အယ်ဒီတာ့သင်ပုန်း – ၂၀၁၅ ဒီဇင်ဘာ

kaiNovember 19, 20151min32521
ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်

ပြည်သူ့ဒီမိုကရေစီခေါင်းဆောင်ဦးစီးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယခုရွေးကောက်ပွဲမှာ အနိုင်ရရှိသဖြင့် ဝမ်းသာဂုဏ်ယူစွာ ဂုဏ်ပြုအပ်ပါသည်။

“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ… တို့ပြေ၊ တို့မြေ…. များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့…. ခွင့်တူညီမျှ…. ဝါဒဖြူစင်တဲ့ပြည်… တို့ပြည်…. တို့မြေ… ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ… အဓိဋ္ဌာန်ပြုပေ…. ထိန်းသိမ်းစို့လေ….” မြန်မာနိုင်ငံတော်သီချင်း၏ ပထမခြေဆင်းပိုဒ်ဖြစ်သည်။ ဒုတိယသံပြိုင်မှာ “ကမ္ဘာမကြေ… မြန်မာပြည်…” ဖြစ်ပါသည်။ ယခုခေတ်တွင် ပထမခြေဆင်းကို ဖြုတ်ပယ်ကာ ဒုတိယနှင့်စကြ၍ မြန်မာတို့က “ကမ္ဘာမကြေသီချင်း”ဟု အတိုခေါ်သည်။
ယူအက်စ်၏ နိုင်ငံတော်သီချင်းမှာ “The Star Spangled Banner” သီချင်းဖြစ်လေသည်။ ပြင်သစ်ပြည်တွင် “La Marseillaise” နှင် ့ယူကေမှာမူ “God Save the Queen” ဟူ၏။

ယခု နိုဝင်ဘာ၏ “ဆယ့်သုံးနေ့-သောကြာ”ဝယ် လူသား ၁၂၉ ယောက်သတ်ဖြတ်ခံရသော ပါရီအကြမ်းဖက်မှုဖြစ်ခဲ့သည်။ အမှုဖြစ်စဉ်၌ Stade de France အားကစားရုံတွင်းဘောလုံးပွဲကြည့်နေသူလူသောင်းချီကြီး အား ကွင်းထဲမှထွက်ခိုင်းချိန်တွင် တည်ငြိမ်အားရှိစွာ လျှောက်လှမ်းထွက်ခွာသွားနိုင်အောင် အဓိကတွန်းကူပေးသူမှာ ပြင်သစ်တို့၏ နိုင်ငံတော်သီချင်းဖြစ်လေသည်။ ပါရီမြို့သားတို့ သီချင်းဆိုရင်း စိတ်ဓါတ်တို့ တည်ငြိမ်၊သတ္တိတို့ရှိခဲ့ကြသည်။ နိုင်ငံတော်သီချင်းဟူသည် ထိုထိုလူထု၏ ဦးနှောက်ကိုကျော်ကာ နှလုံးသားသို့ လွှမ်းမိုးပါသည်။

