ရန်သူမီးကို အိမ်တိုင်းသတိပြုပါ။

padonmarJanuary 10, 20164min58229

(Facebook မိတ်ဆွေ ဒေါက်တာ မောင်မောင်မြင့် ဆီက ခွင့်တောင်းပြီး မျှဝေပါတယ်။
ဆရာက မင်္ဂလာဈေး ဒုတိယအကြိမ် မီးလောင်မှု အပြီးမှာ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ နည်းစနစ်ကောင်းတွေ၊မလွှဲမရှောင်သာ ကြုံလာရင်လည်း ဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေမယ့် အစီအမံတွေကို ကိုယ်တွေ့အဖြစ် ရေးပေးထားတာပါ။FB မှာ တရက်အတွင်း 1500 ကျော် Share ယူသွားကြလို့ ဖတ်ပြီးသားလည်း ဖြစ်ချင်ဖြစ်နေနိုင်ပေမယ့် မဖတ်ရသေးတဲ့ ဂဇက်မိတ်ဆွေများအတွက် လာတင်ပေးပါတယ်။)

၂၀၀၂ခုနှစ်လောက်က မိတ်ဆွေတစ်ယောက်ရဲ့ လှိုင်သာယာမှာလည်ပတ်နေတဲ့ ပလတ်စတစ်ပုံနှိပ်လုပ်ငန်းမှာ မနက်လင်းအားကြီးအချိန် မတော်တဆမှုတစ်ခုဖြစ်ပါတယ်။
ပလတ်စတစ် ပုံနှိပ်လုပ်ငန်းဆိုတာ ပလတ်စတစ် အလိပ်လိုက်ကို ဆေးရောင် Dot လေးများ နှစ်ထားတဲ့ Rollerပေါ်ဖိ .. တင်ဒါနဲ့ ဖျော်ထားတဲ့ ဆေးရောင်ကန်ထဲ ဖြတ်ပြေးစေပြီး ပုံနှိပ်ရတာပါ။
အရောင် Cylinder ကို Dot ကလေးများ ထွင်းထားပြီး ဆေးရောင်ထည့်ထားတဲ့ ကန်ထဲတဝက်နှစ်ပြီး အရှိန်နဲ့လည်ပတ်စေတယ်။
..Dot အပြင်က ပိုနေတဲ့ ဆေးသားတွေကို စက်မှာတပ်ဆင်ထားတဲ့ ဓါးသွားပါးပါးလေး Blade နဲ့ အလိုအလျှောက် ခြစ်ပြီး ဖယ်ထုတ်ထားရပါတယ်။
ဒီ Blade ကို အဖော့အဖိညှိဖို့လုပ်ရာမှာ
အလုပ်သမားဟာ ဂွတစ်ချောင်းကို ပေ့ါပေါ့ဆဆကိုင်တွယ်. မတော်တဆ လွတ်ကျရာက အရှိန်နဲ့ လည်နေတဲ့ Chrome cylinder နဲ့ ရိုက်မိပြီး မီးပွားသေးသေးလေးဖြစ်တယ်.။
ဆေးရည်ကန်မှာ တင်ဒါအပြည့်ဖြစ်လေတော့ ချက်ခြင်း မီးတောက် ဖြစ်လာ။ အနားမှာအဆင်သင့်ရှိနေတဲ့ မီးသတ်ဆေးဗူး လှမ်းဆွဲငြိမ်းသော်လည်း မီးအားကောင်းလို့ မနိုင်။
နောက်က ဆက်တိုက် ဖိရမယ့် လှောင်ထားတဲ့ မီးသတ်ရန် ရေအလုံအလောက် မရှိလေတော့ တစ်နာရီခွဲလောက်အတွင်း စက်ရုံတစ်ရုံလုံး ပြာကျသွားခဲ့တယ်။
ဆုံးရှုံးမှုတန်ဖိုးက အမေရိကန် ဒေါ်လာ ၂သန်းအထက်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး သတ်မှတ်လို့ရတဲ့ ပလတ်စတတ် ပုံနှိပ်လုပ်ငန်းဆိုတော့ ပြည်တွင်းထုတ်ကုန် တံဆိပ်တော်တော်များများ (လုပ်ငန်းအပ်နှံထားတာမို့) ပါသွားပါတယ်။
ကိုယ်အပ်နှံထားတဲ့ တံဆိပ်တွေ ဒီနေ့ပို့ဖြစ်လား မနက် ရနာရီ ဖုန်းဆက် မေးချိန်မှာ အားလုံး ကုန်သွားပြီ ဖြစ်တဲ့အပြင် စက်ရုံတရုံလုံးမီးလောင်သွားတဲ့နောက် နောက် ၃ လအတွင်း ဘာတံဆိပ်မှ မပေးနိုင်တော့ဘူးဆိုတော့ အတော်လေး ပြဿနာ ကြီးခဲ့ပါတယ်။
တံဆိပ်အိတ် မရှိဘဲ ဘယ်လိုလုပ် ကုန်ပစ္စည်း ထုတ်လုပ်ကြမလဲ ခေါင်းခဲပါတယ်။
ကျွန်တော့်အတွက် ကံကောင်းတာတစ်ချက်ရှိခဲ့တယ်။
ဒိမတိုင်ခင် လွန်ခဲ့တဲ့ တစ်နှစ်ကျော်မှာ ကိုယ့်တံဆိပ်ကို တံဆိပ်အသစ်ပုံစံမျိုး အနည်းငယ် ပြုပြင်ပြီး အရန်တံဆိပ်အသစ်လည်း လုပ်ထား rehearsal packing လည်း လည်ကြည့်ပြီး အသင့်အနေအထားမှာ ချောင်ထိုးသိမ်းထားတယ်ဆိုပါတော့။
တစုံတစ်ခု ဖြစ်ခဲ့ရင်ဆိုတဲ့ ကြိုတင်ကာကွယ် အရန်ထားတဲ့အချက်ကပဲ အလွန် အသက်ရှုချောင်ခဲ့တယ်။
ကိုယ့်ကိုပါ သွယ်ဝိုက်ရိုက်ခတ်လာနိုင်တဲ့ မီးဘေးတစ်ခုက လက်မတင် အသက်ရှုပေါက် ရခဲ့တယ် ဆိုပါတော့။
အဲဒီကနေ ရလိုက်တဲ့

