ကျည်ဆံတစ်တောင့်က လူတစ်ယောက်ကိုပဲ သတ်နိုင်ပေမယ့် ပိုးသတ်ဆေးတစ်ပုလင်းက. . . .

mgsaiJanuary 11, 20161min18513

2

အခုပြောမယ့်အကြောင်းကတော့ ပိုးသတ်ဆေးအနာ္တရာယ်ပါပဲ။ဘာလို့ဒီလိုပြောရတာလဲ။အရင်ကတော့ပိုးသတ်ဆေးကို ကိုယ့်ကိုကိုယ်သတ်သေဖို့အတွက်သောက်သေကြတယ်။အခုတော့ ပိုးသတ်ဆေးကို သောက်စရာမလိုတော့ပါဘူး။

ကျွန်တော်တို့နေ့စဉ်စားသောက်နေတဲ့ဟင်းသီးဟင်းရွက်တွေမှာပိုးသတ်ဆေးတွေပါဝင်နေပါတယ်။အရင်တုန်းကတော့မသိသာပေမယ့် အခုအခါတော်တော်များများ အသီးအရွက်တွေစားမိပြီး သေတာတွေ၊ဆေးရုံရောက်တာတွေ အများအပြားကြားနေရပါတယ်။

ပထမဆုံးပြောချင်တာကတော့ ကန်စွန်းရွက်ကနေ စရပါမယ်။ဟို တလောက ကန်စွန်းရွက်စားမိလို့ လူ၁၃ရောက်ဆေးရုံရောက်တာ သတင်းစာတွေ၊ဂျာနယ်တွေမှာ ပါလာပါတယ်။ဘာကြောင့်ဖြစ်ရတာလဲ???ကန်စွန်းရွက်က အဆိပ်ပြေစေတဲ့အရွက်တစ်မျိုးပါ။။အရင်ကဆို အစာအဆိပ်တစ်ခုခုဖြစ်ပြီဆိုရင် ကန်စွန်းရွက်ကိုအရည်ညှစ်ပြီးတိုက်ချလိုက် အဆိပ်တွေကင်းရော။အခုကြတော့ရော ကန်စွန်းရွက်ကို ကြော်စားတာတောင် ဆေးရုံရောက်တာတို့ဘာတို့။တကယ်တမ်းတော့. . .

ဟိုနေ့က လှိုင်သာယာကိုရောက်ပါတယ်။ဘူတာဈေးအလွန်မှာ ရေအိုင်လေးတွေရှိပါတယ်။အဲဒီမှာ ကန်စွန်းရွက်စိုက်ကြပါတယ်။ကန်စွန်းရွက်တွေများ သန်သန်မာမာ အရွက်တွေက ထွားထွားကြိုင်းကြိုင်းတွေ၊ကျွန်တော်မေးကြည့်ပါတယ်။ကန်စွန်းရွက်တွေက ကောင်းလျချည်လားပိုးပေါက်တွေဘာတွေလဲမပါ၊စိမ်းပြီးတော့ လှလိုက်တာဆိုတော့။လှမှာပေါ့ဗျာ မနေ့ကမှ ပိုးသတ်ဆေးဖြန်းထားတာတဲ့။သူတို့ပြောတာတော့ ပိုးသတ်ဆေးကို အပင်ငယ်စဉ်ကတည်းကဖြန်းပါတယ်။ခူးခါနီးကြရင် အရွက်တွေ ပိုးပေါက်တွေမပါအောင်ပိုးသတ်ဆေးတွေဖြန်းပြီး နောက်နေ့ဆိုခူးတာပဲတဲ့။စဉ်းစားကြည့်ပါ။ကျွန်တော်တို့တွေ ဒီကန်စွန်းရွက်ကိုသာ ရေစင်အောင်မဆေးလို့ကတော့. . . . .

နောက်တစ်ခုက ဂေါ်ဖီထုပ်။ပန်းဂေါ်ဖီလဲပါတာပေါ့လေ။ဂေါ်ဖီထုပ်မှာသုံးတဲ့ပိုးသတ်ဆေးက အရမ်းပြင်းဆိုပဲ။ပင်လုံးဖြတ်ပိုးသတ်ဆေးလို့ ခေါ်ကြတယ်။ဂေါ်ဖီဟာ အလွှာအထပ်တပ်ရှိတာမို့ အဲဒီအလွှာတွေအကုန်လုံးဖြတ်ပြီးစိမ့်ဝင်အောင် အဲဒီပိုးသတ်ဆေးကို သုံးပါတယ်။အဲလိုသုံးတဲ့အခါ ဂေါ်ဖီထုပ် ဟိုးအထဲထဲအထိပိုးမကိုက်တော့ပါဘူး။ဒီဂေါ်ဖီကိုသာ ရေသေချာမဆေးပဲစားမိရင်၊ဒါမှမဟုတ် အသုပ်ဆိုင်တွေမှာ ဂေါ်ဖီကို ရေသေချာမဆေးပဲသုပ်ထားတာကို စားမိရင်. . . . .

