“မဆူစကောင်း ဆူစကောင်း ” (အပိုင်းနှစ်)

ကျနော်တို့ မြန်မာပြည်မှာလည်း အမှန်တကယ်တော့ အများမထိခိုက်အောင်အတွက် အသံချဲ့စက်တွေနဲ့ပါတ်သက်တဲ့ ဥပဒေတွေ ကတော့ အပီအပြင် အသေအချာရှိပြီးသားပါ။
ဒါပေမဲ့ ဥပဒေဆိုတာကို စာအုပ်ထဲမှာထားလိုက်ပြီး မလိုက်နာကြတာများပါတယ်။
နိုင်ငံခြားမှာဆိုရင်တော့ ဘယ်ရလိမ့်မလဲ။
ခက်တာက ကျနော်တို့ဆီမှာက အားလုံးက တစ်ယောက်နဲ့တစ်ယောက်မျက်နှာနာတာရယ် နောက် ဘာဖြစ်ဖြစ်သိပ်အလွန်အကဲကြီးမဟုတ်ဘူးဆိုရင် ခွင့်လွှတ်လိုက်ကြတာရယ်
နောက်ရုံးပြင်ကနားသွားရမှာ ကိုစိတ်မဝင်စားတာကြောင့်လဲ ဥပဒေနဲ့လုပ်ရင်ရပေမယ့်လဲ မသိချင်ယောင်ဆောင်နေလိုက်တာများပါတယ်။
ဟိုအရင်က ကျနော်တို့အိမ်ရှိတဲ့ မစိမ်းစိမ်းရဲ့ ရွှေမန်းဆီသို့ သီချင်းထဲမှာပါတဲ့ ” မြို့တောင်ဖျားဆီ မှန်းရည် မဟာမြတ်မုနိကိုယ်တော်”ရှိရာအရပ်က အေးဆေးငြိမ်သက်သော
လူနေကျဲပါးသောရပ်ကွက်လေးပေါ့။
ဈေးနဲ့လဲနီးတဲ့အရပ်လေးဖြစ်တော့ အရင်ကထက်စာရင် လူစည်သထက်စည်လာပါတယ်။
အခုတော့ လူဦးရေကများလာ တော့နေစရာလဲ တစထက်တစ ရှားပါးလို့လာပါတယ်။
မြေနေရာရှားပါးတယ်ဆိုတဲ့ နိုင်ငံများကတော့ မိုးပေါ်ကို တက်နိုင်သလောက်တက်လို့ မြင့်သထက်မြင့်အောင် တိုက်တွေဆောက်ကြပါတယ်။
ကျနော်တို့လိုမြေပေါသေးတဲ့ နိုင်ငံများကတော့ ရသလောက်နေရာလေးကို ရသလောက်ဆောက်ပြီး လူတွေပြွတ်သိပ်ပြီးနေကြပါတယ်။
ဒီတော့ အရင်ကခြံကျယ် ဝင်းကျယ်လေးနဲ့နေ နေရာကနေ ကိုယ်ပိုင်တဲ့မြေလေးကို ဖဲ့ရောင်း ဖဲ့ငှားလာရင်းကနေ တအိမ်နဲ့တအိမ် “နံရံတစ်ချပ်ခြား”ဘဲနေရာလွတ်ကျန်တော့တဲ့ဘဝကိုရောက်လာပါတော့တယ်။
အဲဒီအခါမှာ အသံတွေကလဲ အတားအဆီးတွေကို ဖောက်ထွက်လို့ ကျနော်တို့တစ်တွေရဲ့နားစည်ထဲကိုမခေါ်ဘဲရောက်လာပါတော့တယ်။
အခုခေတ်မှာ အသံနဲ့ပါတ်သက်တဲ့စက်တွေကလဲ တရုပ်ပြည်ကနေ ဝင်လာလိုက်တာ ဖောချင်းသောချင်းကိုးဗျ။
ကာရာအိုကေဆိုလို့ရတဲ့ စက်မရှိတဲ့အိမ်ဆိုတာလဲ လူမသေဘူးတဲ့အိမ်ကမုန်ညင်းစေ့လိုဖြစ်နေပါတယ်။
အဲတော့ မီးလာပြီဆိုတာနဲ့ ရှိသမျှအိမ်ကတိုင်းက ကိုယ့်ရပ်ကွက် ကို ကာရာအိုကေသီချင်းများနဲ့ ပြန်ပြီး ဧည့်ခံကြပါတယ်၊
အရွယ်စုံကျားမ မရွေးဆိုလဲ ဆိုနိုင်ကြပါပေတယ်။
တစ်အိမ်က13နှစ်လောက်ကောင်မလေးက “သာယာချိုမြိန်သော အနမ်းနဲ့ညို့တဲ့သူ ……….သူဟာလေ ကျမရဲ့ကြင်နာသူ “ဆိုပြီး ရင်ထဲခံစားချက်တွေကို အံထုတ်ပါတယ်။
နည်းနည်းကြီးတဲ့ ကောင်မလေးလေးကတော့ “ပုဂံရာဇဝင်ချစ်ဇာတ်လမ်းမှာ မှတ်တမ်းတင်ရ ……………နှလုံးသားကိုသာ နားမလည်နိုင်သော …………………”လို့ဆိုပြီး အင်မတန်မှ သနားစရာကောင်းတဲ့အသံလေးနဲ့ အသံကုန်အော်ပါတယ်။
