. မြ ရဲ့ သင်ပုန်း ၈-၁၁-၂၀၁၅

မြစပဲရိုးNovember 8, 20151min1599

. မြတို့ မျှော်လင့်နေခဲ့သော နိုဝင်ဘာ ၈ ရက် ရောက်ပါပြီ။
. ချစ်သော ရွှေပြည် တစ်ဝှမ်း ခြိမ့်ခြိမ့်သဲသဲ ဆန္ဒမဲပေးကြပေတော့မည်။
. ပြည်သူများ ရဲ့ အသံ အမှန်ကို ကြားချင်ပါသည်။
“ကံ” ဆို အလုပ် ဟုသာ မှန်ပါက မြတို့ အများစု သည် အပြောင်းအလဲတစ်ခု အတွက် တတ်နိုင်သမျှ ကြိုးစားခဲ့ပါ၏။

. မြ အသိုင်းအဝိုင်း ရှိ အရင်က ကြားထိုင်နေသော သူ အတော်များများ လဲ ပွဲနီးလာတော့ မြ နှင့် လမ်းတူ ရာ လိုက် ကြတော့မည်။
အာဏာပိုင်များနှင့် လက်ဝါးချင်းရိုက်ထားသူ များ ကတော့ သဘောထား မထုတ်ပြန်ကြချေ။

. မြတို့ ပေးခဲ့ သော မဲ များတွင် မြတို့ ၏ အနာဂါတ် ကလေးငယ်များ အတွက် မျှော်လင့်ချက်များ များစွာပါပါသည်။
အသက်ကြီးသူများအတွက် ဘဝ နေဝင်ချိန်မှာ အေးချမ်းအောင် ပံ့ပိုးပေးနိုင်မဲ့ မျှော်လင့်ချက်များ များစွာပါပါသည်။
လမ်းပျောက်နေသော လူငယ်လေးများအတွက် ရွေးချယ်စရာလမ်းပေါင်းများစွာ ဖောက်ပေးနိုင်မည့် မျှော်လင့်ချက်များ များစွာပါပါသည်။

ဤ မျှော်လင့်ချက်များ သည် အိမ်မက်မှ လက်တွေ့ ဖြစ်လာနိုင်ဖို့ အချိန်လဲ ရောက်တာ ဖြစ်နိုင်သကဲ့သို့
. ကြွယ်ဝချမ်းသာမှု တို့ ယစ်မူး နေသော ကြောင့် အာဏာအမြဲဆာနေသူ လူတစ်စု လက်ထဲ မှ သွန်လိုသွန် မှောက်လိုမှောက်နိုင်သော ရေ ပမာလဲ ဖြစ်သွားနိုင်ပါသည်။
. မြ ကျိန်ဆဲ ချင်သည်။
သို့သော် မြ အမေ က မေတ္တာများများပို့ ပြီး မေတ္တာ နဲ့ သာ အနိုင်ယူကြဖို့ ကြိုးစားဖို့ တိုက်တွန်းသည်။
သူတို့ မသေခင် နိုင်ငံရဲ့ အပြောင်းအလဲလေးတော့ မြင်သွားချင်ကြသည့် မြ မိဘ များလို သက်ကြီး ရွယ်အို များစွာ ရှိနေပါသည်။
ထိုသူများ၏ မဲ ကို စော်ကားခံရ တော့မှာလဲ မြ စိုးရိမ်ပါသည်။
. လောလောဆယ်တော့ ဘယ်လို မှ မေတ္တာထား၍မရတာ သေချာသည်။

အမျိုး ဘာသာ သာသနာ ကို စောင့်ရှောက်မည့် သူများ သည် မကောင်းမှု ကျူးလွန်သည့် သူခိုးကြီးများ မဖြစ်ကြပါစေနှင့်လို့ သာ မြ ဆုတောင်းတော့မည်။

