စက်တင်ဘာလကုန်ရက်၏ နံနက်ခင်းသည် နှင်းမှုန်များဖြင့် မှုန်မှိုင်းနေလေသည်။ မိုးကုန်ခြင်း၏ အရိပ်လက္ခဏာပေလော ….။ မိမိနေထိုင်ရာနေရာမှ အရှေ့ဘက်သို့ မျှော်ကြည့်လေသောအခါ ကုက္ကိုပင်အိုခြောက်ကြီး၏ ပတ်လည်တွင် နှင်းမှုန်ဆိုင်းကာ အုံ့ဆိုင်းနေတော့သည်။ မြောက်ဘက်အရပ်ရှိ သမဝါယမဆန်စက်ကြီး၏ မီးခိုးခေါင်းတိုင်တစ်ဝိုက်တွင်လည်း နှင်းမှုန်များ ဝန်ရံလျှက်ရှိနေ၏။ အတွေးထဲမှ “ဪ … တစ်ဆောင်းသစ်ပြန်ရောမယ် …..” ဟု ရေရွတ်နေမိသည်။
ဆောင်းရာသီ၏ ဇာတ်လိုက်ကျော် နှင်းမှုန်များအား ငေးကြည့်ရင်း အတွေးစိတ်တို့ကား အဝေးတစ်နေရာသို့ တလွင့်လွင့်သာ မျှောပါကုန်ကြလေတော့သည်။ အရင်က ဒီလိုဆောင်းရာသီရက် ပတ်ဝန်းကျင်တစ်ခုလုံး နှင်းမှုန်များ သိုင်းခြုံလျှက်ရှိသည့် ကာလမျိုးများတွင် ကျနော်ကျင်လည်ခဲ့ရသည့် ဘဝနေ့ရက်များကား လွမ်းစရာ သတိရစရာ တမ်းတစရာအများပင် …. ကျနော် ခဏခဏရေးဘူးသကဲ့သို့ လူဆိုသည်မှာ မှတ်မိချင်စရာ သတိရချင်စရာကောင်းသည့် ဘဝအစိတ်အပိုင်းများကိုသာ ပြန်လည်သတိရတမ်းတတတ်ကြသည် မဟုတ်ပါလား။ ဒီလို ဆောင်းရာသီ နှင်းမှုန်ခြုံသိုင်းသည့် နံနက်ခင်းများတွင် အိမ်ဘေး မီးဖိုအနီးတွင် မောင်နှမတစ်တွေ ဝိုင်းဖွဲ့ထိုင်ကြရင်း အိမ်တွင်းဖြစ် ကောက်ညှင်းဖြင့် ပြုလုပ်ထားသည့် ခေါပုတ်ပြားများကို တံစို့ကိုယ်စီဖြင့် မီးဖိုတွင် ကင်ကြ … အပူဓာတ်ရလာပြီး ဖောင်းကြွလာသည့် ခေါပုတ်လေးများကို တံစို့မှ ဖြုတ်ကာ ခရမ်းချဉ်သီးပန်ထွေ ( ခရမ်းချဉ်သီးကို မီးဖုတ်ပြီး အခွံနွှာ၊ ကြက်သွန်နီပါးပါးလှီး၊ ငါးပိဖုတ်၊ ငရုတ်သီးမှည့်များ ရောသမမွှေထားသည့်) တို့စားရသည့် အရသာကို လွမ်းမိပါသည်။ ငယ်စဉ်က တစ်စုတစ်စည်းတည်းရှိခဲ့ကြသည့် မောင်နှမတစ်တွေ အခုတော့ တစ်နယ်စီ တစ်နယ်စီမှာ သူ့ဝမ်းရေး ကိုယ့်ဝမ်းရေး ကိုယ်စီ ကိုယ်စီ ရုန်းကန်လှုပ်ရှားနေကြရလေပြီ။ ငယ်ငယ်က ကျနော်ကား အစ်မများနှင့်လည်း မတည့် ညီမနှင့်လည်း ရန်ဖြစ်ဆိုတော့ အမေ ဆုံးမသည့် စကားလေးက ” ငါ့သား မောင်နှမတွေဆိုတာ ငယ်တုန်းမို့ အတူနေကြရတာ ကြီးလာရင် သူလမ်းကိုယ့်လမ်း သွားကြရမှာ … အတူတူနေရတုန်းကို ချစ်ချစ်ခင်ခင် နေပါကွယ် …” ဟု ပြောလေ့ရှိသည်။ ဟုတ်ပေသားပဲ … … အခုအချိန်တွေးကြည့်မိတော့ အစ်မများ ညီမများအပေါ် တော်တော်ဆိုးခဲ့သည့် ကိုယ့်ကိုကိုယ် နောင်တရမိချေ၏။
အမှတ်ရစရာကောင်းသည့် ဆောင်းနံနက်ခင်းတွေထဲက တစ်ခုကတော့ ဆောင်းရာသီ စပါးသိမ်းချိန်များပင် …. ။ယခင်က ယခုလို စပါးခြွေလှေ့စက်တွေ မပေါ်သေးတာမို့ စပါးရိတ် ကောက်လှိုင်းတွေစည်း၊ တလင်းတွေထွင်၊ တလင်းအုံတွေဆောက် …. ပြီးလျှင် ကောက်လှိုင်းတွေကို တလင်းထဲမှာ စုပုံ (ကောက်ဆိုင်ဆိုင်သည်) …. ပြီးတော့ ကောက်လှိုင်းတွေကို အစီအရီအဝိုင်းပုံကြီးဖြစ်အောင် စီမံ (သီးထောင်ပြန့်၊ ရိုးရိုး)ပြီး နွားများဖြင့် ပတ်ချာလှည့် မောင်းကြ ၊ ကောက်ဆွများဖြင့် အထက်အောက် လှန်ပေးကြ( ကောက်ဆွဆွ) …. ဒီလို စပါးနင်းရသည့် ဆောင်းနံနက်ခင်းတွင် တစ်ညလုံးကျထားသည့် နှင်းတွေက ကောက်ပြန့်ပေါ်မှာ စိုစွတ် …. လယ်ကွင်းထဲမှာဆိုတော့ ပတ်ဝန်းကျင်တစ်ခုလုံးလည်း နှင်းမှုန်များ အုံ့ဆိုင်း အအေးဓာတ်ကို အံတုရန်ကား နွားလှည့်ရင်း ကောက်ပြန့်ပေါ်မှာ ခုန်ဆွ ခုန်ဆွဖြင့် တောင်မရောက် မြောက်မရောက်သည့် အသံဗြဲကြီးဖြင့် “စာဥရေ …. ငါအရောက်ပြန်ခဲ့မှာက အစ …. တို့ကတော့ … တို့ကတော့ … တို့ကတော့ ဘုရားကျောင်းထဲ ပြန်ရောက်တဲ့အချိန်” အဆုံး ပါးစပ်ထဲတွေ့ရာ အော်ဆိုရင်း စပါးနယ်ခဲ့ရတဲ့ အချိန်တွေ လွမ်းမိသား …….