ဟိုဘက်အိမ်က အန်ကယ်ကြီးတော့ “သူ့မျက်နှာ ကျနော့်အသဲထည်း……………စွဲနေတယ်”တို့ ” မောင့်မျက်နှာရုပ်ဝါဆင်းပြင် ယမင်းအလှချစ်သူမြင်စေချင်” ဆိုတဲ့သီချင်းတွေကို
အသံတုန်တုန်လေးနဲ့ ဖီးလ်တွေ အပြတ်ထဲ့ပြီးဟဲပါတယ်။
အနောက်ဘက်အိမ်က ကောင်ပေါက်စနလေးတွေကတော့ ရဲလေးသီချင်းကိုဖျက်လို့ “မင်းအဖေက မင်းအမေကြောက်တယ်ဆို” လို့တစ်ယောက်က ဆိုလိုက်ရင် ကျန်တဲ့ကောင်တွေက
“မဟုတ်ရပါဘူးဗျာ “ဆိုဝိုင်းတဲ့ပြီး သံကုန်အော်ကြပါတယ်။
အဲ ရဲလေးပြီးတော့ ဂျေမီအလှည့် “ကဲလိုကဲ သဲလိုသဲ ရေမကူးတတ်တဲ့ဘဲလိုဘဲ”ဆိုတဲ့သီချင်းကို အားလုံးဝိုင်းအော်ပြီးရင်
စိုင်းစို်င်းအလှည့် ယောက်ခမကရော့ …………..ကိုသံပြုင်အော်လိုက်ကြတာ တစ်ပျော်တစ်ပါးကြီးပါ။
ခဏနေတော့ ဒီကလေးတွေကို သူ့ထက်အကြီးကောင်က မောင်းထုတ်ပါတယ်။
သူကတော့ အာဇာနည်တို့လေးဖြူတို့သီချင်းတွေနဲ့ဖျော်ဖြေပေးပါတယ်။
ဆိုလိုက်တဲ့သီချင်းတွေကတော့ နာမယ်ကြီးသီချင်းတွေကိုသူကလဲ ဟန်အပြည့် မာန်အပြည့်နဲ့ဆိုလိုက်တာ သီချင်းအစအဆုံးတစ်လုံးမှ တီးတာနဲ့မကိုက်အောင်တလွဲဆိုနိုင်တာ ချီးကျုးစရာပါ။
နောက်တအိမ်က”မမလွမ်း”ကတော့ “အို အချစ်ရေ အချစ်ရေ အချစ်ဟာမေ့ရဲ့ထာဝရပါလေ ပူပြင်းသောနွေမှာ…………………………..”တို့
” မောင့်အချစ်မျှားအသဲမှာစူး နုတ်လဲနုတ်ချင်တော့ဘူးလေ…………………….”ကိုခံစားချက်အပြည့်သွင်းလို့ မူရင်းအဆိုတော်ကြားရင် လဲသေသွားချင်လောက်တဲ့ အသံနဲ့ဟဲပါတယ်။
ဟော တော်တော်လေးနေလို့မီးလဲပျက်ရော နားတော့ သက်သာပဟလို့အောင့်မေ့တုန်းရှိသေးတယ် “စိမ်းသရဖူစိမ်းရယ် စိမ်းမှာသတင်းကြီးတဲ့မောင့်မမစိမ်း”ရယ်လို့ အသံကိုမိုင်ကုန်တင်ထားတဲ့အသံကိုကြားလို့ လှမ်းကြည့်လိုက်တော့ အချဉ်ပေါင်းသည်လေးပါ။
အရင်ကအချဉ်ပေါင်းသည်လေးများက မောင်းကလေးကို တစ်မောင်မောင်တီးလို့ ရောက်ကြောင်းသတင်းပို့တတ်လို့ “မောင်မောင်သယ်”လို့နာမယ်တတ်ခဲ့ကြပါတယ်။
အခုတော့ မောင်းလေးတွေက အဆောင်သဘောသာချိတ်ထားပြီး သူတို့အကြိုက်တွံတေးသိန်းတန်တို့ ထွန်းရင်တို့နဲ့ သူတို့ရောက်ကြောင်းလက်မှတ်ထိုးပါတယ်။
အချဉ်ပေါင်းသယ်လေးအိမ်ရှေ့လွန်သွားလို့မှ မကြာသေးဘူး ဘာရောဂါတွေဖြစ်လို့ ဘယ်လိုဆေးတွေပေးလို့ ဘယ်လိုပျောက်မယ်ဆိုတာတော့ မသိပါဘူး
နားထဲမှာတော့ ” ငါးလုံးသောက် ” ” ငါးလုံးသောက် ” ” ငါးလုံးသောက် ” ဆိုတာဘဲပဲ့တင်ထပ်လို့ကျန်နေခဲ့ပါတယ်။သူကတော့ မြန်မာဆေးကြော်ငြာတာပါ။
