ဗေဒင်နဲ့ ကျနော် . . .

kotun winlattDecember 18, 20151min19010

ဗေဒင်နှင့် ကျနော်
@@@@@@@@

ဆောင်းနံနက်ခင်းသည် နှင်းမှုန်တို့ဖြင့် ဝေဝါးလျှက် …..
ချမ်းအေးသည့်ဒဏ်ကို အံတုရင်ဆိုင်ကာ စားဝတ်နေရေးအတွက်
ရုန်းကန်လှုပ်ရှားသူများဖြင့် နံနက်မလင်းမီကတည်းက သက်ဝင်လှုပ်ရှားနေသည့်
နေရာလေးတစ်ခု …. မေးသံ ဖြေသံ ကြွက်ကြွက်ညံနေသည့် နေရာလေး ….
ရောင်းချသူ ဝယ်ယူသူများဖြင့် စည်ကားနေသည့် နေရာလေး …
အချို့နေရာများတွင်းကား မိုးမလင်းဈေးဟု ခေါ်ဆိုကြ …
အချို့နေရာများတွင်ကား မီးခွက်ဟု အမည်တပ်ကြ … ဒီဒေသမှ ဈေးလေးကတော့
မိုးမလင်းဈေး မီးခွက်ဈေးထက် ကျော်လွန်ကာ နံနက်ခင်းဈေးဟု
ခေါ်ဆိုရလေမည်လား မပြောတတ်ချေ။ ဒေသထွက်ကုန်များ၊ အထည်အလိပ်များ၊ အသီးအရွက်
အသားငါး အစုံအလင် ရောင်းချကြ ဝယ်ယူကြနှင့် ….. နံနက်ခင်းတိုင်း
စည်စည်ကားကားနှင့် သက်ဝင်လှုပ်ရှားနေကျ ဈေးကလေး ……..
ဈေးကလေး၏ နံနက်ခင်းတစ်ခုမှာတော့ ” သင်္ကြန်စာတွေ ရမယ် …. သင်္ကြန်စာတွေ
…. တစ်စောင်မှ သုံးရာ …. ဆင်းရဲသားတွေ ချမ်းသာမယ် …..
သိကြားမင်းကြီးက ….စီးပြီး ဆင်းမယ် …..” အသံဝါကြီးဖြင့်
အော်ရောင်းနေသည့် ဈေးသည်တစ်ဦး၏ အသံ ………
ကျနော်တို့လူမျိုးတွေ သင်္ကြန်စာဟု ခေါ်ဝေါ်ကြသည့် တစ်နိုင်ငံလုံးအတွက်
တစ်နှစ်စာ ဟောစာတမ်းကြီးကား မြန်မာနှစ်သစ်ကူးရန်
လပေါင်းများစွာအလိုတွင်ပင် ပေါ်ထွက်လာပေပြီ …. တော်လိုက်တဲ့ ပညာရှင်များ
တတ်လိုက်တဲ့ ပညာရှင်များ …. ဘယ်လမှာ ဘယ်နက္ခတ်ကြီးစိုးတယ်…
ဘာကအားကောင်းတာမို့ … ရာသီဥတုက ဘာဖြစ်မယ် …. အစုံမှ အစုံပဲမဟုတ်လား
…. သိကြားမင်းကိုပင် ဘာကောင်စီး လက်တစ်ဘက်က ဘာကိုကိုင်ဆိုပြီး
လူ့ပြည်ကို ဆင်းခိုင်းလိုက်သေး၏။ သိကြားမင်းသည်လည်း တစ်နှစ်တစ်ခါ
လူ့ပြည်ကို ဆင်းဆင်းလာရသည်မှာ မောနေရှာပေတော့မည်။ ကျနော်တို့လူမျိုးတွေက
ခက်တော့လည်း ခက်သား … ဆရာနေဝင်းမြင့် ဟောပြောပွဲတစ်ခုတွင်
ပြောဘူးတာလေးကို အမှတ်ရချေသေးတော့သည် … “ဗုဒ္ဓဘာသာဆိုပေမဲ့ မိရိုးဖလာ
နတ်လေးကိုလည်း ကိုးကွယ်ချင် ပူဇော်ချင်ကြသေးတာ”ဟူသည့် စကားလေးပင် ……
နတ်ဆိုလည်း ပူဇော်လိုက် ပသလိုက်တာပဲ …. ယတြာဆိုလည်း ချေလိုက်တာပဲ …..
ဟော … ဗေဒင်ဆိုလည်း မေးကြမြန်းကြပြန်ရော ….. ဟုတ်သည် …. ယခု
ကျနော်ပြောချင်သည့် ရေးပြချင်သည့် အကြောင်းအရာကား ဗေဒင်အကြောင်း ….
ကျနော်ဖြတ်သန်းခဲ့ဘူးရာ ကာလတစ်လျှောက် ကြုံ့တွေ့ခဲ့ရသည့် ဗေဒင်နှင့်
ပတ်သက်သည့် အကြောင်းလေးတွေကို ရေးပြချင်လို့ မရောက်ရောက်အောင်
နိဒါန်းပျိုးနေတာပါ …။