သင်ခန်းစာကတော့
၁. မီးဘေး အန္တရာယ်အတွက် စဉ်းစားပြီး လုပ်ငန်း မရပ်တန့်သွားအောင် အမြဲ Contingency plan တစ်ခုရှိနေရမယ်။
၂. အင်မတန်ကြီးကျယ်တဲ့ မီးလောင်မှုတိုင်းဟာ မီးခြစ်ခြစ်သလောက် မီးပွား Spark လေးတစ်ခုက စတာပါပဲ။
၃. ဒီမီးပွားလေးကို မီးသတ်ဆေးဗူးနဲ့ ငြိမ်းနိုင်ဖို့ လိုသလို နောက်ဆက်တွဲ ရေလုံးရေရင်းနဲ့ ဖိနိုင်ဖို့ လိုတယ်ဆိုတာပါပဲ။

မီးဘေးကိုတော့ တကယ်ပဲ ကြောက်လှပါတယ်။ ရှာထားသမျှ အခန့်မသင့်ရင် ပြုတ်ပြုတ်ပြုန်းမှာကိုး။
ကြောက်နေရုံနဲ့ မပြီးလေတော့ ဒီအတွက် အတတ်နိုင်ဆုံး ကြိုတင်ပြင်ဆင်တာ လုပ်ပါတယ်။
ဒီနေ့ မိတ်ဆွေတစ်ယောက်က တိုက်တွန်းတာကြောင့် ကိုယ်က ဘယ်လိုကြိုတင်ပြင်ဆင်ထားသလဲ မျှပေးလိုက်ပါတယ်။

အိမ်အတွက်
ပြောရရင်
မီးသတ်လှေကား မီနိုင်တဲ့ ၅လွှာအတွင်း
မီးသတ်ကား လက်လှမ်းမမီတဲ့ အတွင်းဘက် ချောင်ကျတဲ့အခန်းအစား လက်လှမ်းမီ အရှေ့ဘက်ကို ရွေးခဲ့တယ်။
အရေးပေါ်လှေကား စိတ်ချရပြီး Ground Tank ကတဆင့် သီးသန့် pump တစ်လုံးနဲ့ အထပ်တိုင်းကို မီးသတ်ရေပိုက်ကတဆင့် ရေလှမ်းပို့နိုင်တဲ့ စံနစ်ပါရှိတယ်။
(ပြီးပြည့်စုံတဲ့ smoke detector, Water Sprinkle စတဲ့ စံနစ်တွေပါရင်တော့ အကောင်းဆုံးပေါ့)
အိမ်သာ ရေချိုးခန်းတွေအတွင်းမှာ Ball Valve နဲ့ ပိုက်ပျော့အရှည် ခွေလိုက်ကိုတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ထားပါတယ်။
ဒါကတော့ ရေလုံးရေရင်း လိုက်နိုင်မှုအတွက် အဆင်သင့်ဖြစ်အောင်ပါ။