လက်စားချေ

မြန်မာတို့အင်္ဂလိပ်လက်အောက်မှလွတ်မြောက်၍ လွတ်လပ်ရေးယူသည့်ရက်၊နေ့လ၊ အချိန်တို့ကို ဇန်နဝါရီ ၆ရက်နေ့မှပြောင်း၍ ၄ရက်နေ့မနက် ၄နာရီ၂ဝမိနစ်သို့ ထိုခေတ်၏ ဗေဒင်နက္ခတ်တို့မှတွက်ချက်ကာ အခါတော်ပေးခဲ့သည်ဟုမှတ်ခဲ့ဖူးသည်။
ထိုလွတ်လပ်ရေးရပြီး ဥမှပေါက်စတိုင်းပြည်နုနုသည် ပြည်တွင်းစစ်မီးတောက်လောင်ကာ သွေးသောက်ညီနောင်များပင် အချင်းချင်း လက်နက်ကိုင်သတ်ဖြတ်ကုန်ကြလောက်အောင်ဖြစ်ခဲ့ပေရာ နောက်နောင်နှစ်များတွင်မူ နက္ခတ်ကျွမ်းကျင်သူပညာရှင်ကြီးအချို့က (မြန်မာပြည်မွေးဖွားရာဇာတာ) လွတ်လပ်ရေးယူသည့်နေ့၊အချိန်ကို ပြန်လည်တွက်ချက်ကြည့်ကြသည်ဆိုပါသည်။ နာဆာမှ အတိအကျတွက်ချက်ထုတ်ပြန်ထားသော ကိန်းဂဏန်းတို့နှင့်ချိန်ဆသောခါ မြန်မာ့မူလပြက္ခဒိန်နှင့် နက္ခတ်တို့တွင် လွဲချော်မှုအချို့ရှိသည်ဟု ဆိုကြပါသည်။ ထိုမှားယွင်းတွက်ချက်မှုကြောင့် မူလဇာတာမကောင်းဖြစ်၍ ယခုအခြေသို့ဆိုက်ကြရသည်ဟုလည်းဆိုကြ၏။ ယုံချင်ယုံမယုံချင်နေ ဤသည်ကား လက်တွေ့ အဆုံးသတ်ရလဒ်တည်း။
သို့ဆိုလျှင် လွတ်လပ်ရေးယူစဉ် အလံတင်အခမ်းအနား၌ သီဆိုခဲ့သော မြန်မာ့နိုင်ငံတော်သီချင်းကိုလည်း စိစစ်သုံးသပ်ကြည့်ရန်လိုလာသည်။ ဦးစိန်မြမောင်တဦးတည်းက စပ်ဆိုသီကုံးခဲ့သော နိုင်ငံတော်သီချင်းတွင် “ကမ္ဘာမကြေ”သည် မည်သည်ကိုရည်ညွှန်းသနည်း။ အားလုံးသိသည်။ သို့ဆိုသော် လက်စားချေခြင်းသည် မြန်မာတို့၏ နိုင်ငံတော်လော?

၁၉၉ဝ တွင် ရွေးကောက်ပွဲတခုကျင်းပခဲ့ဖူးသည်။ ပြိုင်ဖက် မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)တဖြစ်လဲ တစည(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) ကိုNLD သည် ၃၉၂ခုံ/၁ဝခုံ အချိုးဖြင့် တောင်ပြိုကမ်းပြိုအနိုင်ရခဲ့ဖူးသည်။
၂၀၁ဝ တွင် ရွေးကောက်ပွဲတခုကျင်းပခဲ့ဖူးသည်။ NLD သည် ဝင်ပြိုင်နိုင်ခြင်းမရှိ။ ချွတ်ချော်ခဲ့ဖူးသည်။
ထိုမှ ၅နှစ်၂၀၁၅၊ နိုဝင်ဘာ ၈ရက်နေ့တွင်ကား မြန်မာ့အထွေထွေရွေးကောက်ပွဲကြီးကျင်းပပြီးစီးခဲ့သည်ကို အားလုံးသိပြီးဖြစ်ပါသည်။ ပါဝင်ယှဉ်ပြိုင်သော အဖွဲ့ချုပ်သည် Landslide အနိုင်ရပြန်ကာ အစိုးရဖွဲ့နိုင်ရန်လိုအပ်သော ၃၂၈ခုံ ကို ရွေးကောက်ပွဲကော်မရှင်မှ နိုဝင်ဘာ ၁၃ရက်နေ့၌တရားဝင်ကြေငြာစဉ်တွင်ကျော်လွန်ခြင်းဖြစ်လေသည်။ ထိုနေ့သည် ဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ်မှလွတ်မြောက်သော ၅နှစ်တင်းတင်းပြည့်နေ့လည်းဖြစ်၏။ ပြိုင်ဖက်ပါတီ နဝတ၊နအဖတို့တဖြစ်လဲပြည်ခိုင်ဖြိုး(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)သည် အမတ် ၄၁ခုံသာရသည်။ ၁၉၉ဝပြည်နှစ် NLD ပြိုင်ဖက်တစညသည်ကား အမတ်ခုံနေရာတခုမျှပင်မရ၊ ကွယ်ပျောက်ရချေသတည်း။

စိမ့်ထွက်ခဲ့သောသတင်းအချက်အလက်များအရ ပြည်ခိုင်ဖြိုး၏ ဥက္ကဌဟောင်းဖြစ်သူ သူရဦးရွှေမန်း၏ခန့်မှန်းချက်တို့သည်လည်းကောင်း၊ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တွက်ချက်မှုတို့သည်လည်းကောင်း မှန်နေဟန်ရှိသည်။ သို့ဆိုသော် ယခုပြည်ခိုင်ဖြိုး၏အရှုံးသည် သိပြီးသောအရှုံးသာဖြစ်လိမ့်မည်။ တပ်မတော်၏ Plan A ထဲတွင်ရှိနေသည်ဟုဆိုနိုင်ပါသည်။
တကယ်တော့ ဝင်ပြိုင်ပါသော ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်တို့သည် ယခင်စစ်အစိုးရအဆက်ဆက်၏ အပြစ်/အမုန်းအားလုံးကို တာဝန်ယူ ခေါင်းခံပေးလိုက်ရသူများသာဖြစ်တော့သည်။

