဝန်ခံဂတိပေးမှုကြောင့် ဤရာထူးကို ခန့်အပ်ခဲ့သည်။

ချစ်သူဟူသည်မှာ အချိန်ပြည့် အလုပ်ဖြစ်သည်။ အချိန်ပိုင်းအလုပ်ဖြစ်သည့်
သူငယ်ချင်းနှင့်မတူပေ။ ထို့ကြောင့် အလုပ်တာဝန်မှာ သူငယ်ချင်းထက်
ပိုများရခြင်းဖြစ်သည်။ ထို့အတူ လစာနှင့် ခံစားထိုက်သည့်
အခွင့်အရေးမှာလည်း သူငယ်ချင်းထက် ပိုခဲ့သည်။ ဥပမာ- ပွေ့ဖက်ခြင်း၊
နမ်းရှုံ့ခြင်း၊ အထက်အကြီးအကဲ မိဘများနှင့် ညစာအတူစားခြင်း … စသည့်စသည့်
အခွင့်အရေးများအပြင် အဘိုး၊ အဖေ၊ လင်ယောက်ျားအဖြင့်သို့
ရာထူးတက်နိုင်သေးသည်။ ဤသည်မှာ သူငယ်ချင်းများ လုံးဝမရနိုင်သော
အခွင့်အရေးဖြစ်သည်။

နောက်ဆုံးပြောကြားလိုသည်မှာ ယခုလက်ရှိ သူငယ်ချင်းနေရာတွင် နေရာလွတ်
မရှိသေးပေ။ ချစ်သူနေရာကိုလည်း လစ်ဟင်းထား၍မဖြစ်။ ထို့ကြောင့်
ချစ်သူနေရာတွင် လူစားရှာမရသရွေ့ (သို့) တာဝန်ထမ်းဆောင်လိုသူ မရှိသရွေ့
အသင်အား အရံနေရာသို့ ပြောင်းရွေ့ထားမည်ဖြစ်သည်။ အရံဟူသည်မှာ သခင့်အပါး
နေ့တိုင်းခစားစရာ မလိုသောကြောင့် တာဝန်နှင့်ဖိစီးနေသော အသင့်စိတ်အား
ခေတ္တခဏ ဖြေဖျောက်နိုင်သည်။

ချစ်သူ့တာဝန်အား လွဲပြောင်းသူပေါ်လာမှ အသင့်အား လိုအပ်သည့်နေရာ – ဥပမာ-
သူငယ်ချင်းနေရာသို့ ပြောင်းရွေ့ပေးမည်။ သို့မဟုတ် အသင်သဘောနှင့် အသင်
လုံးဝထွက်ခွာမည်ဆိုလည်း ရ၏။ ကိုယ့်သဘောနှင့်ကိုယ် ထွက်ခွာခြင်းသည်
လျှော်ကြေးမရကြောင်း အသိပေးအပ်ပါသည်။

ဤတစ်နှစ်သာ ကာလအတွင်း အသင်၏ကြိုးစားမှုအား ကျေးဇူးတင်ပါသည်။
အထက်မိဘ လူကြီးများကိုယ်စား
အဖွဲ့ဝင်တစ်ဦး

(မှတ်ချက်။ ။ ကျွန်တော်ဆီရောက်လာတဲ့ မေးလ်တစ်စောင်ဖြစ်ပါတယ်။ ထူးခြားမှုတစ်ခုရှိတယ်ထင်လို့တင်လိုက်တာပါ။ ကာယကံရှင်စာရေးသူကို ခွင့်မတောင်းဘဲတင်မီတဲ့အတွက် တောင်းပန်ပါတယ်။)

2 comments

  • chitsayar

    August 27, 2010 at 11:09 am

    ချစ်သူရာထူးမှ နုတ်ထွက်ခြင်သူရေ
    လုံးလူံးကြီးလည်းမဖြတ်လိုက်ပါနဲ ့
    ရာထူးနုတ်ထွက်သူအား ပြန်ကြားသူ ရေ
    ချစ်သူတွေအဖြစ်နဲ ့လည်းမနေပါနဲ ့တော့
    ကျမ္မာရေးပဲ လုပ်ကြပါ

  • Gong Zhu

    September 16, 2010 at 6:55 pm

    ချစ်သူရာထူးမှ နုတ်ထွက်ခြင်း တဲ့ စကားလုံးလေးက လှလိုက်တာ ညင်ညင်သာသာ နဲ့ လမ်းခွဲစကားပြောလိုက်တာပေါ့ . . .

Leave a Reply