မကြာခင် မြတို့ သိလာမဲ့ ရလဒ် သည် ပါတီများ ရဲ့ အားပြိုင်ပွဲ ရလဒ် မဟုတ်ချေ။
. ရွှေပြည်ကြီး ထဲရှိ တရားမျှတမှု လိုလားသူ နှင့် မတရားမှု ကို လက်ကိုင်ထားသူ တို့၏ အားပြိုင်ပွဲ ဖြစ်သည်။
ဒီလောက်တောင် တစ်ဖက် ကို ပုံရပ်ထားပါရက် နဲ့ မြတို့ ကြိုးစားမှု ဖြစ်မလာပါက ရွှေပြည် ရဲ့ ကြမ္မာ လို့ သာ မြ ပုံချတော့မည်။
. မြသည် အဆိုးဆုံး ကို မှန်းထားရင်း အကောင်းဆုံး ကို တိတ်တိတ်လေး မျှော်နေပါသည်။
ချစ်သော မြန်မာပြည် ရဲ့ ကောင်းမွန်သော အပြောင်းအလဲ အတွက် နေ့သစ် တစ်နေ့ စနိုင်တဲ့ အချိန် ရောက်ပါစေ။
ဒီ တစ်ကြိမ်လေးမှာတော့ နိုင်ငံထဲ မှာ တရားမျှတမှုလေး ကို မျက်နှာသာပေးလိုက်ပါ ဆိုင်ရာပိုင်ရာများရယ်။
ရှိခိုးဦးတင်ပြီး ကန်တော့ပါသည်။

အကျင့်သိက္ခာပျက်သူများ အဖြစ် နဲ့ သမိုင်းမှာ မကျန်အောင် အသိမှန်စိတ်ကလေးများ ဝင်တော်မူကြပါလို့ လဲ သက်ဆိုင်ရာများ ကို အနူးအညွန့်တောင်းပန် မေတ္တာရပ်ခံပါ၏။

ဒီတစ်ခါတော့ ပြည်သူတွေ ကို စိတ်ချမ်းသာ ပျော်ရွှင်လွတ်လပ်ခွင့် ပေးလိုက်ပါ အဘ တို့ရှင့်။

myittapot

9 comments

  • မြစပဲရိုး

    November 8, 2015 at 1:29 am

    မနက်ဖြန် ကထိန်ပွဲ ရှိတာမို့ အွန်လိုင်းတက် နေနိုင်မည် မဟုတ်ပါ။
    အဲဒီမှာ ကုသိုလ်ကြိုးစားပြုပြီး ချစ်သောပြည် အတွက် အကောင်းဆုံး ဖြစ်စေဖို့ ဆုတောင်းမေတ္တာပို့သ နေပါမည်။

  • ကထူးဆန်း

    November 8, 2015 at 7:15 am

    သာသာယာယာပါဘဲ ကျွန်တော့ မဲရုံမှာ ခြောက်နာရီထိုးဖို့ ငါးမိနစ်အလိုရောက်တယ် ခြောက်နာရီတိတိ မဲရုံဖွင့်တယ် .. ၆း၂၅ မှာ ပြီးတယ် ..

  • ဇီဇီခင်ဇော်

    November 8, 2015 at 9:08 am

    ည က DZ တစ်လုံးး သောက် အိပ်ရတယ်..
    မနက်ကျ မြင်ရသလောက် စိတ်အေးးရတယ်…
    🙂

  • အရမ်းပျော်တယ် အရီးရေ . . .

    မိုးလင်းကတည်းက တစ်နေ့လုံး မဲရုံရှေ့မှာ တစ်နေကုန်စောင့်ကြည့်နေတယ်

    မဲရေတော့လည်း သွားကြည့်တယ်

    ခု မြို့နယ်စာရင်းတွေံထုတ်နေတော့လည်း အခုစောင့်ယူနေတာ တစ်ညလုံးမအိပ်ရသေးဘူး . . .

    ဒါပေမယ့် မပင်ပန်းတဲ့အပြင် ပျော်တောင်ပျော်နေသေးတယ် အရီးရေ . . .