အလောင်းနိုင်

ယခုရွေးကောက်ပွဲတွင် မြင်းမူမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ဝင်ပြိုင်သူ အဖွဲ့ချုပ်မှ အမတ်လောင်းဦးစိုးမြင့်သည် ရွေးကောက်ပွဲမတိုင်မီ ၂ရက်အလိုက ရုတ်တရက်လဲကျသေဆုံးသွားခဲ့၏။ ထိုကြောင့် သူ၏ဆိုင်ရာမဲဆန္ဒနယ်မဲရုံများတွင် သေဆုံးသူအဖြစ်မဲမပေးနိုင်ရန် မဲစာရွက်စာရင်းတွင်အမည်ကို ခြစ်ချဖျက်ထားသည်ဆိုပါသည်။ ရွေးကောက်ပွဲအပြီး အနိုင်အရှုံးရလဒ်ထုတ်ပြန်ရာတွင်ကာ ဦးစိုးမြင့်သည် သူ၏ပြိုင်ဖက်ပြည်ခိုင်ဖြိုးမှ ဦးသောင်းမြင့်(မဲ ရထောင်မျှရထားသူ) ကို မဲပေါင်း ၂သောင်းကျော်နိုင်နေသည်ကိုတွေ့ရသည်ဆိုပါသည်။
လူကိုမကြည့် ပါတီကြည့်၍ အလောင်းကိုပင်မဲပေးကြသောဖြစ်ရပ်အရကောက်လျှင် အဖွဲ့ချုပ်၏ “လာဘ်”(သို့) ဒေါ်အောင်ဆန်းစုကြည်၏ “စန်း”ကို သိမြင်သာသည်။ လူထု၏မုန်းတီးမှုအားကို ရှုကြည့်နိုင်သည်။ အဖွဲ့ချုပ်ဖက်မှ “မည်သူပြိုင်၍ နိုင်ပါတော့နိုင်” သာ။

နိုင်သောအရှုံး

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကမ္ဘာ့စူပါပါဝါနိုင်ငံကြီးများက နှစ်သက်လက်ခံသော၊ လူထုကချစ်သောခေါင်းဆောင်မျိုးဟူသည် ရာစုနှစ်တခုတွင်၂ဦးပြန်လည်မလာနိုင်ချေ။ ပြည့်ရတနာတည်း။

လက်တွေ့လည်း ရွေးကောက်ပွဲမကျင်းပမီ လအနည်းငယ်အလိုတွင် စိန့်ပြည်သမ္မတ ရှီကျင်ဖျင့်နှင့် အိန္ဒိယ ဝန်ကြီးချုပ် နေရိန်ဒြာမိုဒီက ဖိတ်ခေါ် တွေ့ ဆုံခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ယူအက်စ်သမ္မတအိုဘားမား ၂ ကြိမ် လာရောက်တွေ့ဆုံခဲ့ဖူးသည်။ ၂၀၁၆ ယူအက်စ်သမ္မတရွေးကောက်ပွဲတွင် ဖြစ်နိုင်ချေရှိသူတဦးဖြစ်သူ ဟီလာရီကလင်တန်က သူမ၏ ဖေ့စ်ဘုတ်တွင် နိုဝင်ဘာ ၁၃ရက်နေ့စွဲဖြင့် ဤသို့ဆိုထားခဲ့သည်။
Proud of my friend Aung San Suu Kyi and the people of Burma for never giving up in the long struggle to bring change to their country. -H

ထို့အပြင် ရွေးကောက်ပွဲအနိုင်ရလဒ်ထွက်ပြီးနောက် အချိန်တိုအတွင်းမှာပင် အာဏာရပါတီခေါင်းဆောင် နိုင်ငံတော်သမ္မတ၊ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ပြည်ထောင်စုလွှတ်တော်နာယကထံတို့ကို အမျိုးသားရင်ကြားစေ့ရေး၊ အာဏာလွှဲပြောင်းယူရေး တို့အတွက်  ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလက်မှတ်ထိုးစာပို့၍ တွေ့ဆုံဆွေးနွေးရေးမေတ္တာရပ်ခံစာပို့ထားပြီးဖြစ်ပါသည်။