မီးသတ်ဆေးဗူး

အိမ်မှာ မီးသတ်ဆေးဗူး (၃)ဗူး ရှိပါတယ်။
မီးသတ်ဆေးဗူးဟာ Powder Type ABC ဖြစ်ပြီး
သာမန်မီး Type A,
လောင်စာဆီမီး Type B,
လျှပ်စစ်မီး Type C တိုု့ကို ငြိမ်းသတ်နိုင်တယ်။
နေရာချထားတာကတော့ မီးလောင်နိုင်တဲ့ မီးဖိုခန်းအတွက်တစ်နေရာ
လျှပ်စစ် Main Board အနီးနဲ့
အဝင်အထွက် တံခါးပေါက် (အခြားအရေးပေါ်ကိစ္စများအတွက်) ၃နေရာခွဲ ချထားပါတယ်။
ချထားတဲ့နေရာဟာ strategic ဖြစ်ဖို့လိုပါတယ်။ မီးလောင်နိုင်တဲ့ နေရာက အနီးဆုံး ပြေးယူနိုင်တဲ့နေရာ ဖြစ်ရပါမယ်။
လောင်နိုင်တဲ့ နေရာနားမှာ မထားရပါဘူး။
ဥပမာ Gas မီးဖိုအနီးမှာ ထားရင် မီးလောင်တဲ့အခါ မီးသတ်ဆေးဗူး ယူဖို့ ခက်နေမှာမို့ မလှမ်းမကမ်း အဝင်ဝမှာ ထားရပါတယ်။
တချိန်တည်းမှာ အခြားနေရာကလည်း လက်လှမ်းမီအောင် ဖြန့်ထားတာလည်း ဖြစ်ရပါတယ်။
ဆေးဗူးကို ကြမ်းပြင်ပေါ် ချထားတဲ့အခါ ယူဖို့ လွယ်ပေမယ့် တိုက်မိခိုက်မိလဲကွဲတတ်တာမို့ ချိတ်ထားလေ့ရှိပါတယ်။
ချိတ်ထားမယ်ဆိုရင် ခုံခုယူရတဲ့အမြင့်မှာ မချိတ်ရပါ။
အရေးပေါ်ချိန်မှာ ခုံရှာတဲ့ အလုပ်တစ်ခု ပိုလုပ်ရတာမို့ ၃ပေခန့်အမြင့်လောက်မှာသာ ချိတ်ရပါတယ်။
မီးသတ်ဆေးဗူးဟာ ချိတ်နဲ့ ချိတ်ထားတာမို့ ဆွဲယူလို့ မရပါဘူး။ အနည်းငယ်မပြီး ဖြုတ်ယူရပါတယ်။ ဒါကို မသိရင် အရေးပေါ်အချိန်မှာ ဆွဲယူလို့ မရဖြစ်နေတာနဲ့ မီးတောက် ကြီးသွားပါမယ်။
မီးသတ်ဆေးဗူးဟာ Powder များကို လေဖိအားနဲ့ သွင်းထည့်ထားတယ်။ safety pin ကို ဖြုတ်ပြီး ဘားကို ညှစ်ရင် တစ်ချက်တည်း ဖိထားလိုက်ရပါတယ်။
ညှစ်လိုက် လျှော့လိုက် မလုပ်ရပါဘူး။ တစ်ချက်တည်း ဖိလိုက်မှ ဖိအားနဲ့ သွင်းထားတဲ့ powder များ အကုန်ထွက်ပြီး မီးငြိမ်းစေတာမို့ ညှစ်လိုက်ဖိလိုက် လုပ်နေရင် powder အကုန်မထွက်တဲ့အတွက် ထိရောက်မှုနည်းပါတယ်။
သတ်မှတ်ဖိအားရှိမရှိ pressure gauge က မျှားတံ အစိမ်းနေရာမှာ ရှိနေသလား လစဉ် စစ်ဆေးရပါတယ်။
ဖိအားလျှော့ရင် အာမခံသက်တမ်းအတွင်း အသစ်လဲပေးပါတယ်။
သုံးစွဲပြီး ပြန် refill လုပ်တဲ့အခါ 3 Kg တစ်ဗူးဟာ ကျပ် တစ်သောင်းခန့်သာ ကျသင့်ပါတယ်။
အာမခံသက်တမ်းအတွင်း ဖိအားရှိနေပြီဆိုရင်တော့ ထုတ်လုပ်စဉ်က ထည့်ထားတဲ့ Pressure Seal များဟာ စိတ်ချသေချာပြီ ဖြစ်တာမို့ ငါးနှစ် ခြောက်နှစ်လောက်အထိ pressure ရှိနေသမျှ အဆင်သင့်ဖြစ်ပါတယ်။ Expiry date မရှိပါဘူး။ ဆောင်ထားရ တန်ပါတယ်။
အိမ်မှာတော့ Fire Extinguisher ရယ်။
မိသားစုအားလုံးအတွက် ဖိုင်ဘာဦးထုပ် တစ်လုံးစီရယ်။
မီးခိုးထဲ တစ်နာရီ အသက်ရှုနိုင်တဲ့ Smoke Mask ရယ်။
အကာအကွယ်အဖြစ် အဝတ်လက်အိတ် တစ်စုံစီရယ်ကို
အဝင်အထွက် တံခါးနားမှာ အဆင်သင့် ချိတ်ထားပါတယ်။
မီးသတ်ဆေးဗူးနဲ့ ပတ်သက်လို့ အသေးစိတ် ဆောင်ရန်ရှောင်ရန်များကို ရောင်းချပေးတဲ့ company ဝန်ထမ်းများက အသေးစိတ် ရှင်းပြ သင်ပြပေးပါတယ်။ ဘယ်လို သုံးရတယ်ဆိုတဲ့ Video အခွေများလည်း ပေးပါတယ်။

MMM fire1

MMM fire2

MMM fire3

MMM fire4

MMM fire 5

MMM fire 6

MMM fire7

MMM fire 8
အိမ်တွင်းလျှပ်စစ်သွယ်တန်းမှု

လျှပ်စစ်သွယ်တန်းထားရာမှာ သုံးမယ့်ဝန် Load ကို ခံနိုင်ရည်ရှိတဲ့ ကြိုးရွေးချယ်ထားဖို့လိုသလို
ဆင့်ပွား သွယ်တန်းထားတာမဟုတ်ဘဲ ဆိုင်ရာဆိုင်ရာမှာ မှန်ကန်တဲ့ Load Breaker သီးသန့်စီ တပ်ဆင်ထားရပါတယ်။
မီးဖို. ရေခဲသေတ္တာ အဝတ်လျှော်စက် Air con, Water Heater စတာတွေအတွက် ကြိုးသီးသန့် တစ်ချောင်းချင်း သွယ်တန်းရမှာဖြစ်သလို
Lighting အတွက် တစ်ခန်းချင်း ဒါမှမဟုတ် ဘယ်ညာ တစ်ခြမ်းစီ သီးသန့် သွယ်ရပါတယ်။
အကြောင်းတစ်ခု Fault တစ်ခုကြောင့် မီးပျက်ခဲ့ရင် Fault ရှိတဲ့ အခန်း သို့ အခြမ်းမှာသာ မီးပျက်မှာမို့ လုံးဝ မှောင်မည်းသွားတာမျိုး မဖြစ်နိုင်တော့ပါ။
power သုံးတဲ့ socket and plug တွေကို အခါအားလျော်စွာ အပူချိန်ရှိသလားစစ်ဆေးရပါတယ်။
ပူလိုက်အေးလိုက်အကြိမ်များလာတဲ့အခါ ဝက်အူတွေလျော့ပြီး မထိတထိ loose connection ကနေ ပြဿနာဖြစ်နိုင်ပါတယ်။

