မြန်မာပြည်သူလူထု၏ ယနေ့ပြဿနာ

ညက မန္တလေးရတနာပုံနေပြည်တော်နေ့စဉ်သတင်းစာ ခေါ် http://myanmargazette.net ကျေးဇူးကြောင့် မြန်မာပြည်က စစ်ခေါင်းဆောင်ကြီးတွေ ရာထူးကထွက်ကုန်ပြီ ဆိုတာသိလိုက်ရပါတယ်။ ဘယ်သူ့ကိုမေးမေး ၀မ်းသာကြမှာပါ။ ဒါပေမဲ့..စစ်ယူနီဖောင်းတွေကိုချွတ်ပြီး လူဝတ်လဲကြမယ်။ အာဏာဆက်လက် ရရှိရေးအတွက် ပြည်သူတွေကို ညစ်ပတ်ပြီး ငါနဲ့ ငါမိသားစု ငါ့အမျိုးတွေ ငါ့တပည့်တွေ ကောင်းစားရေး ချမ်းသာရေးတွေကိုသာ အုပ်စုဖွဲ့ပြီး မတရားမှုတွေနဲ့ ရွေးချယ်ပွဲလုပ်ကြမယ်ဆိုတာကိုလည်း အများအသိပါ။

ကဲဒီလိုဆိုတော့ (ဘယ်သူတရားပျက်ပျက် ကိုယ်တရားမပျက်ပါနှင့်) ဆိုတဲ့စကားပုံအရ ကျွန်တော်တို့ ဘာဆက်လုပ်ကြရမည်လဲ?။ တချို့ကလည်း မဲမပေးပဲ သပိတ်မှောက်ကြပါ။ တချို့ကလည်း မဲပေးချင်တယ်.. ဘယ်သူကို ဘယ်ပါတီကို မဲပေးရမည်လဲ? ။ မနေ့က ကျွန်တော့်ဆီကို ပါတီတစ်ဖွဲ့ က လာကြတယ်။ သူတို့ကဘာပြောသလဲ ဆိုတော့ “ ကိုယ်ရင်တို့ ဟိုပါတီကြီးကတော့ အင်အားသုံးပြီး မတရားမှုများစွာနဲ့ စည်းရှုံးနေကြပါပြီ..ကျွန်တော်တို့ပါတီကို စိတ်ဝင်စားမယ်ဆိုရင်တော့ မဲထည့်ပေးကြပါ” တဲ့။ ကျွန်တော်တို့ပါတီရဲ့ သတင်းကို ဂျာနယ်တွေမှာ ထည့်ပေးပါတဲ့။ ပြောပြီးပြန်သွားကြပါတယ်။ ဆရာလူထုဦးစိန်ဝင်း မေးခိုင်းတဲ့ “ခင်ဗျားတို့ ပါတီက ပြည်သူလူထုရဲ့ အကျိုးအတွက် ဘာတွေကို ဘယ်လောက် အတိုင်းအတာအထိဆောင်ရွက်ကြမှာလဲ?”။ ဆိုတာကိုတောင် မေးဖို့အချိန်မရလိုက်ပါဘူး။ ဟော တော်တော်ကြာတော့ ကျွန်တော်တို့မြို့နယ်က (မယက)ဥက္ကဋ္ဌ ဆိုတဲ့အာဏာပိုင်က ကျွန်တော့ကို လာခေါ်ပြန်တယ်။ ရုံးရောက်တော့ “ခင်ဗျားတို့ စာနယ်ဇင်းက ဟိုတစ်နေ့က (…) ပါတီရုံးဖွင့်ပွဲကို သွားတယ်ဆို။ ကျွန်တော်ပြောချင်တာကတော့ ကျုပ်တို့မြို့နယ်အတွင်းမှာ ဘယ်ပါတီရဲ့ သတင်းကိုမှ မရေးကြပါနဲ့“။ “ခင်ဗျားတို့ကရေးလိုက်လို့ ကျုပ်ကိုအထက်ကမေးရင် မကောင်းဘူး” တဲ့။ “အထက်အကြီးအကဲများရဲ့ ဆန္ဒသည် ကျွန်တော့်အမိန့်ဖြစ်ပါတယ်” လို့ဆိုပြန်ပါတယ်။ ဒါစာနယ်ဇင်းက ပြဿနာပါ။ ပြည်သူတွေကို အလင်းရောင် အသိတရား အဖြစ်မှန်များကို တင်ပြပေးမဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အမှောင်ချထားခြင်း ခံလိုက်ရတာပါ။