ဖြစ်စဉ် (၁)
” အိပ်မက်တထ္တုံ ၊ ဗေဒင်ယုံ ၊ လူနုံ ဒုမိစ ္ဆာ ” ကျနော် ငယ်ငယ်က
အိမ်နံရံမှာ အဖေရေးပြီး ကပ်ထားသည့် စာလေး …. ငယ်စဉ်က အဓိပ္ပါယ်ကို
မသိပေမဲ့ ရွတ်ကောင်းသည်မို့ ရွတ်ရင်း အမှတ်ရနေသည့် စကားစုလေး …..
ထိုဗေဒင်နှင့် ကျနော် ထိပ်တိုက်တွေ့စေသည်ကား သက္ကရာဇ် ၁၉၉၈ ၏ ဆောင်းညတစ်ည
မြို့လေးတစ်မြို့ရဲ့ ပန်းခြံလေးတစ်ခုကို ကျနော်တို့ သူငယ်ချင်းတစ်စု
အလည်သွားရာက စလေသည်ပေါ့။ ထိုမြို့လေး၏ ပန်းခြံသည် ညကိုးနာရီထိုးလျှင်
ပိတ်၏။ ထိုပန်းခြံလေးထဲသို့ ကျနော်တို့ သူငယ်ချင်း တစ်စု
အပန်းဖြေရန်သွားကြခြင်း မဟုတ် … ပန်းခြံလေးထဲတွင်
လေသေနတ်ပစ်ကွင်းရှိသည့်အတွက် လေသေနတ်သွားပစ်ကြခြင်း ….ဤကား
ဆင်ခြေဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ (အမှန်ကား ပန်းခြံထဲ အတွဲချောင်းရန်
သွားခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သေးသည်။) လေသေနတ်ပစ်ကွင်းတွင်
မိမိမျက်နှာမူရာနှင့် ပေနှစ်ဆယ်ခန့်အကွာ တန်းတစ်ခုပေါ်တွင်
နို့ဆီဗူးများကို တန်းစီထားပြီး အစောင့်ထံမှ လေသေနတ်ငှား
ခဲကျည်ဆံလေးများကို ဝယ်ယူပြီး စိတ်ကြိုက်ချိန် စိတ်ကြိုက်ပစ်ကြရခြင်း
ဖြစ်သည်။ နိုဆီဗူးကို ခဲကျည်ဆံလေး ထိမှန်သွားပြီး တန်းပေါ်မှ
လွှင့်ထွက်သွား/လွှင့်ကျသွားသည့် အခါ ခံစားရသည့် အရသာ …. ခံစားချက် …
သို့တည်းမဟုတ် ချုပ်တည်းထားရသည့် မကျေနပ်မှုများကို ဖောက်ထုတ်လိုက်ရသလို
ခံစားမှုမျိုး ……. ထိုနေ့ညက ကျနော်တို့ သူငယ်ချင်းတစ်စု
လေသေနတ်ပစ်ကွင်းမှ ထွက်လာတော့ ညကိုးနာရီ ထိုးလုပြီ …
ပန်းခြံပိတ်တော့မည်ဟု အချက်ပေးနေချေပြီ။ ပန်းခြံမှ ထွက်ခွာရန်
အုတ်လမ်းလေးအတိုင်း လျှောက်အလာ မျောက်လှောင့်အိမ်အနီးတွင်
မီးလုံးလေးတစ်လုံးထွန်းထားပြီး စာအုပ်သုံးလေးအုပ်တင်ထားသည့်
စားပွဲလေးတစ်ခုနှင့် လူတစ်ယောက် ရေးထားသည့် ဆိုင်းဘုတ်လေးက “ဗေဒင်
ဟောသည်။ တစ်ခါကြည့် ၁၀ဝ ကျပ်” ပန်းခြံပိတ်တော့မည်မို့
ဗေဒင်ဆရာကြီးမှာလည်း သူ့ပစ္စည်းများကို သူ့လွယ်အိတ်ကြီးအတွင်းသို့
သိမ်းဆည်းနေလေပြီ။ ကျနော်တို့အဖွဲ့မှ သူငယ်ချင်းတစ်ယောက်က “ဦးလေး