MMM fire 9
အသေးစား ပြင်ဆင်မှုတွေအတွက်
Welding သုံးမယ်ဆိုရင် ခံနိုင်ဝန်ရှိတဲ့ power source ကို သုံးစေတယ်။
အရေးပေါ် ပိတ်ရမယ့် Main Switch ကို ပြပေးတယ်။
အနားမှာ လောင်စာမရှိအောင် စိစစ်တယ်။
အဝတ်ရေစို အဆင်သင့်ဆောင်တယ်။
မီးသတ်ဆေးဗူး အဆင်သင့် ချပေးထားရပါတယ်။
ညအိပ်ယာဝင်တဲ့အခါ
တယ်လီဖုန်း Laptop computer အားသွင်းပြီး အိပ်တာမျိုး ရှောင်လေ့ရှိပါတယ်။
အိပ်ယာမဝင်ခင် မလိုအပ်ဘဲ အားသွင်းနေတဲ့ ပစ္စည်းများ ရှိမရှိ စစ်ဆေးရပါတယ်။
အိမ်မှာ လူမကျန်ဘဲ အားလုံးအပြင်ထွက်တဲ့အခါ မလိုအပ်ရင် Main ခလုတ်ကို ချသွားရပါတယ်။

Gas Oven
အိမ်မှာ အလွယ်တကူ ချက်ပြုတ်လို့ အဆင်ပြေတဲ့အတွက် Gas Oven သုံးရပါတယ်။
Regulator မှာ မတော်တဆ ပိုက်ပြုတ်သွားရင် အလိုအလျှောက် ပိတ်ပေးနိုင်တဲ့ Safe Valve ပါတဲ့ အမျိုးအစားကို ရွေးပါတယ်။
Gas အိုး အပေါက်ဝကို နံရံဖက် လှည့်ထားပါတယ်။
အားလုံး ချက်ပြုတ်ပြီးချိန်မှာ အိုးက Valve ကို အရင်ပိတ်ပါတယ်။ မီးငြိမ်းသွားမှာ မီးဖိုက Valve ကို ပိတ်ရပါတယ်။ ပိုက်လိုင်းထဲမှာ Gas မကျန်ပါ။
အိမ်က လူကုန် အပြင်ထွက်မယ်ဆိုတဲ့အခါ Gas အိုးက Valve ကို တစ်ခေါက်စစ်ရပါတယ်။
MMM fire 10
သော့များ

