Min Aung Hlaing, commander in chief & Washington Post

kaiNovember 25, 20153min2979

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Washington Post သတင်းဌာန တွေ့ဆုံမေးမြန်းမှုမှတ်တမ်း

(21-11-2015)နေပြည်တော်

Washington Post။ မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံလိုမဟုတ်ဘဲ တပ်မတော်နဲ့အရပ်သား အစိုးရကြား အာဏာကိုခွဲဝေသုံးစွဲနေရတယ်လို့ ပြောလို့ရနိုင်မလား။ အမေရိကန်နိုင်ငံမှာဆိုရင်တော့ တပ်ကအရပ်သားအစိုးရရဲ့ ကွပ်ကဲမှု အောက်မှာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အဆွေတော်ရဲ့သဘောထားကို သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်မှာပဲ မူတည်ပြီးတော့ ပြောရလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အစိုးရရဲ့ဖွဲ့စည်းပုံနဲ့ နောက်တစ်ခါ လုပ်ငန်းတာဝန်တွေ ခွဲခြားထားပါတယ်။ တပ်မတော် အတွက်လည်း သတ်မှတ်ပြဋ္ဌာန်းထားတာရှိပါတယ်။ ဒီသတ်မှတ်ပြဋ္ဌာန်း ထားတာနဲ့ပဲလုပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့မှာ သီးခြားလုပ်တာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း အစိုးရရဲ့အောက်မှာ၊ အစိုးရစီမံခန့်ခွဲမှု အောက်မှာ လုပ်ရတဲ့လုပ်ငန်းရပ်တွေလည်း အများကြီးရှိတယ်။ ကျွန်တော်က တပ်မတော်မှာ အကြီးအကဲဆိုပေမယ့်လည်း နိုင်ငံရဲ့ အကြီးအကဲက သမ္မတရှိပါတယ်။

Washington Post။ တပ်မတော်ရဲ့အောက်မှာ ဝန်ကြီးဌာန ၃ ခုရှိပါတယ်။ နယ်စပ်ရေးရာ၊ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ဖြစ်ကြတယ်။ အလားတူ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာရှိပါတယ်။ ဒါကြောင့် အဆွေတော်ဟာ လွန်စွာဩဇာအာဏာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်လို့ထင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ဒါကတော့ဖွဲ့စည်းပုံအရ ကျွန်တော်တို့ပေးထားတာပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည် စာရင်းတင်သွင်းတဲ့ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ဒီ ၃ ပါးကို တပ်မတော်က အမည်စာရင်းတင်သွင်းပြီးတော့ သမ္မတကနေ ညှိနှိုင်းပြီးတော့မှ ခန့်အပ်ပေးတာဖြစ်ပါတယ်။

Washington Post။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်တော့လောက်များတွေ့မှာပါလဲ။
ဗိုလ်ချုပ်မှူးကြီး။ မကြာခင်မှာတွေ့ဖို့ရှိပါလိမ့်မယ်။ လာမယ့် ဒီဇင်ဘာလောက် ဖြစ်နိုင်ပါတယ်။ ဒီဇင်ဘာလထဲမှာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်မှန်းတာကတော့ ကျွန်တော် ဒီ Election ကော်မရှင်က သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ ပြီးတယ်ဆိုရင်တော့ တွေ့မှာပါ။

Washington Post။ ပြီးခဲ့တဲ့ရွေးကောက်ပွဲဟာ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲနဲ့များစွာ ကွာခြား နေပါတယ်။ ၁၉၉ဝ ပြည့်နှစ်မှာတော့ NLD က အောင်မြင်မှုရရှိခဲ့ပေမယ့် အောင်မြင်မှုရဲ့အဝေးကို ရောက်ရှိသွားခဲ့ပါတယ်။ အခုတစ်ခေါက်မှာတော့ အဆွေတော်အနေနဲ့ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲ အောင်မြင်မှုကို အသိအမှတ်ပြုရခြင်းအကြောင်းရင်းကို သိလိုပါတယ်။ ဘာကြောင့်များ ပါလဲ။ ဘာများ ကွာခြားမှုရှိပါသလဲ။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်တို့က ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲက ပါတီစုံစနစ်ကို သွားတဲ့ ရွေးကောက်ပွဲပဲ ပြုလုပ်တာဖြစ်တယ်။ ပြီးခဲ့တဲ့၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က လုပ်ခဲ့တဲ့ရွေးကောက်ပွဲက ကျွန်တော်တို့ ၂၀၁ဝ ပြည့်နှစ်က လုပ်ခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့အစိုးရ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကြောင့် ဖြစ်လာတဲ့ အစိုးရ၊ ဒီအစိုးရကနေပြီးတော့မှ ဒီမိုကရေစီစနစ်ကနေ ပါတီစုံဒီမိုကရေစီစနစ်ကို ဒုတိယအကြိမ်သက်တမ်း အတွက်သွားခြင်းဖြစ်တယ်။ ရလဒ်ချင်း မတူပါဘူး။ အဓိပ္ပာယ်ချင်း မတူပါဘူး။

Washington Post။ အမေရိကန်အပါအဝင် နိုင်ငံရပ်ခြားက လူတွေပြောခဲ့တာက အခုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ပထမဆုံး လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲလို့ ပြောနိုင်မယ်ဆိုတာ ကျွန်မထင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ Free and Fair Election ကတော့ မှန်တယ်။ ပထမအကြိမ်က ၂၀၁ဝ ပြည့်နှစ်က လုပ်ခဲ့ပြီးသား။

Washington Post။ ၂၀၁ဝ တုန်းက သမ္မတကြီးက ဆိုလို့ရှိရင်လည်း ယူနီဖောင်းဝတ်တာတွေ ပထမဦးဆုံးပြောင်းသလို ကျန်တဲ့အဖွဲ့ဝင်တွေကလည်း ပြောင်းလာတယ်။ USDP တစ်ပါတီတည်းနဲ့ ဆောင်ရွက်တဲ့အတွက်ကြောင့်မို့လို့ အဲဒါကို Democracy System များခေါ်လို့ရပါသလား။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်ပြောပြပါမယ်။ ၂၀၁ဝ ပြည့်နှစ်ရွေးကောက်ပွဲတုန်းက USDP ပါတီအပြင် တခြားပါတီတွေ အများကြီးဝင်ပြိုင်ကြတယ်။ USDP ပါတီ တစ်ခုတည်း မဟုတ်ဘူး။ တခြားပါတီတွေလည်း အများကြီး ဝင်ပြိုင်ကြတယ်။ အဲတော့ သမ္မတကြီးဦးသိန်းစိန်က ယူနီဖောင်းချွတ်ပြီးတော့ ဒီဘက်မှာပါတယ် လို့ပြောတယ်။ သူတို့က ယူနီဖောင်းချွတ်ပြီးတော့မှ နိုင်ငံရေးလမ်းကြောင်းတွေကို ပြောင်းဝင်သွားကြတာ။ အဲဒီပါတီထဲ ဝင်သွားကြပြီးတော့မှ ရွေးကောက်ပွဲဝင်ကြတယ်။ ရွေးကောက်ပွဲဝင်တဲ့ အခါမှာ ရွေးကောက်ပွဲ အရွေးခံရတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ ၂၀၁ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးတော့မှ သူတို့အစိုးရဖွဲ့နိုင်တဲ့အထိ သူတို့ဖြစ်လာခဲ့တာ။ ဒါပါတီစုံဒီမိုကရေစီစနစ်ကို စပြီးသွားခဲ့တာပဲ။ ဒီရွေးကောက်ပွဲမှာတော့ အင်အားကြီးတဲ့ပါတီကတော့ ခင်ဗျားတို့ ခုနက ပြောတဲ့ USDP ပါတီက ပါတာတော့မှန်တယ်။ ဒါပေမဲ့ တခြားပါတီတွေ အများကြီး ဝင်ပြိုင်ကြတာလည်း ရှိပါတယ်။ ဒီမှာယူနီဖောင်းဝတ်တဲ့ လူတစ်ယောက်က အငြိမ်းစားယူပြီးတော့လို့ရှိရင် နိုင်ငံရေးလုပ်ပိုင်ခွင့်က သူ့ရဲ့ အခွင့်အရေးရှိပါတယ်။ ယူနီဖောင်းဝတ်ထားတဲ့ လူတစ်ယောက်က နိုင်ငံရေးမလုပ်ရဘူးလို့ဆိုတာ ပြဋ္ဌာန်းချက် မရှိပါဘူး။ ကမ္ဘာမှာလည်း ယူနီဖောင်းချွတ်ပြီးလို့ နိုင်ငံရေးလောက ဝင်တဲ့သူတွေ ကမ္ဘာမှာအများကြီး ရှိပါတယ်။

Washington Post။ အဆွေတော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုအောင်မြင်တဲ့ အောင်မြင်မှုရရှိနေတဲ့အချိန်မှာ ဒီ ပုဒ်မ-၅၉(စ)ကို ပြောင်းဖို့အစီအစဉ် ရှိပါသလား။
ဗိုလ်ချုပ်မှူးကြီး။ ဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်တယ်ဆိုတာကတော့ နံပါတ်တစ် အချက်လွှတ်တော်မှာ အရင်စပြီးတော့ ဆွေးနွေးမှာပေါ့။ လွှတ်တော်ကနေ လက်ခံတယ်ဆိုရင် သူ့ရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁၂)မှာ သူ့ရဲ့ပြင်ဆင်ရတဲ့နည်းလမ်းတွေရှိပါတယ်။ ဒီဥပဒေကပဲ သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ တိုက်ရိုက် ဆုံးဖြတ်ပေးလို့ မရပါဘူး။

Washington Post။ အဆွေတော်မှာက လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း လွှတ်တော် ကိုယ်စားလှယ် ရှိနေပါတယ်။ ဒီအတွက်ကြောင့်မို့လို့ ဒီဟာနဲ့ပတ်သက်ပြီး လုပ်နိုင်တဲ့အခြေအနေရှိပါတယ်။ လက်ရှိမှာလည်း NLD အဖွဲ့အနေနဲ့ လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သူ့ရဲ့အောင်မြင်မှုအရ ဒီနိုင်ငံရဲ့ အကြီးအကဲ ဖြစ်လိုတဲ့ဆန္ဒရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ဒါကတော့ တစ်ဖက်ကကြည့်ရင်တော့ မှန်တာပေါ့။ ဒါပေမဲ့ နိုင်ငံကျတော့ နိုင်ငံရဲ့ တည်ရှိမှု အနေအထားနဲ့ သမိုင်းကြောင်းအနေအထားပေါ် သေသေချာချာချိန်ဆပြီးတော့ မှ ကျွန်တော်တို့က လုပ်ရပါတယ်။ ဒီပုဒ်မကို ပြင်နိုင်ဖို့ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ရင် ဒီဟာကလည်း တစ်နိုင်ငံလုံးရဲ့ အခြေအနေပေါ် မူတည်ပါတယ်။ နောက်တစ်ခုကလည်း ဥပဒေဆိုတာ လူတစ်ယောက်တည်းပေါ် မူတည်ပြီး ရေးခြင်းမဟုတ်ဘူး။ ကျွန်တော်တို့ လူအားလုံးအတွက် စဉ်းစားပြီးတော့ရေးတဲ့ဥပဒေဖြစ်တယ်။ ခင်ဗျားတို့ နိုင်ငံမှာလည်း လူတစ်ယောက်ပေါ်မူတည်ပြီး ရေးတဲ့ဥပဒေမရှိဘူးဆိုတာ ကျွန်တော်တို့ ထင်ပါတယ်။ ကျွန်တော်တို့လည်း ဥပဒေပြဋ္ဌာန်းတဲ့အခါမှာ လူတစ်ယောက် အပေါ်မူတည်ပြီးတော့ ရေးတဲ့ဥပဒေဆိုတာမရှိပါဘူး။ အားလုံးကို ခြုံပြီးတော့မှပဲ၊ တစ်နိုင်ငံလုံးရဲ့ အခြေအနေပေါ်မူတည်ပြီး တော့မှပဲ ကျွန်တော်တို့ ရေးပါတယ်။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေး ဆိုတာကတော့သူ့ Procedure အတိုင်းပဲ သွားတာ ပိုကောင်းပါလိမ့်မယ်။