ကျနော်တို့ ဗေဒင်ကြည့်ချင်လို့ပါ…”ဟု ပြောလိုက်တော့ ထိုင်လျှက်သား
ပစ္စည်များ သိမ်းဆည်းနေသည့် ဗေဒင်ဆရာမှ ကျနော်တို့အဖွဲ့ကို မော်ကြည့်ကာ
…. “အချိန်မရတော့ဘူး … ပန်းခြံ ပိတ်တော့မယ် ..” ဟု ပြန်ဖြေသည်။
ဒါကိုပင် သကောင့်သားက ” ဦးလေး ဆရာရယ် … လုပ်ပါဗျာ …. အခုမှ
ပထမအချက်ပေး ကလိုင်ပဲရှိပါသေးတယ် …” စောဒက တက်လိုက်ပြန်သည်။ ဗေဒင်ဆရာက
“တစ်ခါကြည့် တစ်ရာနော့” ……. “ဟုတ်ပါပြီ … ဆရာရယ် ….
ကျနော်တို့အဖွဲ့က ငါးယောက်ဆိုတော့ တစ်ယောက်တစ်ရာတော့ မလုပ်နဲ့
တစ်ယောက်ကို ငါးဆယ်နဲ့ ထားလိုက်ဗျာ…” ဗေဒင်ဆရာက မရကြောင်းပြော …
သကောင့်သားက ဈေးဆစ် … အဆုံးမတော့ … ငါးယောက်စာကို သုံးရာကျပ်နှင့်
ဈေးတည့်သွားတော့သည်။ ပထမဆုံးစတင်မေးသည်ကား ဈေးဆစ်သည့် သကောင့်သား …
သူ့ကို ဗေဒင်ဆရာက မွေးရက် မွေးလ မွေးနှစ်နှင့် ဘာနေ့သားလဲဟု မေးကာ သူ၏
မှတ်စုစာအုပ်ကို လှန်ကာ တစ်ချက်ချင်း ဟောတော့သည်။ သူပြီးတော့
နောက်တစ်ယောက် ထိုနည်းတူစွာ မှတ်စုစာအုပ်ထဲမှပင် ကြည့်ပြီး ဟောပြန်သည်။
နောက်တစ်ယောက် ထိုနည်း၎င်း …. လေးယောက်မြောက်တွင် ကျနော့်သူငယ်ချင်း
သကောင့်သားက ဇာတ်လမ်းစချေပြီ။ “နေဦး ဗေဒင်ဆရာရဲ့ …
ခင်ဗျားဗေဒင်ဟောတာကလည်း ကျနော်တို့ သုံးယောက်လုံး အကြောင်းအရာ
အတူတူကြီးပဲ … ဒါတော့ မဟုတ်သေးဘူးနော့ …. ခင်ဗျားက
စာအုပ်ထဲကအတိုင်းပဲ ဖတ်ပြနေတာ ….. ကျနော်တို့က ဗေဒင်ဟောခ
မပေးနိုင်ဘူး… ဘယ်နှယ်ဗျာ …. သုံးယောက်လုံး အတူတူဆိုတော့ . . . .”
ဗေဒင်ဆရာမှာ နည်းနည်းတော့ ကျွဲမြီးတိုသွားပုံရတာမို့ … ကျနော်တို့
လေးယောက်ကလည်း “ဟုတ်တယ် …. ခင်ဗျားဟာက သုံးယောက်လုံး အကြောင်းအရာ အတူတူ
ဟောနေပြောနေတာတော့ မဟုတ်သေးဘူး ……”ဟု စောဒကတက်လိုက်ကြတာမို့
…ဗေဒင်ဆရာမှာ ဘာပြောရမှန်း မသိ …. ထိုစဉ် ပန်းခြံအတွင်းမှ
ထွက်ခွာကြရန် နောက်ဆုံး အချက်ပေးသံကလည်း မြည်လာသည်မို့ ကျနော်တို့
သူငယ်ချင်းတစ်သိုက် တစ်နှစ်သုံးဟု သံပြိုင်ရေရွတ်ပြီး ….
ပန်းခြံထွက်ပေါက်သို့ သုတ်ခြေတင် ….. နောက်နားမှ ဗေဒင်ဆရာ၏
မေတ္တာပို့သသံကား
“သေနာလေးတွေ သူတို့ပဲ မွေးရက်မွေးလမွေးနှစ်နဲ့ နေ့သားတစ်ခုတည်းပြောပြီး ”

