F

alinsettJanuary 7, 20161min24117

F = Friend

~~~~~~~~~~~~~~

 

IMG_20160107_124032

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

စကားလုံးများကို တို့ထိခဲ့သည်မှာ F သို့ တိုင်ခဲ့လေပြီ။

F နေရာသို့အရောက်မှာ တိုက်ဆိုင်စွာပင် တာရာမင်းဝေ၏ ခေတ်နေအတွက်စာတစ်ရွက်ဆိုသည့် စာအုပ်ကို ဖတ်လိုက်မိသည်။
ဆရာတာရာမင်းဝေကတော့ မိတ်ဆွေဆိုတာနဲ့ပတ်သက်ပြီး ”သူအိမ်ထောင်ပြုလိုက်တာဟာ သူ့မိတ်ဆွေတွေရဲ့ဘဝထဲကနေ ပျောက်ဆုံးသွားရသလို ခံစားပြီး”ရေးထားသည်။
ကျွန်တော့်မှာလည်း မိတ်ဆွေဆိုတာနှင့်ပတ်သက်ပြီး ပြောဆိုစရာလေးတွေ ရှိပါသည်။
~~~~~~~~~~~~~~~~~~~
F ဆိုသည့်စကားလုံးနှင့်ပတ်သက်၍ စဉ်းစားလိုက်သည့်အခါတိုင်း Friend ဆိုသည့် သူငယ်ချင်းများအကြောင်းကို မစဉ်းစားမိဘဲ မနေနိုင်ပါ။

Friend ဆိုသည်မှာ ကျွန်တော်တို့အာလုံးအတွက် ဘဝ၏အစိတ်အပိုင်းတစ်ခု ဖြစ်သည့်အပြင် တစ်ခါတစ်ရံတွင် ကိုယ့်ဘဝကို တစ်နေရာရာဆီ ရောက်သွားတဲ့အထိ ပို့ဆောင်ပေးတတ်သည့် ယာဉ်တစ်စီးလည်း ဖြစ်နိုင်ပါသေးသည်။
ကျွန်တော်တို့ သက်ရှင်နေထိုင်မှု အဝန်းအဝိုင်းထဲမှာ မိတ်ဆွေဆိုသူများသည် မဖြစ်မနေ ကြုံဆုံပတ်သက်ရသည့် အစိတ်အပိုင်းဖြစ်သည်။
တချို့က မိတ်ဆွေကောင်းများကို ရွေးချယ်ပတ်သက်ခွင့်ရသည်။ တချို့ကတော့ သိပ်မကောင်းလှသော မိတ်ဆွေများနှင့် သံယောဇဉ်ဖြစ်ကာ ပတ်သက်မိကြသည်။
ကျွန်တော့်ဘဝမှာလည်း မိတ်ဆွေအမျိုးအစားများစွာ ရှိနေသည်။
ကျွန်တော့်ကို ပိုတိုးတက်ကောင်းမွန်စေချင်စိတ်ဖြင့် ဘယ်လိုကောင်းကျိုးဆောင်ရွက်ပေးရမလဲ ဆိုပြီး စေတနာထားတတ်သည့် မိတ်ဆွေများလည်း ပိုင်ဆိုင်ထားသည့်အတွက် ကျနော် ကျေနပ်ပါသည်။

 

သို့သော် ကောင်း/ဆိုး နှစ်တန် ဒွန်တွဲနေသော လောကသဘာဝအရ ကျွန်တော့်ကို တုပြိုင်တိုက်ခိုက်နေပြီး ကျွန်တော်ပြိုလဲယိမ်းယိုင်သွားတာကိုမြင်မှ ကျေနပ်တတ်သည့် မိတ်ဆွေတချို့ကိုလည်း ရခဲ့သည်ပဲ။
ကျွန်တော့်အရှုံး ကျွန်တော့် အားနည်းချက် ကျွန်တော့် ယိမ်းယိုင်ပြိုလဲမှုကို သူတို့က ပျော်ရွှင်စွာ စားသုံးချင်ကြသည်။
ကျွန်တော့် ပျော်ရွှင်မှု ကျွန်တော့် အောင်မြင်မှုများကိုတော့ သူတို့ မနာလို မရှုစိမ့်နိုင်စွာ အံတကြိတ်ကြိတ်ဖြစ်တတ်သည်။

သူတို့ ကျွန်တော့်အပေါ် ဘယ်လို သဘောထားနေသလဲ ဆိုတာကိုပင် ကျွန်တော် ကွက်ကွက်ကွင်းကွင်း သိမြင်ခံစားမိလောက်အောင်ထိ ပွင့်ထွက်ပြတတ်ကြသေးသည်။

အဲ့သည်လိုအခါမျိုးမှာ ကျွန်တော် တွေးမိသည့်အတွေးမှာ—
ကိုယ့်အပေါ် မကောင်းသည့် မိတ်ဆွေအတုယောင်မျိုးတွေကို
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပဲ နေပြမယ် ဆိုသည့်အတွေးဖြစ်သည်။

 

သို့သော် —-
ကျွန်တော်သည် လူငယ်တစ်ယောက်ဖြစ်သည်။
ကျွန်တော့်ဆီမှာ ကျွန်တော့်အတိုင်းအတာနဲ့ကျွန်တော် မာနဆိုသည့်အရာလည်း ရှိထားသည်။

ကျွန်တော့်ကို မျက်နှာကပြုံးပြီး စိတ်တွင်းက ကောက်ကျစ်စွာ ဆက်ဆံတတ်သည့် ထိုမိတ်ဆွေတုများကို ခွင့်လွှတ်နားလည်ပေးခြင်းက ပြ ဿ နာ မဟုတ်သော်လည်း သူတို့ ကျွန်တော့်ကို မနာလိုမရှုစိမ့်ဖြစ်ပြီး ကျွန်တော်ကျရှူံးအောင် ပြောဆိုပြုမှုကို သည်းခံခြင်းကတော့ ကောင်းသည့်ရလဒ် မထွက်ချေ။

သူတို့ ပျော်ဖို့ ကျွန်တော် ပြိုလဲ ပေးရမှာလားးး
No ပါကွယ်။

အဲ့သည်လောက်သာ သည်းခံစွမ်းအားမြင့်မားလျှင် ကျွန်တော် တောထွက်နေတော့မပေါ့။

ကျွန်တော် ချစ်ခင်လေးစားသော အမေစု ပြောဖူးသည့်စကားတစ်ခွန်းကို သတိရသည်။

“ကျမကို ခဲတွေနဲ့ပေါက်မှ ထမင်းစားရမယ်ဆိုတဲ့သူတွေအတွက် ကျမက ခဲနဲ့အပေါက်ခံဖို့အသင့်ပါ”တဲ့။
ဒါပေမဲ့ အမေစုက သူ့ကို ခဲနဲ့ပေါက်မှ ထမင်းစားရမယ့်သူတွေအတွက် စွှန့်လွှတ်အနစ်နာခံပေးတာ ဖြစ်သည်။
ကျွန်တော့် မိတ်ဆွေအတုအယောင်းများကတော့ ခဲနဲ့ပေါက်မှာမဟုတ်ဘဲ ကျွန်တော့်နောက်ကျောကို ဓါးနဲ ့ထိုးမှာ ဖြစ်သည်။

အထူးသဖြင့် သူတို့သည် စားနိုင်သောက်နိုင်သူများဖြစ်ပြီး သူတို့ထမင်းသူတို့စားပြီး ကျွန်တော့်ပျက်စီးရာပျက်စီးကြောင်းကို မြင်ချင်သူများဖြစ်သည်။
ဒါတော့ ကျွန်တော် သည်းမခံနိုင်ပါ။

အဲသည်နောက်တော့ ကျွန်တော် ဘာလုပ်ရမလဲ။
ဟောသည်လို မိတ်ဆွေအတုအယောင်များကို ကျွန်တော့်ဘဝထဲက ထုတ်ပစ်လိုက်ဖို့သာ ရှိသည်။

ကိုယ့်အပေါ် မကောင်းစိတ်ထားသော ကိုယ့်ပျက်စီးရာပျက်စီးကြောင်းကြံစည် ပြုမှုတတ်သော မိတ်ဆွေတုများကို တစ်လွှာချင်း စစ်ချပြီး တဖြည်းဖြည်းချင်း ဖယ်ခွါကာ~~~ဘဝထဲကနေ ဖယ်ထုတ်ပစ်ရမည်။

ကျွန်တော့်အနား ကပ်လာပြီး ပြုံးရွှင်သောမျက်နှာ+ကောက်ကျစ်သော အတွင်းစိတ်ဖြင့် ဆက်ဆံတတ်သည့် ကျွန်တော့်မိတ်ဆွေအချို့ကို ”ကျွန်တော့်ဘဝထဲမှ ပျောက်ဆုံးသွားသော မိတ်ဆွေများ”အဖြစ် စာရင်း သွင်းရပါတော့မည်။

