စကားလုံးများကို သီကုံးမိခြင်း . . .

kotun winlattMarch 11, 20161min1534

စကားလုံးများကို သီကုံးမိခြင်း
#################
စကားစမြည် စိုက်ခင်းထဲမှာ စိမ်းစိမ်းလန်းလန်း စကားလုံးတွေကို
စပြောဖြစ်ခဲ့တဲ့ စနေနေ့ ….
မြောက်ပြန်လေညှင်းက သယ်လာတဲ့ အလွမ်းပွင့်တွေက စီရရီ … သတိရခြင်း
အမှာတော်စကားတွေက ပဲ့တင်ထပ် …. ဒါဘဝအမောတွေပါဆိုပြီး
သက်ပြင်းတွေကိုလည်း ခဏခဏ မှုတ်ထုတ်….။ အဝေးမှာနေပါရစေ … အားလုံးကို
မေ့ပစ်ပါရစေ … အတ္တတွေ ကြီးတတ်ချင်လိုက်တာရယ်…။ ပွင့်တဲ့ပန်းတိုင်း
ကြွေရမဲ့ သင်္ခါရ … ကြွေဖို့ ပွင့်လေသလား ဝေဖို့ ပွင့်လေသလား။
ဘာပဲဖြစ်ဖြစ် ပန်းရဲ့ တာဝန် ကျေပွန်ဖို့က အဓိကလေ…။
@@@@@@@@@@@@@@@@@@

 နင့်နင့်နဲနဲပေါ့ … ခံစားပစ်လိုက်တယ် … ရှိစုမဲ့စု မာနလေးတွေက
မြေပေါ်မှာ ဝပ်တွားခယ …။ တကယ်က လောင်းရိပ်မိနေတဲ့ အယူအဆ အတွေးအခေါ် …
ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများဆိုပြီးလည်း ခေါင်းစဉ်တပ်မိပါရဲ့ ….။
မဟုတ်ဘူးဗျ … ဒါက ဝဋ်ကြွေးသက်သက်မျှသာဆို … ခင်ဗျားတို့ ဟက်ဟက်ပက်ပက်
ရယ်မောနေကြလိမ့်မယ် ထင်ပါတယ်။ ဆောက်ဖြစ်ခဲ့တဲ့ စိတ်ကူးအိမ်ကလည်း
မနက်ခင်းမှာ ဝေတဲ့နှင်းမျှသာမို့ … နေခြည်လာတော့
ပျောက်ပျောက်သွားကြတယ်…။ တာဝန်မကျေတဲ့ လူသားတစ်ယောက်ရဲ့ စကားတွေကို
နားထောင်လိုကြပါ့မလား ..။ လောကထဲမှာနေသူတစ်ယောက်မို့ အတ္တရှိမှ
ပရရှိတယ်လို့ ခဏခဏတော့ ကြွေးကြော်မိတာပါပဲ …။ ပြီးတော့လည်း
ပြီးသွားတော့မှာပါ ။ ကျနော် ခင်ဗျား ခဏမျှသာ … သမုဒ္ဒရာထက် ခဏတက်လာတဲ့
ရေပွက်ပမာပေါ့ … သံဝေဂတရားတွေလည်း ကြားမိပါရဲ့ … ဒါပေမဲ့ ဘယ်လို
နားချ နားချ မတရားတာက မတရားတာပါပဲ…။ ဟောဒီဖြစ်မှု ပျက်မှုထဲမှာ
တည်ရှိချင်နေတဲ့ စိတ်ကလေးက တလူးလူးလွန့် ….။
@@@@@@@@@@@@@@@@@@@

