သူ့နာမည်က ဒေါ်ပြောင်းဖူး။

အားလုံးက ခေါ်တဲ့ နာမည်ပေါ့။ အသက်က ၄ရနှစ်။ ကလေးက ၄ ယောက်။ ယောက်ျားက အရက်သမား လေဖြတ်။

အလုပ်အကိုင်ကတော့ ကျောက်တော်ကြီးဘုရားမှာ မုန့်တီတို့ အသုပ်တို့ ရောင်းတယ်။ အရင်တုန်းက ပြောင်းဖူးပြုတ်ရောင်းတော့ အနားက ဈေးသည်အားလုံးက ဒေါ်ပြောင်းဖူးလို့ပဲ ခေါ်ကြတယ်။

တစ်နေ့ ကျောက်တော်ကြီးဘုရား ချစ်ချစ်နဲ့သွား၊ ဗိုက်ဆာလာတော့ အဲဒီဆိုင်လေးမှာ ထိုင်ဖြစ်တာပေါ့။ ထိုင်ဖြစ်တော့ ထုံးစံအတိုုင်းအသုပ်နဲ့ မုန့်တီမှာတာပေါ့။ အဲဒီမှာ ကလေးလေး နှစ်ယောက်က ပန်းကန်လေးတွေနဲ့ အစုံသုပ် ၁၀ဝ ဖိုးနှစ်ပွဲဆိုပြီးတော့ လာဝယ်ကြတာ။ ကျွန်တော်လဲကြည့်နေတာ အဲဒီအဒေါ်ကြီးရဲ့ ၁၀ဝ ဖိုးကလဲ ပုံမှန်ပွဲလောက်ပဲ သုပ်ပေးပြီးတော့ ဟင်းရည်ပါ အိတ်နဲ့ ထည့်ပေးနေတာ။ ကျွန်တော်က ကလေးတွေလဲပြန်ထွက်သွားရော ” အဒေါ်ကြီး ၁၀ဝ ဖိုးကလဲ များလိုက်တာ ” လို့ပြောလိုက်တာပေါ့။

” အန်တီတို့ကလဲ တစ်ပွဲကို ၂၀၀ ရောင်းတာပါ။(အခြား အသုပ်ဆိုင်တွေ တစ်ပွဲကို သုံးရာကနေ ငါးရာအထိ ဈေးရှိပါသည်) ဒီကလေးတွေက အောက်ဖက်(၁) မှာနေတဲ့ကလေးတွေ၊ သူတို့လာဝယ်တာ အဲဒါသူတို့တင်မဟုတ်ဘူး သူတို့မိဘတွေပါ စားကြတာ။ ထမင်းလေးချက်ပြီးတော့ အဲဒီအသုပ်လာဝယ်ပြီး တစ်မိသားစုလုံးစားကြတာ။ နောက်ပိုင်းကိုယ်လဲ သိသွားတော့ သူတို့လာရင် နှစ်ပွဲစာသုပ်သုပ်ပေးလိုက်တာ၊ အန်တီတို့က ကိုယ်ချင်းလဲစာတယ်။ အန်တီတို့လဲ အဲလိုမျိုးခက်ခဲတဲ့ အချိန်တွေရှိခဲ့တာပဲလေ။ အဲဒီတော့ မြတ်တာ မမြတ်တာ အပထား။ မလှူတတ်ဈေးရောင်းပေါ့ ငါ့တူရဲ့ ”

သတိထားကြည့်လိုက်မိတော့ သူ့ဆိုင်မှာ အနားကဈေးသည်ရဲ့ ကလေးတွေ၊ ဘုရားပေါ်မှာ တောင်းစားတဲ့ လူတွေလဲ ဈေးပေါပေါနဲ့ လာစားကြတာ။ တစ်ရာဖိုး နှစ်ရာဖိုးဆိုပြီးတော့။ ခဏနေတော့ ယောဂီဝတ်စုံနွမ်းနွမ်းနဲ့ အဘွားကြီးတစ်ယောက် ရောက်လာရော၊ အဒေါ်ကြီးက အစုံသုပ်တစ်ပွဲကို အကြော်နဲ့ သုပ်ပေး၊ မုန့်တီ တစ်ပွဲချပေးလိုက်တယ်။

