A

alinsettNovember 24, 20151min1767

soulful-art-therapy

 

 

 

 

 

 

 

 

 

 

 

 

 

 

(ဘာရယ်မဟုတ်….အခုတလော… စိတ်ညစ်စရာတွေ များလေ… အိပ်မပျော်လေ…

အိပ်မပျော်လေ….ဟိုတွေး ဒီတွေး…ထိုင်တွေးမိလေ…. ၊ တွေးမိတာတွေထဲက…

တစ်ယောက်ယောက်ကို ပြန်ပြောပြချင်တာလေးတွေ ရှိလာတော့လည်း… ချရေးမိပြန်ရော…ဆိုပါတော့…။

ချရေးမိတော့လည်း… သူကြီးဆီက ပွိုင့်တစ်သိန်းပြည့်ဖို့ နီးလာတာမြင်ထားတော့… ပိုစ့်လေးတော့ဖြင့်…တင်အုန်းမှ…ဆိုပြီး… ။

(တစ်သိန်းရဖို့… သုံးသောင်းနီးပါးပဲ လိုတော့တာဆိုတော့… တွက်ပြီပေါ့..။ တစ်သိန်းရလည်း ကိုယ့်အတွက် မနည်းဘူး။

ထမင်း အနပ်တစ်ရာ စားလို့ရ…၊ )

:k:

ဒီတော့…တွေးမိတာတွေကို ချရေးထားတဲ့စာမူကြမ်းတွေကို ပြန်ချောပြီး…ခေါင်းစဉ်တွေအသီးသီးတပ်…ပိုစ့်တင်မဟဲ့….လို့ ဆုံးဖြတ်ပြီးသကာလ…. ဒီအတိုင်းတင်တာထက်..စီးရီးလေးနဲ့…အစဉ်လိုက် Tag တစ်ခုထဲအောက်မှာ တွဲပြီး တင်သွားတာက… ပြန်ရှာရလည်း လွယ်….တစ်စုတစ်စည်းထဲလည်းဖြစ်…ဆိုတော့… ပိုကောင်းမလားလို့…

A ကနေ Z အထိ…. စကာလုံးလေးတွေ။။။။ သင့်တော်ရာ ပေးပြီး…တင်မယ်ပေါ့… ။

Z ထိ …ရောက်တော့လည်း..ရောက်တယ်..ပေါ့..။ မရောက်တော့လည်း မရောက်ဘူးပေါ့…။

ဒါက နိဒါန်းပျိုးတာ…။

 

============================================

 

 

 

 

 

 

 

A

 

A -> Art

(Art ဆိုသည့် စကားလုံးကို (အတတ်ပညာ။ အနုပညာ။ ကောက်ကျစ်သောမာယာ စသည်ဖြင့် အဘိဓါန်တွေမှာ ဖွင့်ဆိုပြထားတာ
.တွေ့ဖူးခဲ့သည်ဆိုဦးတော့… ) ကောက်ကျစ်သောမာယာဆိုသည့် စကားလုံးဖြင့် ဖွင့်ဆိုရသည်အထိတော့… အပြောအဆို မရက်စက်စေချင်ပါ။)

Art ဆိုသည့် စကားလုံးလေးကို မြင်လိုက်သည်နှင့်…ကျနော် ပြေးမြင်မိတာက…. ကျနော် ဖတ်ခဲ့ဖူးသော စာပေအနုပညာ လက်ရာများကိုသာ ဖြစ်သည်။

တကယ်တော့ Art ဆိုသည့် စကားလုံးလေးသည် အနုပညာ ဟု ဆိုရုံမျှနှင့်ပင်… စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပု …စသည့် လက်ရာများစွာကို ဖော်ညွှန်းနေသည့်အပြင်
နက်ရှိုင်းကျယ်ပြန့်လှသော နယ်ပယ်ရပ်ကြီးတခုလုံးကို ကိုယ်စားပြုထားမှန်း အားလုံးလည်း သိကြပါသည်။
ဘာလို့များ… ကျနော်က Art ဆိုတာနဲ့…စာပေအနုပညာလက်ရာတွေကိုသာ ပြေးမြင်သလဲ….
သည်မေးခွန်းအတွက် အဖြေကတော့ ရှင်းပါသည်။ ကျနော်က… (အနုပညာ ပုံစံများစွာထဲကမှ) စာပေအနုပညာကိုသာ အချစ်မြတ်အတွယ်တာဆုံး ဖြစ်နေလို့ပေါ့။