အသီးသီးကလည်း လက်ခံအကြောင်းပြန်ထားကြပြီ။ အသစ်အစိုးရသည် ယခင်အစိုးရအပေါ် ညီဘွားနောင် သဘောထားကာ ညှိနှိုင်းဆောင်ရွက်မည်ယူဆပါသည်။
“ဒီနိုင်ငံမှာ မေတ္တာကို အရင်းတည်တဲ့ နိုင်ငံရေးမျိုးဖြစ်အောင် လုပ်ကြရမယ်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ကဆိုထားသည်။ သင်ပုန်းချေရေး၊ရင်ကြားစေ့ရေးလည်းအထပ်ထပ်ပြောခဲ့ပြီ။

မည်သို့ရှိစေ။ ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်အနေနှင့်မူ အစိုးရအဖွဲ့ အတွင်းရှိ ဝန်ကြီးဌာနသုံးခု( ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ)တို့တွင် တပ်တော် ကာကွယ်ရေးဦးစီးချုပ်၏ အမည်စာရင်း တင်သွင်းသူများ ပါဝင်ခွင့်၊ အဖွဲ့ဝင် ၁၁ဦး ရှိသော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာလုံ) တွင် တပ်ကိုယ်စားလှယ် ၆ဦး ဆက်လက်ပါဝင်ခွင့်ရှိနေပါသည်။
ကာလုံတွင် Gang of Six ကိုဆက်လက်ထိန်းထားနိုင်ပါလျှင် တပ်မတော်၏မြန်မာ့နိုင်ငံရေးတွင်ပါဝင်ပါတ်သက်လိုသောဆန္ဒမှာပြီးပြည့်စုံသည်ထင်ပါသည်။ အောင်မြင်စွာ ဆုတ်ခွာချိန်ရောက်ပါပြီ။ ဆုတ်ခွာပေးကြပါရန်တိုက်တွန်းပါ၏။

ငှဲ့ကြည့်သင့်

ပြည်တွင်းစစ်တို့ကြောင့် စစ်ရှောင်တိုင်းရင်းသားများ၊ အိမ်နီးချင်းနိုင်ငံ၏အမှိုက်ပုံကို မှီတင်းရှာစားနေထိုင်နေကြရသူ အမှတ်မရှိ၊ လမ်းမရှိ အမှိုက်ကလေးငယ်များ။ကျွန်ထက်နိမ့်ကျ သဘောက်မျှခိုင်းစားခံနေရသော ရေလုပ်သားများ။ ကမ္ဘာ့လိင်ကာမဖျော်ဖြေမှုမြို့တော်ကြီးတွင် ဘဝမရှိအသုံးတော်ခံနေကြရသူ မြန်မာပြည်သူများ။ အချစ်မသိ အိမ်တွင်းမယားအဖြစ် ရောင်းစားခံနေရသည်ြ့မန်မာအမျိုးသမီးငယ်များ။ ကိုယ်တွင်းကလီဇာ ဖြုတ်ရောင်းခံနေရသည့် ကလေးသူငယ်များ။ အလုပ်သမားဖြစ်နေရသော မြန်မာပညာတတ်များ။ ဘွဲ့ရထားသော အိမ်အကူများ။ မျက်နှာငယ်လှပါသော စာအုပ်နီကိုင်သူများနှင့် ဘု၊ဘမသိ တိုင်းပြည်အကြွေး လည်ပင်းအနှစ်ခံနေသူ ပြည်သူများဘဝ၊ ဘဝတို့ကို တချက်လောက်တော့ ငှဲ့ကြည့်သင့်ပါသည်။
လက်ပူတိုက်ထားသော အခြေခံဥပဒေလည်း ပြင်သင့်ပြီ။ ကမ္ဘာမကြေလည်း သင်ပုန်းချေရတော့မည်။ လက်စားချေခြင်းကို မြန်မာ့ဓလေ့မှအပြီးတိုင်နှုတ်သင့်သည်။” မိုးကောင်းတုံးရွာထားဦးပေါ့၊ငါ့အလှည့်ကျရင်မိုးကြိုးပါပစ်ချလိုက်မယ် ” စိတ်ထားလည်းပယ်သင့်သည်။ အားလုံးစုပေါင်းလုပ်ကြရင်း အဆုံးတနေ့၏ရှေ့နားလေးတွင် မြန်မာပြည်၏အိမ်များ၌ ဘုံဘိုင်ဖွင့်လျှင်ရေချိုထွက်၍ မီးခလုပ်နှိပ်လျှင် မီးလင်းလာသော အခြေခံလိုအပ်ချက်ကို ဖြည့်ပေးနိုင်ပါစေရန် ၂၀၁၆ နှစ်ဦးဆုမွန်ခြွေလိုက်ရပါသည်။