” ဒီ အဘွားကြီးဆိုရင် အန်တီက နေ့တိုင်းကျွေးတယ်။ ပိုက်ဆံမယူဘူး။ သူ့မှာလဲ သူ့ယောက်ျားအဖိုးကြီးက ခြေပြတ်နေတာ။ လမ်းဘေးမှာ အဘွားကြီး အဘိုးကြီးနှစ်ယောက် ရွက်ဖျင်လေးထိုးပြီးနေကြရတာ။ သားသမီးလဲ ရှိလား မရှိလားလဲမသိ။ ဒိဘုရားမှာ တောင်းရမ်းစားနေရတာ။ အန်တီက ကိုယ့် မိဘတွေ အရွယ်မို့ အလကားကျွေးပါတယ်။ ပြီးတော့ အန်တီက မိဘတွေ ရှီစဉ်တုန်းက ကျွေးခွင့်လဲမရခဲ့ဘူးလေ ” ဆိုပြီး မျက်ရည်ဝဲလာတာကို ဟိုဖက်လှည့်ထိုင်ပြီး ပန်းကန်တွေ ဆေးနေပါတယ်။

ကျွန်တော့် ချစ်ချစ်က နောက်ထပ်မုန့်တီ တစ်ပွဲကို အလွတ်မှာလိုက်တယ်။ အဒေါ်ကြီးကတော့ ” အလွတ်မှာလဲ ၂၀ဝ ပဲ၊ ပဲကြော် ငါးဖယ်ဆိုလဲ ၂၀ဝ ပဲ ” ဒါပေမယ့် ကျွန်တော်တို့ အလွတ်ပဲမှာလိုက်ပါတယ်။ ပြန်ခါနီး အဒေါ်ကြီးက ” အန်တီတို့က အလှူတွေဘာတွေဆိုပြီး သီးသန့်လဲ မလုပ်နိုင်တော့ ဒီဘုရားမှာ ဈေးရောင်းရင်းနဲ့ပဲ ရသလောက် ကုသိုလ်လုပ်ယူရတာပေါ့ ငါ့တူရယ်။ တစ်နေ့တစ်နေ့ အိမ်ကလူတွေ စားလောက်ရုံ ကလေးတွေ ကျောင်းစရိတ်လောက် မြတ်ရင် ရပြီ၊ အန်တီတို့က အမြတ်ကြီးလဲ မစားဘူး၊ သေရင်လဲ ဘာမှယူသွားလို့ရတာမဟုတ်ဘူးလေ။”

ကျွန်တော်လဲ ” အန်တီ ထားတဲ့ စေတနာတွေ တစ်နေ့ အန်တီတို့ကို အကျိုးပေးလာမှာပါ “ဟုပြောရင်း ဆိုင်ထဲမှထွက်ခဲ့တော့သည်။ အဒေါ်ကြီးကလဲ ကျွနေ်တာ်တို့စားထားတဲ့ ပန်းကန်လေးတွေ ကောက်သိမ်းရင်း ကျန်နေခဲ့တော့သည်။ ညနေ ဆည်းဆာမို့ ကောင်းကင်က နီရောင်သန်းနေပြီ။ ငှက်ကလေးတွေလဲ ကောင်းကင်တစ်ခွင် အိပ်တန်းတက်ဖို့ရာ ဟိုဟိုဒီဒီ ပျံသန်းနေကြတော့သည်။

kyauk taw gyi

 

စာကြွင်း (၁)

ကျောက်တော်ကြီးဘုရား အောက်ဖက်တွင် အလွန်ဆင်းရဲတဲ့ ရပ်ကွက်လေးတစ်ခုရှိပါသည်။

About mgsai

sai khon has written 9 post in this Website..

မြန်မာပြည်မှာမွေးသည်။ ဘာသာပြန်ခြင်းကို စိတ်ဝင်စားပြီး ယခုအခါ ကိုယ်ပိုင်စာလေးများ ရေးသားသည်။