အဲ့သည်… ကျနော် အချစ်ဆုံး အမြတ်နိုးဆုံးပါဆိုတဲ့ စာပေအနုပညာ ရပ်ဝန်းထဲမှာမှ….
ဖန်တီးမှု(ဝါ) တင်ပြမှု(ဝါ)ပုံသဏ္ဍာန်မျိုးစုံ(များစွာ) ရှိနေသည်အထဲမှ…. သမားရိုးကျ အစဉ်အလာများကို ဆန့်ကျင်သော…
.ဖောက်ထွက် စံသွေသော…
အချုပ်အနှောင်ကင်း၍ လွတ်လပ်သော… စာပေ အနုပညာ ဖန်တီးမှုပုံစံ(လက်ရာ)များကို ပိုမို အလေးသာစွာ…တွယ်တာမိပြန်သည်။

ပိုစ့်မော်ဒန်ခေတ်ထဲမှ စာပေ အနုပညာလက်ရာတချို့ကို မြည်းစမ်း ခံစားကြည့်ခွင့်ရစဉ်အခါကစပြီး…
သမားရိုးကျ အစဉ်အလာ(စည်း၊ ဘောင်၊ခွင်)ထဲမှ ရုန်းမထွက်နိုင်သေးသော တင်ပြပုံများကို ကျနော် ကျောခိုင်းပစ်လိုက်သည်။
ဂန္ထဝင်သည် ရာဇဝင်ထဲမှာသာ လျှမ်းလျှမ်းတောက် နေလေရစ်တော့….ဟု….။

အနုပညာအကြောင်း…. (အထူးသဖြင့်… စာပေအနုပညာအကြောင်း (ထို့ထက်ပို၍ အဆင့်တက်ပြီးပြောရလျှင်…အထူး အထူး အထူးသဖြင့်…
.မော်ဒန်၊ ပိုစ့်မော်ဒန် စာပေအနုပညာအကြောင်း) ပြောဆိုသံများကို အဆက်မပြတ် ကြားချင်…ပြောချင်လှပါသည်။

လွန်ခဲ့သော ငါးနှစ်လောက်အထိတော့ဖြင့်… ထိုအကြောင်း ပြောသံဆိုသံများ…ကြားရပါသေးသည်။
ယခုနှစ်များဆီရောက်သောအခါ… ထိုအကြောင်းကို ပြောသူဆိုသူ…မရှိသလောက် နည်းပါးသွားပြီ…၊
အခုလက်ရှိကာလမှာ စာပေလောကကြီးဟာ ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်နေသလားလို့…
ကဗျာရေးသူများက…ရေးနေကြသည်…သို့သော်… အားရလောက်စရာ မတွေ့….
အားကောင်းမောင်းသန်…ဖန်တီးအားထုတ်မှုမျိုးကို… မမြင်ရ…
အခြား စာပေလက်ရာများလည်း…ထူးထူးထွေထွေ မတွေ့ရ…
ဖန်တီးသူများဘက်ကို ကြည့်ပြီး…ကိုယ့်စိတ်နဲ့ အားမရနိုင်ဖြစ်ရသည့်အပြင်… ဝေဖန်သူ ဟု ဆိုရမည့်…
.လေ့လာချက်များ…ယူဆချက်များ… သီဝရီများ….အကိုးအကားများကို ကိုင်စွဲပြီး…အနုပညာအကြောင်း ထောင်းလမောင်းထအောင် ပြောသူများလည်း
မရှိရေးချ….မရှိတော့ဘူးလားလို့…. ။

(ကျနော့် ကျေးဇူးရှင် ဆရာဇော်ဇော်အောင်လည်း အသက်ကြီးလေပြီ… ၊ နေများ ကောင်းရဲ့လား… ၊အနုပညာအကြောင်းရော..
အရင်လို ပြောနိုင်သေးပါရဲ့လား..၊ စိုးရိမ်မိပါသည်။ လွန်ခဲ့သည့် ၂ နှစ်လောက်ကအထိတော့… Idea မဂ္ဂဇင်းထဲမှာ ဆရာ့ လစဉ်ရေးသားတင်ပြနေသည့်
အနုပညာအယူအဆများကို ဖတ်နေရသေးသည်။ ထိုကဲ့သို့… အဆက်မပြတ် စောင့်မျှော် ဖတ်ရှုခွင့် ရချင်ပါသေးသည်။ )

