” ဆာသော်နှင့်အူးတာဗျင်”

“ ဆာသော်နှင့် အူးတာဗျင် ”

 

 

 

ဒီနေ့မနက် စောစောစီးစီး “ဘောစမီးလေး”ဆီက ဖုန်းဝင်လာပါတယ်။

“ဆာသော်ရေ ဒီနေ့ခါတိုင်းထက်စောလာခဲ့နော် အင်တာဗျူး မထိုင်ခင်

ပြောစရာရှိတယ်”

ဒါနဲ့ဘဲ အိမ်မှာတင် မနက်စာစား ခါတိုင်းသွားနေကျဆိုင်မှာ

လက်ဖက်ရည်မသောက်ဘဲ ရုံးကိုအသော့နှင်ခဲ့ရပါတယ်။

ဆာသော်ရုံးရောက်တော့

“ဘောစမီး “လေးရုံးခန်းဘက်လှမ်းကြည့်လိုက်တဲ့အခါ CV ဖောင်တွေနဲ့

အလုပ်ရှုပ်နေတာကိုလှမ်းတွေ့လို်က်ရပါတယ်။

ကိုယ့်အခန်းထဲမှာကိုယ့်ပစ္စည်းပစ္စယတွေထားပြီး သူ့အခန်းဘက်ကိုဝင်လာလိုက်ပါတယ်။

“ဆာသော် ရောက်ပြီလား

အင်တာဗျူးမယ့် ကလေးတွေရဲ့ ဖိုင်တွေ ဖတ်ကြည့်နေတာ “

“  မီးမီး လိုချင်တာနဲ့ ကိုက်တဲ့လူရောတွေ့လား  “

“   တွေ့သလိုလို ပါဘဲ ဒါပေမယ့် တင်ထားတဲ့ လျှောက်လွှာတွေက မပြည့်စုံဘူး

ရဲစခန်းထောက်ခံချက်တွေ ဘာတွေလဲမပါဘူးနော် “

“ အဲဒါက ကျနော်ထည့်မတောင်းတာ လူရွေးပြီးလို့ တကယ်ခန့်မယ်ဆိုမှတောင်းမယ်လေ   “

“   ဘာလို့ “

“  ရပ်ကွက်ထောက်ခံစာတို့ ရဲစခန်းထောက်စာတို့ သွားတောင်ရင် အနည်းဆုံး လေးငါးထောင်တော့ ကုန်တတ်ပါတယ်၊

ဒါကြောင့် သူတို့လေးတွေ ပိုက်ဆံမကုန်အောင် တကယ်ခန့်ဘို့ စာချုပ်ချုပ်မှ

တောင်းမယ်လို့ တွေးထားလို့ပါ “

“   အော် အော်  ဒါဆိုလဲ ကောင်းပါတယ်။

အင်တာဗျူး စခေါ်မလား လျှောက်ထားတဲ့ သူ က လူ နှစ်ဆယ်ကျော်တယ်လေ “

ဒါနဲ့ဘဲ ရုံးက ကလေးမလေးတစ်ယောက်ကို အင်တာဗျူးဝင်မယ့်သူတွေရောက်ရင်

လွှတ်လိုက်ပါလို့ ပြောတော့

“ သုံးယောက်ထဲဘဲရောက်သေးတယ် လေးလေး” လို့ဖြေသံလဲကြားရော

ဘောစမီးလေး မျက်နှာက နည်းနည်းတော့ ရှံ့သွားပါတယ်။

သူက အချိန်တိကျ မှ ကြိုက်တဲ့သူလေ။

“ ဆာသော် ကိုးနာရီတောင်ထိုးတော့မှာ သုံးယောက်ထဲဘဲရောက်သေးတာလား  “

လို့မေးတော့

“  လာကြမှာပါ လမ်းပိတ်နေလို့ နေမှာ“လို့ဘဲ ဖြေလိုက်ရပါတယ်။

“ဆာသော်ရေ ရောက်နှင့်တဲ့လူကဘဲစလိုက်ရအောင်”လို့ပြောတာနဲ့

ရောက်တဲ့လူ အရင်စလွှတ်လိုက်ဘို့ လှမ်းပြောလိုက်ရပါတယ်။

 

 