Washington Post။ အဆွေတော်ပြောချင်တာက မလုပ်ချင်ဘူး၊ သမ္မတမဖြစ်စေချင်ဘူးဆိုတဲ့ အဓိပ္ပာယ်လား။

ဗိုလ်ချုပ်မှူးကြီး။ သူ့ကိုတော့ သမ္မတမဖြစ်စေချင်ဘူး ပြောတာမဟုတ်ပါဘူး။ ဥပဒေအတိုင်း သွားတာ ပိုကောင်းပါလိမ့်မယ်လို့ ကျွန်တော်ပြောလိုတယ်။

Washington Post။ အဆွေတော်အနေနဲ့ အဆွေတော်လက်အောက်မှာ ထိန်းချုပ်ထားတာတွေ အများကြီးရှိပါတယ်။ လက်ရှိလွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းရှိတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာလည်း ၆ ဦးက အဆွေတော်ဘက်ကဖြစ်တယ်။ ၅ ဦးက သူတို့ဘက်ကဖြစ်တယ်။ အလားတူပဲ ဝန်ကြီး ၃ ပါးကိုလည်း အဆွေတော်ခန့်အပ်နိုင်တယ်။ အဆွေတော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းလုပ်ဆောင်မှာလား။ ဒါဆိုရင်ဥပဒေအရဖြစ်နိုင်ပါသလား။

ဗိုလ်ချုပ်မှူးကြီး။ ဒါကတော့ လုပ်တဲ့လုပ်ဆောင်ချက်ပေါ်မှာပဲ အများကြီးတည်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့သည် တကယ်တမ်း ပြောလို့ရှိရင် နိုင်ငံရဲ့အကျိုးပေါ်မှာလည်း မူတည်ပြီးတော့မှ လုပ်ရပါလိမ့်မယ်။ ကျွန်တော့်ဘာသာ ၆ ယောက်ပဲရှိရှိ၊ ရယောက်ပဲရှိရှိ၊ ၈ ယောက်ပဲရှိရှိ၊ ခင်ဗျားဘက်မှာ ၊ Majority ပဲ ရှိရှိ ဘာပဲပြောပြော တိုင်းပြည်အတွက်အကျိုးရှိမယ့်ကိစ္စ ရေရှည်အတွက် အကျိုးရှိမယ့်ကိစ္စ ဒါမျိုးဆိုရင်တော့ ဥပဒေနဲ့အညီပဲ ကျွန်တော်တို့ သွားမှာပါ။ ကျွန်တော်တို့က အပေးအယူလုပ်ပြီးတော့မှ လုပ်မယ်ဆိုတာကတော့ နေရာတကာတိုင်း မဖြစ်နိုင်ဘူး။

Washington Post။ ဒါဆိုရင်အဆွေတော်က သူနဲ့တွဲပြီးအလုပ်လုပ်နိုင်မယ်လို့ ယူဆထားပါသလား။

ဗိုလ်ချုပ်မှူးကြီး။ ဘာလို့မရရမှာလဲ။

Washington Post။ ယုံကြည်မှုရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး။ တိုင်းပြည်အတွက် အကျိုးရှိအောင်လုပ်မယ်ဆိုလို့ရှိရင် ဘာမှ မယုံကြည်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ ဒါတွေ အားလုံးကတော့ သူ့ရဲ့စည်းနဲ့ကမ်းနဲ့ ညီညီညွတ်ညွတ်နဲ့ ဖြစ်ရင်ပိုကောင်းတာပေါ့။ တစ်ယောက်တည်းရဲ့ ဆန္ဒကိုလိုက်ပြီးတော့မှ လုပ်နေလို့မရဘူး။ ကျွန်တော်ရဲ့ဆန္ဒကို အတင်း တောင်းဆိုပြီးတော့မှ ဒါကတော့ လုပ်ပါ၊ ပြုပါလို့ သွားပြောလို့မရဘူး။ ရှေ့နောက် ဒီလိုချိန်ဆပြီးတော့မှ လုပ်တာပိုကောင်းလိမ့်မယ်။ ထို့အတူပဲ ခင်ဗျားဘက်ကလည်း ခင်ဗျားလိုချင်တဲ့ဟာကို အတင်းအဓမ္မ ဇွတ်တရွတ် ပြောလို့တော့ မဖြစ်နိုင်ဘူးပေါ့။ ဒါကတော့နှစ်ယောက် တကယ်ကောင်းမယ် ဆိုတဲ့ဟာကို ညှိနှိုင်းပြီး လုပ်လို့ရတယ်။ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီဟာထွက်ပေါက်တစ်ခုတည်းမဟုတ်ပါဘူး။ ထွက်ပေါက်တွေက အများကြီး ရှိပါတယ်။

Washington Post။ ဒါနဲ့ပတ်သက်ပြီး ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုတဲ့ အဓိပ္ပာယ်လား။

ဗိုလ်ချုပ်မှူးကြီး။ ဒါကတော့ တိုင်းပြည်အတွက် အလုပ်လုပ်တဲ့ဟာကတော့ ပူးပေါင်း မလုပ်လို့၊ သူလည်း ကဏ္ဍကောစ လုပ်လို့မရပါဘူး။ ကျွန်တော်လည်း ကဏ္ဍကောစ လုပ်လို့မရပါဘူး။ ဒါအတူတူညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှ ဖြစ်နိုင်မှာပါ။

Washington Post။ ကျွန်မက သူနဲ့ နှစ်ကြိမ်တွေ့ဖူးပါတယ်။ တော်တော်ဆုံးဖြတ်ချက် ခိုင်မာတဲ့သူ တစ်ယောက်လို့ ကျွန်မသုံးသပ်မိပါတယ်။ သူ့မှာလည်း သူ့အမြင်တွေရှိသလို အဆွေတော်မှာလည်း အဆွေတော်အမြင်တွေ ရှိပါတယ်။ အဆွေတော်တို့နှစ်ယောက် ဆွေးနွေးညှိနှိုင်းကြဖို့တော့ ခက်လိမ့်မယ် ထင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ အကျိုးရှိတဲ့ဟာဆိုရင်တော့ ကျွန်တော်တို့ ညှိနှိုင်းပြီးလုပ်မှာပေါ့။

Washington Post။ လက်ရှိအခြေအနေအရ ဒီတပ်နဲ့ပတ်သက်တဲ့ဟာဆိုရင် အမေရိကန် နိုင်ငံဟာဆိုရင် အမေရိကန်နိုင်ငံသမ္မတက တပ်နဲ့ပတ်သက်ပြီးတော့ သူကလုပ်ပိုင်ခွင့်ရှိတယ်။ အမေရိကန်နိုင်ငံရဲ့သမ္မတဟာ တပ်ရဲ့ စစ်သေနာပတိအဖြစ် ဆောင်ရွက်ပြီးတော့ တပ်မှာလုပ်ပိုင်ခွင့်ရှိပါတယ်။ ဒီရွေးကောက်ပွဲပြီးလို့ နောက်ပိုင်း ဒီဘက်ကာလတွေမှာ အဆွေတော်အနေနဲ့ Civilian အရပ်ဖက်ကို Power တွေ လျှော့ချပေးသွားဖို့ အစီအစဉ် ရှိပါသလား။
ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်တို့ ဒီမှာလည်း ခုနကပြောတဲ့ ကျွန်တော်တို့ကျတော့လည်း အလုပ် တစ်ခုလုပ်မယ်ဆိုရင် တပ်ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်ဆိုပြီးတော့ ကျွန်တော် တို့ရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေပေါ်မှာပဲ မူတည်ပြီးတော့ ဒီဥပဒေပေါ်မှာ ကျွန်တော်တို့လုပ်ရ၊ ကိုင်ရမယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဒီမှာကတော့ အဲဒါတွေပြောရလို့ရှိရင်လည်း တိုင်းပြည်ရဲ့ပြောင်းလဲလာတဲ့ အခြေအနေပေါ်မှာလည်း တည်ပြန်ပါတယ်။ အခုချိန်မှာကတော့ ချက်ချင်းကြီး ဒီလိုဒီလိုတော့ သွားမယ်ဆိုတာကတော့ ဘယ်နေရာမှာမှ မဖြစ်နိုင်သေးပါဘူး။ တဖြည်းဖြည်းချိန်ဆပြီးတော့မှ ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ သွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့သွားတာက ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း သွားတာပါ။ ဒါပြည်သူကသွားတဲ့ လမ်းကြောင်းပါ။ ဒီအပေါ်မှာ ခိုင်ခိုင်မာမာဖြစ်စေချင်ပါတယ်။ ခိုင်ခိုင်မာမာနဲ့ စနစ်တကျ ဖြစ်စေချင်ပါတယ်။ ဒီလိုစနစ်တကျဖြစ်သွားမယ်ဆိုရင် သင့်တော်တဲ့ တစ်ချိန်ချိန်ကျရင် ခင်ဗျားပြောတဲ့အဓိပ္ပာယ်ကို ရောက်သွားနိုင်ပါတယ်။

Washington Post။ အဆွေတော်ပြောတာကို ကျွန်မပြန်ပြီးမှားမှာစိုးလို့ပြောရရင် တစ်နေ့ တိုင်းပြည်အခြေအနေတည်ငြိမ်ပြီး စနစ်တကျရှိမယ်ဆိုရင် Civilian Power ပိုပေးမယ်ဆိုတာကို ဖြေတာပါလား။

ဗိုလ်ချုပ်မှူးကြီး။ ဒီအတိုင်းပါပဲ။

Washington Post။ တိုင်းပြည်တည်ငြိမ်ဖို့အတွက် တိုင်းတာရာမှာ အဆွေတော်မှာ အတိုင်း အတာတော့ရှိမှာပါ။ ဘယ်လိုအခြေအနေမျိုးကိုဆိုလိုပါသလဲ။ Cease-fire ကို ပြောတဲ့ အခြေအနေမျိုးလား။ ဒါလေးကိုသိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ အများကြီးပါပဲ။ နံပါတ်တစ်အချက်ကတော့ ခင်ဗျားခုနကပြောတဲ့ တိုင်းရင်းသား လက်နက်ကိုင်ပြဿနာတွေ တကယ်ကိုအေးချမ်းသွားဖို့ လိုပါတယ်။ တကယ်လည်းငြိမ်းချမ်းရေးရဖို့လိုပါတယ်။ နောက်တစ်ခုကလည်း ကျွန်တော်တို့မှာ ပါတီစုံဒီမိုကရေစီအတွေ့အကြုံလည်းမရှိပါဘူး။ မရှိတဲ့အခါကျတော့ ဒီအပေါ်မှာလည်း ကျွန်တော်တို့တကယ်ကိုနားလည်ပြီးတော့ တကယ်လိုလားတဲ့ဟာတွေ ဖြစ်ဖို့လိုပါတယ်။ ကျွန်တော်တို့အခု ဖြတ်သန်းလာရတဲ့ ၅ နှစ်လောက်အတွင်းမှာ ကျွန်တော်ကြည့်တဲ့အချိန်မှာ တကယ်တမ်းတော့ ကျွန်တော်တို့ဒီမိုကရေစီစနစ်ကို တကယ်ကို မှန်မှန်ကန်ကန်နဲ့ လုပ်နိုင်တဲ့ အနေအထား မျိုးကတော့ ကျွန်တော်တို့စိတ်ချလက်ချ ကျွန်တော်မတွေ့ဘူး။ နံပါတ်နှစ်အချက်ပေါ့။ နောက်နံပါတ်သုံးအချက် ကတော့ တိုင်းရင်းသားတွေနဲ့ ကျွန်တော်တို့ဒီတစ်ယောက်နဲ့တစ်ယောက် အထင်အမြင်လွဲမှားမှုတွေ လည်းရှိတယ်။ ခင်ဗျားပြောတဲ့လက်နက်ကိုင် ပဋိပက္ခတွေတင်မဟုတ်ဘူး တိုင်းရင်းသားတွေစိတ်ထဲမှာလည်း တချို့ တိုင်းရင်းသားတွေက အားငယ်တဲ့စိတ်တွေရှိတယ်။ တချို့တိုင်းရင်းသားကျ တော့လည်း ဒီလိုမျိုး မဟုတ်ဘူးပေါ့။ အားငယ်တဲ့စိတ်တွေမဟုတ်ဘဲနဲ့ တချို့ဆိုရင် အစိုးရပေါ်မှာလည်း မကောင်းတဲ့အမြင်လေး တွေ မြင်တာလည်းရှိတယ်။ ဒါတွေ ကျွန်တော်တို့က အကုန်လုံးမှန်မှန်ကန်ကန်နဲ့ မျှမျှတတနဲ့ ရှိနေတယ် ဆိုတဲ့ဟာကို အခြေအနေရောက်အောင် ကျွန်တော်တို့ထိန်းပေးဖို့လိုပါတယ်။ ဒီလိုမျိုး အဆုံးစွန်လုပ်ရမယ် ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ သို့သော်လည်း သူတို့လက်ခံနိုင်တဲ့ အခြေအနေမျိုးအထိ ကျွန်တော်တို့ ရောက်ဖို့လည်းလိုတယ်။ အဲဒါမျိုးဆိုလို့ရှိရင် တိုင်းပြည်က ခုနကပြောသလို တည်ငြိမ်အေးချမ်းမှုရှိပြီလို့ ကျွန်တော်ပြောလို့ရပါတယ်။

