အလုပ်မဖြစ်သော လုံခြုံရေးကောင်စီ

koaungMarch 26, 20101min580

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေများနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး အကြပ်အတည်းကို  ပြည်တွင်း ပြည်ပ ဝေဖန်သံများရှုပ်ထွေးနေချိန်မှာပဲ မတ်လ ၂၄ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏မြန်မာ့ရွေးကောက်ပွဲအရေး တံခါးပိတ်ဆွေးနွေးပွဲ ပြုလုပ်သွားတယ်လို့ ကြားသိရပါတယ်။ ၎င်းအစည်းအဝေးမကျင်းပမီ မတ်လ ၂၃ ရက်နေ့က ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်နဲ့ မြန်မာ့အရေးမိတ်ဆွေနိုင်ငံများအဖွဲ့နဲ့ ကြိုတင်ဆွေးနွေးခဲ့ပါတယ်။

အဆိုပါ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်တွေးနွေးပွဲမှာ  မြန်မာနိုင်ငံရဲ့ ပေါက်ဖော်ကြီး တရုတ်က ဘယ်နိုင်ငံမဆို ရွေးကောက်ပွဲဟာ သက်ဆိုင်ရာအချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ နိုင်ငံနဲ့ တိုက်ရိုက်သက်ဆိုင်တဲံ့ အရေးကိစ္စသာ ဖြစ်ပြီး ၎င်းကို လေးစားရမည်ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံအရေးကိစ္စသည်လည်း ထိုနည်းတူပင်ဖြစ်ပါကြောင်း ကာ့ကွယ်ပြောဆိုသွားပါတယ်။

ဒါတင်မကသေးပါဘူး မြန်မာနိုင်ငံရဲ့ လာမဲ့ရွေးကောက်ပွဲအတွက် ကောင်းမွန်တဲ့အခြေအနေဖန်တီးပေးဖို့၊ အပြုသဘောဆောင်အားပေးဖို့ နဲ့ မြန်မာပြည်ကိုကူညီဖို့အရေးဟာနိုင်ငံတကာအဖွဲ့အစည်း၊ ကုလသမဂ္ဂ နဲ့ လုံခြုံရေးကောင်စီတို့အတွက် အရေးကြီးပါတယ်ဆိုပြီး တင်ပြသွားပါတယ်။ ဆိုလိုတာကတော့ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲလုပ်မဲ့ လမ်းကြောင်းကို ဘာမှဝင်စွက်ဖက်စရာအကြောင်းမရှိဘူး၊ နိုင်ငံတကာလုံခြုံရေးကိုခြိမ်းခြောက်နေတာလည်းမရှိဘူး၊ ကမ္ဘာ့အဖွဲ့အစည်းကြီးအားလုံးက ကူညီပေးရုံပဲရှိတယ် ဆိုတဲ့ ဆိုလိုချက်ကို တရုတ်ကြီးက သွယ်ဝိုက်ပြောဆိုသွားခြင်းပဲဖြစ်ပါတယ်။

လုံခြုံရေးကောင်စီအစည်းအဝေးပွဲအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ကုလသမဂ္ဂဆိုင်ရာဗြိတိန်သံအမတ်ကြီးက မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေသစ်နှင့်ပတ်သက်၍ လုံခြုံရေးကောင်စီအဖွဲ့ဝင် အတော်များများက စိုးရိမ်မကင်းဖြစ်နေကြသည်ဟု တရုတ်ကြီးကို ယှဉ်လိုက်ပါသေးတယ်။ အဲဒီမှာ ပွဲဆူနေတဲ့နိုင်ငံတွေကတော့ တရုတ် နဲ့ ဗြိတိန် နိုင်ငံတို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်က အစည်းအဝေးမှာ ထမချကြရုံတမယ်ပါပဲ… တရုတ်က မြန်မာနိုင်ငံကိုကာကွယ်ပြောဆိုလိုက် ဗြိတိန်က မြန်မာနိုင်ငံကို ချောက်ကမ်းပါးထဲ ဆွဲချလိုက်နဲ့ ကြာရင် ဘန်ကီမွန် ရူးသွားနိုင်ပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီမှာ ၂၀၀၉ ခုနှစ် ဩဂုတ်လမှာ နောက်ဆုံးဆွေးနွေးခဲ့ကြပြီး ၂၀၁ဝမှာတော့ ဒါပထမဆုံးအကြိမ် မြန်မာနိုင်ငံအရေးဆွေးနွေးကြခြင်းဖြစ်ပါတယ်။ အရင်ဆွေးနွေးပွဲတုန်းကလည်း မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး တရုတ်ကပဲ အဖွဲ့ဝင်နိုင်ငံတွေအားလုံးအပေါ်အထောက်အထားတွေနဲ့ ကာကွယ်ပြောဆိုနေကျဖြစ်ပါတယ်။ အခုတံခါးပိတ်ဆွေးနွေးပွဲမှာ လဲ တရုတ်က မြန်မာကို ထပ်မံကာကွယ်သွားပြန်ပါတယ်။

မြန်မာနိုင်ငံဟာ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် တရုတ်ကတော့ ကာကွယ်ပေးနေတုန်းပဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကလည်း တရုတ်ကိုကျေးဇူးဆပ်တဲ့အနေနဲ့ တရုတ်လိုလားသမျှ မြန်မာနိုင်ငံထွက် သယံဇာတပစ္စည်းတွေ၊ တရုတ်စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ၊ နယ်စပ်ကုန်သွယ်မှုတွေကို တံခါးမရှိ ဓါးမရှိ ဖွင့်ပေးထားပဲမဟုတ်လား။ တရုတ်ကလဲ ဒီလောက်လေး ကာကွယ်ပြောဆိုပေးရတာ အပန်းမကြီးပဲ သူ့ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အကျိုးရှိစေတာပဲ မဟုတ်လား။ ဒါကလဲ ရှင်းပါတယ် ဘယ်သူမဆို ကိုယ့်အကျိုးစီးပွားအတွက်ဖြစ်မယ်ဆိုရင် မလုပ်နိုင်စရာအကြောင်းမရှိပါဘူး။  ဒီတော့ ကိုဗြိတိန် တို့ ကိုအမေရိကားတို့ ကို ပြင်သစ်တို့ က မြန်မာနိုင်ငံကို ဆွဲချချင်နေပေမဲ့ ကိုတရုတ်က ရှေ့ ကနေ ကာစီး ကာစီးလုပ်နေရင်တော့ နာမည်ဆိုးသာ အဖတ်တင်ပြီး အချိန်ကုန်ရုံပဲ ရှိပေတော့မယ်။

ဒါပေမဲ့ တရုတ်ကလဲ သူ့အကျိုးစီးပွားအတွက်မျှော်လင့်လို့ရနေတုန်းအချိန်ကာလ အခိုက်အတန့်ကလေးမှာပဲ အင်အားပြနိုင်တာပါ။ တချိန်ချိန်ပြိုလဲသွားရင်တော့ မြန်မာနိုင်ငံခမျာ ကူညီသူမဲ့ ဖြစ်သွားမှာကတော့ သေချာပါတယ်။ အမြဲတမ်းရန်သူ အမြဲတမ်းမိတ်ဆွ မရှိဘူးဆိုတာကို ထည့်တွက်ထားဖို့ လိုပါလိမ့်မယ်။

ရေနံသာ ကိုအောင်