နောက်တစ်ခုက ကွမ်းရွက်။ကျွန်တော်တို့မြန်မာတွေကွမ်းစားကြပါတယ်။တစ်ခါကပေါ့ဗျာ စာရေးဆရာ သာဂဒိုးက ကွမ်းရွက်ကို မျက်စိမှာကပ်ပေးရင် မျက်စိကြည်တယ်။မျက်စိအားကောင်းတယ်ပေါ့။ဒါနဲ့ ဧရာဝတီတိုင်းကကောင်မလေးတစ်ရောက် မျက်စိနာလို့ ကွမ်းရွက်ကပ်လိုက်တာ မျက်စိကန်းသွားပါတယ်။ဘာလို့လဲ???
ကွမ်းရွက်တွေကို ပိုးမဖေါက်အောင်ဆိုပြီး ပိုးသတ်ဆေးသုံးမျိုးသုံးရပါတယ်တဲ့။အဲဒီပိုးသတ်ဆေးကို ဒီနေ့ဖြန်းပြီး သဘက်ခါဆိုခူးပါတယ်။ခူးပြီးတော့လဲ ကွမ်းခြင်းတွေထဲထည့် ပြီးရင် ပိုးသတ်ဆေးတစ်ခါမှုတ်ပါတယ်။ကွမ်းတွေမှာ သယ်ပို့ရင်းပိုးတွေတွယ်ကုန်မှာဆိုးလို့တဲ့။အဲဒီကွမ်းရွက် ထွားထွားကြီးတွေကို ကျွန်တော်တို့ ကပါးစပ်ထဲထည့်ကြတယ်။ငုံကြတယ်။ပါးစောင်ကင်ဆာတွေ၊ပါးစပ်ကင်ဆာ၊လျှာကင်ဆာတွေ။ပြီးတော့ကွမ်းသီး။ ကွမ်းသီးကိုလဲမှိုမတက်အောင်ဆိုပြီး မှိုသတ်ဆေးတွေထဲ စိမ်ကြပါတယ်။

တကယ်တမ်းပြောရရင်အများကြီးပါပဲ။တကယ်တော့ပိုးသတ်ဆေးကို မသုံးနဲ့လို့မပြောပါဘူး။သုံးပါ။ဒါပေမယ့် ပိုးသတ်ဆေးသုံးပုံတွေကို စနစ်တကျအသုံးပြုရပါမယ်။စိုက်ပျိုးတဲ့တောင်သူတွေကိုလဲ အပြစ်ပြောလို့မရပါဘူး။တောင်သူတွေကို ဒီပိုးသတ်ဆေးကဘယ်လိုသုံးရတယ် ဆိုပြိးရှင်းပြမယ့်လူမရှိပါဘူး။ပိုးသတ်ဆေးဘူးတွေမှာလဲ အညွန်းတွေက ပြည့်ပြည့်စုံစုံမပါတဲ့အပြင်၊ပါရင်လဲ တရုတ်စာတို့၊အင်္ဂလိပ်စာတို့ ပဲပါပါတယ်။
တစ်ချို့ပိုးသတ်ဆေးရောင်းတဲ့သူတွေက စိုက်ခင်းထဲအရောက်သင်ကြားပေးတယ်ဆိုပေမယ့် တကယ်တမ်းသူတို့မရောက်နိုင်တဲ့စိုက်ခင်းတွေ ဒုနဲ့ဒေး။
တောင်သူတွေကို အသိပညာပေးဖို့လူကလဲမရှိ။