Washington Post။ အစိုးရနဲ့ Ethnic Group တွေကြားထဲမှာလား၊ Ethnic Group အချင်းချင်း ကြားထဲမှာ နားလည်မှုမရှိတာလား။

ဗိုလ်ချုပ်မှူးကြီး ။ Ethnic Group အချင်းချင်းမှာလည်း နားလည်မှုမရှိတာလည်းပါတယ်။ အစိုးရနဲ့ နိုင်ငံတော်အပေါ်မှာလည်း နားလည်မှုမရှိတာလည်း ပါတယ်။ အကုန်လုံးပါတယ်။
Washington Post။ Peace Process နဲ့ပတ်သက်ပြီး ဆိုလိုတာပါလား။

ဗိုလ်ချုပ်မှူးကြီး။ Peace Process လည်းပါပါတယ်။ အများကြီးပါပဲ။ ဒါကြောင့် ခုနက ပြောတယ်။ အကြောင်းအရာတစ်ခုတည်းကြောင့် မဟုတ်ပါဘူးလို့ ကျွန်တော် ပြောတာပါ။
Washington Post။ ကျန်တဲ့အဖွဲ့တွေရော ပါဝင်မှုရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး။ ပါဖို့လည်းလိုပါတယ်။ ကျန်တဲ့ ၈ ဖွဲ့လည်းပါဖို့လိုပါတယ်။ ဒါ့အပြင် အခြားတိုင်း ရင်းသားတွေ အကုန်လုံးက နားလည်မှုရှိဖို့လည်း လိုပါတယ်။

Washington Post။ ကျန်တဲ့အဖွဲ့တွေရော အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်လာဖို့ရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး။ ဒါလည်း အဓိကလိုပါတယ်။

Washington Post။ ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ ဝေဖန်မှုတွေအပေါ် ဘယ်လိုမြင်ပါသလဲ။ အမေရိကန် မှာတော့ ရိုဟင်ဂျာတွေကို နိုင်ငံမဲ့တွေလို့ပြောနေကြတယ်။ မြန်မာနိုင်ငံမှာလည်း သူတို့ကို ဒုက္ခသည်စခန်း တွေမှာ ပို့ထားတယ်။ အခုလို ပြုလုပ်တာနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာလည်း ဝေဖန်မှုတွေရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အဆွေတော်ရဲ့အမြင်ကို သိပါရစေ။
ဗိုလ်ချုပ်မှူးကြီး။ နံပါတ်တစ်အချက် ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာ မရှိဘူး။ ဘင်္ဂါလီပဲရှိတာ။ ကျွန်တော်တို့ ရိုဟင်ဂျာအသိအမှတ်မပြုပါဘူး။ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာမရှိဘူး။ သို့သော်လည်းပဲ ဒီဟာတွေကို သူတို့ဘာသာသူတို့ ရိုဟင်ဂျာလို့သတ်မှတ်ထားတာပေါ့။ ဒီလူတွေဟာ ကျွန်တော်တို့နိုင်ငံ တိုင်းရင်းသားတွေမဟုတ်ဘူး။ အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံလို့ ခေါ်တဲ့ နိုင်ငံကနေ ၁၈၂၄ ခုနှစ် ရခိုင်ဒေသ အင်္ဂလိပ်ရဲ့ကိုလိုနီဖြစ်တဲ့ နောက်ပိုင်းမှာ ရောက်လာတဲ့အများစုဖြစ်ပါတယ်။ အားလုံးကို ကျွန်တော် မဆိုလိုဘူး။ ဒါပေမဲ့အများစုက အဲလိုဖြစ်ပါတယ်။ ဒါတွေက အရင်တုံးက ပြောရင်လည်း အရှေ့ဘင်္ဂလားနယ်လိုခေါ်တာပေါ့။ အဲဒီလူတွေက ဒီမှာလာပြီးတော့မှ ပေါက်ဖွားလာတဲ့သူတွေဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေရှိတယ်။ နိုင်ငံသားဥပဒေနဲ့ ကျွန်တော်တို့ စိစစ်ပြီးလို့ရှိရင် သူရဲ့နိုင်ငံသားအနေနဲ့ လျှောက်ထားပိုင်ခွင့် ရှိတဲ့သူတွေကတော့ နိုင်ငံသားဖြစ်ပိုင်ခွင့်ရှိပါလိမ့်မယ်။ ဒီဥပဒေအရ လက်ခံမယ်လို့ ကျွန်တော်တို့ပြောပြီးသားဖြစ်ပါတယ်။ ဒါကြောင့်သူတို့ကို မစစ်ဆေး ရသေးတဲ့အချိန်မှာတော့ သူတို့နဲ့ သင့်တော်တဲ့ တစ်နေရာမှာ စုစည်းထားပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းသူတို့ကို ကျွေးမွေးထားပါတယ်။ ကျွန်တော်တို့ဘာမှလည်း သူတို့ကိုနှိပ်စက်ညှဉ်းပန်းခြင်းမရှိဘူး။ တကယ်လို့များ ခင်ဗျားတို့ အကြောင်းညီညွတ်လို့ ရောက်ခဲ့တယ်ဆိုရင်လည်း ခင်ဗျားတို့တွေ့ပါလိမ့်မယ်။ အဲဒီလူတွေအခြေအနေ ခင်ဗျားတို့ တွေ့ပါလိမ့်မယ်။ မြန်မာနိုင်ငံအနှံ့ တစ်နိုင်ငံလုံးမှာ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ သူတွေ အများကြီးရှိပါတယ်။ သူတို့ဒီဟာလေးတင် မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာရှိတယ်။ နေပြည်တော်မှာ လည်းရှိတယ်။ ရန်ကုန်မှာလည်းရှိတယ်။ မန္တလေးမှာလည်းရှိတယ်။ ကြည့်လို့ရပါတယ်။ ကျွန်တော်တို့ဘာမှ ခွဲခြားထားတာမရှိပါဘူး။ သို့သော်ဒီစည်းကမ်းနဲ့မညီတဲ့ ဟာကိုတော့ ကျွန်တော်တို့စိစစ်ဖို့တော့လိုတယ်။ စိစစ်ဖို့အတွက် ဒီလိုထားခိုင်းတာ ဖြစ်ပါတယ်။

Washington Post။ နှစ်ပေါင်းများစွာ မြန်မာ့တပ်မတော်က တရုတ်နိုင်ငံကလက်နက်တွေကို ဝယ်ယူခဲ့တယ်။ အဆွေတော်အနေနဲ့ အမေရိကန်နိုင်ငံနဲ့ တပ်မတော်ချင်း ဆက်ဆံရေး ဘယ်လိုတိုးမြှင့် ဆောင်ရွက်မယ်လို့ စဉ်းစားထားပါသလဲ။

ဗိုလ်ချုပ်မှူးကြီး။ ၁၉၈၈ ခုနှစ် တပ်မတော်အစိုးရ လက်ထက်နောက်ပိုင်းမှာ ကျွန်တော်တို့အပေါ်မှာ အမေရိကန်နိုင်ငံကနေ Embargo လုပ်ထားတာရှိပါတယ်။ ကျွန်တော်တို့ လည်း နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်လက်နက်ပစ္စည်းတွေ လိုတဲ့အခါကျတော့ ရတဲ့နိုင်ငံကနေ ကျွန်တော်တို့ဝယ်ပါတယ်။ တရုတ်နိုင်ငံကတော့ အများကြီး ကျွန်တော်တို့အပေါ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးရှိတာပေါ့။ အဲဒီမတိုင်ခင်တုန်းကလည်း အမေရိကန်နဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးရှိပါတယ်။ ၈၈ ခုနှစ် နောက်ပိုင်းကျမှသာ ကျွန်တော်တို့ဆက်ဆံရေးအခြေအနေက အလှမ်းဝေးသွားတာပါ။ အခုအခြေအနေ မှန်ပေါ် ပြန်ရောက်ဖို့အတွက် လမ်းကြောင်းမှန်ပေါ် ကျွန်တော်တို့ရောက်နေပါပြီ။ နောင်ကျလို့ရှိရင် နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံတပ်မတော်ကြား ယုံကြည်မှုအပေါ်မူတည်ပြီးတော့ ဆက်ဆံရေးလည်း ကောင်းလာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

Washington Post။ ဆိုလိုတာက တပ်မတော်နှစ်ရပ်ဆက်ဆံရေးလို့ ဆိုလိုနိုင်ပါသလား။ အမေရိကန်က စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူလိုတဲ့ဆန္ဒရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး။ တိုင်းပြည်ကာကွယ်ရေးအတွက် လိုတာကတော့ အများကြီးပါပဲ။ အမေရိကန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာလည်း တချို့ခေတ်မီနေတဲ့ ပစ္စည်းတွေရှိပါတယ်။ ကျွန်တော်တို့လုပ်နိုင်တဲ့၊ သုံးနိုင်တဲ့ နည်းပညာကတော့ ကျွန်တော်တို့ ဝယ်နိုင်တဲ့ငွေကြေးပမာဏပေါ့။ အဲဒီပေါ်မူတည်ပြီးတော့ သင့်တော်တဲ့ဟာကို ကျွန်တော်တို့ စဉ်းစားရမှာဖြစ်ပါတယ်။ အမေရိကန်က ရောင်းမယ်ဆိုလည်း ကျွန်တော်တို့ အသုံးတည့်ရင်တော့ ဝယ်မှာပေါ့။
Washington Post။ အမေရိကန်နိုင်ငံရဲ့ Sanction တွေကိုဖယ်ရှားပေးမယ်ဆိုရင်ကော အဆွေတော် ယူလိုပါသလား။

ဗိုလ်ချုပ်မှူးကြီး။ ကောင်းတာပေါ့။

Washington Post။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရသစ်တက်လာတဲ့အချိန်မှာ အမေရိကန် ကနေပြီးတော့ Sanction ဖြေလျှော့ပေးမယ်ဆိုရင်တော့ အစိုးရသစ်ကို အဆွေတော် ကျေးဇူးတင်ရမယ်လို့ထင်တယ်။