အမေရိကားရောက် မြန်မာ-အမေရိကန်အများစုသည်ကား မဲဇာတောင်ခြေ ပိုဒ်စုံရတုထဲက လက်ဝဲသုန္ဒရအမတ်ကြီးကဲ့သို့ (မိမိကိုယ်ကိုယ်မိမိ) ပြည်နှင်ဒဏ်ပေးခဲ့ပြီးဖြစ်၍
“သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်ကရည်”ရွယ်ကာ အဖမြေသို့မှန်းမျှော်စောင့်ကြည့်နေကြဦးမည်ထင်ပါသည်။
သို့သော် အမိမြေ အမေရိကပြည်ဖွား ဒုတိယမြန်မာမျိုးဆက်များကိုမူ “ဘယ်ပြည်နေစေ မြန်မာတွေ”ဟုသာ နှလုံးသားချင်းဆက်မိနေအောင် လေ့ကျင့်ထားကြပါ၏။

အဖမြေပြန်လည်ထူထောင်ရာတွင်ပါဝင်ကြရန်လည်း အသင့်ရှိနေကြပါ၏။ ကိုယ့်စားရိပ်ကိုယ်ထမ်းကာ ပညာ၊အတွေ့အကြုံတို့လည်း ဖြည့်တင်းထားပါ၏။
ရွှေပြည် မဝေးတော့ပြီလောလေ။   ။

21 comments

  • kai

    November 20, 2015 at 3:31 am

    Ghosts of Empire: Britain’s Legacies in the Modern World
    https://books.google.com/books?isbn=1610391217
    Kwasi Kwarteng – 2011 – ‎
    Independence Day had been scheduled for 6 January 1948, the date that Attlee had announced to the House of Commons at the end of October, but ‘every astrologer in Burma wrote to the press stressing [that] the 6th was the most inauspicious day’. After a meeting of astrologers, … The Governor and his wife inspected the farewell military parade that took place at 6.30 that morning. He and his wife then ..

  • မြစပဲရိုး

    November 20, 2015 at 3:36 am

    { ဒေါ်အောင်ဆန်းစုကြည်၏ “ဆန်း”ကို သိမြင်သာသည်။ }

    3. မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။ စာလုံးပေါင်းစစ်ရန်
    စန်း
    စန်း(တနင်္လာဂြိုဟ်)
    စန်းကျ-
    စန်းတင်-
    စန်းထ-
    စန်းပွင့်-
    စန်းယှဉ်နက္ခတ်

    ဆန်း
    ဆန်း-(လ…-)
    ဆန်း(ပြု…ကာမျှ)
    ဆန်းကြယ်-
    ဆန်းစစ်-
    ဆန်းပြား-
    ဆန်းအလင်္ကာ

    • kai

      November 20, 2015 at 4:06 am

      ကျေးကျေးအရီးလတ်…။
      သတ်ပုံစစ်အဖွဲ့.. အာဏာသိမ်းခံလိုက်ရလို့ထင်တယ်..။ မတွေ့..။ :k:

      • Alinsett @ Maung Thura

        November 20, 2015 at 1:02 pm

        မိုးကောင်းတုံးရွာထားဦးပေါ့၊ငါ့အလှည့်ကျရင်မိုးကြိုးပါပစ်ချလိုက်မယ် “

        အဲ့ စာပိုဒ်မှာလည်း… တုံး ကို…တုန်း နဲ့…ပြောင်းရေးသင့်ပါကြောင်းးး

        —————

        ငှဲ့ကြည့်သင့် ဆိုတဲ့ အပိုဒ်မှာလည်း… စောင်းငဲ့ ကြည့်ခြင်းကို..ငှဲ့ ဟု မသုံးသင့်ဘူးလား…လို့…