ဖြစ်စဉ် (၂)
သက္ကရာဇ် ၁၉၉၉ ၏ ကုန်ဆုံးကာနီးနေ့ရက်များတွင် ကျနော်တို့
သူငယ်ချင်းတစ်သိုက် ပြင်ဦးလွင်မြို့ အနီးစခန်း သံမဏိစက်ရုံသို့
လက်တွေ့လုပ်ငန်းခွင် သုံးလဝင်ရောက်ရန် ရောက်ရှိနေကြသည်။
စနေတနင်္ဂနွေရက်များတွင် ရုံးပိတ်ရက်မို့ ပြင်ဦးလွင်သို့ သွားလျှင်သွား
သို့မဟုတ် မန ္တလေးဘက်သို့ ဆင်းလျှင်ဆင်း …… တစ်ခုသော ရုံးပိတ်ရက်
စနေနေ့တွင် ကျနော်တို့ သူငယ်ချင်းတစ်စု မန ္တလေးဘက်သို့ ဆင်းလာခဲ့ကြသည်။
မန ္တလေးရောက်တော့ ဈေးချို ဘုရားကြီး၊ မန္တလေးတောင် တိရိစ ္ဆာန်ဥယျာဉ်ဟု
အော်ခေါ်နေသော လိုင်းကားဖြင့် မြွေကြီးနှစ်ကောင်ရှိရာ မန ္တလေးတောင်ပေါ်သို့
ရောက်သွားကြတော့သည်။ ဇာတ်လမ်းက မန ္တလေးတောင်ပေါ်တွင် စပါပြီ….. “ဓာတ်ပုံ
ရိုက်မလား ညီလေးတို့ . . . တစ်ပုံမှ ၁၅ဝ တည်း …. အမှတ်တရပေါ့ …
ရိုက်သွားပါ … အခုရိုက် အခုရတယ် ….” ရောက်တုန်းရောက်ခိုက်
အမှတ်တရရိုက်ကြတာပေါ့ဟူသည့်အတွေးဖြင့် ရိုက်ဖြစ်ကြသည်။ များများတော့
မရိုက်ပါ တစ်ယောက်ကို သုံးပုံစီနှင့် အဖွဲ့လိုက်ပုံကနှစ်ပုံ ….
ဓာတ်ပုံတွေ ထွက်လာတော့ ….. တစ်ပုံကို သုံးမျိုးလောက်ထွက်လာသည်။
တစ်ယောက်ချင်းရိုက်ထားသည့် ပုံတစ်ပုံကို အသည်းပုံလေးဖော်ပြီးတစ်မျိုး …