ဗိုလ်ချုပ်မှူးကြီး။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့ဗျာ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့နိုင်ငံ အတွက် ကောင်းမွန်တဲ့ ဆက်ဆံရေးလုပ်တဲ့လူမှန်သမျှကို ကျွန်တော်တို့ ကျေးဇူးတင်မှာပါပဲ။
Washington Post။ ၁၉၈၈ ခုနှစ်တုန်းက အမေရိကန်ရဲ့ စစ်သင်္ဘောတွေ မြန်မာနိုင်ငံဘက်ကို ရောက်လာပြီးတော့ အချို့သောသူများကို ရွှေ့ပြောင်းဖို့အတွက် ဆောင်ရွက်ခဲ့တာတွေရှိပါတယ်။ အဲဒီအချိန်က အဆွေတော်ငယ်ဦးမယ်လို့ ကျွန်မထင်ပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ အမေရိကန်ကနေပြီးတော့ ကျူးကျော်မှုပြုလုပ်ဖို့ ဆောင်ရွက်နေတယ်လို့ ယူဆခဲ့တယ်။ အဲဒါဟုတ်ပါသလား။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော် ဗိုလ်ကြီးဖြစ်နေပါပြီ။ ဒါကတော့ တစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ဆိုတာရှိပါတယ်။ တစ်နိုင်ငံရဲ့အချုပ်အခြာအာဏာကို ဘယ်နိုင်ငံကမဆို လေးစားလိုက်နာတာကတော့ အကောင်းဆုံးပါပဲ။ ကျွန်တော်တို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ ပြဌာန်း ထားတဲ့ ဥပဒေတွေရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့နိုင်ငံတင် ပြဌာန်းထားတာမဟုတ်ပါဘူး။ ကုလသမဂ္ဂအထိ ကျွန်တော်တို့တင်ပြထားတာရှိတယ်။ ကုလသမဂ္ဂကနေပြီးတော့ ဒါအတည်ပြုထား တာလည်းရှိတယ်။ ဒီကုလသမဂ္ဂက အတည်ပြုထားတဲ့ဟာကို နိုင်ငံများကလည်း လေးစား လိုက်နာဖို့လိုတယ်။ အဲဒီတော့ ၁၉၈၈ ခုနှစ် ခင်ဗျားတို့နိုင်ငံက သင်္ဘောတွေ လာတယ်ဆိုတာက ကျွန်တော်တို့နိုင်ငံက ပြဌာန်းထားတဲ့ဥပဒေနဲ့ ကုလသမဂ္ဂရဲ့ပြဌာန်းချက်တွေနဲ့ ငြိစွန်းတယ်ဆိုရင်တော့ ဒါအဓိပ္ပာယ်တစ်မျိုး ဖြစ်သွားမှာပေါ့။ မငြိစွန်းဘူးဆိုရင်လည်း အဓိပ္ပာယ်တစ်မျိုးဖြစ်မှာပေါ့။ နောက်တစ်ခုကလည်း တစ်ဖက်သတ်ပြဌာန်းထားတဲ့ ဥပဒေတွေလည်း ရှိပါတယ်။ ဒါကျတော့ တချို့ကျတော့ လက်မခံတဲ့ ဟာတွေလည်းရှိတယ်။ တစ်ဖက်သတ်ပြဌာန်းတဲ့ဟာတွေပေါ့။ တချို့နိုင်ငံတွေ တစ်ဖက်သတ် ပြဌာန်းတာပေါ့။ ဒါကျတော့လည်း အငြင်းပွားကြတာပေါ့။ ဒါမျိုးဆိုရင်တော့ မတတ်နိုင်ဘူးပေါ့။

Washington Post။ လက်ရှိအနေအထားမှာ တရုတ်နိုင်ငံဟာ အလွန်ရင်းနှီးတဲ့ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အနောက်နိုင်ငံတွေနဲ့ နီးစပ်သွားမယ့် အနေအထားမျိုးကို တရုတ်နိုင်ငံအနေနဲ့ မလိုလားပါဘူး။ ပြဿနာရောရှိနိုင်ပါသလား။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒမှာ ကျွန်တော်တို့က လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကျင့်သုံးပါတယ်။ နောက်တစ်ခါနိုင်ငံ အားလုံးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးကို ကျွန်တော် လိုလားပါတယ်။ ကျွန်တော်တို့ နိုင်ငံတွေနဲ့ဆက်ဆံတဲ့အခါမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူပေါ်မှာပဲ အခြေခံပြီးတော့ ဆက်ဆံပါတယ်။ ကျွန်တော်တို့ နိုင်ငံအားလုံးနဲ့ ကျွန်တော်တို့မိတ်ဆွေအဖြစ် ဆက်ဆံတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ရန်သူနိုင်ငံလည်းမရှိဘူး။ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ မျှတတဲ့ ဆက်ဆံရေးလုပ်မယ်ဆိုရင် ပြဿနာဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ကျွန်တော်ယူဆတယ်။

Washington Post။ တရုတ်နိုင်ငံဟာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ အပေါ်မှာလည်း အတော်ကို သက်ရောက်မှုတွေရှိပါတယ်။ အဲတော့ တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံတွေရဲ့တိုက်တွန်းမှုအပေါ်မှာ ပြဿနာတွေ မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်တဲ့ အခြေအနေမျိုးရော အဆွေတော်ဘယ်လို မြင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်တို့နိုင်ငံမှာလာပြီးတော့ လုပ်ကိုင်တဲ့ရည်ရွယ်ချက် Intention ပေါ့။ ရည်ရွယ်ချက်အပေါ်မှာ မူတည်လိမ့်မယ်။ သူတို့က ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးမှု လုပ်ချင်တယ်။ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် သူတို့ပူးပေါင်း ဆောင်ရွက်ပေးချင်တယ်။ မှန်ကန်တဲ့ရည်ရွယ်ချက်ရှိတယ်။ ဒေသတည်ငြိမ် အေးချမ်းရေးနဲ့ အိမ်နီးနားချင်းနိုင်ငံတွေကို တည်ငြိမ်အေးချမ်းရေးကို ထိခိုက်အောင်မလုပ်နိုင် ဘူးဆိုလို့ရှိရင် ဒါပြဿနာမရှိပါဘူး။ ကျွန်တော်တို့လည်း ဒါမျိုးဆိုလက်ခံနိုင်မှာ လည်းမဟုတ်ဘူး။ ကျွန်တော်တို့က တရုတ်နိုင်ငံတွင် မဟုတ်ပါဘူး။ အိနိ္ဒယနိုင်ငံဆို လူဦးရေသန်းပေါင်း ၁၂၀ဝ လောက်ရှိတဲ့ အင်အားကြီး နိုင်ငံတစ်ခုပါပဲ။ ကျွန်တော်တို့က အာဆီယံ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က တော်တော်ချိန်ဆပြီးတော့မှ ကျွန်တော်တို့ လုပ်ရပါတယ်။ ကျွန်တော်တို့က အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အတွက် အာဆီယံရဲ့တချို့မှာ သဘောတူညီချက်တွေလည်း လိုက်နာရတာလည်းရှိပါတယ်။

Washington Post။ ပုဒ်မ ၄၃၆ အရ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတစ်ရပ်အတွက် လွှတ်တော်အတွင်း ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းအထိ လိုအပ်ပါတယ်။ တပ်မတော်မှာ ၂၅ ရာခိုင်နှုန်း ရှိပြီးဖြစ်နေတယ်။ ဒီတော့ လူတိုင်းက မဲပေးသည့်တိုင်အောင် တပ်မတော်အနေနဲ့ Veto အာဏာ သုံးကန့်ကွက် နိုင်ခွင့်ရှိနေပါတယ်။ အခုအခြေအနေမှာ အရွေးချယ်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ထက် အဆွေတော်တို့က ပိုပြီးတော့ အခြေအနေဖန်တီးနိုင်ခွင့်ရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးမှာ ကိုင်စွဲထားတဲ့ အခြေအနေကို ပြုပြင်ပြောင်းလဲဖို့အတွက် အခြေအနေရော ရှိပါသလား။
ဗိုလ်ချုပ်မှူးကြီး။ နံပါတ်တစ်အချက်ကတော့ ပြည်သူလူထုတွေ မဲပေးတာနဲ့ပတ်သက် ပြီးတော့ ပြည်သူလူထုလည်း သူတို့လည်း ယုံကြည်ချက်ကြောင့် သူတို့ ပေးတာပေါ့။ ဒီယုံကြည်တဲ့အတိုင်းပဲ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေက လုပ်နိုင်လိမ့်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ တကယ်တမ်းပြောရ ရင်တော့ ဥပဒေပြုရေးကို အဓိကထားမယ့် ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ သူတို့လည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ ဒီအပေါ်မှာ ကောင်းမွန်တဲ့ ရှုထောင့်ဘက်ကနေ သွားမယ်ဆိုရင် တပ်မတော်အနေနဲ့ကလည်း ဘာမှ ဒီဟာနဲ့ပတ်သက်ပြီးတော့ ပူးပေါင်းမဆောင်ရွက်နိုင်စရာအကြောင်း မရှိဘူး။ ကျွန်တော်တို့က တပ်မတော် အနေနဲ့ရပ်တည်တာကတော့ အမျိုးသားရေးအပေါ်မှာ ရပ်တည်တယ်။ ကျွန်တော်တို့က နိုင်ငံရေးကို လုပ်တာ မဟုတ်ပါဘူး။ အမျိုးသားရေးကိုလုပ်တာ။ နိုင်ငံအတွက် အကျိုးရှိမယ်၊ တိုင်းပြည်အတွက် ခိုင်ခိုင်မာမာဖြစ်တဲ့ ကျွန်တော်တို့ သွားနေတဲ့ လမ်းကြောင်းအပေါ်မှာ ခိုင်ခိုင်မာမာဖြစ်မယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက် သွားဖို့တော့ ကျွန်တော်တို့ ဘက်ကရှိပါတယ်။ ခင်ဗျားက ကျွန်တော်အပေါ်မှာ ကျွန်တော်က Powerful ဖြစ်တယ်လို့ ခင်ဗျားက ကျွန်တော်ကို မြင်တယ်။ ကျွန်တော်ကတော့ အဲဒီလိုမမြင်ဘူး။ လွှတ်တော်မှာလည်း ကျွန်တော်တို့ဆုံးဖြတ်လို့ရတဲ့ ဟာတွေရှိသလို၊ ဆုံးဖြတ်လို့မရတဲ့ဟာတွေလည်း ရှိပါတယ်။ လွှတ်တော်မှာ ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေပေါ်မှာ ကျွန်တော်တို့ တပ်မတော် သားလွှတ်တော် ကိုယ်စားလှယ်တွေ တချို့ဟာတွေကလည်း ထောက်ခံတဲ့အတွက်ကြောင့် ရာနှုန်းအများကြီးနဲ့ အတည်ပြုနိုင်တာတွေ ရှိသလို၊ ကျွန်တော်တို့ ကန့်ကွက်ပေမယ့်လည်း အတည်ပြုတဲ့ဥပဒေတွေ၊ ပြဋ္ဌာန်းချက်တွေလည်းရှိပါတယ်။ ဒါ့ကြောင့်ကျွန်တော့်ကို Powerful ဖြစ်တယ်လို့ တပ်မတော်က Powerful ဖြစ်တယ်လို့ ပြောလို့မရပါဘူး။ သူ့နေရာနဲ့သူ၊ သူ့ကဏ္ဍနဲ့သူလုပ်ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ချင်တိုင်း လုပ်လို့မရပါဘူးဆိုတာ ကျွန်တော်ပြောချင်ပါတယ်။