လုံခြုံရေးအတွက် သော့အထပ်ထပ် သုံးရတဲ့အခါ သော့ဖွင့်မခက်ရလေအောင် Master Key သော့ကို သုံးပါတယ်။
မတူတဲ့ သော့များကိုတော့ သော့တံမှားဖွင့်နေတာမျိုး မဖြစ်ရအောင် တံခါးသော့များအစဉ်လိုက်အတိုင်း သော့တံအစဉ်လိုက်စီပြီး သော့ကွင်းမှာ သီထားပါတယ်။
မှောင်နဲ့မည်းမည်းမှာဖြစ်ဖြစ် အရေးပေါ်မှာဖြစ်ဖြစ် ပထမဆုံး သော့ဖွင့်ပြီးတာနဲ့ သော့တံအစဉ်လိုက်အတိုင်း သော့ပေါက်များကို အမှားအယွင်းမရှိ မျက်စိမှိတ် ဖွင့်နိုင်စေပါတယ်။
မိသားစုတစ်ဦးချင်း သော့တစ်စုံအပြင်
အရေးပေါ် နောက်ထပ် သော့ ၂စုံကို အလွယ်တကူ သိုဝှက်ထားတဲ့ နေရာမှာ သိမ်းဆည်းပါတယ်။
မိသားစု တစ်ဦးချင်း ကိုယ်စီသော့တွဲကိုလည်း သတ်မှတ်တဲ့ သော့ချိတ်မှာ စံနစ်တကျ ချိတ်ရပါတယ်။ လွယ်ရာမှာ ထားခွင့်မရှိပါဘူး။
MMM fire 11
စာရွက်စာတမ်းများ
အရေးကြီး စာရွက်စာတမ်းများ မှတ်ပုံတင် အိမ်စာချုပ် ကားစာချုပ် စတာတွေကို ပေ့ါပေါ့ပါးပါးအိတ်တလုံး ဒါမှမဟုတ် Back Pack တစ်ခုတည်းမှာ စုပေါင်းသိမ်းဆည်းပါတယ်။ မီးဘေးမှာ ပိုင်ဆိုင်မှု အထောက်အထားတွေအားလုံး တစ်စုတဝေးတည်း ကျန်ရစ်တာမရှိ ယူငင်သွားနိုင်ဖို့ပါ။
ငယ်စဉ်ကလေးဘဝမှာ မီးလှန့်သံကြားရင် အမေက သားသမီးတွေအားလုံး အကျီသုံးထပ်ဝတ်ပေးပြီး သူကတော့ လက်ဝတ်လက်စားများကို အသင့်ချုပ်ထားတဲ့ ခါးပတ်အိတ်ထဲထည့်. ခါးမှာပတ်။ အပေါ်က အကျီထူထူထပ်ဝတ်ပြီး ကလေးတွေ အားလုံးအနားခေါ်ထား
အိမ်သော့ခတ်ပြီး စောင့်နေပါတယ်။
အခြေအနေမလှလို့ ထွက်ရပြီဆိုရင် အတွင်းပစ္စည်းရတနာနဲ့ သားသမီး ရတနာကိုသာ အရယူပါတယ်။
ခုခေတ်မှာတော့ ခါးပါတ်အိတ်ဆိုတာ အလွယ်တကူ အဆင်သင့် ရှိနေပြီမို့ အဆင်ပြေလှပါတယ်။
အလုပ်ရုံမှာရှိတဲ့ ပြင်ဆင်မှုတွေ
အလုပ်ရုံမြေနေရာ ရွေးချယ်စဉ်က လမ်း ၂ဖက်ကြား ဘယ်ဘက်ကိုထွက်ထွက် ထွက်လို့ ရတဲ့ မြေကွက်ကို ဦးစားပေးပါတယ်။
အရေးအကြောင်းဆိုရင် အလွယ်တကူ အဝင်အထွက်ပြုနိုင်ပြီး အနားမှာ မီးလောင်လွယ်တဲ့ လုပ်ငန်းများ ရှိနေသလား ကြည့်ပါတယ်။
ဝင်းတံခါး ၂ပေါက် ဖောက်ပါတယ်။ တဘက်ဘက်က ဝင်သွားပြီး ကားမလှည့်ရဘဲ တခြားတစ်ဘက်က ထွက်သွားနိုင်ဖို့ပါ။
ဝင်းတံခါးဟာ ပေ ၂ဝစီ အကျယ် သတ်မှတ်ပြီး ဖောက်ပါတယ်။ မီးသတ်ကား အလွယ်တကူ ဝင်နိုင်အောင်လို့ပါ။
ခေတ်မှီ ရေဖြန်းတဲ့ စံနစ်တော့ မတတ်ဆင်နိုင်လို့ မရှိပါဘူး။ ဒါပေမယ့် ရေအခက်အခဲ မရှိရလေအောင် ကိုယ်ပိုင် အဝီဇိတွင်း၊ Ground Tank၊ Overhead Tank ကြီးကြီး ရွေးပါတယ်။
ဒီရေကန်တွေကို အမြဲမပြတ် ရေအပြည့်ရှိနေစေပါတယ်။
မီးပျက်ရင် ရေမော်တာတွေမောင်းနှင်နိုင်ဖို့ မီးစက်အဆင်သင့် ဖြစ်ရပါတယ်။
အရေးပေါ်သုံးဖို့ ရေပိုက်ခေါင်းအပိုတွေ ရေပိုက်ပျော့တွေ လိုမယ်ထင်တဲ့ နေရာတွေမှာ ချထားတယ်။
၃လက်မ water pump အင်ဂျင်တွဲလျှက်ရှိပေမယ့် အရေးကြုံရင် သုံးရခက်နိုင်တာမို့ လျှပ်စစ် ရေစုပ်ပန့်ကိုသာ အားပြုထားတယ်။
မီးသတ်ဆေးဗူးများကို နေရာအနှံ့ ဖြန့်ထားပြီး အလုပ်သမားများကို မှန်မှန်စစ်ဆေးဖို့ ဘယ်အဖွဲ့ ဘယ်ထောင့်က မီးသတ်ဆေးဗူး ပြေးဆွဲရမလဲ တာဝန်ခွဲချထားပါတယ်။

သိပ်လည်းမဆိုင် စာလည်းရှည်မှာမို့ အသေးစိတ်တွေ မဆိုတော့ပါဘူး။
ဒိထက် ပိုပြည့်စုံတဲ့ အစီအမံတွေလည်း ရှိနိုင်ပါတယ်။
ကိုယ်အတွေးနဲ့ ကိုယ် ပြင်ဆင်ထားတာမို့ ပြည့်စုံမှုမရှိရင်လည်း ဖြည့်သွားကြပါလို့ ဆိုပါရစေ။