နှစ်ကိုယ်ခွဲပြီး တစ်ဖုံဆိုတော့ …. ကျနော်တို့
အနှိပ်ကွပ်ခံလိုက်ရတော့သည်။ စိတ်ထဲကမကျေမနပ်နှင့် ပြောကြသော်လည်း
ထူးမခြားနား ….. ထိုနေရာမှ မကျေမနပ်ဖြင့် ထွက်လာခဲ့ကြပြီးနောက် ….
တွေ့ပြန်ချေပြီ … ဗေဒင်ဟောခန်းများ ….. ကျနော့်တို့ သူငယ်ချင်းထဲမှ
တစ်ယောက်က ဗေဒင်ကြည့်မည်ဟု ဆိုလာပြန်ရာ …. စောစောကမှ
အနှိပ်ကွပ်ခံထားရသည့်မို့ ကျနော်နှင့် ကျန်သူများက မကြည့်ရန်ပြောသည်။
ထိုသကောင့်သားက မရ …. ပုဏ္ဏားဝတ်စုံနှင့် ဗေဒင်ဆရာထံ
ဗေဒင်လက္ခဏာကြည့်တော့သည်။ ဗေဒင်ဟောခက ၅၀ဝ ကျပ် ….. ဟောရင်းပြောရင်းဖြင့်
အဆုံးသတ်ကား ယတြာချေရမည်ဆိုသည့်နှင့် အဆုံးသတ်တော့သည်။ သကောင့်သားကား
“ယတြာဖိုးက ဘယ်လောက်ကျမှာလဲ …”ဟု မေးသည်ရှိသော် … ဗေဒင်ဆရာကား
“မင့်စိတ်ထဲမှာ ကိုးကွယ်ရာလို့ ယုံကြည်ထားတာ ဘာတွေရှိသလဲ”
မေးခွန်းပြန်ထုတ် … သကောင့်သားကလည်း “မြတ်စွာဘုရားရှင်သည်သာ ကိုးကွယ်
ယုံကြည်ရာ”ဟုဖြေ … ဗေဒင်ဆရာက အလိုမကျ “ရတနာသုံးပါးလောက်တော့
လုပ်ကွာ”ဆိုပြီး ပြေလည်သွားကာ ….. သုံးထောင်ကျပ်တိတိဖြင့်
ယတြာချေခွင့်ရလိုက်လေသည်။ ထိုယတြာ၏ အစွမ်းကြောင့် ကျနော့သူငယ်ချင်း
သကောင့်သား ယခု အသက်လေးဆယ်ပြည့်ခါနီးအထိ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ်
ရှိနေပါသေးသည်။