မကျေနပ်ဘူး …. ဟစ်အော်ပစ်မိတယ်။ ကြားလိုက်မိကြလေမလား။
မွန်းကြပ်လွန်းတဲ့ နေ့ည … လွဲမှားမှုတွေလို့ ခေါင်းစဉ်တပ်တပ်ပြီး …
ဘယ်တစ်ဖက် ညာတစ်ဖက် စီးထားတဲ့ ဖိနပ်တွေနဲ့ ဆက်လျှောက် …. နားမလည်ပေမဲ့
ဆက်ဖတ်ဖြစ်နေတဲ့ စာသားတွေလို … အဓိပ္ပါယ်ရှိမှုတွေက
ရှားပါးလွန်းနေတယ်…။ ဧရိယာအပြင်ဘက်က ဖုန်းသံကလည်း တဂွမ်ဂွမ်မြည်နေတာ
….. နားတွေကို ပိတ်ထားမိတယ်…။ အမှန်တကယ် ပိတ်ထားရမှာက ငြီးငြူသံတွေ
ထွက်ထွက်ကျလာတတ်တဲ့ ပါးစပ်တွေ …. တတ်ကျွမ်းထားသမျှ
ညစ်ညမ်းစကားလုံးတွေနဲ့ ဝေဆာပျော်ပိုက်နေလိုက်ပုံများ … လေထုထဲမှာ
အပြည့်အကြပ်ရယ်….။ ထွက်ခွာခွင့်လက်မှတ်ကို တန်းစီဝယ်နေတုန်းမှာ
မှောင်ခိုသမားတွေက ဈေးနှုန်းမြင့်မြင့်နဲ့ ရိုးသားမှုတရားတွေကို
ဝါးမြိုပစ်နေတာ မြင်မကောင်းဘူး။
@@@@@@@@@@@@@@@@@@@@@

ရိုးသားမှု သည်းခံမှု စာနာမှုတွေနဲ့ ဘဝဟာ အသီးအရွက်စား သတ္တဝါတွေရဲ့ အကျင့်
… ဘဝမှာ အောင်မြင်ဖို့ဆိုရင် အသားစား သတ္တဝါတွေလို ကျင့်ရမယ်တဲ့ …
လူသားတို့ရဲ့ ကျင့်စဉ်ဟုတ်ပါလေစ …။ ဟိုးအရင်တုန်းကတော့ အသက်နဲ့
လူမလုပ်ပဲ အရှက်နဲ့ လူလုပ်ခဲ့ကြတယ်…။ တိုးတက်လာတဲ့ ဒီခေတ်ကြီးမှာ Sorry
ဆိုတဲ့ စကားလုံးနဲ့ လူလုပ်နေကြသတဲ့။ ဖတ်ဘူးတဲ့ စာသားတွေ ရွတ်ပြနေမိတာ…။
ဘဝမှာ ထပ်မှားရင်လည်း ရေရွတ်ရမဲ့ စကားလုံးက Sorry ပေါ့။
မှားခွင့်ရှိလေသမျှတွေ မှားနေကြလို့ … သည်းခံခဲ့ရတာနဲ့ပဲ ဘဝမှာ ခန
္တီပါရမီတွေက ပြည့်ပြည့်လာတယ်။ နည်းနည်းလောက် ရှက်တတ်ကြရင်
ကောင်းလိမ့်မယ်။ ဘာလဲ … ခင်ဗျားတို့ စိတ်တိုသွားသလား ? ဒီစာသားတွေက
မိမိကိုယ်မိမိ ဆုံးမခြင်း သက်သက်ပါ….။
@@@@@@@@@@@@@@@@@@@@@@@

ဒီလိုပါပဲ … ဒီလိုတွေနဲ့ ဘဝကို နေသားကျသည်ဖြစ်စေ မကျသည်ဖြစ်စေ
ဖြတ်ကျော်နေမိတာပါပဲ။ ဒုက္ခတွေကို အရောင်ဆိုးတာလား … ဒုက္ခကပဲ
အရောင်ဆိုးလေသလား။ စိတ်တွေကတော့ အရောင်စုံတွေ ဖြစ်ဖြစ်လာနေတာ။ ခေါင်းက
ဆံပင်တွေ တစ်နေ့တစ်ခြား ဖြူဖြူလာတဲ့ စကားလုံးတွေနဲ့ စိတ်ထားကတော့ တစ်နေ့
တစ်ခြား နက်နက်(အနက်) လာတယ်။ ဝါကြွားစရာ မဟုတ်မှန်းသိတယ်။ ဝန်ခံခြင်း
သက်သက်မျှသာပါပဲ။ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ကို
ပိုခိုင်းပေးရမယ်တဲ့လေ…။ ကောက်ကျစ်ခြင်းက အဲ့ဒီမှာ အစပြုလေသလားတော့ မသိ
….
@@@@@@@@@@@@@@@@@@@@@