အင်တာဗျူးလာဖြေကြတဲ့ကလေးတွေကတော့ အဝေးသင်တက်နေဆဲ ကလေးတွေများပြီး

ကျောင်းပြီးထားသူက နည်းပါတယ်။

(ဟိုးအရင်ခေတ်က ကျောင်းမပြီးသေးရင် အလုပ်မလုပ်ဘဲ ကျောင်းတက်ခဲ့ကြတဲ့

အေးချမ်းသောဘဝတွေကို သတိရမိပါတယ်။)

မြန်မာနိုင်ငံက ထူးခြားသောနိုင်ငံတစ်ခုလို့တောင်ဆိုနိုင်ပါတယ်။

ကိုယ်သင်ကြားထားရတဲ့ပညာ ကိုယ်ဘွဲ့ရထားတဲ့ပညာနဲ့

ကိုယ်လုပ်ကိုင်စားသောက်ရတဲ့အလုပ်က ပြဒါးတစ်လမ်းသံတစ်လမ်းမို့ပါ။

အစိုးရအလုပ်ကလဲ လူငယ်အားလုံးအတွက် နေရာမရှိ။

ဒီတော့ ပုဂ္ဂလိက အလုပ်ကိုဘဲ အားကိုးပြီးလုပ်ကြရပါတယ်။

ကုမ္မဏီတွေ များပြားလာတော့အလုပ်လက်မဲ့ လူငယ်တွေ

နည်းပါးသွားတာကတော့ အမှန်ပါဘဲ။

 

အလုပ်လာလျှောက်ကြတဲ့ ကလေးတွေကလဲပုံစံအမျိုးမျိုး လူအမျုးိမျိုးပါဘဲ။

ကို်ယ်ရေးမှတ်တမ်းမှာ ကပ်ရမယ့် ဓါတ်ပုံကို ကျကျနနရိုက်ပြီးကပ်ထားသူ

ကလေးဘဝထဲကရိုက်ထားတဲ့ ဓါတ်ပုံ ကို အခါခါကူးပြီး ကပ်ထားသူ

ဘယ်က ခွာလာမှန်းမသိတဲ့ ပါတ်စပို့ ပုံ ကိုကပ်ထားသူ နဲ့ စုံလို့ပါဘဲ။

လက်ရေးလက်သား ကျကျနန နဲ့ကောင်းမွန်စွာရေးထားသူ

လက်ရေးမညီမညာနဲ့ရေးထားသူ

အင်္ဂလိပ်လိုသေသေသပ်သပ်ရေးထားသူ

မတတ်တ တတ် စာလုံးပေါင်းအမှားတွေနဲ့ ဘိုလိုရေးထားသူ။

မြန်မာလိုရေးပေမယ့် ဖြစ်ကတတ်ဆန်းရေးထားသူ

အမျိုးစုံပါဘဲ။

 

ပုံစံဖြည့်တဲ့အခါမှာသေချာမဖတ်ဘဲရေးထားသူတွေလဲပါ သလို

ဖြီးဖျန်းပြီး ရေးထားသူတွေလဲပါတတ်ပါတယ်။

အများအားဖြင့်ကတော့ အလုပ်လိုချင်လို့သာလာလျောက်တယ် ကိုယ်လာလျောက်တဲ့ လုပ်ငန်းက ဘာမှန်းမသိသူတွေတောင်ပါ တတ်ပါတယ်။

မသိဆို အလုပ်ခေါ်သူတွေကလဲ ဘာအတွက်ခေါ်တယ်ဆိုတာ တိတိကျကျမပြောဘဲ

စက်ပစ္စည်းဖြန့်ချိရန်

လူသုံးကုန်ပစ္စည်းဖြန့်ချိရန်

စားသောက်ကုန်ပစ္စည်းဖြန့်ချိရန်ဆိုပြီးအ ကြမ်းဖျဉ်းဘဲရေးပြီးခေါ်တတ်လို့ပါ။

ပြောရရင်တော့ ကျနော်တို့ဆီမှာအလုပ်လုပ်ကြတာက ပြီးစလွယ်လို့တောင်

ဆိုနိုင်ပါတယ်။

 

အလုပ်လာလျှောက်တဲ့လူငယ်တွေကိုအင်တာဗျူး လုပ်ကြည့်တဲ့အခါမှာ

အချို့က တကယ့် ကိုအလုပ်လုပ်ချင်လို့

အချို့ကတော့  ရလိုရငြားအပျင်းပြေဝင်လျှောက်တာ

အချို့ကတော့ သူငယ်ချင်းနဲ့အဖော်ရအောင်ဝင်လျှောက်တာ

အချို့ကတော့ အိမ်က အလုပ်မလုပ် ရင်နားပူလွန်းလို့ လာလျောက်တာ

အချို့ကတော့ အတွေ့အကြုံတစ်ခုအနေနဲ့လာလျောက်တာ

ဆိုတာတွေကို တွေ့လာရပါတယ်။

 