အရင်တုန်းကတော့ အသီးအရွက်စားရင် အသက်ရှည်တယ်လို့ပြောကြပေမယ့်၊အခုကြတော့ အသက်အမြန်သေချင်သလား အသီးအရွက်စားလို့တောင်ပြောရမယ့်ခေတ်ဖြစ်နေပါပြီ။စားသုံးသူတွေကလဲ အသီးအရွက်တွေကို သေချာ ဆေးကြောသန့်စင်ကြဖို့ မပျင်းပါနဲ့။အခုခေတ်အိမ်ရှင်မတွေက တစ်မိသားစုလုံးရဲ့ အသက်ကို ကိုယ့်လက်ထဲမှာကိုင်ထားရတယ်ဆိုတာ သတိပြုကြပါ။အသီးအရွက်ထဲမှာ ပိုးကောင်လေးတွေပါရင်လှီးထုတ်လို့ရပါတယ်။မတော်လို့ ချက်ပြုတ်မိသွားရင်တောင် ပိုးကောင်လေးတွေသေပါတယ်။ဒီပိုးသတ်ဆေးတွေက မသေနိုင်ပါဘူး။
ကျွန်တော်ဈေးထဲသွားလို့ ကန်စွန်းရွက်ဖားဖားကြီးတွေမြင်ရင် ပိုးသတ်ဆေးပုလင်းတွေသာမြင်မိပါကြောင်း ……………………………

မောင်စိုင်း

အဲဒီအသီးအနှံတွေကို တစ်ခါပိုးသတ်ဆေးဖြန်းလိုက်တာနဲ့ အဲဒီအသီးတွေကပိုးသတ်ဆေးကိုစုပ်ယူထားပါတယ်။ဘယ်လောက်ပဲဆားရေစိမ်၊ဘယ်လောက်ပဲဆေးဆေး၊ဘယ်လောက်ပဲ ချက်ပြုတ်ချက်ပြုတ် အဲဒီအသီးတွေထဲက ပိုးသတ်ဆေးတွေပြန်မထွက်တော့တဲ့ အသီးအနှံများအကြောင်းကို အလျဉ်းသင့်သလိုဖော်ပြပေးပါမည်။

13 comments

  • ဝင့်ပြုံးမြင့်

    January 11, 2016 at 5:38 pm

    .ပန်းဂေါ်ဖီ ပွင့်ကြီး စားချင်တာနဲ့ ဝယ်စားလိုက်တာ ၁ဝ ရက်လောက် ဝမ်းလျှောပြီး မျော့မျော့ပဲကျန်တယ်။ ဒီကတည်းက ပန်းဂေါ်ဖီ လုံးဝမစားတော့ဘူး။ ဒါတောင် မချက်ခင် ရေစိမ်သေးတာ။

  • alinsett

    January 11, 2016 at 7:09 pm

    ဂေါ်ဖီထုတ်က အလွှာအထပ်ထပ်နဲ့ဆိုတော့…ပိုးသတ်ဆေး ဖျန်းလည်း အပေါ်ဆုံးအလွှာလောက်ပဲ… ထိမှာပါ..ဆိုတဲ့အတွေးနဲ့…အပေါ်လွှာကို ခွါချလိုက်ပြီးတာနဲ့…အတွင်းအလွှာတွေကို..ရေသေချာမဆေးဘဲ.. စားခဲ့ဖူးတယ်။ အခုလို အဲဒီအလွှာတွေ အကုန်လုံးဖြတ်ပြီးစိမ့်ဝင်တဲ့အထိ ကြောက်ဖို့ကောင်းတဲ့ ပိုးသတ်ဆေးတွေ သုံးကြတယ်ဆိုတာ ကြားတော့… လန့်သွားပြီ။

  • alinsett

    January 11, 2016 at 7:27 pm

    http://myanmargazette.net/137385

    အထက်က လင့်ခ်က… အစ်မတော်ပြုံးရဲ့… အသည်းကွဲတမ်းချင်း…ပါ။
    ဒီပိုစ့်နဲ့ တွဲစပ် ဖတ်လို့ရအောင်… ကော်ပီ ယူလာခဲ့ပါတယ်။

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 12, 2016 at 12:18 am

    စိမ်းစိမ်းလေးစားချင်လို့ ကန်စွန်းရွက်ကို မကျက်တကျက်ကြော်စားတာမကျက်တကျက်ကြော်စားတာ
    တခါတလေ ဘာအရသာထွက်နေမှန်းမသိ

    အရင်တုန်းက ဘဝလေးတွေ သတိရတယ်
    အိမ်နောက်ဖေးဆင်း ကန်စွန်းရွက်ခူးစား၊ချဉ်ပေါင်ခူးစား၊ဗူး ဒန့်သလွန်
    မန်ကျည်း ကင်မွန်းချဉ် ကတက် သရက် ပိန္နဲ မာလကာ ကနဖော့
    ဆူးပုပ် နဲ့ ငါးပိကျိုနဲ့ ချောင်းထဲမြောင်းထဲ ဆင်း ငါးရှာ ဖားရှာနဲ့ တခါတလေ
    ဘယ်အိမ် က ထွက်လာမှန်းမသိတဲ့ ကြက်ကြီးနဲ့
    စားဖို့ သောက်ဖို့ အဆင်ပြေခဲ့ အရသာ ရှိခဲ့ပါကောဗျာ
    ပြောရင်းတောင် သရေကျမိပါတယ် ရှလု