တကယ့်တော့ ~~~ ကျွန်တော့်ထံတွင် ထိုသို့သောအခြေအနေမျိုးဖြင့် ပျောက်ဆုံးသွားသော မိတ်ဆွေများ ရှိခဲ့ဖူးပါသည်။

ဒါပေမဲ့ ကိစ္စ မရှိပါ။
အဲ့ဒါသည်~~~ကျွန်တော့်အတွက် ဆုံးရှုံးမှု မဟုတ်ပါ။
ပျောက်ဆုံးသွားသော မိတ်ဆွေတုများအတွက် ကျွန်တော် နှမြောတသစွာ ဝမ်းနည်းတမ်းတနေလိမ့်မည်မဟုတ်ပါ။

ကျွန်တော့်ထံတွင် ကျွန်တော့်ကောင်းကျိုးကို လိုလားသည့် မိတ်ဆွေစစ်များ ကျန်ရှိနေပါသည်။
ထိုမိတ်ဆွေစစ်များကတော့ ကျွန်တော့်အတွက် ကြီးစွာသော ဆုလာဘ်ဖြစ်ပါသည်။

ထို့အပြင်~~~
မိတ်ဆွေကောင်း မိတ်ဆွေဆိုးဆိုသည်ကို ခွဲခြမ်းစိတ်ဖြာတတ်သည့်အသိနှင့် မိတ်ဆွေဆိုးမှန်းသိတာနဲ့ တဖြည်းဖြည်း ဖယ်ခွါ ဥပေက္ခါ ပြုလိုက်နိုင်သည့် ပြတ်သားမှုလည်း ကျွန်တော့်ဆီမှာ ရှိနေပြီ။

~~~~~~~~~~~~~~~~~~~~~~

Maung Thura @ Alinsett
Jan 07-2016

17 comments

  • အူးမြောက်မြောက် - ( Book.E)

    January 7, 2016 at 1:54 pm

    အဲလိုပြတ်သားမှုမျိုး နှစ်ဆယ်ဘိုးလောက် ပြန်ရောင်းစမ်းပါလား

  • ဇီဇီခင်ဇော်

    January 7, 2016 at 3:13 pm

    ဆက်ဆက် ပြောတာတွေအကုန် သဘောတူတယ်။

    ဒီနှစ်ထဲမှာ ကိုယ့်ကို ခင်တွယ်လို့ထက် အချဉ်ဖမ်းချင်လို့ ပေါင်းတဲ့ မိတ်ဆွေတွေကို ဖယ်မယ်။
    ခင်ဇော် !!! ဘာမှတ်နေလဲ။
    ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေတာ။
    ခေတ်ကောင်းလို့ကတော့…….
    .
    .
    .
    .

    .
    .
    .
    .
    .

    .
    .

    တကယ်ရူးသွားပြီမှတ်။
    :mrgreenn:
    နာ့ မအ ဘူးမြန်း မှတ်နေလားး

  • ဇီဇီခင်ဇော်

    January 7, 2016 at 3:17 pm

    ကိုယ့်ထမင်းကိုယ်စားပြီး အမုန်းမခံ လူ့အောက်ကျို့လို့ လူမပိ ဆိုပေမဲ့လည်း
    စိတ်ဓာတ် ကို အဖိခံရတတ်တယ်။
    အဲတော့ ကိုယ့်ထမင်းကိုယ်စားပြီးလည်း အနိုင်မခံနိုင်ဘူးး
    မုန်းချင်လည်း မုန်းးးးး
    မိတ်ဆွေမစစ် ၁ဝ ယောက်ထက် ရန်သူစစ်စစ် တစ်ယောက်ကို သာ အလိုရှိတယ်။
    :k:
    ဟောဟဲ။
    မြှောက်ပေးရတာ မောထာ။
    မမဂျီးဘဝ ဆို ကိုယ့်ပိုက်ဆံနဲ့ကိုယ်တောင် သူများလိုက်ချော့နေရတဲ့ဘဝပါ။
    😥

    • alinsett

      January 7, 2016 at 4:02 pm

      လူ ပိတာက အပိခံနိုင်ပါသေးးး
      စိတ်ဓါတ်ကြီး ပြားသွားတာ မာနကြီးကျိုးသွားတာကမှ အတော်ခံရခက်တာ နော့
      :k:

  • ဇီဇီခင်ဇော်

    January 7, 2016 at 3:21 pm

    မိတ်ဆွေတုနှင့် မိတ်ဆွေစစ်။
    ——————————
    Author – NyainAyeTun