29 comments

  • padonmar

    January 10, 2016 at 11:40 pm

    (Facebook မိတ်ဆွေ ဒေါက်တာ မောင်မောင်မြင့် ဆီက ခွင့်တောင်းပြီး မျှဝေပါတယ်။
    ဆရာက မင်္ဂလာဈေး ဒုတိယအကြိမ် မီးလောင်မှု အပြီးမှာ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ နည်းစနစ်ကောင်းတွေ၊မလွှဲမရှောင်သာ ကြုံလာရင်လည်း ဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေမယ့် အစီအမံတွေကို ကိုယ်တွေ့အဖြစ် ရေးပေးထားတာပါ။FB မှာ တရက်အတွင်း 1500 ကျော် Share ယူသွားကြလို့ ဖတ်ပြီးသားလည်း ဖြစ်ချင်ဖြစ်နေနိုင်ပေမယ့် မဖတ်ရသေးတဲ့ ဂဇက်မိတ်ဆွေများအတွက် လာတင်ပေးပါတယ်။)
    ကိုယ့်ထက် အသက်ရော အတွေ့အကြုံရော အများကြီး သာတဲ့ မိတ်ဆွေဆီက ခွင့်တောင်းပြီး တင်ရတာ ဖြစ်တဲ့ အတွက် ပို့စ်နဲ့ မဆိုင်တဲ့ နောက်တာ ပြောင်တာ မလုပ်ဖို့ တောင်းပန်ပါတယ်။
    အကျိုးရှိမယ့် ဝေဖန်ခြင်းမျိုး ၊အတွေ့အကြုံ /အမြင် ဖလှယ်ခြင်းမျိုး ဖိတ်ခေါ်ပါတယ်။
    မြန်မာပြည်အနေနဲ့ ရေးရတာ ဖြစ်လို့ သူများ တိုင်းပြည်တွေမှာ ဘယ်လို ဆိုတာလည်း သိချင်ပါတယ်။

  • ဝင့်ပြုံးမြင့်

    January 11, 2016 at 12:05 am

    .မီးဘေးကြောက်ရတဲ့ ရပ်ကွက်ထဲ နေတာမို့ ကျေးဇူးပါ အာတီဒုံ။ အိမ်ကလည်း ရေနံဝနေတဲ့ ပျဉ်ထောင်အိမ်ဆိုတော့ ကြောက်စရာကောင်းတယ်။

  • kai

    January 11, 2016 at 5:15 am

    တလောက.. အမေရိကားမှာရှိတဲ့.. ဗမာဘုန်းကြီးကျောင်းတွေအပါအဝင်.. ဘာသာရေးအဖွဲ့အစည်းတွေ… အကြမ်းဖက်လန့်တယ်..။
    အဲဒါ.. ဆိုင်ရာအဖွဲ့အစည်းတွေ.. ဆိုင်ရာသူတွေကို.. အကြံပေးဆွေးနွေးပွဲလုပ်ပါတယ်..။
    တနိုင်ငံလုံးကမို့.. အင်တာနက်ကတဆင့်ပေါ့…။
    အဲဒီမှာ.. FEMA က.. Strengthen Your Financial Preparedness for Disasters and Emergencies စာတန်းလည်းပါသမို့.. ရွာသူားတွေ ဖြန့်ဝေသုံးနိုင်အောင်ပေးလိုက်ပါကြောင်း..။
    မြန်မာပြည်မယ်.. အဲဒါမျိုးတွေလည်း.. လိုတယ်ထင်..။

    http://myanmargazette.net/wp-content/uploads/2016/01/2522_FEMA_EFFAK_v12_508V3_Enabled.pdf

    • padonmar

      January 13, 2016 at 9:07 pm

      ကျေးဇူးပါ သူကြီးရေ၊ ဖတ်ကြည့်ပြီး ကိုယ့်အရပ်နဲ့ သင့်တာ လုပ်ပါမယ်။

  • .အင်မတန်မှတ်သားလိုက်နာသင့်တဲ့အချက်တွေမျှဝေပေးလို့ကျေးဇူးပါအာတီဒုံ…

    Gas Oven
    အိမ်မှာ အလွယ်တကူ ချက်ပြုတ်လို့ အဆင်ပြေတဲ့အတွက် Gas Oven သုံးရပါတယ်။
    Regulator မှာ မတော်တဆ ပိုက်ပြုတ်သွားရင် အလိုအလျှောက် ပိတ်ပေးနိုင်တဲ့ Safe Valve ပါတဲ့ အမျိုးအစားကို ရွေးပါတယ်။
    Gas အိုး အပေါက်ဝကို နံရံဖက် လှည့်ထားပါတယ်။
    အားလုံး ချက်ပြုတ်ပြီးချိန်မှာ အိုးက Valve ကို အရင်ပိတ်ပါတယ်။ မီးငြိမ်းသွားမှာ မီးဖိုက Valve ကို ပိတ်ရပါတယ်။ ပိုက်လိုင်းထဲမှာ Gas မကျန်ပါ။
    အိမ်က လူကုန် အပြင်ထွက်မယ်ဆိုတဲ့အခါ Gas အိုးက Valve ကို တစ်ခေါက်စစ်ရပါတယ်။

    အခုဆိုအိမ်တိုင်းနီးပါးဂက်စ်မီးဖိုသုံးလာကြတော့ဒီအချက်တော်တော်အရေးကြီးပါတယ်…

    • padonmar

      January 13, 2016 at 9:09 pm

      အခုမီးလောင်ကြရင် ဝိုင်ယာရှော့နဲ့ ဂက်စ်အိုးက ရှေ့ကပဲဆိုတော့ အိမ်ရှင်မတွေကို Print ထုတ်ပေးပြီး ဖတ်ခိုင်းသင့်ပါတယ်။

  • အောင် မိုးသူ

    January 11, 2016 at 12:08 pm

    ရပ်ကွက်ထဲမှာ တစ်ခါလောင်တုန်းက အမေကတော့ တည်တည်ငြိမ်ငြိမ် အောင်လေးရေ အရေးကြီးတာတွေ ထုတ်ထားလိုက်ဆိုပဲ။ အဲ့တုန်းက ကိုယ်နဲ့နည်းနည်းလှမ်းတာတောင် အတော်ကြောက်ခဲ့တာ။ ဘဝမှာ မီး နဲ့ ရေကို အကြောက်ဆုံးပဲ။