Washington Post။ ပါတီနိုင်ငံရေးကို မလိုလားဘူးလို့ဆိုလိုတာလား။

ဗိုလ်ချုပ်မှူးကြီး။ မဟုတ်ဘူး။ သူတို့ကတော့ ပါတီအတွက် ဦးစားပေးပြီး လုပ်ရင်လုပ်မယ်။ အမျိုးသားရေးအတွက် တိုင်းပြည်အတွက် လုပ်တဲ့ဟာမျိုးဆိုရင် ကျွန်တော်တို့အနေနဲ့ ဘာမှပူးပေါင်း မဆောင်ရွက်နိုင်စရာ အကြောင်းမရှိဘူး။ တိုင်းပြည်မထိခိုက်ဘူးဆိုရင် ကျွန်တော်တို့လုပ်မှာပဲ။ တိုင်းပြည်အကျိုး ရှိမယ်ဆိုရင် လုပ်မှာပဲ။ ဒါကိုဆိုလိုခြင်းဖြစ်ပါတယ်။
Washington Post။ အမေရိကန်နဲ့ ပတ်သက်ပြီးတော့ အမေရိကန်နိုင်ငံမှာလည်း ရွေးကောက်ပွဲ လုပ်တဲ့အခါမှာ နိုင်တဲ့ပါတီကို ရှုံးတဲ့ပါတီတွေနဲ့ ပြည်သူလူထုက ရလဒ်ကို လက်ခံရပါတယ်။ ဒီတော့အဆွေတော်အနေနဲ့ ပြည်သူရဲ့ရွေးချယ်မှုကို လက်ခံပါလိမ့်မယ်လို့ယူဆပါတယ်။ အားလုံးသိကြတဲ့အတိုင်း NLD အနေနဲ့ အခြားပါတီတွေအပေါ်မှာ အပြတ်အသတ်အနိုင်ရရှိထားပါတယ်။ ဒီအချိန်မှာ ပြည်သူလူထုရဲ့ဆန္ဒအရ သူတို့သွားလိုတဲ့ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲလိုတဲ့ ဒီဟာတွေကို တပ်မတော်က လက်မခံလို့ မပြောင်းလဲရတဲ့အခြေအနေတွေကို မှန်မှန်မှားမှား ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုပဲဆက်လက်ဆုပ်ကိုင်ထားမယ့် အခြေအနေမျိုးကိုတော့ အဆွေတော် အနေနဲ့ဘယ်လိုမြင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်ကတော့ အသေဆုပ်ကိုင်မထားဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး အသေဆုပ်ကိုင်ထားခြင်းမရှိပါဘူး။ ကျွန်တော်တို့ ပြင်ဆင်သင့်တဲ့ဟာတွေ ပြင်ဆင်ဖို့လည်း ကျွန်တော်ပြီးခဲ့တဲ့လွှတ်တော်မှာလည်း ပြောခဲ့တာတွေရှိတယ်။ တချို့ကျွန်တော်ပြောခဲ့တဲ့ဟာတွေ မရခဲ့တာ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ တိုင်းပြည်ရဲ့အခြေအနေကို မူတည်ပြီးတော့ ဒါတွေလည်းအကောင်းဘက်ကနေ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

Washington Post။ လက်ရှိအခြေခံဥပဒေပြောင်းလဲဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ဘက်က ၇၅ ရာခိုင်နှုန်းရရှိပြီး တပ်မတော်က ၂၅ ရာခိုင်နှုန်းရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သူ့အနေနဲ့တပ်ဘက်က သဘောတူညီမှုမရှိဘဲ အခြေခံဥပဒေကို ပြောင်းလဲလို့မရနိုင်ဘူးဆိုတာ ဥပဒေမှာပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၄၃၆ နဲ့ပတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့ ၇၅ ရာခိုင်နှုန်းကိုပဲ ပိုပြီးတော့ ဘယ်လောက်ထိ သက်တောင့် သက်သာဖြစ်တဲ့ အခြေအနေမျိုး ဖြစ်တဲ့ အခြား ၇ဝ ရာခိုင်နှုန်း၊ ၆ဝ ရာခိုင်နှုန်း၊ ၅၅ ရာခိုင်နှုန်းအစရှိသဖြင့် ပြောင်းလဲသွားဖို့အခြေအနေ ဘယ်လိုဖြစ်နိုင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်တို့အခု NCA လက်မှတ်ရေးထိုးပြီးတော့မှ ဒီ NCA လက်မှတ် ရေးထိုးတာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့၊ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့ရှိပါတယ်။ ဒီပေါ်မှာမူတည်ပြီးတော့လည်း အချို့ဟာတွေ အဖြေတစ်ခုထွက်လာနိုင်ပါတယ်။ နောက်တစ်ဖက်ကလည်း ခင်ဗျား ပြောတဲ့နိုင်ငံရေး တည်ငြိမ်မှုဆိုတဲ့ ခင်ဗျားမေးတဲ့မေးခွန်းတွေမှာ နိုင်ငံရေးတည်ငြိမ်မှုဆိုတဲ့ အခြေအနေမှာ ကျွန်တော်တို့က နိုင်ငံရေး တည်ငြိမ်မှုရှိသွားတဲ့အခါကျလို့ ရှိရင်လည်း ဒီဟာတွေကလည်း သူ့ဟာသူ အလိုလိုဖြစ်လာနိုင်တယ်လို့ ကျွန်တော်ပြောနိုင်တယ်။ အခုအချိန်မှာတော့ ချက်ချင်းပဲ ဒီဟာကြီးသွား လုပ်မယ်ပြုမယ်ဆိုတာ တော့ပြောဖို့ နည်းနည်းစောသေးတယ်။ ကျွန်တော်တို့ ဆွေးနွေးမှုတွေ လုပ်ဖို့လုံးဝလိုပါတယ်။ အဲဒီဆွေးနွေးမှုပေါ် မူတည်ပြီးတော့မှ ကျွန်တော်တို့ ဒါတွေကိုလည်း လျှော့တန်လည်းလျှော့မယ်၊ ပြင်တာ လည်း ကျွန်တော်တို့ပြင်သွားဖို့ရှိပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ဒီဟာတဖြည်းဖြည်းနဲ့ ပြောင်းလဲမှု လုပ်သွားမယ်ဆိုတာတော့ ဒီဟာ ကျွန်တော်တို့ပြောနိုင်တယ်။

Washington Post။ တပ်မတော်ကအာဏာကို ပြည်သူကို လွှဲပေးတဲ့ပုံစံမျိုးလို့ ဆိုလိုချင်တာလား။

ဗိုလ်ချုပ်မှူးကြီး။ အခုလည်း ပြည်သူကအုပ်ချုပ်နေတာပဲ။ ကျွန်တော်တို့ ဥပဒေအရ ပေးထား တာပဲရှိပါတယ်။ ကျွန်တော်တို့တပ်က ယူထားတာမဟုတ်ပါဘူး။

Washington Post။ အဆွေတော်အနေနဲ့ ဒီအချိန်ကအသင့်မဖြစ်သေးဘူးလို့ဆိုလိုချင်တာလား။

ဗိုလ်ချုပ်မှူးကြီး။ မဖြစ်နိုင်သေးဘူး။ စောပါသေးတယ်။

Washington Post။ ဘယ်အချိန်မှာ အဆွေတော်အတွက် သင့်တော်မယ်လို့ ယူဆပါသလဲ။
ဗိုလ်ချုပ်မှူးကြီး။ ခုနပြောတဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုတွေ အကုန်လုံးရှိသွားမယ်။ လူတွေကလည်း တကယ်ကိုစည်းနဲ့ကမ်းနဲ့ Democracy Practices မှာလည်း ကျွန်တော်တို့ တော်တော်ကြီးကို ဆောင်ရွက်နိုင်ပြီဆိုလို့ရှိရင် ဒါကတော့ အကောင်းဆုံးအခြေအနေဖြစ်ပါလိမ့်မယ်။ ဒါကျွန်တော် ပြည်သူလူထုကို တလွဲအဓိပ္ပာယ် ကောက်တာမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ တကယ်ကို ဒီလမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန်နဲ့ သွားစေချင်တယ်။ ခဏခဏ ကျွန်တော်တို့က ပြဿနာတွေတက်နေတဲ့ဟာတွေ မဖြစ်စေချင်ဘူး။ ဥပမာအားဖြင့် ကျွန်တော်တို့ ဒီမိုကရေစီလမ်းကြောင်းကို သွားတယ်။ ဒါပေမဲ့လည်း အခုပြဿနာတက်နေတဲ့ ဒီမိုကရေစီလမ်းကြောင်း သွားတဲ့နိုင်ငံတွေ အများကြီးရှိပါတယ်။ ဒီလိုမျိုးပေါ်မှာတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့လူတွေ ဒုက္ခသုက္ခရောက်တာကို မဖြစ်စေချင်တာတော့အမှန်ပဲ။ ဒါအကုန်ပါပဲ။ ဒါကတော့ နမူနာနည်းနည်းရှိတာပေါ့။ တခြားဒီပြည်တွင်းစစ် ပြဿနာမရှိဘဲနဲ့ ဒီမိုကရေစီစနစ်မှာ မတည်ငြိမ်တဲ့နိုင်ငံတွေလည်း ရှိပါတယ်။ ပြည်တွင်းစစ်မရှိတဲ့ လက်နက်ကိုင်ပဋိပက္ခမရှိတဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာလည်း ပြဿနာတွေရှိပါတယ်။

Washington Post။ ဥပမာအနေနဲ့အခြားဘယ်နိုင်ငံတွေရှိပါသလဲ။

ဗိုလ်ချုပ်မှူးကြီး။ ဒါကတော့ ခုနက အဆိုးရွားဆုံးကတော့ ဒါက Middle East နိုင်ငံတွေ၊ အာရပ်နိုင်ငံ တွေကတော့ အဆိုးဆုံးပေါ့။ နောက်တစ်ခုကလည်း ခင်ဗျားတို့ ကျွန်တော်တို့ အိမ်နီးနားချင်း နိုင်ငံကြည့်မယ်ဆိုရင် ဥပမာ ထိုင်းလိုဟာ မျိုးပေါ့၊ ဘင်္ဂလားဒေ့ရ်ှလို့ဟာမျိုးပေါ့။ ဒါတွေကြည့်မယ်ဆိုရင်လည်း ပြဿနာ၊ အခက်အခဲတွေအများကြီးနဲ့ ကြုံနေရတယ်။ ဒါတွေကြည့်တဲ့ အခါကျတော့လည်း ကျွန်တော်တို့လည်း ကျွန်တော်တို့နိုင်ငံ မတည်မငြိမ်ဖြစ်မှာလည်း စိုးရိမ်ရတာလည်းရှိပါတယ်။ ကျွန်တော်တို့က အခုမှစခဲ့တဲ့နိုင်ငံ၊ သူတို့က လွတ်လပ်ရေး သူတို့နိုင်ငံရဲ့နိုင်ငံ စတည်ကတည်းက စတဲ့စနစ်၊ ကျွန်တော်တို့ က အခုမှသွားတာ၊ အခုမှသွားတဲ့စနစ်၊ ကျွန်တော်တို့ ရပ်တည်ခဲ့တဲ့ အခြေခံနဲ့၊ သူတို့ရပ်တည်ခဲ့တဲ့ အခြေခံနဲ့ မတူဘူး။ သူတို့ရပ်တည်ခဲ့တဲ့ အခြေခံတောင်မှ အခုတော်တော်ကြီးကို အခက်အခဲတွေ တွေ့နေတယ်။ ကျွန်တော်တို့လို အခုမှ စပြောင်းခါစ နိုင်ငံက မတည်မငြိမ်ဖြစ်လာမယ် ဆိုရင် ပိုဆိုးသွားနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ဒါကိုတည်ငြိမ်အောင် ထိန်းတာပါ။ ခင်ဗျားကျွန်တော်တို့အပေါ်မှာ ကျွန်တော်တို့သွားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ကောင်းကောင်း မွန်မွန်နဲ့ ခိုင်ခိုင်မာမာ ဖြစ်စေချင်တဲ့ အမြင်မျိုးရှိတယ်ဆိုရင်တော့လို့ ခင်ဗျားတို့ စိတ်ရှည်ဖို့ လိုလိမ့်မယ်။ ခင်ဗျား ဒီဟာကို သွားပြီးတော့မှ ဇွတ်ကြီး ဒါကို ဒီလိုဖြစ် ရမယ်ဆိုပြီးတော့ ခင်ဗျားတို့စံချိန်နဲ့တော့ ခင်ဗျားတို့ ဒီလိုတိုင်းလို့ မရနိုင်ဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ တကယ်လို့ ကျွန်တော်တို့ သွားတဲ့လမ်းကြောင်း ပေါ်မှာ ခိုင်ခိုင်မာမာနဲ့စနစ်တကျနဲ့ တည်တည် ငြိမ်ငြိမ်ဖြစ်စေချင်တယ်။ ဒါကြောင့်ကျွန်တော်တို့ထိန်းသိမ်းပြီး တဖြည်းဖြည်းလုပ်နေတာဖြစ်ပါတယ်။ ချက်ချင်းကြီးမဖြစ်နိုင်ဘူး။