    အဆွေဟုခေါ်၍ မျက်မှောက်၌သာ အဖော်သဟဲပြုလျက် မျက်ကွယ်၌ ရန်သူလိုဖြစ်သောသူသည် ဟန်ဆောင် မိတ်ဆွေမည်သည်။ အကြင်သူသည် အကြောင်း ကိစ္စပေါ်လတ်သော် အဖော်သဟဲ ပြု၏၊ ထိုသူသည် မိဆွေစစ် မည်၏။

    လောက၌ မိတ်ဆွေစစ်နှင့်ဝေး၍၊ မိတ်ဆွေတုနှင့် ပေါင်းသင်းမိက အကျိုးစီးပွား ပျက်ပြားခြင်းကို မုချ ကြုံရပေအံ့။

    မိတ်ဆွေတု (၄) မျိုး။
    ————————-
    ၁။ “အညဒတ္တုဟရ” မိမိထံမှသာ လာရောက်ယူဆောင်လေ့ရှိသော မိတ်ဆွေတု။
    ၂။ “ဝစီပရမ” နှုတ်ဖြင့်သာ လိုလားယောင်ပြုလုပ်လျက် တစ်စုံတစ်ရာ လက်မပါသော မိတ်ဆွေတု။
    ၃။ “အနုပ္ပိယဘာဏီ” အကြိုက်လိုက်၍ ပြောဆိုတတ်ပြီး ကွယ်ရာတွင် ရန်သူသဖွယ် ပြုတတ်သော မိတ်ဆွေတု။
    ၄။ “အပါယသဟာယ” ပျက်စီးကြောင်း၌သာ အပေါင်းဖော်ဖြစ်သော မိတ်ဆွေတု။

    + ၁။ အညဒတ္တုဟရ မိတ်တုအင်္ဂါ (၄) ပါး။
    ——————————————
    ၁။ ယူသာယူတတ်၏။
    ၂။ နည်းသောဥစ္စာကို ပေးခြင်းဖြင့် များစွာသောဥစ္စာကို အလိုရှိ၏။
    ၃။ မိမိဘေး ကြုံခိုက်သာ မှီခို၍ အမှုကိစ္စ ဆောင်ရွက်ပေးပြီး ဘေးလွတ်သောအခါ ပြန်မကြည့်သတိရမှု မရှိခြင်း။
    ၄။ အကျိုးစီးပွားရလိုသောကြောင့် ချဉ်းကပ်ခြင်း။

    + ၂။ဝစီပရမ မိတ်တုအင်္ဂါ (၄) ပါး။
    ————————————
    ၁။ လွန်ပြီးသော အကြောင်းအရာဖြင့် ချီးမြှောက်ခြင်း။
    ၂။ မဖြစ်သော အကြောင်းအရာဖြင့် ချီးမြှောက်ခြင်း။
    ၃။ အချီးအနှီး လောကွတ်ဖြင့် ချီးမြှောက်ခြင်း။
    ၄။ ဖြစ်ဆဲကိစ္စတို့၌ ပျက်စီးခြင်းကို အကြောင်းပြု၍ ချီးမြှောက်ခြင်း။

    + ၃။ အနုပ္ပိယဘာဏီ မိတ်တုအင်္ဂါ (၄) ပါး။
    ——————————————-
    ၁။ မကောင်းမှု၌ တိုင်ပင်သည်ကိုလည်း ခွင့်ပြုခြင်း။
    ၂။ ကောင်းမှု၌ တိုင်ပင်သည်ကိုလည်း ခွင့်ပြုခြင်း။
    ၃။ မျက်မှောက်၌ ချီးမွမ်းစကားဆိုခြင်း။
    ၄။ မျက်ကွယ်၌ ကဲ့ရဲ့စကားဆိုခြင်း။

    + ၄။ အပါယသဟာယ မိတ်တုအင်္ဂါ (၄) ပါး။
    ——————————————-
    ၁။ သေရည်အရက် သောက်စားခြင်းတို့၌ အပေါင်းဖော်ဖြစ်၏။
    ၂။ အခါမဲ့သွားလာခြင်း၌ အပေါင်းအဖော် ဖြစ်၏။
    ၃။ ပွဲလမ်းသဘင်ပျော်ရွှင်လိုက်စားမှု၌ ပေါင်းဖော်ဖြစ်၏။
    ၄။ လောင်းကစားခြင်း၌ အပေါင်းဖော် ဖြစ်၏။

    မိတ်စစ် မိတ်ကောင်း (၄)မျိုး။
    ——————————-
    ၁။ “ဥပကာရ” ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။
    ၂။ “သမာနသုခဒုက္ခ” ချမ်းသာအတူ၊ ဆင်းရဲလည်းအတူဖြစ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။
