လှေကားထစ်တွေကို ရေတွက်နေတဲ့ကြယ်

alinsettMarch 10, 20161min29310

images(3)

 

 

 

 

 

 

 

 

 

မနက် ၈း၄၅ ထက် နောက်မကျဘဲ ရုံးကိုရောက်အောင် ဘတ်စ်ကား ၂ဆင့်ဖြင့် သွားရပြီး ညနေ ရုံးဆင်းချိန် ၅း၃ဝ မှ ဘတ်စ်၂ဆင့်ဖြင့် ပြန် / ညပိုင်းထိ ရောင်းနေသော ဈေးကိုသွား/ ညစာအတွက် ချက်ပြုတ်ကြော်လှော်ရမှာတွေကို ဝယ်/အဆောင်ကို ပြန်ရောက်မှ ချက်ပြုတ်/ လျှော်ဖွတ်/စသည်ဖြင့် လှုပ်ရှားရသည့် ရုံးဝန်ထမ်းတစ်ယောက်သည် မနက် ၆နာရီအတိမှာ မျှော်လင့်ချက်အပြည့်ဖြင့် အိပ်ရာမှ နိုးထခဲ့ပါပြီ။

 

မနေ့ညတုန်းက ရုံးမှ ပြန်ရောက်ကာမှ ညစာအတွက် ချက်ပြုတ်ကြော်လှော်ပြီး ရေမိုးချိုး၍ ကွန်ပြူတာရှေ့ရောက်သည့်အချိန်မှာ ည ကိုးနာရီ ဖြစ်သည်။

 

ညကိုးနာရီမှ စကာ ဆယ်နာရီခွဲလောက်အထိ ကွန်ပြူတာသုံးပြီး အပိုဝင်ငွေရအောင် နောက်ထက် လက်ခံထားသည့်အလုပ်တစ်ခုကို ထိုင်လုပ်အပြီး အိပ်ရာဝင်ချိန်သည် ညဆယ့်တစ်နာရီ။

 

များသောအားဖြင့် ည ၁၂ နာရီလောက်မှ နှစ်ခြိုက်စွာ အိပ်ပျော်တတ်ခြင်းသည် လူအများ စုပေါင်းနေထိုင်ရသော အဆောင်နေသူတိုင်း သိနိုင်မည့်ကိစ္စ ဖြစ်ပါသည်။

 

တိုက်ခန်းကျယ်ကြီးထဲမှာ ၁၅ယောက်ခန့် စုပေါင်း နေထိုင်ရသဖြင့် တစ်ယောက်တစ်ပေါက် ပြောဆိုပြုမှုသည့်အသံများသည် ည၁၂ နာရီလောက်ထိ တိတ်မသွားတတ်ချေ။

 

ထို့ကြောင့် တစ်ရက်လျှင် ခြောက်နာရီမျှသာ အိပ်ရသော ဝန်ထမ်းတစ်ယောက်အဖို့ တခါတရံ မနက် ၆နာရီ နှိုးစက်မြည်သံကို မနှစ်မြို့တော့ပေ။

 

နှိုးစက်၏ အတင်းကာရော နှိုးခြင်းအမှုကြောင့် ဆက်အိပ်ချင်သေးသော မျက်လုံးကို အတင်းအဓမ္မ ပွတ်သပ်ပြီး မီးဖိုချောင်ကို ဝင်ရသည်။

 

ရုံးကို ယူသွားဖို့ရာ ထမင်းနှင့်ဟင်း ချက်ရမည်။

ထမင်းကို ပေါင်းအိုးနှင့် တည်ထားချိန်တွင် မျက်နှာသစ် သွားတိုက်ပြီးသည်နှင့် ဟင်းအိုးအတွက် ပြင်ဆင်ရသည်။

တစ်သက်နှင့်တစ်ကိုယ် မိဘချက်ကျွေးသမျှသာ အဆင်သင့် စားခဲ့သူအဖို့ ဟင်းချက်ရသည်မှာ မလွယ်ကူပါ။

များသောအားဖြင့် အလွယ်တကူဖြစ်မည့်ဟင်းများသာ ထမင်းဗူးထဲ ပါတတ်သည်။

သားတော်မောင်လေး အစားအသောက်ပြင်ဆင်ရ ခက်ခဲနေသည်ကို မကြည့်ရက်သည့် အမေဖြစ်သူက နယ်မှ လှမ်းပို့ထားသော အကြော်အလှော်များ ကူနေ၍သာ ထမင်းမြိန်နေခြင်း ဖြစ်သည်။