        • kai

          November 21, 2015 at 11:28 am

          ကျေးဇူး..။

  • kai

    November 20, 2015 at 4:01 am

    အမေရိကန်သမ္မတ ဘရာခ့် အိုဘားမားက မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး လမ်းဖွင့်ခဲ့တာဟာ အာဏာရှင်အစိုးရတွေနဲ့ ဆက်ဆံတာမှာ ပိုပြီးထိရောက်တဲ့ ပုံစံတခုဖြစ်တယ်လို့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Marco Rubio က ပြောပါတယ်။ သူဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးစားနေ သူတွေထဲ တဦးအပါအဝင်ဖြစ်ပါတယ်။

    AP သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတခုအတွင်း ကျူးဘားနိုင်ငံနဲ့ ပတ်သက်တဲ့ မေးမြန်းချက်တွေကို ဖြေဆိုရင်း မစ္စတာ Rubio က သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ အပြောင်းအလဲကို ထည့်ပြောသွားတာပါ။

    မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တာတွေက ပြီးပြည့်စုံတယ်လို့ ပြောဆိုတာ မဟုတ်ပေမဲ့ အဲဒီလိုလမ်းဖွင့်တာကြောင့်ပဲ ဒီမိုကရေစီရေးအတွက် အခွင့်အလမ်းတချို့ ပွင့်သွားသလို အတိုက်အခံအုပ်စုတွေနဲ့ စိတ်ကူး စိတ်သန်းတွေ နိုင်ငံရေးနယ်ထဲ ဝင်ခွင့်ရလာစေတယ်လို့ မစ္စတာ Rubio ကပြောပါတယ်။

    ကျူးဘားနဲ့ပတ်သက်လို့တော့ အဲဒီလိုမဟုတ်ဘူးလို့လည်း သူကပြောသွားပါတယ်။

    ဗွီအိုအေ (မြန်မာပိုင်း)
    http://burmese.voanews.com

    • kai

      November 20, 2015 at 4:13 am

      ရိုဘီရိုက… ရီပါ့ဗလစ်ကင်န်ထဲကအဖြစ်နိုင်ဆုံးသမ္မတလောင်းလို့ထင်တာပဲ…။
      .. ဒေါ်နယ်ထရမ့်က… ပွင့်လွန်းအားကြီး..သူတက်ရင်စစ်တွေဖြစ်ကုန်မလားမသိ…။
      .. ဒေါက်တာဘင်ကာစင်က.. အမဲစစ်စစ်.. အမေရိကန်တွေ ကပ်လျှပ်နောက်တခါ တင်ပေးဦးမယ်မထင်..။
      .. ဘုရှ်ကလည်း.. ၂ယောက်ပြီးပြီဆိုတော့… No more Bush!
      .. တခ်ခရုဇ်ကတော့.. တီးပါတီခေါင်းဆောင်..အစွန်းဖက်ကပ်..။
      .. ရိုဘီရိုတယောက်ပဲ.. ခုထိအခြေအနေကောင်းနေတယ်..။ ဒါတောင် သူက ကွန်မြူနစ်ကျုးဘားမိဘ၂ပါးကမွေးတဲ့သူ…။

      အဲဒါကြောင့်.. ရိုဘီရိုစကားထဲ(အခု)ပါနေရင်…သူသမ္မတဖြစ်လာလည်း.. မြန်မာပြည်ကိုအာရုံစိုက်မယ်သေချာ..။

  • Mike

    November 21, 2015 at 10:13 am

    . ဒေါ်အောင်ဆန်းစုကြည်က သမ္မတအနားအမြဲထိုင်နေမယ်(သို့) ကပ်နေမယ်
    .သမ္မတနိုင်ငံခြားခရီးစဉ်တိုင်းသူလိုက်မယ်(အာဆီယံထိတ်သီးအစည်းဝေးလို…ကုလညီလာခံလို..)…လို့ပြော.တာကိုကြည့်ပြီး
    .သူနိုင်ငံခြားရေးဝန်ကြီးလုပ်လိမ့်မယ်လို့ခန့်မှန်းနေကြသဗျ