ဟောသူ့နောက်က ဆက်တိုက်ကပ်ပါလာတာကတော့ ” အာမခံချက်တွေ တစ်လှေကြီးပေးလို့ ကြော်ငြာနေတဲ့ သွားခိုင်ဆေးရောင်းတဲ့သူပါ။
ခဏနေပြန်တော့ အလကားနေရင်း ဆရာတော်တွေကို နေ့ခင်းကြောင်တောင် ကြီးတရားတွေဟောခိုင်းတတ်တဲ့ တရားတိတ်ခွေ တွေ ဗွီစီဒီတွေ ဒီဗွီဒီတွေရောင်းတဲ့ကားကလဲ
အိမ်ရှေ့မှာရပ်လို့ တရားတွေကို ဆရာတော်တစ်ပါးပြီးတစ်ပါးပြောင်းလို့ဖွင့်ပါတော့တယ်။
တရားတော်တွေနာရလွန်းလို့ ဘုန်းကြီးတောင်ဝတ်ချင်စိတ်ပေါက်လာရုံလေးရှိသေးတယ် နောက်ကလိုက်လာတဲ့အသံကတော့
အင်မတန်မှကိုသနားစရားကောင်းတဲ့ ဗညားဟန်အသံလေးနဲ့အတူရောက်လာတဲ့ထီရောင်းတဲ့ကားအလှည့်ရောက်လာပါတယ်။
ဗညားဟန်ပြီးတော့ ပိုးအိစံအသံနဲ့လွမ်းမလို့ စိတ်ကူးတုန်းရှိသေးတယ် သူတို့ထီဆိုင်အကြောင်းကို အမွှန်းတင်လို့ ဆိုထားတဲ့ထီကြော်ငြာသီချင်းကို အသံထပ်တင်လို့
အကျယ်ကြီးဖွင့်ပါတော့တယ်။
သိပ်မကြာပါဘူး နောက်ထပ်ထီအရောင်းကားတကားထပ်ရောက်လာပြန်ပါတယ်။
သူကတော့ ခေတ်နဲ့အညီ ဟစ်ဟော့နဲ့ဝင်လာတာပါ။
ခက်တာက စက်ကမကောင်းတာလား ဘက်ထရီကမကောင်းတာလား တော့ မသိဘူး ထွက်လာတဲ့အသံကလေးလေးကြီးနဲ့စိတ်ပျက်စရာ။
ဒါနဲ့ဘဲမနက်ကစလိုက်တာ ညနေလဲစောင်းလို့ အရောင်းကားတွေပြန်လု့ိ နားတော့သက်သာပြန်ပဟဲ့လို့ အတွေးမှမဆုံးသေးဘူး
ကိုယ်အိမ်ကအစ ရှိသမျှအိမ်အားလုံး မီးစက်တဖုန်းဖုန်း ဖွင့်လို့ မြဝတီကလာတဲ့ကိုရီးယားကားကိုအားပေးလိုက်ကြတာ တရပ်ကွက်လုံး ကြွက်ကြွက်ညံပေါ့။
ဒါနဲ့ဘဲ ညတော်တော်လေးမိုးချုပ်တော့ မြန်မာ့အသံ မြဝတီတွေပြီးလို့ မီးစက်တွေလဲရပ် နားလဲ အပူသက်သာပြီလို့ထင်လို့မှမဆုံးသေးဘူးနေ့လည်ကဒီဘက်ကိုမရောက်ခဲ့ရတဲ့
ထီအရောင်းကားတွေက တာဝန်ကျေစွာနဲ့ သီချင်းတွေကို ဖွင့်လို့ ဧည့်ခံပါတော့တယ်။
ဒါကနေ့စဉ်နဲ့အမျှကြုံရတာပါ။
စနေ တနင်္ဂနွေနေ့များဆိုရင် ပရီးမီးယားလိဂ်ဘောလုံးပွဲ က လည်း {ဟင်ကနဲ ဟာကနဲ့ အပြင်အားမလိုအားမရ မချင့်မရဲနဲ့ဆဲသံလေးတွေကိုလည်းအပိုဆောင်းလို့နားထောင်ရပါသေးတယ်။
ကျနော်တို့မြန်မာတွေမှာ အယူရှိလေးတွေရှိပါတယ်။
အခုဘဝမှာ ပန်းလှူရင် နောင်ဘဝမှာ ယနံ့မွှေးပါသတဲ့။
ဆီမီးလှူရင် အလင်းရပါသတဲ့။ခေါင်းလောင်းလှူရင် အသံသာပါသတဲ့။
အဝတ်အထည်လှူရင် အဆင်းလှပါသတဲ့။
ဆေးလှူရင် အနာရောဂါကင်းပါသတဲ့။
ကျနော်တစ်ယောက် မနက်မိုးလင်းကစ လို့ အိပ်ချိန်ထိရောက်အောင် ဒီဆူညံလွန်းတဲ့ အသံတွေနှိပ်စက်လို့ စိတ်ပျက်နေရတာ
အရင်ဘဝက ဘာများလှူခဲ့မိသလဲဆိုတာကို စဉ်းစားလို့ရရင် ပြောပေးကြစမ်းပါအုံးဗျာ။
နောင်ဘဝအတွက် ကြိုကာချင်လို့ပါနော်…………………………….