သံစဉ်တွေကို မခံစားဖြစ်တော့ဘူး။ အတွေးတွေလည်း မနုဖတ်တော့ဘူး။
ဖတ်ဖြစ်နေတဲ့ စာတွေလည်း ခေါင်းထဲမရောက်တော့ဘူး။ တိတ်တိတ်လေး နေချင်တယ်။
ဆူညံသံတွေ မကြားချင်တော့ဘူး။ ဘဝနေနည်းတွေ အနုပညာတွေ သိပ်မကျွမ်းတော့လည်း
…. သူရဲကောင်းဆိုတာ ဒဏ်ရာမရတဲ့နေ့ရက်တွေကို ဝမ်းနည်ကြသတဲ့။ ငါ့မှာတော့
ဒဏ်ရာရတဲ့ နေ့ရက်တွေအတွက် တဖျစ်တောက်တောက် … အေးလေ…
သူရဲကောင်းဖြစ်ချင်ခဲ့တာမှ မဟုတ်ပဲ …။ လွဲမှားနေတဲ့ အယူအဆတွေနဲ့
လူဖြစ်လာတဲ့ ဘဝ … သမ္မာဒိဋ္ဌိ တရားတွေနဲ့လည်း အလှမ်းဝေးနေမှာပေါ့။
ငါးပါးသီလတရားကို ကျင့်ကြံဖို့ မပြောနဲ့ တစ်ရက်တစ်ခါတောင် ပါးစပ်က
မဆိုဖြစ်တာပဲ … ဆုတောင်းတိုင်းလည်း နိဗ္ဗာန်ရောက်ရပါလို၏ ချည်းပဲဆိုတော့
…. ဝေးလွန်းနေတယ်… မှားလွန်းနေတယ်… ဖျက်ပစ်ချင်ပေမဲ့ ……
ဖာရာထေးရာတွေနဲ့ တင်းတင်းရင်းရင်းဖြစ်သွားပေမဲ့ …. အသစ်တော့
ဘယ်ဖြစ်လာလိမ့်မတုန်း။ ဒီတော့လည်း တဝဲဝဲလည်ပေါ့ …. ဘယ်စပြီး ဘယ်မှာ
ဆုံးမှန်း မသိနိုင်တဲ့အဖြစ်နဲ့လေ….။
@@@@@@@@@@@@@@@@@@@@@@@@@@@@
အဲ့ဒီနေ့ပေါ့ …. မြောက်ပြန်လေညှင်းတွေ သယ်လာတဲ့ အလွမ်းရနံ့တွေကို
ရှူရှိုက် …….
မှောင်မိုက်ခြင်း တိမ်တိုက်တွေကြားမှာ ပြေးကာလွှားကာနဲ့ ………….
အသက်ရှူသံခပ်ပြင်းပြင်းကို အရည်ဖျော်ပစ်ဖို့ ကြိုးစား ……..
ရောင့်ရဲခြင်း တင်းတိမ်ခြင်း သည်းခံခြင်း ပန်းပွင့်တွေကို ……
တစ်ပွင့်စီ တစ်ပွင့်စီ စီရရီနဲ့ သီကုံးဖို့ ကြိုးစားရင်း ………
လောင်းရိပ်တွေအောက်မှာ …………………..
…………………………………………………..
……………………………………………………
…………………………………………………….
စကားလုံးတွေအဖြစ် စီးဆင်းကုန်တော့တာပါ ….။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ ….
k.t.w.l

4 comments

  • Thint Aye Yeik

    March 11, 2016 at 5:22 pm

    ကျနော် ရေးချင်တာ ဒီလို အက်ဆေးမျိုးးး
    ———
    ဒီလို စာသားအစီးအမျောတွေ ဖတ်ရတာကို ကြိုက်တယ်ဗျာ

    ကျနော်လည်း
    အဖြစ်သနစ်တွေ သိပ်မပါပဲ စိတ်ရဲ့အတွင်းပိုင်းထဲကနေ ထွက်လာတဲ့ အတွေးတွေကို
    ချရေးချင်တာ။

  • naywoon ni

    March 12, 2016 at 8:54 pm

    ကျုပ်​က​တော့ စကားလုံး​တွေလို့မမြင်​​တော့ဘူး အ​တွေး​တွေ ပန်​းသီသလို သီထားတာလ်​ု့ိပဲ မြင်​မိတယ်​ 🙂

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    March 12, 2016 at 9:24 pm

    ကျုပ်ကတော့ ဘီအီး တစ်လုံး မျိုချလိုက်ရသလိုပါဘဲ
    ဂေ့

  • ခင်ဇော်

    March 14, 2016 at 12:30 pm

    ရေးချင်တတ်ပြီး
    မရေးတတ်တဲ့ အရေးမျိုးး

    🙂

Leave a Reply