  • Shwe Ei

    January 12, 2016 at 2:26 pm

    -လယ်ကွင်းထဲက ဖျန်းလိုက်တဲ့ ပိုးသတ်ဆေး..
    -ချောင်းထဲ မြောင်းထဲထိ စီးဆင်းပြီး..ငါးပါသေတဲ့ ခေတ်မို့လို့
    -တွေးပီး မကြောက်တတ်တော့ဝူး 🙁

  • ဇီဇီခင်ဇော်

    January 12, 2016 at 4:07 pm

    လှီးခါနီးရင်
    ဇလုံကြီးထဲ ရေထည့်ပြီး ဆားတွေ ထည့်ထားတယ်။
    စိမ်ထားတယ်။
    လှီးပြီး
    နောက်တစ်ရေကို ရှာလကာရည်နဲ့ စပ်ပြီး ထပ်ဆေးတယ်။
    အစိမ်းမစားဘူးး

    😥

  • kai

    January 12, 2016 at 4:53 pm

    လိုက်…………….ဆို..။
    ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊

    ကြွက်ကို …သတ္တဝါဆိုပြီး…မသတ်တဲ့သူတွေ..
    ခြင်..ယင် ကို.. ပိုးသတ်ဆေးဖြန်းရင်.. သနားပြတဲ့သူတွေ…။
    သက်သတ်လွတ်ဆိုပြီး.. အသားမစား”ပြ”တဲ့သူတွေ..။

    တကယ်တော့.. မြန်မာတွေကိုဒုက္ခအပေးနေဆုံးက… အဲဒီပါဏာတိပါတာကို… တလွဲယူ..သီလစောင့်နေကြတာပါပဲ..။
    သေကြဦးမယ်… လို့… ထင်..။

  • Ma Ma

    January 12, 2016 at 5:15 pm

    ဆင်းရဲတာကြောင့် လူတွေအသိအမြင် ဗဟုသုတနည်းကြတယ်။
    အဲဒါကြောင့် ကိုယ့်လုပ်ရပ်ဟာ ဘယ်လောက်ထိ အကျိုးအပြစ်တွေဖြစ်စေတယ်ဆိုတာကို မသိကြဘူး။
    ဒါ့အပြင် ခိုင်မာကောင်းမွန်တဲ့ စည်းမျဉ်းဥပဒေတွေနဲ့ မထိန်းချုပ်နိုင်တော့……………..
    လွယ်လွယ်တွေး
    လွယ်လွယ်လုပ်
    လွယ်လွယ်စား
    လွယ်လွယ်သေနေကြရတာ။ :e:

    ခုလည်း စားသုံးသူကာကွယ်ရေးဆိုပြီး လုပ်နေကြတယ်။
    အပြုသဘောဘက်ပါတယ်လို့လည်း မမြင်ဘူး။
    လုပ်ဆောင်ချက်တွေလည်း အောင်မြင်တယ်လို့ မတွေ့မိဘူး။

  • kai

    January 14, 2016 at 2:29 pm

    The Irrawaddy (Burmese Version)