2 comments

  • chitsayar

    August 28, 2010 at 10:55 am

    ဟိုဘဝကလော်စပီကာကြီးလှူခဲ့ဘူးလို ့ပါ
    ခုဒီဘဝမှာ မွေးနေ ့တိုင်း မီးပုံးပျံကို လော်စပီကာတပ်ပြီး လွှတ်ပေးပါ
    တတ်နိုင်ရင် (မကြားလိုပါ မကြားးးးးးးးးးးးးးးလိုပါ သတ်ချင်ရင်သတ်ပါစေတော့)
    ဆိုတဲ့ သီချင်းကို သက်စေ့ မနက်ည မှန်မှန် ခုစ်အိမ်ကြားလောက် ခပ်ကျယ်ကျယ်လေးဟဲပေးပါ

  • zawana

    August 29, 2010 at 6:44 am

    မြန်မာနိုင်ငံမှာလည်း အသံချဲ့စက် ဖွင့်တာနဲ့ ပတ်သက်ပြီး ဥပဒေတွေ ရှိတယ်ဆိုလား … ကြားမိပါရဲ့ …..
    တစ်ခါမှတော့ အရေးယူတာ မကြားမိဘူး ….
    အမှန်ဆို အလွန်ဆူညံတဲ့ အသံနဲ့ အတိုင်းအတာမရှိ ဖွင့်ချင်တိုင်း ဖွင့်နေကြတာတွေကို အရေးယူသင့်ပါတယ်။
    အခုတော့ အထမ်းနဲ့ လည်ရောင်းတဲ့ လူတောင် လေါ်နဲ့အော်ရောင်း နေကြပြီ။

Leave a Reply