    • padonmar

      January 13, 2016 at 9:10 pm

      အမေက အတွေ့အကြုံ များတာကိုး။

  • မွသဲ ( 17082011 )

    January 11, 2016 at 6:58 pm

    မီးဆိုတာကတော့ အကြောက်ဆုံးနဲ့မကြားချင်ဆုံးပဲတီဒုံရေ။ အာမခံအားနည်းတဲ့တိုင်းပြည်မယ် အရာရာကိုယ်ချည်းခံရသမို့ အားလုံးရန်သူမျိုးငါးပါးကင်းဝေးစေချင်တာပါပဲ။

    • padonmar

      January 13, 2016 at 9:16 pm

      တခါတလေ ကိုယ်က မဖြစ်ချင်ပေမယ့် ကိုယ် ပေါ့ဆမိရင်လည်း ဖြစ်တတ်တယ်။
      သူတပါးပေါ့ဆရင်လည်း ခံရတတ်တယ်။
      ကာကွယ်လို့ရတာတွေ ကြိုတင်ပြင်ဆင်ထားမှ တော်ပါမယ်။

  • alinsett

    January 11, 2016 at 7:01 pm

    ဒီနေ့ စမ်းချောင်းမှာ လောင်တယ်…
    ကျနော် နေတဲ့အဆောင်နဲ့… နီးနီးလေးရယ်…
    ရုံးကနေ… အဆောင်ပြာကျပြီထင်တယ်..လို့ ထိုင်တွေးနေရတယ်..
    .တော်သေးတယ်… ကျနော်တို့လမ်းဘက်အထိ…ကူးမလာဘဲ… ငြိမ်းသွားလို့…
    .လောင်တဲ့ထဲ ပါသွားတဲ့ လူတွေအတွက်… စိတ်မကောင်း…
    .နွေဆိုရင်…ပိုပူပြီး ပို..လောင်အုန်းလေမလားလို့… ထုံးစံအတိုင်း အဆိုးမြင်နေမိ…

    • padonmar

      January 13, 2016 at 9:17 pm

      အရင်က နွေမှ လောင်တာ။ အခု မိုးရော ဆောင်းပါ မရှောင်တော့ဘူး။ ဝိုင်ယာ ရှော့က အချိန်မရွေးပဲ။

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 11, 2016 at 11:44 pm

    ကိုယ်ပိုင်မပြောနဲ့ အများသုံး အဆောက်ဦးတွေတောင် ဒီလို
    စနစ်တကျ မ စီမံထားလို့ မီးဟေ့ဆို မတားနိုင် ဖြစ်နေတာ
    တွေ့နေကြားနေရပါတယ် အုဒုံ
    ခြောက်သွေ့ရာသီမို့ မီးသတိ ပိုရှိကြရမည် ဖြစ်ပါတယ်အုဒုံ
    မှတ်သားထားပါ့မယ် အုဒုံ

    • padonmar

      January 13, 2016 at 9:18 pm

      အများပိုင်တွေက ပိုစနစ်ကျသင့်ပြီ။ ခေတ်ကို ကိုယ်ကစပြင်ကြရမယ်လေ။

  • ဇီဇီခင်ဇော်

    January 12, 2016 at 3:30 pm

    ရန်သူမျိုး ငါးပါးက ကျနော်တို့ တိုင်းပြည်ကိုပဲ စိတ်တိုင်းကျ နှိပ်စက်နေသလားပဲ။
    :a:

    • padonmar

      January 13, 2016 at 9:20 pm

      စနစ်မရှိလေ ရန်သူမျိုး ငါးပါးကြောင့် ဆုံးရှုံးလေပေါ့ဇီဇီ။
      အခြားတိုင်းပြည်တွေက ဖြစ်တောင် ဆုံးရှုံးမှုနည်း၊
      ဆုံးရှုံးတောင် လူမသေဘူး။
      သေတောင် အနည်းဆုံးဖြစ်အောင် လုပ်ကြတယ်။

  • Ma Ma

    January 12, 2016 at 4:46 pm

    အတော်အဖိုးတန်တဲ့ အချက်တွေပါပဲ။
    ခက်ခဲတဲ့ကိစ္စမဟုတ်ပဲ လိုက်နာဖို့ လွယ်ကူတာမို့ အင်မတန်အကျိုးများလှပါတယ်။

    • Ma Ma

      January 12, 2016 at 5:02 pm

      တစ်ခုမေးချင်တာ အရေးကြီး စာရွက်စာတမ်းတွေ ပစ္စည်းတွေကို မီးခံသေတ္တာနဲ့ ထားရင်ကော မီးဘေးအန္တရာယ်အတွက် စိတ်ချရလား။

      • ဝင့်ပြုံးမြင့်

        January 12, 2016 at 7:53 pm

        .မချရဘူးထင်တယ်။ ဒီခေတ် မီးခံသေတ္တာတော့ မသိ။ အရင်ခေတ် မီးခံသေတ္တာကတော့ စာရွက်တွေ ကြွပ်ရွကုန်ပြီး ရွှေလက်ဝတ်လက်စားတွေ ပျော်ပြီး လုံးခဲသွားတယ်လို့ ကြားဖူးပါတယ်။