စောစောက အထက်မှာ နိုင်ငံတော်အကြီးအကဲများက စစ်ယူနီဖောင်းတွေချွတ် အာဏာကို အာသာငန်းငန်း မတရားယူဖို့ ကြံစီနေချိန်မှာ အောက်က ဌါနဆိုင်ရာတွေကလည်း လုပ်ပိုင်ခွင့်တွေကို ရတဲ့အချိန်ပိုင်းကလေးအတွင်းမှာ မတရားကိုယ်ကျိုးစီးပွားရှာနေကြပါပြီ..။ ခါးစီးပြီးခံနေရသူတွေမှာ အများပြည်သူလူထုကြီးပါ။ ယခုလို မြန်မာပြည်မှာ မိုးလေ၀သကမမှန် တောနေလူတန်းစားတွေက ကြပ်တည်းနေ၊ မြို့နေလူတန်းစားတွေကလည်း အရောင်းအ၀ယ်တွေကလည်းကျဆင်းပြီး စီးပွားရေးတွေက မကောင်းကြပါဘူး။ဒါပေမဲ့ အမြတ်တော်ခွန်၊ စည်ပင်သာယာခွန်။ မီတာခွန်။ (ရယက)များရဲ့ ကိုယ်ထူ၊ ကိုယ်ထ ဘာကြေး၊ ညာကြေးတွေကလည်း တစ်ဆကနေ နှစ်ဆနှုန်းနဲ့ တစ်နှစ်ထက် တစ်နှစ်တိုးတိုးပြီးသာ ကောက်ခံနေတာကို ယနေ့လုပ်သားပြည်သူတွေခံနေကြရပါတယ်..။အခွန်သာများပြီး ရေနဲ့မီးကမလာတာ ကြာပါပြီ။ ကျွန်တော်တို့မြန်မာပြည်ကို ရေလိုမီးရှားနိုင်ငံတော်ကြီးလို့သာ နာမည်ပြောင်းသင့်နေပါပြီဗျာ..။ ပြည်သူလူထုရဲ့ ပြသနာ အကြပ်အတည်းတွေကို ကယ်တင်ရှင်ကြီးသဖွယ်ဝင်လာသူတွေက လူဝတ်လဲ အာဏာရှင်များရဲ့ ပါတီကြီးဆိုတာ အများအသိပါ။ ဘာတဲ့ သူတို့ပါတီကို မက်လုံးအမျိုးမျိုးတွေကိုပေးပြီး အင်အားကြီးသထက်ကြီးအောင် စည်းရုံးနေကြပါပြီ။ ပြိုင်ဘက်ပါတီတွေကလည်း ပုလင်းတူဗူးဆို့ပါတီတွေများပြီး အခြားပါတီတွေရဲ့ အင်အား၊ အခွင့်အရေးတွေက တော်တော်လေးနည်းနေကြတာကိုလည်း အများအသိပါ။
ဒီတော့ မြန်မာပြည်ကပြည်သူလူထုကြီးရဲ့ အကြပ်အတည်းပြသနာများကို အမြန်ဖြေရှင်းပေးနိုင်မဲ့ နည်းလမ်းကို ရှာပေးကြစေလိုပါတယ်။ ဘယ်သူ့ကို အားကိုးပြီး ဘယ်ပါတီကို မဲပေးကြရပါမည်လဲ?..။ မန္တလေးရတနာပုံနေပြည်တော်နေ့စဉ်သတင်းစာ မှ ၀ိုင်းဝန်ကူညီလမ်းညွှန် အဖြေရှာပေးတော်မူကြပါလို့ မေတ္တာရပ်ခံလိုက်ပါရစေ…..။

About winkyawaung

win kyawaung has written 45 post in this Website..