ဆရာ ဖြိုးထိန်ရော…အနုပညာအကြောင်းကို ဒီ့ထက်ပို မပြောတော့ဘူးလား…
(လူနဲ့စာ ရောထွေးဝေဖန်တတ်သည့် ဆရာဖြိုးထိန်ကို စာပေ အယူအဆများ တင်ပြသူအဖြစ်တော့ အသိအမှတ်ပြုပါသည်။
ထို့ထက်ပို… မျှော်လင့်မိတာကတော့… ”တကယ့်စာပေဝေဖန်ရေးသမား”အဖြစ်…ကျစ်လျစ်စင်ကြယ်စွာ ဓမ္မဓိဌာန် ကျလာစေချင်သည်။)
ဆရာမြင့်သန်းရော…ဘယ်တွေရောက်ပြီး..ဘာတွေ ရေးနေသနည်း…
ဆရာ သစ္စာနီသည်လည်း စာပေအနုပညာတွေအကြောင်း ပြောနိုင်ဆိုနိုင်..ပြောတတ်ဆိုတတ်ပါလျက်နဲ့…
နိုင်ငံရေး ဆောင်းပါးများဘက် ကလောင်ဦး လှည့်နေရာကနေ… စာပေအနုပညာဘက်များ…ပြန် လည်ထွက်မလာတော့ဘူးလား…
ဆရာ မင်းခိုက်စိုးစန်လည်း… အနုပညာအကြောင်းကို သမုဒ္ဒရာ၏ တစ်စိတ်တစ်ဒေသ…မက…ပြောပြ ဆိုပြ…ချပြ ယူဆပြဖူးသည်…မဟုတ်လား…
အခုလို အချိန်မျိုးမှာ… အနုပညာအကြောင်း…ကကြီးကလေးတစ်လုံးတောင်မှ….မဟတော့ဘူးလား…
ကျနော် ကျေနပ်အားရလောက်အောင် အနုပညာအကြောင်း ပြောခဲ့ဖူးသူတွေက… လာမျှ မပြောကြတော့သည့်အပြင်….
.နောက်ထပ်… ပြောနိုင်ဆိုနိုင်မည့် စာပေအနုပညာအကြောင်း ပြောသူတွေကော…တစ်ယောက်တလေတောင်…ထပ်ပေါ်မလာတော့ဘူးလား…

ကျနော့်စိတ်အထင်…
.မြန်မာ့ စာပေလောကကြီး ဖျားနာနေပြီထင့်….
အထူးသဖြင့်… မြန်မာ့စာပေလောကထဲမှ…ရသပညာ အခန်းကဏ္ဍကြီး..ဖျားနာနေပြီထင့်….
ဒါတော့…မဖြစ်သင့်ဘူး။

ကျနော်ဆိုသည့် ချာတိတ်ကလည်း… ဟိုအရင် နှစ်များဆီတုန်းကသာ… စာပေအနုပညာအကြောင်းတွေ…
စကားလုံးတထောင်းထောင်းထအောင် ဝင်ပြောချင်ခဲ့တာ…. ။
သွားပေါက်ခါစ ခွေးကလေးတစ်ကောင်လို….ဟိုဟာမြင်လည်း ကိုက်ချင်…ဒီဟာမြင်လည်း ကိုက်ချင်နဲ့… စာပေအနုပညာအကြောင်း ပြောသူများ၏
အယူအဆတစ်ခု ဖတ်မိတာနဲ့…. ကိုယ်က နှစ်ခုလောက် ပြန် ပြောပစ်လိုက်ချင်နေခဲ့တာ… ။

အခုအချိန်….
(စာပေအနုပညာအကြောင်း ပြောသူ….မရှိသလောက် ရှားပါးသွားချိန်မှာတော့…)
ကျနော်လည်း ပြောရမှာ နှုတ်ဖျား…ဆွံ့အ….ကြောင်တောင်ကြတ ဖြစ်လှပါသည်။

ကျနော် ဘာကြောင့် စာပေအနုပညာအကြောင်း ပြောမထွက်တော့သနည်း…

ထိုမေးခွန်းအတွက်လည်း အဖြေက အဆင်သင့် ရှိပါသည်။
ကျနော်…ကိုယ့်ကိုယ်ကို ကိုယ်သိပါသည်။

ယခု အချိန်သည်…
ကျနော်က ပြောဖို့ထက်….
ကျနော့်ကို ပြောပြလာမှာကို ပို၍ နားထောင်ချင်နေသည့် အချိန် ဖြစ်သည်။

ထို့ကြောင့်…. ပြောကြပါ…ဟုသာ…ပြောချင်နေပါတော့သည်။
.ပြောကြပါ…
အနုပညာအကြောင်း… စာအကြောင်း ပေအကြောင်းများ…ပြောကြပါ…။

ကျနော် နားထောင်နေပါတယ်… ။
ကျနော့် နားတွေ ကောင်းတုန်း….
ကျနော့် အကြားအာရုံတွေ နိုးကြားသန်စွမ်းတုန်း…ပြောသမျှ နားထောင်ထားလိုက်ချင်သည်….