    ဝါရှင်တန်ပို့စ် သတင်းစာက သတင်းထောက် Lally Weymouth နဲ့ .လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံမေးမြန်းခဲ့တာ……ထဲက…
    …………………………………..
    – မကြာသေးခင်တုန်းက ရှင်ပြောသွားတာက အစိုးရသစ်ထဲမှာ ရှင်က သမ္မတအထက်မှာရှိမယ်လို့ ပြောခဲ့တယ်။ အဲဒါက နိုင်ငံခြားသားဖြစ်နေတဲ့ ရှင့်ရဲ့ကလေးတွေကြောင့် သမ္မတဖြစ်ခွင့်တားဆီးထားတဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ချင်လို့ဆိုတဲ့ အဓိပ္ပာယ်လား။
    သမ္မတဆိုတဲ့ခေါင်းစဉ်ကိစ္စက သိပ်ကိုဆွဲဆောင်မှုရှိတယ်လို့ ကျမကမထင်ပါဘူး။ ကျမတို့လိုချင်တဲ့ အခွင့်အရေးဆိုတာက နိုင်ငံအတွက် အလုပ်လုပ်နိုင်တဲ့အနေအထားတစ်ခုပါ။ ကျမကို သမ္မတပဲဖြစ်ဖြစ် အခြားနာမည်တစ်ခုနဲ့ပဲခေါ်ခေါ် အဲဒါက တကယ်တော့ သိပ်တော့မသက်ဆိုင်လှဘူး။
    – သိပ်ပြီးသက်ဆိုင်တာပေါ့။ အရှေ့တောင်အာရှနိုင်ငံများအသင်း ထပ်သီးအစည်းအဝေးလို နိုင်ငံအကြီးအကဲတွေ စုဝေးတဲ့ အစည်းအဝေးတွေမှာ သူတို့တွေက ရှင့်ကိုသွားစေချင်မှာပဲလေ။ အခြားတစ်ယောက်ကို ဘယ်သွားစေချင်ပါ့မလဲ။
    ကျမသွားမှာပါ။ သမ္မတနဲ့အတူ ကျမသွားမှာပါ။ သူက ကျမနံဘေးမှာ ထိုင်ရမှာပေါ့။

    • kai

      November 21, 2015 at 11:34 am

      အမေရိကားမှာတော့.. နိုင်ငံခြားရေးဝန်ကြီးက နံပါတ်၄ ဗျ..။
      သမ္မတ။ ဒုသမ္မတ။ လွှတ်တော်နာယက နောက်က…။

      မြန်မာပြည်မှာကျ.. ပြည်ထောင်စုရာထူးအင်္ဂ ါစဉ်အရ.. ဝန်ကြီးတွေက ..နံပါတ်၁၃ တဲ့..။

      ဒေါ်စုလွှတ်တော်နာယကလုပ်မယ်ဆိုလည်း.. မဏ္ဍိုင်၂ရပ်ကို တယောက်ထဲက ဦးဆောင်တဲ့သဘောမို့.. ချက်ခ်-ဘဲလန့်င် ( အပြန်အလှန် ထောက်ပြနိုင်မှု) ပျက်မယ်..။
      ဘာပဲဖြစ်ဖြစ်.. ဆင်သွားလမ်းဖြစ်… :k:

  • Mr. MarGa

    November 26, 2015 at 3:28 pm

    အခုတလောမှာ ဖြစ်နေသမျှ နိုင်ငံရေးအခြေအနေတွေက
    စိတ်ဝင်စားစရာ..

  • ဇီဇီခင်ဇော်

    December 2, 2015 at 12:20 pm

    ဦးသိန်းစိန် နဲ့ ၄၅ မိနစ် ကြာတွေ့ဆုံမှုဟာ အခုအခါ ပြီးဆုံးသွားခဲ့ပြီ ဖြစိပါတယ်။ (Credit to Brainwave)

    သမ္မတရဲ့ ပြောခွငိ့ရ ပုဂ္ဂို လ်မှ ငြိမ်းချမ်းစွာ တာဝန်လွှဲပြောင်းနိူင်ရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ပဲ ပြောကြားခဲ့ပါတယ်။

    ဘီဘီစီက သမ္မတ ဖြစ်နိူင်ခြေ ရှိမယ့် လူ (၆) ဦးကို ခန့်မှန်းထုတ်ပြန်ခဲ့ရာမှာ..
    (၁) ဒေါက်တာ တင်မျိူ းဝင်း
    (၂) ဦးတင်ဦး
    (၃) ဒေါက်တာ အောင်ထွန်းသက်
    (၄) ဦးရွှေမန်း
    (၅) ဦး ဝင်း ထိန်
    (၆) ဦး ထင်ကျော် တို့ ဖြစ်ပါတယ်။

    ယနေ့ ဝါရှင်တန်မှာ ပြု လုပ်တဲ့ မြန်မာပြည်ဆိုင်ရာ အမေရိကန် သံအမတ် ခန့်အပ်ဘို့ တာဝန်ပေးခြင်း ခံရတဲ့ အရှေ့ အာရှ ဆိုင်ရာ လက်ထောက် နိူင်ငံခြားရေး ဝန်ကြီး Scot Marcel ကို အထက်လွှတ်တော် နိူင်ငံခြား ဆက်ဆံရေး ကော်မီတီ က ကြားနာ စစ်ဆေးခဲ့ပါတယ်။