    ၃။ “အတ္တက္ခာရီ” အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။
    ၄။ “အနုကမ္ပက” အကျိုးစီးပွားကို အစဉ် စောင့်ရှောက်တတ်သည့် စိတ်နှလုံးကောင်း ရှိသည့် မိတ်ဆွေစစ်။

    + ၁။ ဥပကာရ မိတ်ဆွေစစ်အင်္ဂါ (၄) ပါး။
    —————————————–
    ၁။ မူးယစ်နေခြင်းဖြင့် မေ့လျော့နေသော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
    ၂။ မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက် တတ်၏။
    ၃။ ကြောက်ရွံ့နေသော မိတ်ဆွေ၏ အားကိုးရာ ဖြစ်၏။
    ၄။ ပြုဖွယ်ကိစ္စဖြစ်ပေါ်လာက အကူအညီ တောင်းခံသည်ထက် နှစ်ဆသော စည်းစိမ် အထောက်အပံ့ကို ပေးတတ်၏။

    + ၂။ သမာနသုခဒုက္ခ မိတ်ဆွေစစ် အင်္ဂါ (၄) ပါး။
    ————————————————-
    ၁။ လျှို့ဝှက်တတ်သောစကားကို ပြောကြား တတ်ခြင်း။
    ၂။ မိတ်ဆွေ၏ လျှို့ဝှက်အပ်သောအမှုကို လုံခြုံအောင် လျှို့ဝှက်ခြင်း။
    ၃။ ဘေးရန်ရှိသောအခါ စွန့်လွတ်၍ မသွားခြင်း။
    ၄။ အရေးကိစ္စကြုံလျှင် မိတ်ဆွေအတွက် အသက်ကိုသော်လည်း စွန့်လွတ်နိုင်ခြင်း။

    + ၃။ အတ္တက္ခာရီ မိတ်ဆွေစစ်အင်္ဂါ (၄) ပါး
    ——————————————-
    ၁။ မကောင်းမှုမှ တားမြစ်တတ်၏။
    ၂။ ကောင်းမှု၌ တိုက်တွန်း နှိုးဆော် တတ်၏။
    ၃။ မကြားဖူးသော အကြားအမြင် ဗဟုသုတ များကို ပြောကြားတတ်သည်။
    ၄။ နတ်ရွာ နိဗ္ဗာန်ရောက်ကြောင်း ကောင်းသော တရားကို ပြောကြားတတ်၏။

    + ၄။ အနုကမ္ပက မိတ်ဆွေစစ်အင်္ဂါ (၄) ပါး။
    ——————————————–
    ၁။ မိတ်ဆွေ၏ ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက်။
    ၂။ မိတ်ဆွေ၏ အကျိုးစီးပွား ဖြစ်ထွန်းကြီးပွားခြင်းကို နှစ်သက်၏။
    ၃။ မိတ်ဆွေအား ကျေးဇူးမဲ့ ကဲ့ရဲ့စကား ပြောကြားသူကို ကန့်ကွက်တားမြစ်တတ်၏။
    ၄။ မိတ်ဆွေအား ချီးမွမ်းစကားပြောကြား သူကို ထောက်ခံတတ်၏။

    Author – NyainAyeTun

    • alinsett

      January 7, 2016 at 4:00 pm

      ဒီ စာရင်း ကြည့်ပြီး စစ် ထုတ် ဖြတ် လုပ်ရင် အတော် ဟုတ်သွားလိမ့်မယ်ထင်တယ်ဗျို့။
      ကူးလာပေးတဲ့အတွက် ဇူးဇူးပါ

  • Kaung Kin Pyar

    January 7, 2016 at 4:56 pm

    အောက်ဆုံး စာကြောင်းမှာတော့ လောကဓံက သင်ပေးလိုက်တဲ့ပညာတွေကို မြင်လိုက်ရတယ်….
    ဘာပဲဖြစ်ဖြစ်.. ကိုယ့်အားနည်းချိန်ဆိုတာ.. အတုကို အတုသပ်သပ်.. အစစ်ကိုအစစ်သပ်သပ်ဖယ်ထုတ်ပေးနေတဲ့ အချိန်လဲ ဖြစ်သေးတယ်….။

    • alinsett

      January 7, 2016 at 5:16 pm