    မန္တလေးမှာ ဓာတုုဗေဒပစ္စည်းတွေ၊ PVC ပုိုက်တွေ သုုံးပြီး ငရုုတ်ဆီ ထုုတ်လုုပ်နေတဲ့ ငုုံးမင်းငရုုတ် ဆီလုုပ်ငန်းကုို စစ်ဆေးတွေ့ရှိ ၊ ပိတ်သိမ်းရန်သာ အကြောင်းကြားထားဟုုဆုို
    ==========================================================
    မန္တလေး အောင်မြေသာစံမြို ့နယ် သီရိမာလာ( အရှေ့) ရပ်ကွက် သင်္ဘော တန်း ရပ် တွင် နေထိုင်ကြသော ပြည်သူများ၏ မီးဘေးအန္တရာယ် စိုးရိမ်ရသည်ဟု တိုင်ကြားချက်အရ သန့် ရှင်းရေးဌာနမှ တာဝန်ရှိသူများ၊ မြို့ နယ် မီးသတ်ဦးစီးဌာန၊ မြို့ နယ် ကျန်းမာရေးဦးစီးဌာန ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ( မန္တလေးတိုင်း) ၊ စက်မှုစစ်ဆေးရေးနှင့် ကြီးကြပ်ရေးဦးစီးဌာန ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ပါဝင်သော အဖွဲ့ သည် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁ဝ နာရီခွဲခန့်က ပိုင်ရှင် ဦးသန်းထွဋ် ၏ ငုံးမင်းငြုပ်ဆီလုပ်ငန်းအား သွားရောက်စစ်ဆေးခဲ့ကြပါသည်။
    ထိုသို့ စစ်ဆေးရာတွင်
    (၁)မီးဘေးအန္တရာယ် စိုးရိမ်ရသည်အထိ အိမ်ပေါ်ထပ်တွင် မီးဖိုကြီးထားရှိကာ ဆားနှင့်ငြုပ်ရည်ကြိုခြင်း
    (၂)မီးခိုးများကြောင့် ပတ်တ်ဝန်းကျင်ကို အနှောင့်ယှက်ဖြစ်စေခြင်း
    (၃)ခရမ်းချဉ်သီးပါဝင်ခြင်းမရှိဘဲ ဆန်ကွဲ ၊ အရောင်မှုန့်၊ ဆိုးဆေးနှင့် အမျိုးအမည်မသိ ဓာတုဗေဒ အချဉ်မှုန့် များအား ရောနှောကျိုချက်၍ PVC ပိုက်များကို အသုံးပြုကာ ထုတ်ပိုးမည့်နေရာသို့ ပို့ဆောင်ခြင်း များကို ဆောင်ရွက်လျက်ရှိပြီးပူနွေးနေသော အနေအထားအတိုင်း ပလတ်စတစ်အိတ်အတွင်း သွပ်သွင်းထုတ်ပိုးနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။
    ထို့အပြင် အဆိုပါ ငုံးမင်း ငြုပ်ဆီအား ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပြီး လုပ်ငန်းအား ပိတ်သိမ်းရန် အသိပေးအကြောင်းကြားထားပြီးဖြစ်ပါကြောင်း အများပြည်သူသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
    သတင်းနှင့်ဓာတ်ပုုံ- မန္တလေးတုိုင်းဒေသကြီးမြို့တော်စည်ပင်သာယာရေးကော်မတီ

  • kai

    January 14, 2016 at 2:57 pm

    ကွမ်းစားသူများ သတိထား၊ ကွမ်းသီးကုို ဖြူဖွေးလာအောင်နဲ့ နူးညံ့အောင် ဓာတုုဆေးတွေ သုုံးတာ စစ်ဆေးတွေ့ ရှိ
    =====================================================
    ကွမ်းသီးကုို အရောင်ချွတ်တာ၊ နူးညံ့အောင် ဘယ်လုို ဓာတုုဆေးတွေ သုုံးသလဲဆုိုတာကိုု ရန်ကုုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အရာရှိတစ်ဦးက သွားရောက်စစ်ဆေးစဉ် တွေ့ရှိမှုတွေကုို သူရဲ့ ဖေ့ဘုုတ်စ်ပေါ်မှာ ဖော်ပြလုိုက်ပါတယ်။
    ကွမ်းသီးကိုု ရေစိမ်ပါတယ်။ နောက်ပြီး ချွတ်ဆေး၊ ပွဆေးနဲ့ ကန့်တွေသုုံးပါတယ်။ ကွမ်းစားသူတွေမှာ သေချာပေါက် ကျန်းမာရေး အန္တရာယ်တွေ အထူးသဖြင့် ကင်ဆာရောဂါဖြစ်မယ်ဆုိုတာ အသေအချာ ပါပဲ။
    ကွမ်းသီးရေစိမ်ပြီး ဓာတုုဗေဒ ပစ္စည်းတွေ သုုံးပြီး နူးညံ့အောင်လုုပ်တဲ့ အခန်းထဲမှာ နံရံတွေကွဲအက်၊ ကြွေပြားတွေ အရောင်လွင့်နေတာတွေ၊ သံပြားတွေ သံချေးကိုုက်ပြီး ဆွေးမြေ့နေတာတွေ ကိုုလည်း ဓာတ်ပုုံထဲမှာ တွေ့နုိုင်ပါတယ်။
    (ဓာတ်ပုုံ-DrAung Myint Maw Maw Facebook)

  • uncle gyi

    January 14, 2016 at 4:11 pm

    လောလောဆယ်တော့ဒါေတွေပဲစားရမှာပဲ
    နောက်များတော့ကောင်းလာကောင်းပါရဲ့

Leave a Reply