အခမဲ့ တန်ဖိုး

ခင္ခOctober 7, 20151min1493

“အခမဲ့ တန်ဖိုး´´

 

 

တန်းဖိုးသင့်ခ မပေးရဘူး

ပိုက်ဆံပေးစရာ မလိုဘူး

အလကားမတ်တင်းပါ

မေတ္တာနဲ့

စေတနာနဲ့

အဲလိုမျိုးတွေကို ခြုံငြုံပြီးသုံးနှုန်းခေါ်တဲ့စကားရပ်လေးက “အခမဲ့´´ တဲ့။

ဘုန်းတော်ကြီးပညာသင်ကျောင်းမှာ စာသင်တဲ့ကလေးတွေအတွက် ဘုန်းတော်ကြီးတွေက အခမဲ့ ပညာ သင်ပေးတယ်။

ဆရာဝန်လေးက စမ်းသပ်ခမယူဘူး အခမဲ့ မေတ္တာနဲ့ကုပေးရှာတာ ဆေးဘိုးတောင် အမြတ်မတင်ရှာပါဘူးအေ။

ဇီဝိတဒါန မျက်စီဆေးရုံးက လူနာတွေကို အခမဲ့ မျက်စိစမ်းသပ်ပေးတယ်တော့။

နာရေးကူညီမှု့အသင်းက အခမဲ့ ပိုဆောင်ပေးတာလေ။

ဗြမ္မာစိုနာရေးကူညီမှုအသင်းက ဖွင့်ထားတဲ့ဆေးခန်းမှာ အခမဲ့ ရောဂါရှာဖွေစမ်းသပ်ပေးနေပါတယ်။

ကျောင်းဆရာမလေးက သူ့အိမ်အနီးနားက ကလေးတွေကို ညဖက်ကျရင် စေတနာနဲ့ စာအလကားပြပေးတယ် ပိုက်ဆံပေးလည်းမယူဘူး အခမဲ့ ပညာကုသိုလ်လုပ်တာတဲ့။

အဲဒီလိုအသံတွေမျိုး စာဖတ်သူတို့ ကြားဖူးကြမယ်ထင်ပါတယ်။

ဒီလိုတွေလည်းပြောကြပါသေးတယ်ဆေးရုံကြီးသွားပြတာ အခမဲ့ မို့လားမသိဘူး ဆရာဝန်တွေက ဝတ်ကျေတန်းကျေဘဲ သူတို့ပိုက်ဆံယူတဲ့ အထူးကုဆေးခန်းတွေ ဆေးရုံတွေဆိုရင်တော့ ငွေ မျက်နှာကြောင့်ရွှန်းရွှန်းကိုဝေလို့ ဂရုစိုက်လိုက်တာလဲ လွန်ပါရော။

ကျောင်းတုန်းက အိမ်ကသားတော်မောင်လေ ကျုပ်မိတ်ဆွေကျုရှင်ဆရာထံမှာ ကျုရှင်တတ်ခိုင်းတာ အလကား အခမဲ့သင်ရလို့လားမသိဘူး ဒီကောင် အလေးကိုမထားဘူး တစ်ခါတလေ အကြောင်းအမျိုးမျိုးပြပြီး ကျုရှင် မသွားချင်ဘူး ဘာဘူးမို့ ပြောဆိုနေရတာ ဟော အခုသူပိုက်ဆံနဲ့ပေးပြီး တက်ရတဲ့ ကွန်ပျုတာသင်တန်း မနက်အစောကြီးသွားရတာတောင် တစ်ရက်မပျက်ဘူးဗျ။

သမီးဒီမှာ သမီးကြိုက်တဲ့အရုပ်ကလေးလေ ဘီဒိုထဲသိမ်းထားပါလား ဟိုထားဒီထားနဲ့ ဖုန်တက်ပြီးမဲကုန်မှာပေါ့ အဲလိုဘဲ သူများဆီက အလကားအခမဲ့ရထားတော့ တန်းဖိုးမထားချင်ဘူး သူပိုက်ဆံနဲ့ဝယ်ရတဲ့ အကျင်္ ီတစ်ထည် မတော်တော့လို့ ညီမလေးပေးလိုက်ပါလားဆိုတာကို မပေးဘူးလေ အဝတ်ဘီဒိုထဲသော့ခတ်သိမ်းထားတယ်၊