    ထို ကြားနာပွဲတွင် လက်ရှိ အနေအထားအရ စီးပွားရေး ဒဏ်ခတ်ထားမှုကို အလုံးစုံ ပါယ်ဖျက်ဘို့ မရှိသေးဘူးလို့ သူ့ အမြင်ကို ထုတ်ဖေါ်ပြောကြားသွားခဲ့ကြောင်း သိရပါတယ်။

    ကိုးကား။ ။ BBC/ Reuters

    • kai

      December 2, 2015 at 1:17 pm

      ဒေါ်စုတို့တပ်ချုပ်ဖက်ချီတက်ကြဦးမယ်ပေါ့…။
      တွေ့တဲ့နေရာက.. နိုင်ငံခြားသားဧည့်သည်တွေတွေ့တဲ့ခမ်းမဆောင်…
      ထိုင်ကြပုံက.. ဒေါ်စုနဲ့ ဦးရဲထွဋ်နဲ့ ရာထူးအင်္ဂ ါစဉ်တူပုံလိုဖြစ်နေသဗျ…။
      ဝဋ်လည်မှာမကြောက်ဖူးလားမသိ…။ :k:

      • မြစပဲရိုး

        December 2, 2015 at 4:57 pm

        နေရာ နဲ့ ပါတ်သက်လို့ တစ်မျိုးစီ သန်ရာ ရူး နေကြသလားလို့။
        ကာချုပ် နဲ့ တွေ့ တဲ့ ပုံမှာ ဒေါ်အောင်ဆန်းစုကြည် ကို ကာချုပ် ရဲ့ ညာဖက် မှာ ဘာလို့ထိုင်ခိုင်း ရသလဲ တဲ့။
        အရေးမကြီး တာ တွေ ကို အရေးကြီး ပြ ဖို့ စဉ်းစားနေကြတာနဲ့ တို့ မြန်မာများ ရှေ့မတက်နိုင်ဘဲ ရှိတော့မယ်။ 🙄

        • မြစပဲရိုး

          December 2, 2015 at 9:26 pm

          သတင်း တွေထဲ သမတ ထက် ကခ ကို ပိုပြီး အသားပေး ရေးနေကြသလို။
          I will be with you / You are Ours တွေ ခက်ရော။

        • kai

          December 3, 2015 at 5:53 pm

          သာမန်အားဖြင့် သမ္မတကပါဝါပိုရှိသလိုလိုဖြစ်ပေမယ့်… သူများနို်င်ငံတွေနဲ့မတူ.. ခြေဥထဲ.. ကာလုံကြီးပါနေတော့ကာ… ကာလုံ၁၁ယောက်ရဲ့ ၆ယောက်ကိုခန့်နိုင်တဲ့ကာချုပ်က တကယ့်ပါဝါအရှိဆုံးဖြစ်နေပါတယ်..။
          ဆိုတော့….
          ရှုပ်နေတာပဲနော… သူတို့ဟာတွေ.. :k:

    • မြစပဲရိုး

      December 2, 2015 at 5:00 pm

      ဒီထဲက တစ်ယောက် မှ မဖြစ်နိုင်ဘူး မှန်းမယ်ကွယ်။ 😉

    • kai

      December 2, 2015 at 1:20 pm

      ဆိုးစရာမှ မကျန်တော့တာလေ…။ :k:

  • naywoon ni

    December 2, 2015 at 11:16 pm

    ကျ​နော်​သာ ​ဒေါ်စု​နေရာမှာဆိုရင်​​တော့ ခင်​ဗျားတို့ မှန်​းတဲ့ သူတစ်​​ယောက်​မှ သမ္မတ ​နေရာမ​ပေးဘူး ။ ဘာမှမဟုတ်​ဘူး ကိုယ်​့စိတ်​နဲ့နှိုင်​းမရိုင်​း ဆိုလို့ နှိုင်​းကြည်​့သွားတာ 🙂

  • သျှားသက်မာန်

    December 3, 2015 at 4:16 pm

    ခုကလေ.NLDကနိုင်သွားပြီလား..မနိုင်သေးဘူးလားဟင်…ဘာလုပ်နေကြလဲမသိဘူးနော်….

Leave a Reply