Washington Post။ အမေရိကန်က မြန်မြန်ဖြစ်ဖို့ တွန်းအားပေးနေတယ်လို့ ခံစားရပါသလား။

ဗိုလ်ချုပ်မှူးကြီး။ ဒါကတော့ သူတို့ရဲ့ပြောဆိုမှုမှာလည်း တည်ပါတယ်။ အားလုံးကို ကျွန်တော် မဆိုလိုပါဘူး။ တချို့လည်း ခင်ဗျားတို့ဆီမှာ ပြောနေတဲ့ဟာတွေ ကျွန်တော်တို့ ကြားရတာရှိတာပေါ့၊ တချို့ဟာကျတော့လည်း သူတို့ရဲ့ ဆန္ဒအရသူတို့ပြောတာတွေပေါ့။ ဒါတွေလည်း ကျွန်တော်တို့အတွက် တွန်းအားတစ်ခုပဲ။ တချို့ဟာကျတော့ ကျွန်တော်တို့မှာ အကြံဉာဏ် ပေးတာတွေရှိတယ်။ ဒါတွေလည်း ကျွန်တော်တို့မှာ ပေးတဲ့၊ ကောင်းတဲ့ အကြံတွေပဲ၊ ဒါတွေကို ကျွန်တော်တို့ ချိန်ဆပြီးတော့ အမေရိကန်နိုင်ငံရယ် မဟုတ်ဘူး၊ ဘယ်နိုင်ငံရဲ့ပြောဆိုချက်မဆို ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီတယ်၊ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဟာတွေ အပေါ်မှာ ကျွန်တော်တို့ကလည်း လုပ်စရာရှိတဲ့၊ ပြောင်းလဲစရာရှိတာကို ပြောင်းလဲပြီးဆောင်ရွက်နေပါတယ်။ ချက်ချင်းကြီးတော့ အကုန်လုံး ဝုန်းဝုန်းနဲ့ပြောနေတာ၊ အခုတော့ ကျွန်တော်တို့တော့ ၅ နှစ်လောက် အတွင်းမှာ ကျွန်တော်တို့ပြောင်းလဲမှုတွေ အများကြီးဖြစ်တယ်။ အချို့ဟာ တွေမှာ ကျွန်တော်တို့ အခက်အခဲတွေကြုံခဲ့တယ်၊ ကျွန်တော်တို့ ဒီ ၅ နှစ် သက်တမ်းမှာ ကျွန်တော်တို့တွေ့ပါတယ်။

Washington Post။ အဆွေတော်ရဲ့နိုင်ငံအကြောင်းကို အခြားနိုင်ငံတွေက အဆွေတော် လောက် မသိနိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်များအနေနဲ့ နိုင်ငံကို တည်ဆောက်ဖို့ ကြီးမားတဲ့စိ်န်ခေါ်မှုတွေ ရှိလိမ့်မယ်ဆိုတာကို ကျွန်မ သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုရဲ့မျှော်မှန်းချက်က အတိုင်းအတာ မြင့်မားပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ဟုတ်ပါတယ်။ ပြည်သူလူထုကတော့ သူတို့မျှော်မှန်းမှာပေါ့။ ဒါပေမဲ့ ကျွန်တော် ဥပမာပြောပြမယ်။ ခြေလှမ်းသိပ်ကျယ်လွန်းအားကြီးရင် ကျွန်တော်တို့ ကြားမှာ လွတ်သွားတတ်တယ်လို့၊ နောက်တစ်ခုကလည်း အမြင့်ကို တအားမြင့်တဲ့ဟာကြီးကို လိုက်ပြီးတော့ လိုက်လုပ်လို့ ရှိရင်လည်း ခြေဖျားထောက်ပြီးတော့ လုပ်ရလိမ့်မယ်။ ခြေဖျားထောက်တဲ့အခါမှာ ချော်ကျတတ်တယ်။ ဒါကြောင့် သေသေချာချာ ဒီ Step တွေကို သေသေချာချာ ခိုင်ခိုင်လုပ်ပြီးတော့ တဖြည်းဖြည်းချင်းနဲ့ အပေါ်တက်တာ အကောင်းဆုံးပဲ။ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ ဒီဟာလေးကို တစ်ခုပြီး တစ်ခု ခိုင်ခိုင်မာမာဖြစ်အောင် ကျွန်တော်တို့ လုပ်ပေးတာဖြစ်ပါတယ်။

Washington Post။ လက်ရှိပြည်သူလူထုကနေပြီးတော့ မဲပေးခဲ့တာရှိပါတယ်။ ဒီရလဒ်က ပြီးခဲ့တဲ့ တပ်မတော်အစိုးရအတွက်တော့ နှစ်ခြိုက်မယ့်ရလဒ်တော့ မဟုတ်ပါဘူး။ အဆွေတော်အနေနဲ့ရော ဒီရလဒ်အပေါ်မှာ အံ့ဩတုန်လှုပ် တာမျိုးရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး။ မရှိပါဘူး။ ဘာမှ မရှိပါဘူး။ သူတို့ပြည်သူက ရွေးတာပဲ။ ကျွန်တော်တို့ ပြည်သူက ရွေးချယ်တဲ့ လမ်းကြောင်းသွားရုံပဲ ရှိတာပေါ့။

Washington Post။ ပြည်သူတွေရဲ့ရွေးချယ်မှုက အရမ်းကိုကြီးမားလွန်းတော့ အဆွေတော်အနေနဲ့ အံ့ဩမိပါသလား။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်ထင်တယ်။ သူတို့လည်းလက်ရှိအစိုးရပေါ့။ လက်ရှိအစိုးရအပေါ်မှာ သူတို့အနေနဲ့ သူတို့လိုချင်တဲ့ ဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့ ယုံကြည်မှု အားနည်းလို့သာ သူတို့အနေနဲ့ တခြားအဖွဲ့ကို သူတို့မဲပေးတယ်လို့ ကျွန်တော်ယူဆပါတယ်။ အဲဒီတော့ ဒါကပြည်သူတွေ ရွေးချယ်လိုက်ပြီပေ့ါ။ ပြည်သူရွေးချယ်တဲ့အတိုင်းပဲ ရွေးချယ်ခံရတဲ့သူတွေလည်း ဒီပြည်သူရဲ့ ဆန္ဒနဲ့ကိုက်ညီအောင် လုပ်ရလိမ့်မယ်။ လုပ်တဲ့အခါကျရင်လည်း ဥပဒေနဲ့ ညီညွတ်အောင် ကျွန်တော်တို့လုပ်ရလိမ့်မယ်။ ဥပဒေနဲ့ညီညွတ်ဖို့လိုတာ ပေ့ါ။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု မထိခိုက်အောင်လုပ်ဖို့လိုတာပေ့ါ။ ဒါအများကြီး ကျယ်ပြန့်ပါတယ်။ နိုင်ငံရေးဆိုတာ အများကြီး ကျယ်ပြန့် ပါတယ်။ အကြောင်းအရာတစ်ခုတည်းကို သွားပြီးတော့မှ ဒါပြည်သူရဲ့ဆန္ဒ ဒါပြည်သူရဲ့ဆန္ဒဆိုပြီးတော့ သွားလုပ်လို့တော့မရဘူး။ ပြည်သူရဲ့ဆန္ဒ ဆိုပေမယ့်လည်း တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အပေါ်မှာလည်း အများကြီးစကားပြောပါတယ်။

Washington Post။ အဆွေတော်နဲ့ဒေါ်အောင်ဆန်းစုကြည် တွေ့တဲ့အချိန်မှာ ဆွေးနွေးမှုများ ဒီအကြောင်းအရာတစ်ခုရှိပါလား။ အဲဒါကတော့ သူမနဲ့ကျွန်မ ဆွေးနွေးတဲ့ အချိန်မှာ သူမကတော့ ပြတ်ပြတ်သားသားပြောခဲ့တာရှိပါတယ်။ ဒီပြီးခဲ့ တာတွေအတွက်ကို ပြန်လည်ပြီးတော့ ကလဲ့စားချေမယ်၊ ပြီးခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ ပြန်လုပ်မယ်ဆိုတဲ့ဟာမျိုးကို လုံးဝမလုပ်ဘူးလို့ ပြောခဲ့တာရှိပါတယ်။ ဒါပေမဲ့အဆွေတော်အနေနဲ့ဒါကို သေချာအောင် သူ့ဆီကနေပြီးတော့ အာမခံချက်ယူဖို့ အစီအစဉ်ရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး ။ ကျွန်တော်တို့ ဘာမှစိတ်ပူတာမျိုးမရှိဘူး။ ကျွန်တော်ဘာမှ စိတ်ပူပင်မှု မရှိဘူး။

Washington Post။ ဆိုလိုတာက ဒီဟာနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့မရှိဘူးဆိုတဲ့သဘောလား။
ဗိုလ်ချုပ်မှူးကြီး။ သူတို့ဘက်က ဘာမှမပြောရင် ကျွန်တော်တို့ဘက်က ဘာမှပြောစရာလည်း အကြောင်းမရှိဘူး။

Washington Post။ အဆွေတော် အရမ်းထက်မြက်တယ်ဆိုတာကို ကျွန်မ ဗမာလိုမပြောနိုင်တာ ကို ကျွန်မတောင်းပန်ပါတယ်။ အဆွေတော်ထက်မြက်တယ်ဆိုတာကို ကျွန်မ ခန့်မှန်းမိပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော် မထက်မြက်ပါဘူး။ ကျွန်တော်တို့တပ်မတော်မှာ သူ့စည်းမျဉ်း စည်းကမ်းနဲ့ လုပ်ရပါတယ်။ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်တဲ့အခါကျတော့ ဒီစည်းမျဉ်းစည်းကမ်းကို ကျော်လွန်သွားလို့ သူတို့ဘက်က နစ်နာတယ်ယူဆ လို့ရှိရင်လည်း သူတို့ဥပဒေကြောင်းက သူတို့ပြောလို့ ရပါတယ်။ ကျွန်တော်တို့လည်း ပြန်ရှင်းပြလို့ရပါတယ်။ မှန်ကန်တဲ့ ဒီမိုကရေစီမှာ ဒီလို Practice မရှိဘူး။

Washington Post။ ပြီးခဲ့တဲ့ကာလတုန်းက ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုတွေ ထောင်သွင်းခဲ့တာနဲ့ပတ်သက် ပြီးတော့၊ အကယ်၍ အဲလိုမျိုး လုပ်ခဲ့တဲ့ဟာကို သူ့ကိုဝမ်းနည်းကြောင်းပြောဖို့ စိတ်မကောင်းကြောင်းပြောဖို့ အစီအစဉ်များရှိပါသလား။ အဆွေတော် မလုပ်ဘူးဆိုတာသိပါတယ်။ Personally မလုပ်ဘူးဆိုတာသိပါတယ်။ ဒါပေမဲ့ တပ်မတော် အစိုးရအနေနဲ့ လုပ်ခဲ့တဲ့အပေါ်မှာ သူ့ကိုဝမ်းနည်းကြောင်း ပြောဖို့များရှိပါသလား။ ဒါမှမဟုတ်လို့ ရှိရင် အခြေအနေအရ အဲလိုမျိုး တစ်ကျော့ပြန်လာမယ့် အခြေအနေမျိုး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေကို ထောင်တွေမှာချခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီးတစ်ယောက် အနေနဲ့မဟုတ်ဘဲနဲ့ ဝမ်းနည်းစကားပြောဖို့ ရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး။ ဒီလိုတော့ ပြောစရာအကြောင်းတော့မရှိဘူးထင်တယ်။ ဒါဟိုဘက်က နိုင်ငံရေး အခြေအနေနဲ့ လုပ်ခဲ့တဲ့ နိုင်ငံရေးစနစ်တုန်းက အခြေအနေအရ လုပ်ခဲ့တာပဲဖြစ်တယ်။ ဒါကတော့ တစ်ကဏ္ဍဖြစ်ပါတယ်။ ကျွန်တော်နဲ့တော့ ဘာမှမဆိုင်ဘူး။