    ဘဝမှာ ပထမဆုံး ကိုယ်တိုင်ပါဝင်ခွင့်ရှိတဲ့ပွဲမို့လို့ အရမ်းရင်ခုန်နေတယ်

  • kai

    November 9, 2015 at 4:00 pm

    #‎အမိနိုင်ငံတော်‬

    ငါတို့နိုင်ငံတော်လာနေပြီ
    သားလေး ငါ့ညီ ဟေးအစ်ကို
    ညီမလေး ဦးလေးကြီး ဒေါ်ဒေါ်
    အဖေရေ အမေ
    တစ်ဖက်ကကြင်ဖော်သက်လျာ
    လာကြဟေ့ လာ
    ငါတို့နိုင်ငံတော်လာနေပြီ
    ငြိမ်းချမ်းလက်ကမ်း
    စည်းလုံးရေးသပြေပန်းနဲ့
    သာတူညီမျှစတုဒိသာ
    ရန်သူလည်းကြွပါ မိတ်ဆွေလည်းလာ
    ငါတို့ဟာ ကချင် ငါတို့ဟာ ကယား
    ငါတို့ဟာ ကရင် ငါတို့ဟာချင်း
    ငါတို့ဟာ ဗမာ ငါတို့ဟာမွန်
    ငါတို့ဟာ ရခိုင် ငါတို့ဟာရှမ်း
    ဗုဒ္ဓမြတ်စွာ အလ္လာဟ်ရှင်နဲ့
    ယေရှုခရစ်တော် ဗိဿနိုးသျှီဝ
    ဒုက္ခကိုအမျှဝေကြတာပ
    အစ်မ မဝင်းမော်
    စင်ကြယ်ခြင်းမြေမဟာအတွက်
    သာဓုခေါ်ပြီး ကိုယ်ရောင်လက်ဝါ
    မြင့်မြင့်ပျံလို့လွတ်မြောက်ပါ
    ငါတို့နိုင်ငံတော်လာနေပြီ
    ငါတို့နိုင်ငံတော် သာနေခြည်


    နက္ခတ်နီ

  • မြစပဲရိုး

    November 9, 2015 at 5:21 pm

    သူတို့လဲ ပြောင်းလဲ လာကြပါပြီ။
    .ဒေါ်အောင်ဆန်းစုကြည် ကို လေသံနဲ့ တောင် မဟဘူး ဘဲ တစ်ချိန်လုံး မဲ့ရွဲ့နေကြတဲ့ ဆွေတော်မျိုးတော်များပါ။
    ပူးပေါင်းလုပ်ရင်ဖြင့် ရွှေပြည်ကြီး နေ့ချင်းညချင်းဘဲ တိုးတက်တော့မတဲ့။
    ဓာတ်ပုံ တွေကို စု ပြီး တင်လို့။
    အဲဒါမျိုး တွေ ကို အင်မတန် ဝေဖန်လိုသော်လည်း မပြောတော့ပါဘူးကွယ်။
    ကိုယ်တို့က သဘောထားကြီးပါတယ်။
    ဒီလိုလေးဖြစ်လာတာကိုဘဲ ကျေးဇူးတင်လှပါပြီ။ :-)))))

  • မြစပဲရိုး

    November 9, 2015 at 5:22 pm

    ဒါထက်
    . ကြောင်ကြောင် နဲ့ ကိုမင်းခန့်ကျော် ကို သတိရနေကြောင်းလေး။ :-)))

  • kai

    November 9, 2015 at 5:42 pm

    မဘသကိုထောက်ခံတယ်ဆိုတဲ့.. NDF များ… ဘဲဥမကွဲလို့.. ဆိုတာပဲ..
    လူထု.. ယဉ်ကျေးမှု…တော်လှန်ရေး…စပြီ…။

  • Mike

    November 10, 2015 at 10:53 am

    Aye Zay Win added 5 new photos.
    3 hrs ·

    မသိကိန်းများ
    =======
    “တောင်ဥက္ကလာမှာ မဲပေးတယ်ဆိုတော့….”
    “ဒေါက်တာစောနိုင် အကြောင်းလေး..”
    “ကျွန်တော် မသိဘူး..”
    “ဒေါက်တာမြတ်ဉာဏစိုး…”
    “မသိဘူး…”
    “ဦးမိုးမြင့်..”
    “မသိဘူး..”
    “ဒေါ်ခင်စောဝေ…”
    “မသိဘူး..”
    “ခင်ဗျားဗျာ..ကိုယ်မဲပေးတဲ့ ကိုယ်စားလှယ်တွေ
    အကြောင်း ဘာမှလဲ မသ်ိဘဲနဲ့..”

    အမှန်ပါ..
    ကျွန်တော် သူတို့အကြောင်း တစ်ကယ်မသိပါ။

    ကျွန်တော် မဲပေးခဲ့တာ သူတို့ကို မဟုတ်ပါ။

    တိုင်းပြည်အနာဂါတ်ကို..
    အရည်အချင်းရှိသူရဲ့လက်ထဲသို့ ယုံယုံကြည်ကြည်နဲ့ လုပ်ပိုင်ခွင့် အာဏာအပ်နှင်းဖို့..

    ဒေါ်အောင်ဆန်းစုကြည်ရဲ့…
    NLD ပါတီကို ရွေးချယ်ခဲ့တာ။

Leave a Reply