သူတို့တင်လာတဲ့ ကိုယ်ရေးမှတ်တမ်း စာရွက်လေးကိုဖတ်ကြည့်ပြီး

တစ်ချို့တွေရဲ့ သေသေ သပ်သပ်ရေးထားတဲ့ စာရွက် လေးကိုဖတ်ရရင်

စိတ်ကျေနပ်ရသလို ကပျစ်ကညစ် ဖြစ်ချင်သလိုဖြစ်ရေးထားတဲ့

စာရွက်တွေ့ရင်တော့ လူတွေ့ပြီးဗျူးဘို့တောင် အာရုံမကျတော့ပါဘူး။

 

အလုပ်လျှောက်လွှာထဲမှာ ပါတဲ့ မျှော်မှန်းလစာ ဆိုတဲ့နေရာမှာ

ဖြည့်ထားပုံကလဲ အမျိုးမျုးိအထွေထွေပါဘဲ။

အချို့ကတော့ ဘာမှ ရေးမထား အဆင်ပြေသလို

အချို့ကတော့ ကိုယ်လိုချင်သလို ပိုပိုသဲသဲ

အချို့ကတော့ ထိုက်သင့်သောလစာ

အချို့ကတော့ ကိုယ့်အရည်အရည်အချင်းနဲ့ထိုက်သင့်သလောက်

ရေးထားတတ်ကြပါတယ်။

 

အချို့ကတော့ အလုပ်လျှောက်လွှာလာမတင်ခင်ကတည်းက

ဖုန်းဆက်ပြီး

“လစာ ဘယ်လောက်ပေးမှာလဲ

ဘာတွေခံစားခွင့်ရှိလဲ” လို့မေးတတ်ပါတယ်။

တကယ် ဗျူးကြည့်တဲ့အချိန်မှာ အဲလို့မေးခွန်းတွေထုတ်သူအချို့က

ဘာအလုပ်မှ ရေရေ ရာ ရာ မသိ မတတ်တာတွေကိုတွေ့ရပြန်ပါတယ်။

လခ ကောင်းကောင်းလိုချင်ပေမယ့်

ကိုယ့်ဘက်ကလဲ လုပ်ငန်းကျွမ်းကျင်မူ့ရှိဘို့လိုအပ်တာ

အလုပ်လုပ်ချင်စိတ်ရှိဘို့လိုအပ်တာ

အလုပ်ကိုစေတနာပါပါ လုပ်ချင်တဲ့စိတ်ရှိဘို့လိုအပ်တာတွေကိုတော့

မေ့ထားတတ်သူများပါတယ်။

 

လုပ်ငန်းအတွေ့အကြုံဆိုတဲ့နေရာမှာလဲ ဖြည့်ပုံကအမျိုးမျိုး

 

အချို့ကတော့အတွေ့အကြုံမရှိ။

အချို့ကတော့ ကိုယ်သိတာထက် ပိုရေးထား။

တကယ် ဗျူးလို့ စစ်စစ်ပေါက်ပေါက်မေးပြီဆိုမှ တစ်လွဲတွေဖြေပါတော့တယ်။

 

လာဖြေသူတွေရဲ့ပုံစံတွေကလဲအမျိုးမျိုး။

အချို့က မဝံ့မရဲ

အချို့ကတော့  ခပ်ထယ်ထယ်

အချို့ကတော့ အူတူအူတ

အချို့ကတော့ ခပ်လည်လည်

အချို့ကတော့ ချက်ချက် ချာချာ

အချို့ကတော့ ဘာတွေပြန်ဖြေမှန်းမသိ

အချို့ကတော့ အပေါ်ယံ သိ

အချို့ကတော့ တကယ်ကို အသေအချာသိ

ဆိုတော့ သူတို့ကို ဗျူးချိန်မှာ တော့

တစ်ခါတစ်ရံ စိတ်တိုရသလို

တစ်ခါတစ်လေတော့ သူတို့ဖြေတာလေးတွေကိုနားထောင်ရင်းပြုံးရပြန်ပါတယ်။

 

 