Washington Post။ အဆွေတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာ Red Line အနေနဲ့ အဆွေတော်အနေနဲ့ မျဉ်းတစ်ခုအနေနဲ့ သတ်မှတ်ထားတာ ရှိပါလိမ့်မယ်။ အဲဒီဟာက ၅၉(စ) ဒါမှမဟုတ်ရင် ၄၃၆ ။ ဒါမျိုးနဲ့ ပတ်သက်ပြီး ဆွေးနွေးလာရင် ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့မရှိဘူး ဆိုပြီးတော့ ဖြတ်ချမယ့် အနေအထားမျိုးရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်ကတော့ သူဘာဆွေးနွေးမလဲဆိုတာ မသိပါဘူး။ သူဆွေးနွေးတဲ့ အပေါ်မူတည်ပြီး ကျွန်တော့်ဘက်ကတော့ အကောင်းဆုံးဖြစ်အောင် ပြန်ပြီးတော့ဆွေးနွေးဖို့ ကြံရွယ်ထားပါတယ်။

Washington Post။ ကျွန်မဆိုလိုတာက ခုနကတုန်းကရှင်းပြသလို Red Line အနေနဲ့ ဥပမာ ၅၉(စ)နဲ့ ပတ်သက်ပြီး သူမက ပြောခဲ့မယ်ဆိုလို့ရှိရင် မဆွေးနွေးဘူးဆိုတာ သတ်မှတ်ထားတာရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး။ ဘာမှမရှိဘူး။ သူကြိုက်တာဆွေးနွေးလို့ရတယ်။ ကျွန်တော်လည်း ဆွေးနွေး နိုင်သမျှ ပြန်ဆွေးနွေးမှာပဲ။

Washington Post။ သူကြိုက်တဲ့ဟာပြော။ ဒါပေမဲ့ အဆွေတော်က ဆွေးနွေးနိုင်တာကိုပဲ ဆွေးနွေးမယ် ဆိုတဲ့အဓိပ္ပာယ်လား။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်ဆွေးနွေးနိုင်တဲ့ဟာကို ဆွေးနွေးမှာပေါ့။ ကျွန်တော်မဆွေးနွေးနိုင် တဲ့ဟာကို ကျွန်တော်ဘာလို့ သွားဆွေးနွေးမှာလဲ။

Washington Post။ ကျွန်မကသာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီးတော့ အဆွေတော်ကို ပြောမယ်။ ကျေးဇူးပြုပြီး ၅၉(စ)ကို ပြင်ပေးပါဆိုရင် အဆွေတော်ဘယ်လိုများ ဖြေမလဲ။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်ရှင်းပြမှာပေါ့ဗျာ။

Washington Post။ အဆွေတော်အနေနဲ့မပြောင်းဘူးလို့ ပြောမှာလား။

ဗိုလ်ချုပ်မှူးကြီး ။ သူပြောတဲ့အပေါ်မူတည်ပါလိမ့်မယ်။ ခင်ဗျားနဲ့ကျွန်တော်ပြောရင် သိပ်တော့ အကျိုးရှိမှာ မဟုတ်ဘူး။

Washington Post။ အဆွေတော်ရဲ့ ခေါင်းထဲမှာတော့ ရှိပြီးသားဖြစ်မှာပေါ့။

ဗိုလ်ချုပ်မှူးကြီး။ ရှိပါတယ်။ ကျွန်တော့်မှာ ဖြေဖို့အတွက် အကုန်လုံး ရှင်းပြနိုင်ဖို့အတွက် ကျွန်တော်ရဲ့ အမြင်တွေပြောပြဖို့အတွက် ကျွန်တော့်မှာ အဆင်သင့်ရှိတယ်။ ရှင်းပြဖို့ထက် ဆွေးနွေးဖို့ပေါ့။

Washington Post။ အဆွေတော်နဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ယောက်တည်း တစ်ခါမှ မဆွေးနွေးဖူးဘူးလား။

ဗိုလ်ချုပ်မှူးကြီး။ နှစ်ယောက်ချင်းတော့ မဆွေးနွေးဖူးဘူး။ ဒီမှာတော့ အများနဲ့တော့ တွေ့ဖူးပါတယ်။ အခုလာမယ့်ဟာက။

Washington Post။ အခုလာမယ့်ဟာက ပထမဦးဆုံး နှစ်ယောက်ချင်း တွေ့မှာပါလား။
ဗိုလ်ချုပ်မှူးကြီး။ ဖြစ်ပါလိမ့်မယ်။

Washington Post။ ဒါနဲ့ပတ်သက်ပြီး တော်တော်ဖတ်ရှုဆောင်ရွက်ထား၊ ကြိုတင်ပြင်ဆင်ထားပါ သလား။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်ခေါင်းထဲမှာ ရှိပါတယ်။ ကျွန်တော်ဘာမှ သိပ်ပြီး ထွေထွေထူးထူး ကြည့်နေစရာလည်းမရှိပါဘူး။ ကျွန်တော်က ဒီဟာကြီးဖြတ်သန်းလာရတဲ့ လူဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်ခေါင်းထဲမှာ အကုန်ရှိပါတယ်။

Washington Post။ အမေရိကန်နိုင်ငံမှာရှိတဲ့ ပြည်သူတွေကို ဘာများ စကားလက်ဆောင် ပါးချင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ ပါတီစုံဒီမိုကရေစီလမ်းကို ကျွန်တော်တို့ သွားနေတာ။ ကျွန်တော်တို့တကယ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ခိုင်ခိုင်မာမာ ဖြစ်အောင်သွားနေတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့အပေါ်မှာ အပြု သဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကြိုဆိုတယ်ဆိုတာလေး ပြောချင်တယ်။ ဒါနံပါတ် တစ်အချက်ပေါ့။

Washington Post။ မြန်မာနဲ့အမေရိကန် နှစ်နိုင်ငံကြားကို ပြောတာလား။

ဗိုလ်ချုပ်မှူးကြီး။ နှစ်နိုင်ငံပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ကျွန်တော်တို့နိုင်ငံရဲ့ အခြေ အနေပေါ် မူတည်ပြီးတော့ပဲ ကျွန်တော်တို့နိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်တဲ့ နိုင်ငံရဲ့စနစ်ကိုပဲသွားရမယ်ဆိုတာလည်း ခင်ဗျားတို့ အမေရိကန်ပြည်သူလူထုကလည်း နားလည်ပေးဖို့လိုပါတယ်။

Washington Post။ သူတို့နားလည်မယ်မထင်ဘူး။ သူတို့ဒီလိုပါလီမန်မှာရှိနေတာကို နားလည်မယ် မထင်ဘူး။

ဗိုလ်ချုပ်မှူးကြီး။ သူတို့တစ်ချိန်ကျရင် ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုပေါ်မူတည်ပြီး သူတို့ နားလည်သွားပါလိမ့်မယ်။ ချက်ချင်းကြီးတော့ သူတို့နားလည်မှာမဟုတ်ဘူး။ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှု ပေါ် မူတည်ပြီး သူတို့နားလည်ပါလိမ့်မယ်။

Washington Post။ အမေရိကန်နိုင်ငံမှာတော့ အမေရိကန်ရဲ့သမ္မတကို အမေရိကန်နိုင်ငံရဲ့ ဦးစီးချုပ်ကနေ သတင်းပို့ရတဲ့စနစ်ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး ။ ဟုတ်ပြီ။ အဲဒီတော့။

Washington Post။ ကွာခြားနေပါတယ်။ နှစ်နိုင်ငံကကွာခြားနေပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ဒီမှာလည်းသတင်းပို့ရတာတွေရှိပါတယ်။ ကျွန်တော့်တပ်မတော်နဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ရင် တချို့ဟာတွေမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေရှိပါတယ်။ ဒါတချို့ ပါ။ ဒါပေမဲ့ သမ္မတကို ကျွန်တော်တင်ပြပြီး လုပ်ရတာတွေရှိပါတယ်။ ကျွန်တော်တို့က ဥပဒေလိုက်နာရတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ဥပဒေ ကျော်လွန်ပြီး ဘာမှလုပ်လို့မရဘူး ဆိုတာတော့ ကျွန်တော်ပြောလိုတယ်။

Washington Post။ အဆွေတော်အနေနဲ့ ဘယ်သူပဲသမ္မတဖြစ်ဖြစ်လက်ခံမှာလား။ စစ်ရေး သို့မဟုတ် ကာကွယ်ရေးအမြင်မရှိတဲ့သူဆိုရင်ရော။ ဘယ်သူပဲ သမ္မတဖြစ်ဖြစ် အဆွေတော့်မှာ ပြဿနာမရှိဘူးလို့ ဆိုလိုချင်တာလား။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်ဥပဒေနဲ့ညီတဲ့ကိစ္စမှန်သမျှ ကျွန်တော်လိုက်လုပ်ဖို့အတွက် ကျွန်တော့်မှာ ဘာမှပြဿနာမရှိပါဘူး။

Washington Post။ ဘယ်သူ့ကိုမဆိုပေါ့။

ဗိုလ်ချုပ်မှူးကြီး။ ဘာမှပြဿနာမရှိဘူး။ သူ့စည်းကမ်းနဲ့အညီဖြစ်ရင် ဘာမှပြဿနာမရှိဘူး။

Washington Post။ တပ်မှာကိုယ်ပိုင်စီးပွားရေးတွေလုပ်နေတာ၊ တပ်ပိုင်စီးပွားရေးတွေ လုပ်နေတာရှိပါတယ်။ အကယ်၍ ပိုပြီးတော့ပွင့်လင်းမြင်သာတဲ့အချိန်မှာ အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အချိန်မှာ တပ်မတော် အနေနဲ့ ဒီလုပ်ငန်းကို ဆက်ပြီးတော့ဆောင်ရွက်မလား။ ဒါမှမဟုတ် သီးသန့် စီးပွားရေးလုပ်ငန်းတွေ မလုပ်ဘဲနေမှာလား။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်တို့လုပ်နေတဲ့ တပ်မတော်စီးပွားရေးလုပ်ငန်းက အစိုးရရဲ့ ဥပဒေနဲ့အညီ ဖွဲ့စည်းတည်ထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်ငန်းတွေဖြစ်တယ်။ တိုင်းပြည်ရဲ့ အကျိုးစီးပွား အထောက်အကူရအောင် လုပ်ပေးတာတွေဖြစ်တယ်။ တချို့ဟာတွေလည်း တပ်က Share ပါတာလည်းရှိတယ်။ တချို့စစ်မှုထမ်းဟောင်းတွေရဲ့ Share တွေပါတာလည်းရှိပါတယ်။ ဒါတွေနဲ့ စုပြီးတော့မှလုပ်တာ။ သို့သော်လည်းပဲ ကျွန်တော်တို့ တိုင်းပြည်အတွက် ပြည်သူလူထုရဲ့အကျိုးစီးပွားကို အထောက်အကူရတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်နေတယ်ဆိုတာ ကျွန်တော် ပြောလိုတယ်။ နောင်ကျလို့ရှိရင်လည်း တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ ကျွန်တော်တို့က အများပိုင်အနေနဲ့သွားဖို့အတွက် ကျွန်တော်တို့လုပ်နေ တာတွေရှိပါတယ်။