ကျနော့် နားတွေ သိပ်မကောင်းတော့သည့် အခါမျိုးကျလျှင်… ကျနော် ကြားဖူး-နားဝခဲ့သမျှနှင့် ကျနော် လေ့လာဖူးသမျှကို
ကွန့်မြူးဆင့်ပွါးကာ… ကျနော်သည်…ပြောသူ ဖြစ်လာပါလိမ့်မည်… ။
ထို့ကြောင့်… ယခု….ပြောကြပါ…
.ပြောနိုင်သူတွေ…ပြောသာ ပြောကြပါ…

နားထောင်သူတွေက….နားထောင်လျက် ရှိကြပါသည်။
.ပြောနိုင်သူတွေက ပြောဖို့လိုသည့်အတွက်…ယုံကြည်ရာကို ရဲရဲပြောပြီး…အနုပညာ သမိုင်းတစ်ခေတ်မှာ…

မှတ်တမ်း ကျန်အောင် ချန်ရစ်ခဲ့ကြပါလေ….

 

00000000000000000000000000000000000000000000000000000000000000000000000000000
.မောင်သူရ @ Alinsett

အိပ်၍မပျော်သော – နိုဝင်ဘာလ ၂ဝ ရက်၊ မနက် ၁ နာရီ ၈ မိနစ်

 

 

000000000000

image location – http://keweenawkrayons.com/wp-content/uploads/2014/08/soulful-art-therapy.jpg

000000000000

 

 

 

 

7 comments

  • kai

    November 25, 2015 at 3:07 am

    အနုပညာသည်လုပ်ယူ၍မရ…

    • Alinsett @ Maung Thura

      November 26, 2015 at 2:46 pm

      တစ်လ လုံးချင်းတစ်အုပ်စီ ပုံမှန်ကြီး ထုတ်—
      သုံးရက်လောက်နဲ့ ဇာတ်ကားတစ်ကားရိုက်
      ဒင်ဒင်ဒေါင်ဒေါင် တီးဆို ကလင်ကလောင်ကလက်ချဉ်ပေါင်ရွက်ဆိုပြီးက
      အဲ့လိုမျိုးတွေ လုပ်နေတဲ့ အနော်တို့ပြည်တွင်းက တချို့ကိုကိုမမတွေကတော့ သူတို့ကိုယ်သူတို့ အနုပညာရှင်တဲ့
      တစ်ရွေးသားမှ မလျှော့ဘူးပဲ
      ဟဲဟဲ

      :k:

  • ဇီဇီခင်ဇော်

    November 25, 2015 at 10:13 am

    အနုပညာအကြောင်း ကို ဓားထမ်းပြောဂျမားးး

    ပုံ/ အကြမ်းပညာရှင်

    :boss:

    • Alinsett @ Maung Thura

      November 26, 2015 at 2:43 pm

      ကလောင်သွားသည် ဓါးသွားထက်ပင် ထက်မြ၏ ဆိုလားးးး စကားပုံရှိတာပဲ၊၊
      ဟုတ်မဟုတ်သိအောင် တစ်ဖက်က ဓါးအစစ်နဲ့ ပြေးခုတ်—- တစ်ဖက်က ကလောင်သွားလေးနဲ့— စကားလုံးလေးတွေ ချရေးပြ— ပြ ပြ. အဟီးးးး

      :k:

  • Ko Two

    November 29, 2015 at 7:23 pm

    ပြောဆိုလို့ ကျွန်တော်လဲ ပြောနေတာပဲ
    ကြားမှမကြားကြတာ
    ဘယ်တတ်နိုင်မတုန်းဗျာ
    လာထား၁၅ 🙂

    • မြစပဲရိုး

      November 30, 2015 at 3:32 am

      ၂ကျပ် တိုးသွားပြီလား။ အရင်က ၁၃ကျပ်။

      • Alinsett @ Maung Thura

        November 30, 2015 at 12:33 pm

        ဟုတ်ပါ့
        သဂျီးမင်းက မန့်တစ်ခု(ကိုယ်ကပေးလျှင်)၁၅ ကျပ်ထိ တိုးထားပါကြောင်း
        ပိုစ့်တစ်ပုဒ် တင်လျှင် ၂၂ဝကျပ်ထိ တိုးထားပါကြောင်း၊
        ကိုယ်တင်တဲ့ပိုစ့်ထဲ ဝင်လာပေးတဲ့ မန့်တွေကတော့ အရင်အတိုင်း တစ်ခုလျှင် သုံးကျပ်နှုန်းထား ဖြစ်ပါကြောင်းးး

        သာဓု

Leave a Reply