ဒီနေ့အင်တာဗျူး စ ချိန်မှာ သုံးယောက်ဘဲရောက်သေးပေမယ့်

မေးနေရင်းထပ်ရောက် လာကြတော့ ဆက်တိုက်လိုဗျူးဖြစ်သွားပါတယ်။

လျောက်လွှာလာတင်တာ အယောက်နှစ်ဆယ်။

တစ်ကယ်လာဖြေတော့  ၉ ယောက်ဘဲလာပါတယ်။

“ဆာသော် လျောက်လွှာတင်တဲ့ သူတွေက ဘာလို့ လာပြီး

အင်တာမဗျူးကြတာလဲ”

လို့ဘောစမီးလေးက မေးတော့ ဆာသော်မှာ အဖြေမရှိ။

အားလုံးဗျူးပြီးလို့ အပြင်ရောက်မှ ရုံးက ကလေးမလေးကို

“မထွေးရေ  လာပြီး အဗျူးခံတဲ့လူ နည်းတယ်နော်” လို့

ပြောတဲ့အခါ

“ဆာသော်တို့က ကြားရက်ကြီးသွားခေါ်တာကိုး၊

လျှောက်လွှာ တင်ထားတဲ့သူတွေက အလုပ်လက်ရှိတွေများတယ်။

အဲ့တော့ ရုံးက ခွင့်ယူလို့ မရတဲ့လူလဲ ရှိမယ်

ခွင့်ယူလို့ရ ပြန်ရင်လဲ လခအဖြတ်ခံရမှာစိုးတော့

ရ မယ် မရ ဘူး မသေချာ တဲ့ အင်တာဗျူးကို မလာတော့ဘူးလေ။

ဒီတော့ အလုပ်မရှိသေးတဲ့ သူ အားနေတဲ့သူသာ လာဖြေကြတာပေါ့။

နောက် လူများများ ဗျူးချင်ရင် တနင်္ဂနွေနေ့မှ ဗျူး” လို့ပြန်ဖြေပါတယ်။

 

သက်ငယ်စကား သက်ကြီးကြား ဆိုတာ ဒါဘဲ နေမယ်နော်။

ခေတ်တွေပြောင်းလဲလို့ အမူအကျင့်တွေပြောင်းလဲသွားတာကို

သိနေမှ အဆင်ပြေမယ်လို့ ဆာသော့်စိတ်ထဲမှ မှတ်ထားလိုက်ပါတယ်။

 

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

28-1-2016

 

 

 

 

 

 

 

8 comments

  • သင့်အေးရိပ်

    January 29, 2016 at 7:28 pm

    .ဘောစမီး ဆိုတာ…ဘာလူမျိုး နာမည်လေးလဲဗျ…
    ဘယ်လို အဓိပ္ပါယ်လဲ..မသိ…

  • ဆာသော်ပို့စ် နှစ်ပုဒ် 2011 ကရေးခဲ့ဘူးပါတယ်
    ဘောစိ
    ဘောစချုပ်
    ဘောစမီး
    ဘောစသား

    ဘောစမ
    ဘောစထီး
    ဘောစခယ်
    ဘောစဖ

    ဒီလောက်ဆိုသဘောပေါက်

    • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

      January 30, 2016 at 12:42 pm

      ကျော်က ဘောစတူပါ

        • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

          January 30, 2016 at 10:31 pm

          ဟင်
          ဘာမှန်းလဲတိဝူး
          ခုဖြစ်ရမှာလား
          😯

  • kai

    January 30, 2016 at 5:38 pm

    ညီတော်မောင်ကတော့ ပြောတယ်..။ တကယ်အလုပ်လုပ်နိုင်တဲ့သူ …(ပေးနိုင်ဦး) တော်တော်နည်းတယ်တဲ့..။
    တော်တော်မာျးမာျး.. အပြင်တွေရောက်ကုန်တယ်ထင်တာပါပဲ…။
    အစိုးရက …ဘယ်လိုပေါ်လစီနဲ့ပြန်ခေါ်မယ်တော့ မသိ..။

  • .အလုပ်လုပ်ဖို့စိတ်ကူးမရှိလေနေတဲ့သူ လူငယ်အများစုကိုပါတ်ဝန်းကျင်မှာတွေ့နေရတယ်ဗျာ
    .မနက်ဆိုဆိုင်ထိုင်မယ်..ဘောပွဲအကြောင်းပြော..လောင်းမယ်..နှစ်လုံးထိုးမယ်..ကျန်ချိန်တော့
    .ဖုန်းပွတ်နေကြတော့တာပဲ…စိတ်ပျက်စရာ

Leave a Reply