ဒါကဘာကိုဆိုလိုကြတဲ့ စကားတွေလည်းဆိုတော့ တစ်ချို့က ကိုယ်ဆီက ပိုက်ဆံငွေကြေးတန်ဖိုး မကုန်ဘူး အလကားအခမဲ့ဆိုရင် တန်ဖိုးမထားတတ်ပုံကိုညွှန်ပြနေကြတာလေ။ လူဆိုတာလည်းခက်တော့ခက်သားလား တစ်ခါတစ်လေ မိမိငွေကြေးအကုန်အကျခံရ ပေးရရင်တော့ ဘာဘဲဖြစ်ဖြစ် ဆုံးရှုံးမှာကိုနှမြောပြီး တန်ဖိုးထား တတ်ကြပေမယ့် အလကားအခမဲ့ဆို တန်ဖိုးမသိသလိုဖြစ်ပြီး တန်ဖိုးမထားတတ်ကြသလို သူများဆီက အခ ကြေးငွေ ယူပြီးလုပ်ပေးရတဲ့ ကိစ္စမျိုးကြတော့ ကိုယ်လုပ်ပေးလိုက်တဲ့ အရာဟာ ငွေပေးရတဲ့သူ အတွက် အဆင် မပြေမှု ဖြစ်ရင် ငွေယူပြီးတော့ဆိုတဲ့အမြင်နဲ့ ပြောကြပြုကြမှာကို မခံချင်ကြလေတော့ ဂရုတစ်စိုက်လုပ်ကြရင်း ငွေပေး ရရင်ကောင်းတယ် ငွေမပေးရတဲ့ အခမဲ့ ဆိုမကောင်းဘူးဆိုပြီး နှိုင်းယှဉ်ခံရတာမျိုးဖြစ်မယ်ထင်ပါတယ်။

ဒါပေမယ့် စာဖတ်သူဆီက ဘယ်တုန်းကမှ သူ လုပ်ပေးခဲ့ရတာအတွက် အဖိုးအခတန်ကြေး မယူဘဲ မငြိုမငြင် အခမဲ့ လုပ်ပေးရှာတဲ့ သူမျိုး စာဖတ်သူတို့ ကြုံခဲ့ဘူးတာကို သတိထားမိလေလားမသိဘူးဗျ။

အဲဒီသူက

စာဖတ်သူကို ဗိုက်ထဲထဲ့လွယ်ကာ တစ်လမကနေရ သွားရပေမယ့် ဗိုက်လွယ်ခမတောင်းရှာဘူး အခမဲ့ ပါ။

စာဖတ်သူကို မွေးရတာနာကျင်ပေမယ့် သူ ပျော်ရွှင်ခဲ့တဲ့ အခမဲ့ ဝန်ဆောင်မှုသက်သက်။

စာဖတ်သူကို လူဘဝလောကထဲကို ပို့ဆောင်မွေးဖွားပေးခဲ့တာလည်း စာဖတ်သူဆီက အဖိုးအခပြန်မတောင်းပါဘူး အခမဲ့ ပါဘဲ။

စာဖတ်သူငယ်ငယ်က ချီပိုး ထိန်းကျောင်းပေးရလို့လည်း မငြိုမငြင်ခဲ့ဘူး သူလုပ်ပေးခဲ့တာ အခမဲ့ ပါ။

စာဖတ်သူကို နို့ချိုတိုက်ခဲ့ရတဲ့အတွက် သူ့နို့ဖိုးကိုလည်း ဘယ်တုန်းကမှမတောင်းခဲ့တဲ့ အခမဲ့ ပါ။

စာဖတ်သူ စားချင်တယ်ဘယ်လိုလုပ်ပေးဆိုလည်း သူ့ခမျာမမောမပန်း ချက်ပြုတ်စီမံလုပ်ပေးခဲ့တာလည်း အခမဲ့ ပါ။

စာဖတ်သူ ကျောင်းသွားဖို့အတွက် အဝတ်အစားလျှော် မီးပူတိုက် စောစောထကာထမင်းချိုင့် လုပ်ခဲ့တာတွေ ကလည်း အခမဲ့ ပါဘဲ။

စာဖတ်သူတို့ အသက်အရွယ်ကြီးပေမယ့် သူဘက်ကလုပ်နိုင်တာလေးတွေ လုပ်ပေးနေရတာအတွက်လည်း အဖိုးအခဘယ်လောက်ပေးလို့ တန်ဘိုးမသင့်ရှာပါဘူး ဒါတွေလည်း အခမဲ့ ပါ။