Washington Post။ ပြည်သူလူထုက ဒီရှယ်ယာတွေပိုင်ဆိုင်တဲ့ပုံစံမျိုးပါလား။

ဗိုလ်ချုပ်မှူးကြီး။ သတ်မှတ်ထားတဲ့အချိုးကျပါလာပါလိမ့်မယ်။

Washington Post။ အဆွေတော်ကို နောက်ဆုံးမေးခွန်းတစ်ခုမေးချင်ပါတယ်။ အခုပြီးခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီးတော့ တပ်ကနေပြီးတော့ ဝင်ရောက်ပြီးတော့ လွှမ်းမိုးခြယ်လှယ်တဲ့ အနေအထားမျိုး မဖြစ်ဘူး။ အနာဂတ်မှာ အာဏာသိမ်းမှုမဆောင်ရွက်ဘူး။ Marshal Law မထုတ်ပြန်ဘူး။ NLD အနေနဲ့ ဒီအနိုင်ရတဲ့ ဒီ Power ကို လွှဲသွားတဲ့ အနေအထားဖြစ်မယ်ဆိုတာကို အဆွေတော်အနေနဲ့ အာမခံပေးနိုင် ပါသလား။

ဗိုလ်ချုပ်မှူးကြီး။ နံပါတ်တစ်အချက်ပေါ့။ ရွေးကောက်ပွဲနဲ့ပတ်သက်တာ ကျွန်တော်တို့ အနေနဲ့ မှန်မှန်ကန်ကန် လုပ်ခဲ့တယ်ဆိုတာ Free and Fair Election ဖြစ်တယ်ဆိုတာ ကျွန်တော်ပြောနိုင်တယ်။ ကျွန်တော်တို့တပ်မတော်နဲ့ ပတ်သက်ရင် ကျွန်တော်ပြောနိုင်တယ်။ တခြားနေရာတွေမှာ တခြား မြို့နယ်ရွေးကောက်ပွဲ တွေမှာတော့ တချို့ပြဿနာလေးတွေရှိတယ် ဆိုတာတော့ ကျွန်တော်တို့သိတယ်။ ဒါကြောင့်ဒီဟာနဲ့ပတ်သက်ပြီး အပြည့်အဝ ကျွန်တော်မပြောနိုင်ဘူး။ ဒါတော့ခင်ဗျားနိုင်ငံတကာမှာလည်း ရှိပါတယ်။ ဒါ ကျွန်တော်တို့နိုင်ငံ တစ်ခုတည်းမဟုတ်ပါဘူး။ Complain လုပ်တာပေါ့။ ဒါကတော့ဟုတ်တယ်။ ဒါကတော့မဟုတ်ဘူး စသည်ဖြင့်ပေါ့ ရှိပါလိမ့်မယ်။

Washington Post။ မနေ့ကကျွန်မတစ်ခုကြားတာရှိပါတယ်။ Election Commission အနေနဲ့ ဒီ NLD က တချို့အရွေးခံထားရတဲ့နေရာတွေကို ပယ်ဖျက်တဲ့သတင်းကြားရပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ အဲဒီလိုတော့မရှိဘူး။

Washington Post။ အဆွေတော်ဆိုလိုချင်တာက သူတို့နိုင်တယ်ဆိုတာသေချာရင် တပ်က အာဏာသိမ်းတာမပြုဘူး။ အာဏာလွှဲပေးမယ်ဆိုတာ အဆွေတော် ပြောနိုင်ပါသလား။

ဗိုလ်ချုပ်မှူးကြီး။ သမ္မတကြီးက စနစ်တကျ အာဏာလွှဲပေးမယ်လို့ပြောပြီးသားပါ။ ကျွန်တော် တို့က ဒီလမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန်သွားနေတဲ့ သွားဖို့အတွက် ကြိုးစားနေသူဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေနဲ့မညီညွတ်တဲ့ ကိစ္စမှန်သမျှ ကျွန်တော်ဘာမှမလုပ်ပါဘူး။

Washington Post။ ကျွန်မကိုသီးခြားဘာများပြောချင်တာရှိပါသလဲ။

ဗိုလ်ချုပ်မှူးကြီး။ ခင်ဗျားလည်း အတွေ့အကြုံအများကြီးရှိတဲ့ လူတစ်ယောက်ပါ။ ကျွန်တော် ခင်ဗျားဆီက Data တွေ ဒီအချက်အလက်တွေ ပေးတဲ့အချိန်မှာ ခင်ဗျား ကမ္ဘာ့ခေါင်းဆောင်တွေ အများကြီးနဲ့ တွေ့ခဲ့တဲ့လူတစ်ယောက် ဖြစ်တယ်။ အတွေ့အကြုံအများကြီးရှိတဲ့လူ။ ကျွန်တော်လည်း ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်ရှိတဲ့အတိုင်းပဲ ပြောတယ်။ ကျွန်တော့်မှာ ဘာ Document မှ မပါပါဘူး။ ကျွန်တော့် စိတ်ထဲမှာရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ကျွန်တော်ပြောတာပါ။ ဒီမှာတချို့ဟာတွေမှာလည်း ခင်ဗျားတို့ရဲ့ အတွေ့အကြုံအရ ခင်ဗျားတို့သဘောတူတာလည်းရှိချင်ရှိမယ်။ တချို့ဟာလည်း သဘောမတူ တာလည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ သို့သော်လည်းပဲ ခင်ဗျားရဲ့ မေးခွန်းပေါ်မူတည်ပြီး ကျွန်တော့်ရဲ့ခေါင်းထဲမှာ ပေါ်သလောက်ပြောခြင်း ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ကျွန်တော်ပြောတာပါ။ ဒါကြောင့်ခင်ဗျား ကျွန်တော်နဲ့တွေ့တာဟာ အမေရိကန်နဲ့မြန်မာနိုင်ငံ နှစ်နိုင်ငံဆက်ဆံရေးနဲ့ သော်လည်းကောင်း၊ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးမှာ သော်လည်းကောင်း အထောက်အကူရလိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။

Source – Senior General Min Aung Hlaing
Photos Credit – Senior General Min Aung Hlaing

9 comments

  • Wow

    November 25, 2015 at 4:39 pm

    ဂျပုတို့က ခုထိလေသံမလျော့သေးဘူး

  • မြစပဲရိုး

    November 25, 2015 at 5:02 pm

    ပင်စင်ယူပါဦး – L ခွန်းရီ 😉

    တစ်နေ့လောက် မတွေ့ရင်ဘဲ အရမ်းလွမ်းသတဲ့၊ စက္ကန့်လေး တွေလဲ ဝါးစားမတဲ့။
    အိုး ရီချင်တယ်။ ဒီလောက်ဘဲလား ကိုကို ရယ်။
    တစ်ခါတစ်လေ လေးပေါ့ တွေ့ချင်တာ ခဏလောက်တော့ ပင်စင်ယူပါဦး။
    သိပ်သိပ်ချစ်ပါသတဲ့။ အရမ်းချွဲ တာ။
    အိုး ရီချင်တယ်။ ဒါ အကုန် ဘဲလား ကိုကို ရယ်။
    လူကွယ်ရင် အနမ်းမိုးမစဲ တာ တွေ ခဏလောက်တော့ ပင်စင်ယူပါဦး။
    ပြောစကား လေး တွေ လွန်နေမယ်။
    တော်ပါပြီ မောင်ရယ်။ ယုံပါတယ် ရှင်ရယ်။
    အကုန်ကြေညာ မောင်းခတ်မယ်။
    လူတွေ မမြင်ရင် သူ ကဲ တယ်။
    ကလေးဆိုး လေး တစ်ယောက်လိုဘဲ။
    အိုး ရီချင်တယ်။ ဒီလောက်ဘဲလား ကိုကို ရယ်။
    တစ်ခါတစ်လေ လေးတော့ တွေ့ချင်တာ ခဏလောက်တော့ ပင်စင်ယူပါဦး။
    သိပ်သိပ်ချစ်ပါသတဲ့။ အရမ်းချွဲ တာ။
    ပြောစကား လေး တွေ လွန်နေမယ်။

    https://www.youtube.com/watch?v=3-4QokyGrHA

  • kai

    November 26, 2015 at 11:15 am

    ဒီပုဂ္ဂိုလ်သမ္မတရာထူးမှန်းထားတယ်ဗျ…။
    သူ့စကားထဲ..ပေါ်တယ်..။

  • Mike

    November 27, 2015 at 10:59 am

    .ဒီတစ်ခါတော်တော်ရှည်ရှည်မေးသွားတာပဲ

  • Kyaemon

    November 27, 2015 at 3:27 pm

    မှူးချုပ်မင်းအောင်လှိုင်နဲလူတွေ့မေးမြန်းပွဲက
    အင်္ဂလိပ်လို links လင့်စ် များ
    )အသေးစိတ်နှိုင်းယှဉ်လိုသူများအတွက်)

    https://www.washingtonpost.com/opinions/burmas-top-general-i-am-prepared-to-talk-and-answer-and-discuss-with-aung-san-suu-kyis-government/2015/11/23/ddf3ac76-9124-11e5-a2d6-f57908580b1f_story.html

    http://www.irrawaddy.org/election/news/no-quick-change-for-burma-army-chief-says-in-post-poll-interview

  • Kyaemon

    November 27, 2015 at 3:39 pm

    (တပည့်တွေကိုထိန်းပေးဘို့နောက်ကွယ်ရာ
    ဆရာ့ဆရာ ကို ကြိုတင်သွားကိုင်ထားပုံရတယ်)
    ————————

    ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ၏ မြေးဖြစ်သူတို ့ တွေ ့ဆုံခဲ့ကြောင်း နှစ်ဘက်စလုံးမှ အတည်ပြု

    http://www.xinhuamyanmar.com/myanmar/politics-law-military/2068-2015-11-26-11-12-01ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ၏ မြေးဖြစ်သူ နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် တို ့တွေ့ဆုံခဲ့သည်မှာ မှန်ကန်ကြောင်း နှစ်ဘက်စလုံး၏ အတည်ပြု ပြောကြားချက်များအရ သိရသည်။
    အထွေထွေ ရွေးကောက်ပွဲ ကျင်းပ ပြီးစီးခဲ့သည့် နောက်ပိုင်း နိုဝင်ဘာလ ၁၉ ရက် ညနေပိုင်းအချိန်တွင် နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ နေအိမ်သို ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ မြေးဖြစ်သူ နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် က လာရောက် တွေ ့ဆုံခဲ့ခြင်း ဖြစ်ပြီး ၎င်းတို ့ပြောဆို ဆွေးနွေးမှု အကြောင်းအရာ နှင့် ပတ်သက်၍ နှစ်ဘက်စလုံးမှ တစ်စုံ တစ်ရာ ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ဘဲ တွေ ့ဆုံမှု ရှိခဲ့သည် ဆိုခြင်းကိုသာ အတည်ပြုခဲ့ကြသည်။

    ထိုသို ့တွေ ့ဆုံမှုနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်တဲ့ အာရှအသံ (RFA) နှင့် တွေ ့ဆုံမှု အစီအစဉ်တွင် အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

    ထို့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု ပြောကြားပြီးနောက် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ မြေးဖြစ်သူ နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်က ယနေ ့နိုဝင်ဘာလ ၂၆ ရက်တွင် ၎င်း၏ Facebook စာမျက်နှာ၌ ဒေါ်အောင်ဆန်းစုကြည်က ၎င်းအား တွေ ့ဆုံစဉ်တွင် နွေးထွေးရင်းနှီးစွာ ဆက်ဆံခဲ့ခြင်းအပေါ် များစွာ ဝမ်းသာမိကြောင်း ၊ တိုင်းပြည် အကျိုးအတွက် ကျရာ ကဏ္ဍမှ ကူညီ ဆောင်ရွက်မည် ဖြစ်ကြောင်း ၊ ပြည်သူများလည်း ယခု သတင်းကြောင့် ဝမ်းသာလိမ့်မည်ဟု မျှော်လင့်ပါကြောင်းနှင့် ၎င်းဘက်ကလည်း ကျေးဇူးတင်ကြောင်း ရေးသား ဖော်ပြထားသည်။ (Xinhua)

  • Ko Two

    November 29, 2015 at 9:45 am

    အရုပ်နဲတယ် စာများတယ်
    နောက်ခါ တိုတိုတုတ်တုတ် မေး တိုတို တုတ်တုတ်ဖြေ ကြပါခင်ဗျား
    ကျေးဇူးတင်ပါတယ်

  • ဦးကြောင်ကြီး

    November 30, 2015 at 12:36 pm

    မြေလှ ျိုးစစ်တပ်

Leave a Reply