နောက်တစ်ခု ဆောင်းရာသီအလွမ်းကား ကျောင်းသားဘဝက အလွမ်း …………
ဆောင်းရာသီရဲ့ လတစ်လဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ည ဆေးပေါင်းခတဲ့ည …… မှတ်မှတ်ရရပြောရလျှင် ၁၉၉၉ ခုနှစ်၏ တန်ဆောင်မုန်းလပြည့်ည ကျနော်တို့ငှားနေသည့် အဆောင်မှ သူငယ်ချင်းများ မြစ်ကြီးနားမြို့ထဲလှည့်ပြီး သွားကြ …. အေးသည်ဟု အကြောင်းပြ ပျော်ပျော်ပါးပါး သောက်ပွဲကျင်းကြ …. ဒီလိုနှင့် ညကား တဖြည်းဖြည်းနက်လာ …. ကောင်းကင်ယံမှ လပြည့်ဝန်းကြီးကလည်း ဝိုင်းဝိုင်းစက်စက်ပေါ်ထွက်လာ …… ညာဉ့်နက်လာပေမဲ့ အဆောင်သို့ မပြန်ဖြစ်ကြသေး …… သူငယ်ချင်းများထဲမှ နမ္မတီးသား သူငယ်ချင်းက ဆေးပေါင်းခတဲ့ညကို တစ်ညလုံး မအိပ်ပဲ လျှောက်လည်ကြမည်ဟု အကြံပြုသလို … နန့်မွန်းသား သူငယ်ချင်းကတော့ မြစ်ကြီးနားမြို့ကနေ နမ္မတီးအထိ စက်ဘီးနင်းကြမည်ဟု ဆိုလေပြန်ရာ … အားလုံး ရေချိန်ကိုက်နေကြပြီ …. မြစ်ကြီးနား မြို့လယ်မှ မြို့အထွက်ဘက်သို့ စက်ဘီးကိုယ်စီဖြင့် စတင်ထွက်ခွာလာကြသည်။ သီချင်းတွေကလည်း သူ့တစ်မျိုး ကိုယ်တစ်မျိုးဆီ သီဆိုကြရင်းပေါ့။ မြစ်ကြီးနားအထွက် ပပ္မတီးအကျော် မပခ(မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်)နားရောက်တော့ မိုးညှင်းသား သူငယ်ချင်းက နမ္မတီးအထိ စက်ဘီးဖြင့် သွားကြရန်မှာ မဖြစ်နိုင်ကြောင်း သူကတော့ မလိုက်နိုင်ကြောင်း … ပြန်တော့မည်ဖြစ်ကြောင်း ပြောပြီး ပြန်လှည့်ပြေးသည်မို့ ကျနော်တို့တစ်တွေလည်း စက်ဘီးတွေပြန်လှည့်ကာ အဆောင်ရှိရာသို့ ချီတက်လာကြတော့သည်။ အချိန်ကား ညနှစ်နာရီခန့်ရှိပေတော့မည်။ အဆောင်ရှေ့ရောက်တော့ အဆောင်ခြံတံခါးမကြီးကား သော့ခလောက်ကြီးဖြင့် ပိတ်လျှက်ဆီးကြိုနေတော့၏။ အဆောင်ရှင်ကိုလည်း နှိုးရန်မဖြစ်သည်မို့ ရေတမာပင်ကြီးကို ပတ်လည်ဝိုင်းထားသည် အုတ်ခုံဝိုင်းလေးမှာ ကျနော်တို့ သူငယ်ချင်းတစ်စု ကုပ်ကုပ်လေးတွေနဲ့ မိုးလင်းအောင်စောင့်နေကြရတော့သည်။ ဆေးပေါင်းခသည့် ည၏ အအေးကပိုသလို … အနွေးဓာတ်ရစေရန် ခြုံထားသည့် ယမကာအနွေးထည်ကလည်း ကွာကျချိန်မို့ သူငယ်ချင်းတစ်စု ပူးပူးကပ်ကပ်လေးတွေထိုင်ရင်း မေးခိုက်ခိုက်တုန်ခဲ့ရသည့် နှင်းမှုန်ခြုံသိုင်းသည့် ဆောင်းတစ်ည ….. လွမ်းရပါသည်ကော …….
ဟော ….. အခုတော့ …. နမ္မတီးသား သူငယ်ချင်းက ဆီစက်ပိုင်ကြီးဖြစ် …. နန့်မွန်းသား သူငယ်ချင်းက ကျောက်လောပန်းကြီးဖြစ် …. မိုးညှင်းသား သူငယ်ချင်းကတော့ စင်ကာပူနိုင်ငံမှာ ဟန်ကျပန်ကျ အလုပ်နှင့် …… ကျနော်သာ ……..လျှင် ……. ဪ ….. အလွမ်းတွေနဲ့ ဆောင်း …………………………………………………………………… ။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ . . .
k.t.w.l

About kotun winlatt

ကို ထွန်းဝင်းလတ် has written 134 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။