 

သို့သော် သည့်နောက်ပိုင်းတွင် အမေ့ထံမှ ဟင်းလျာများကို မျှော်လင့်မထားတော့ပါ။

”ကိုယ်မလုပ်တတ်သည့် အစားအစာတွေကို မစားဘူးလို့ ခံယူပြီး ကြိုးစားဖန်တီးလိုစိတ် ထားရမည့်ခေတ်ကြီးထဲမှာ ကိုယ်စားမယ့်အစားအစာတွေကို ကိုယ်တိုင်လုပ်တတ်ဖို့တော့ လိုသည်မဟုတ်လား။”

—————————-

~ရုံးမှာလည်း ဝန်ထမ်းကောင်းဖြစ်အောင်

လုပ်ကိုင်ရင်း. . .

 

~နယ်အဝေးမှ မိသားစုကိုလည်း ပြန်ငဲ့ကြည့်ကာထောက်ပံ့နိုင်သည့် သားတစ်ယောက်ဖြစ်အောင် နေထိုင်းရင်း. . .

 

~တဖြည်းဖြည်း အချိန်မပေးနိုင်တော့သလောက်ဖြစ်လာ၍ ခပ်စိမ်းစိမ်းဖြစ်နေသော ချင်ခင်ရသည့်မိဆွေများကိုလည်း အားနာရင်း. . .

 

~ကိုယ့်ခြေထောက်နှင့်ကိုယ်ရပ်တည်ပြီး ကိုယ့်နှာခေါင်းပေါက်နဲ့ကိုယ် အသက်ရှူနိုင်အောင် ရုန်းကန်ရင်း. . .

 

~နောက်ကွယ်မှာ အတင်းအဖျင်းမျိုးစုံ သုံးပြီး

သိက္ခာချ တိုက်ခိုက်နေကြသည့် မလိုသူတို့၏ မုန်းထားကဲ့ရဲ့မှုကိုလည်း

ပြန်ကြားသော်လည်း မကြားယောင်ပြု. . .

သူတို့ ပြောသလို မဖြစ်အောင်သာနေပြီး

ကိုယ့်ဘဝ ကိုယ့်အခြေအနေကလေး ဖြောင့်မတ် ကောင်းမွန်သည့်ဘက်ရောက်အောင်သာ

တည်ငြိမ်စွာ လျှောက်လှမ်းမယ်လို့ စိတ်ထိန်းရင်း. . .

 

~တစ်နေ့ပြီးတစ်နေ့ အချိန်တွေ/လုပ်အားတွေ

ရင်းကာ/စုကာ/ဆောင်းကာဖြင့် ရည်မှန်းထားသည့်အခြေအနေတစ်ခုဆီကို

မရောက် ရောက်အောင်

တစ်လှမ်းချင်း သွား လာ ရင်း. . .နဲ့ပဲ. . .

 

အခုအချိန် (အသက် ၂၈ နှစ်အရွယ်)မှာ . . .

သိ သိ လာတာကတော့. . .

”ဘဝဟာ လူပြောများနေတဲ့ ”တိုက်ပွဲ”ဆိုတာကြီးထက်ကို ပိုပြီး နက်နဲကျယ်ပြန့်လှတဲ့အရာ” ဆိုတာပါပဲ။

——

 

သင့်အေးရိပ်

 

မတ်လ ၁ဝ ရက်၊ ၂၀၁၆

 

 

 

 

10 comments

  • ခင်ဇော်

    March 10, 2016 at 1:41 pm

    ဘဝ ကို ရုန်းကန်ရတယ် ဆိုတာ သူ့အထွာနဲ့သူတော့ မလွယ်ကူလှပါဘူး။
    အားတင်းထားလို့ အားပေးရုံကလွဲပြီးးး

    :a:

    • Thint Aye Yeik

      March 10, 2016 at 3:36 pm

      အခု အားတင်းထားတယ်။
      စိတ်ထဲမှာ လွမ်းသလိုလို ဆွေးသလိုလို ဖြစ်လာပြီး မှိုင်တွေ ငြိမ်ကျသွားပြီဆိုတာနဲ့
      ချက်ချင်း ထပြီး တစ်ခုခု လုပ်ပစ်လိုက်တယ်။
      ဥပမာ မီးပူ ထတိုက်တာမျိုး (တိုက်စရာ မရှိရင်တောင် မီးပူတိုက်ပြီးသားကို ပြန်တိုက်တယ်)
      ကိုယ်နေတဲ့နေရာလေးကို ထ ရှင်းလိုက်တာမျိုး

      😆

      • Tawwin Pan

        March 10, 2016 at 4:47 pm

        တော်လိုက်တာကွယ်….ကိုယ်တိုင်ထမင်းချက်တယ်ဆိုတော့……..ယောက်ျားလေးအများစု (အဆောင်နေ)တဲ့သူတွေက ချက်မစားကြဘူးရယ်…..

        • Thint Aye Yeik

          March 10, 2016 at 7:16 pm

          ဟုတ်တယ်။ လူ ၁၅ ယောက်လောက်နေတဲ့ ဒီအဆောင်မှာ ထမင်းက်ုယ့်ဘာသာချက်စားတာဆိုလို့ သုံးလေးယောက်ပဲ ရှိတယ်။

          ကျနော်ကတော့ တစ်နပ် တစ်ထောင်ကျပ်လောက် ဖြစ်နေတဲ့ ဆိုင်ထမင်းဟင်း စားရိတ်ကို လျှော့ချချင်လို့ ကိုယ့်ဘာသာ ချက်ပါတယ်။

          မချက်တတ်ဘဲ ချက်ရတာမို့ အဆင်နော့ သိပ်မပြေ။
          ထမင်းကတော့ မခက်။ ပျော့လိုက် မာလိုက် လေးငါးခေါက်လောက် ဖြစ်အပြီးမှာ
          အနေတော်ဖြစ်သွားပြီ။

          ဟင်းကတော့ ငါးခြောက်ကြော်တို့ ဘဲဥကြော်တို့ အသီးအရွက်ကြော်တို့လောက်ပဲ ချက်တတ်သေးတယ်။
          ဒါပေမယ့် နောက်ထပ် အမျိုးအမည်တွေလည်း ချက်ကြည့်အုန်းမှာပဲ။ ဘာလို့ မဖြစ်ရမလဲ။ နော့။

          😆

  • kotun winlatt

    March 10, 2016 at 3:15 pm

    ဘကုန်း နဲ့ ဝလုံးကြားမှာ
    ဘုန်းခနဲ လဲပြီး
    ဝုန်းခနဲ မကွဲဖို့
    ကြိုးစားရပေမည်

    • Thint Aye Yeik

      March 10, 2016 at 3:39 pm

      ဘုန်းခနဲ လဲပြီး
      ဝုန်းခနဲ ကွဲလို့ကတော့
      ဝါးခနဲ ရယ်မယ့်သူတွေ
      ဘွားခနဲ ပေါ်လာတတ်သေးတယ်ဆိုတာလည်း သိထားတယ်။

      :k:

  • naywoon ni

    March 10, 2016 at 6:44 pm

    ဒီ​ကောင်​​လေး အ​တော်​ရင်​့ကျက်​လာြပြီပဲ ​ရွေးချယ်​ရာလမ်​း မှန်​ပါ​ဇေကွယ်​ 🙂

    • Thint Aye Yeik

      March 10, 2016 at 7:18 pm

      တတ်နိုင်သမျှတော့ ရင့်ကျက်တဲ့သူ ဖြစ်အောင် နေ နေပါပြီ ဦးနီ။

      ဘာလို့ မဖြစ်ရမလဲ နော့

      😆

      • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

        March 10, 2016 at 11:31 pm

        ဥနီလို မဖြစ်စေနဲ့
        ဥနီက နဲနဲညစ်လာတာနဲ့
        ဘီအီးဆိုင်ရှိတဲ့ လမ်းပဲ ခြေဦးလှည့်နေတာ

        • naywoon ni

          March 11, 2016 at 1:26 am

          ဒါ​တောင်​ ယမကာ ​ကျော်​စွာ ဘွက်​မရခဲ့ပါဘူးကွာ ။ ပိုက်​ဆံ​ပေးမဝယ်​နိုင်​လို့ 🙂

Leave a Reply