      Kaung Kin Pyar says – ကိုယ့်အားနည်းချိန်ဆိုတာ.. အတုကို အတုသပ်သပ်.. အစစ်ကိုအစစ်သပ်သပ်ဖယ်ထုတ်ပေးနေတဲ့ အချိန်လဲ ဖြစ်သေးတယ်…

      ဟုတ်ပါ့…ဗျား….

  • ဝင့်ပြုံးမြင့်

    January 7, 2016 at 8:50 pm

    .အဟမ်းး သူများကို ကောင်းစေချင်ရင် ကိုယ်က ဆိုးပြရတယ် ချာတိတ်။ မကောင်းတဲ့ မိတ်ဆွေကို ရတယ်ဆိုတာ တကယ်တော့ ကိုယ်ကမဆိုးခဲ့လို့ပါ။ ဒါကြောင့် အားလုံးထက် ကိုယ်က ပိုဆိုးပြလိုက်တဲ့နည်းနဲ့ သူများတွေကို ကောင်းတယ်ဆိုတဲ့နေရာကို ရောက်အောင်ပို့ပေးရသကွဲ့။ ဒါမှ မိတ်ဆွေကောင်းပီသတယ် ဟီးဟီး။

    • alinsett

      January 8, 2016 at 9:17 am

      အဟမ်း… ဒီအစ်မတော်ရဲ့ အတွေးတွေကတော့….အမြဲတမ်း ဂျွမ်းပစ်နေတော့တာပဲ…

      ကျနော်လည်း အထိုက်အလျောက်တော့ …ဆိုးခဲ့သလားလို့… ။

      :k:

  • Mike

    January 8, 2016 at 10:03 am

    OXFORD dictionary မှာတော့ ဒီလိုဆိုသကွ….
    Friend / n. person, usu. not relation or lover, who feels mutual affection and regard for another; sympathizer, helper; person who is not an enemy.
    .ဘယ်လိုဆိုဆိုပါလေ…သူငယ်ချင်းကောင်းဆိုတာ ကိုယ်ခံယူတဲ့အပေါ်တည်တာပါပဲ..
    .စကားအတင်းစပ်..ဒီရက်ပိုင်းတွေအတွင်းမှာ..ငယ်သူငယ်ချင်းတွေ…ကျောင်းနေဖက်တွေနဲ့ပြန်ဆုံခဲ့ရတာ
    .တော့ တော်တော်ပျော်ရွှင်မိသကွ…ဒညင်းဝက်တစ်ယောက်လည်း သူငယ်ချင်းကောင်း၊ .မိတ်ဆွေကောင်းတွေနဲ့ နှစ်သစ်မှာတွေ့နိုင်ပါစေ…ဒေါ်စုပြောဖူးသလို“အတိတ်ရဲ့အကျဉ်းသားအဖြစ်မခံပါနဲ့”လို့………. :))
    .မကောင်းမခမ်းမိတ်ဆွေ
    .ကြီးမိုက်။

    • alinsett

      January 9, 2016 at 10:24 am

      ဟုတ်တယ်နော်… သူ ကောင်း မကောင်း ဆိုတာ…ကိုယ်က ဘယ်ပေတံနဲ့တိုင်းသလဲ…ဆိုတာလည်း.. ရှိသေးတယ်။

      ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)ရဲ့ ဆုံးမစကားလည်း..ရှိတယ်လေ…
      သူ့ကို သဘောမကျရင်… ကိုယ့်ကိုယ်ကို အရင် ပြင်…တဲ့…
      သူ့သဘောထားထက်…. ကိုယ့်သဘောထား ဘယ်ပုံဖြစ်နေတယ်ဆိုတာက ပိုအရေးကြီးတယ်ထင့်…

      😆

    • alinsett

      January 9, 2016 at 10:28 am

      ဟုတ်ပါ့…. တချို့….တချို့က … Fake တွေ..

  • ဦးကြောင်ကြီး

    January 10, 2016 at 2:33 am

    အက်ဖ်ယူစီကေ
    လာဘ်ထူးမည်လေ
    သက်ဦးရယ်နေ
    ငှက်မြူ းပလီခြွေ…

    • alinsett

      January 11, 2016 at 8:17 pm

      အိုက်တော့ အနော်က ကပြရမှာလား

Leave a Reply