        • kai

          January 13, 2016 at 5:15 am

          မီးမခံသေတ္တာကြီးဖြစ်နေတာပေါ့..။ ယူအက်စ်မှာဆို.. ပြောတဲ့အတိုင်းမဟုတ်ရင်.. လျှော်ရမယ်..။
          ဘဏ်တွေမှာ အရေးကြီးစာတန်းငွေတွေထားဖို့.. Safe Deposit Box မရှိဘူးလား..။
          အဲမှာထားသင့်တယ်ထင်..။

        • Ma Ma

          January 13, 2016 at 7:56 am

          ဘဏ်တွေမှာ အရေးကြီးစာတန်းငွေတွေထားဖို့.. Safe Deposit Box ရှိပေမယ့် အရေအတွက် အရမ်းနည်းလို့ သူ့နီးစပ်ရာနဲ့သူ ပြီးနေကြရော။

        • padonmar

          January 13, 2016 at 9:21 pm

          သူ့နာမည်အမှန်က safe ပဲလေ။ မီးခံသေတ္တာ ဆိုတာ မြန်မာပြည်က ခေါ်တာ။
          တကယ် မီးခံမခံ မကြုံဖူးပါ။

      • kai

        January 14, 2016 at 6:59 am

        ယူအက်စ်မှာရောင်းတဲ့သေတ္တာတွေကို.. အောက်ကလိုရေးထားပေးတယ်..။ ဥပမာ..။
        =

        About this item
        Important Made in USA Origin Disclaimer: For certain items sold by Walmart on Walmart.com, the displayed country of origin information may not be accurate or consistent with manufacturer information. For updated, accurate country of origin data, it is recommended that you rely on product packaging or manufacturer information.
        Protect your valuables easily with the SentrySafe Fire Safe File. It is quality made to ensure it offers the ultimate fire and water protection. You can keep your passport and other sensitive documents and heirlooms filed away so they are ready when you need them. The SentrySafe file offers 30 minutes of fire protection at up to 1550 degrees Fahrenheit. You can also store your important CDs, DVDs, memory sticks, USB drives or other important documents in this product and protect them from getting damaged. The file also has a privacy key lock that ensures that the contents stored inside are safe from theft. Designed to hold hanging files sold separately, the waterproof file safe is a good choice for the home, office or business. It is durably made to ensure it offers you and your valuable long-lasting security and performance. The safe also allows you to organize your important papers and files so you can access them easily within just minutes for added convenience.
        အပူချိန် ၁၅၅ဝဖာရင်ဟိုက်မှာ မိနစ်၃ဝ ခံနိုင်ပါသည်ပေါ့..။

  • Myat Pearl Phyu

    January 13, 2016 at 11:53 am

    လေးစားလိုက်နာမှတ်သားစရာပါ..။
    တကယ်ဖြစ်ပြီဟေ့ဆိုရင် ထူပူနေတာနဲ့ပဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့လို့ပါ။

    • padonmar

      January 13, 2016 at 9:22 pm

      ကြိုတင်ပြင်ဆင်ကြပါနော်။

  • padonmar

    January 13, 2016 at 10:43 pm

    ဓာတ်ပုံတွေ ကျန်ခဲ့လို့ ပြန်ထည့်ပေးထားပါတယ်။ ဓာတ်ပုံလေးတွေနဲ့ကြည့်ရင် ပိုရှင်းပါမယ်။

  • uncle gyi

    January 15, 2016 at 8:44 am

    မီးကိုကာကွယ်ဖို့အစီအမံကြိုလုပ်ထားနိုင်ရင်အကောင်းဆုံးပါ
    မြန်မာမှာကကြိုလုပ်ဖို့အလေ့နည်းပါတယ်
    မီးသတ်ကလဲအလုပ်ရုံတွေစက်ရုံတွေ
    စေ ျးတွေတနှစ်တခါအမြဲလိုက်စစ်ပါတယ်
    ဒါပေမဲ့စစ်တာကဟန်ပြဖြစ်ပြီး
    မီးသတ်ဆေးဗူးလဲပြီးငွေယူဖို့ကအဓိကဖြစ်နေတော့
    ခုတ်ရာတခြားရှရာတလွဲဖြစ်နေတာ

  • Swal Taw Ywet

    January 23, 2016 at 1:50 am

    ဒီက စံတွေနဲ့တိုက်ကြည့်တော့ ပစ္စည်းတမျိုးလိုနေသေးတာတွေ့မိပါတယ်ခင်ဗျာ။
    ဂက်စ်မီးဖိုလိုမျိုးမီးတောက်သေးသေး စကတည်းက အုပ်ငြိမ်းနိုင်တဲ့ မီးသတ်စောင် ဆိုတာ ရှိပါသေးတယ်။
    မီးဖို ခန်း အဝင်တံခါးနားမှာ ချိတ်ထားပေးရပါတယ်။
    မီးလောင်တာနဲ့ အဲဒီ စောင်ကို ဆွဲဖြန့်ပြီးတော့ အုပ်ငြိမ်းလိုက်ဘို့ပါ။
    US မီးသတ်တွေ တောမီးလောင်ထဲပိတ်မိရင် မြေကြီးပေါ်လှဲအိပ် အဲဒီစောင် ခြုံ ထားပြီး ကာကွယ်တာ ကြည့်ခဲ့ဘူးပါတယ်ခင်ဗျာ။
    နောက်မှ ပုံသတ်သတ် တင်ပေးပါ့မယ်။
    With respect,
    Swal Taw Ywet.

  • padonmar

    February 8, 2016 at 1:23 am

    ကျေးဇူးပါ ကိုစွယ်တော်။

Leave a Reply