စာဖတ်သူတို့ တစ်ခါတရံဖျားနာလို့ ပြုစုယုရ လူနာစောင့်ခဲ့ရတာတွေကလည်း သူက အခမဲ့ ဝန်ဆောင်မှုပါ။

စာဖတ်သူတို့ အိမ်ထောင်ပြုပြီး သားသမီးတွေရလို့ သူ့အနေနဲ့ ထိန်းကျောင်းပေးရ ဝေယျာဝစ္စလုပ်ပေးရရင် လည်း သူကတော့ မေတ္တာမပျက် အခမဲ့ ပါတဲ့။

ထိုထိုသော စာဖတ်သူဘဝတစ်လျှောက်လုံး ဘယ်အချိန်မှာဘဲဖြစ်ဖြစ် အခမဲ့ လုပ်ပေးတတ်သူကတော့ စာဖတ်သူ ရဲ့ “အမေ´´ ပါဘဲ။

အဲဒီ အမေရဲ့ အခမဲ့ လုပ်ပေးတာတွေဟာ ငွေကြေးတန်ဖိုးမပေးရလို့ ကိုယ်အိတ်ထဲကအဿပြာ တစ်ပြား သား မှ မကုန်ခဲ့ မစိုက်ခဲ့ရလို့ ထို အခမဲ့ တန်ဖိုးကို တန်ဖိုးမထားတတ်သလိုများဖြစ်ခဲ့မယ်ဆိုရင်စာဖတ်သူ ပြန်ပြီး သေချာတွေး ရေးရေးပေါ်ဆိုသလို ပြန်စဉ်းစားပေးပါ အချိန်မလွန်မှီ သူ့ရဲ့ အခမဲ့ ဆိုပေမဲ့ အဲဒီ အခမဲ့ ဟာ အဖိုးမဖြတ်နိုင်လောက်တဲ့ အဖိုးမဖြတ်သင့်တဲ့ အဖိုးများစွာထိုက်တန်တဲ့ အခမဲ့ ဖြစ်တယ်ဆိုတာမို့ အကယ် လို့သာ စာဖတ်သူရဲ့ အမေ အသက်ရှင်လျှက် ရှိနေသေးရင်ဖြင့် အဖိုးဖြတ်မရတဲ့ သူရဲ့ အခမဲ့ တန်ဖိုးကို အသိ အမှတ်ပြုတဲ့စိတ် ရင်မှာနှစ်ပြီး “အမေ´´ လို့သာခေါ်လို့ တစ်ဖန်ပြန်လည် စာဖတ်သူတို့ အခမဲ့ လေးတွေ ပြုမူ ပေးလိုက်မယ်ဆိုရင်ဖြင့် သူ ရင်ထဲပိတိ လွမ်းကာ ပျော်ရွှင်ဖွယ်ဖြစ်လာမှာ မလွဲဧကံပါလို့…………။

ခင်ခ မှ လူသားတွေအတွက် တန်ဖိုးအရှိဆုံး အခမဲ့ ပေးခဲ့သော အမေ များအားဂုဏ်ပြုစွာဖြင့် စာဖွဲ့ကာ ရေးသီခြင်းပါ။

 

ခင်ခ။

3 comments

  • Mr. Pocket

    October 8, 2015 at 9:02 am

    ဟုတ်တယ်ဗျ.. မှန်တယ် ကျွန်တော်တို့ကိုသာ အခမဲ့ပေမယ့် ကျွန်တော်တို့ကသာ နည်းနည်းပေးများများယူခဲ့တာမလား..

  • Ma Ma

    October 8, 2015 at 9:20 pm

    ကျမတို့တော့ အလွယ်တကူ အခမဲ့အကူအညီတောင်းလို့ရနေတဲ့ သူငယ်ချင်းဆရာဝန်ကို …….
    အလကားဆရာဝန် လို့ ခေါ်တယ်။ :k:

  • Alinsett @ Maung Thura

    October 9, 2015 at 7:18 am

    ကျနော့်ဖြင့်
    မိဘနှစ်ပါးဆီက ဟောဒီခန္ဓာကိုယ်ကြီး အခမဲ့ ရ ထားတာတောင်
    အခုထိ အရင်းမကျေသေးဘူး
    အနည်းဆုံးတော့ မရှူံးအောင် နေမှဖြစ်မယ်

    .လေးခရေ
    ရွာမှာ လေးခ အတွေးတွေ ပြန်မြင်ရတော့ ကျေနပ်မိသဗျို့

Leave a Reply