ဤသည်ကား ဆောင်းနံနက်ခင်း နှင်းမှုန်တွေကြား ဈေးကလေးအတွင်းမှ
“သင်္ကြန်စာတွေရမယ် …. သင်္ကြန်စာတွေ …. တစ်စောင်မှ သုံးရာ …..
ဆင်းရဲသားတွေ ချမ်းသာမယ်တဲ့ …. သင်္ကြန်စာတွေ …. သင်္ကြန်စာ ……”
ထိုအော်သံကြားရာမှ …လွင့်မျှောသွားသည့် အတိတ်ဆီသို့
တမ်းတမိသွားခြင်းမျှသာ ……..

ပျော်ရွှင် ချမ်းမြေ့ကြပါစေ . .
k.t.w.l

10 comments

  • Mike

    December 19, 2015 at 10:07 am

    .လူငယ်ဘဝ ဘရုတ်ကျရတာလည်းပျော်စရာတမျိုး :))

  • ဦးကြောင်ကြီး

    December 19, 2015 at 3:01 pm

    ပညာလှ ျပ်တခု အနေနဲ့ဒေါ့ တဂယ်ရှိသဗြ…။ ပညာရပ်တခုထက် ကေ ျာ်လွန်မြင်သွားတဲ့အခါ အက ျိုးထက် အပြစ်ဖြစ်ရတော့တယ်။

  • ဇီဇီခင်ဇော်

    December 19, 2015 at 5:20 pm

    ယုံတာလည်းမဟုတ်
    မယုံတာလည်း မဟုတ်။
    ဘာပြောရမှန်းမသိတဲ့ထဲ ဗေဒင် ပညာ ပါတယ်။

  • E.မြောက်မြောက်

    December 19, 2015 at 8:30 pm

    ဗေဒင်ပညာကို ယုံပါတဲ့
    ဗေဒင်ဆြာကို ယုံနဲ့တဲ့
    ကရင်စည်သွပ် ပြောတာလားပဲ မမှတ်မိ..

    • အူးစည်

      January 30, 2016 at 7:28 pm

      ဗေဒင်ပညာရပ်ကိုယုံပါ….
      ဗေဒင်ပညာရပ်ထဲမှာ ကိုယ်ကိုယ်တိုင်ပါသွားတဲ့သူကို မယုံပါနဲ့တဲ့…. ဆြာမြောက်ရဲ့…
      လူ့ဘဝဆိုတာ လက်ဖဝါးထဲမှာ မွေးဖွားစဉ်ကတည်းက တံဆိပ်နှိပ်ပြီးသားပဲ….
      အကျိုးပေးလာတဲ့အရာတိုင်းတော့ ယတြာဆိုတာမရှိ.. ကံ ဉာဏ် ဝီရိယသာ အားကိုးရာပါ..

      ခင်တဲ့.. တချိန်က ကရင်စည်သွပ်….

      • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

        January 30, 2016 at 10:40 pm

        ကွီးစီ ရှိသေးတာလား
        ကျော်က တေပြီထင်နေတာ ကိန်ဂွိန်တိန်

  • kai

    December 21, 2015 at 4:42 pm

    ပညာရပ်တို့တွင်.. အပြစ်မရှိ..။
    လူတို့တွင်သာ…။

  • alinsett

    December 23, 2015 at 10:51 am

    သင်္ကြန်စာ….မွေးကတည်းက…အခုချိန်ထိ….၂၈ နှစ်လုံး…မဖတ်ခဲ့..(ဖတ်ချင်စိတ် မရှိခဲ့)တာ…
    ကျနော် တစ်ယောက်တည်းလား…
    :k:

  • မြစပဲရိုး

    December 23, 2015 at 10:04 pm

    တကယ်တော့ ရမ်းတီး တာက အကြားအမြင် တွေပါ။
    ဗေဒင်က တွက်ချက်ပြီး ပြောတာပါ။
    ကျွန်မလဲ ငယ်တုန်းက မယုံပါ။ အမေ ကတော့ အသိဗေဒင်ဆရာကြီး ကို သားသမီး တွေ အတွက် အမြဲလေ့ရှိတယ်။
    သူက ဗေဒင်အရ မှာတော့ ကျွန်မ ရဲ့ ပညာရေး က ဘယ်လိုတွက်တွက် ဆုံးခန်းမတိုင်ဘူးတဲ့။
    အဲဒါကို သူလဲ အံ့ဩနေသတဲ့။
    ကျွန်မ ကတော့ လှောင်ပြုံးလို ပြုံးပြခဲ့ဘူးတယ်။
    အခုတော့ ကျွန်မ သူ့ပညာ ကို မလှောင်ဝံ့ တော့ဘူး။
    ဒီနေ့ ဒီ အရွယ်ကြီး အထိ ကျွန်မ စာကျက်ပြီး စာမေးပွဲတွေဖြေနေရတုန်းဘဲ။

Leave a Reply