ကိုယ်တိုင်အားထုတ်မှု မပါဝင်သော ဖြစ်ချင်စိတ် သက်သက်သည် မျှော်လင့်ချက် မဟုတ်ပါ တဲ့ ..

ကျွန်မကတော့ ကိုယ်တိုင်အားထုတ်ခဲ့ပါရက်နဲ့ မျှော်လင့်ချက်တွေ ကြေမွကျိုးပျက်ပြုတ်ကျကုန်လို့ …. တစ်စစီ ပြန်လိုက်ကောက်နေရတယ်

မျှော်လင့်ချက်တွေ မရှိတော့ .. အသက်ရှင်ရတာ ခက်ခဲပင်ပန်းလွန်းတယ် ..

ကိုယ့်ကိုယ်ကို ပြန်ရှာဖွေနေရတာကိုက … လျော့တိလျော့ရဲ  နိုင်လွန်းတယ် ..

 

အထင်အမြင်တွေကို မုန်းခဲ့တဲ့ကျွန်မ .. အထင်အမြင်တွေကိုပဲ ဂရုစိုက်နေမိတယ်

အထင်အမြင်ဆိုတာ အမှန်တရား မဟုတ်မှန်း သူတို့သိရင် ကောင်းမယ်

သူတို့ရဲ့ခပ်ညံ့ညံ့အတွေးတွေနဲ့ ရင်ဆိုင်နေရတာကိုက … နာကျင်စရာကောင်းတယ်

မေးခွန်းတိုင်းကို ကျွန်မ မဖြေလည်းရတယ်မလား .. ကိုယ့်ဘ၀နဲ့ကိုယ် နေပါရစေ

 

အများ နဲ့ တစ်ယောက် ဆိုတိုင်း အများ က အမှန်တရား မှ မဟုတ်တာ

အများက ဆိုတော့လည်း Orange က လိမ္မော်သီး ဖြစ်သွားတာပဲလေ

အမှန်တရားတွေကို ဘယ်သူ မှားအောင်လုပ်ခဲ့သလဲတော့ ကျွန်မ မသိဘူး

ကိုယ့်အမှန်တရားကိုပဲ အလုအယက် ကာကွယ်နေရတယ်

 

ကျွန်မဟာ တစ်ဖက်က အမှန်တရား တစ်ဖက်က ကိုယ်ချင်းစာတရား ကို ဆုပ်ကိုင်ထားဖို့ ကြိုးစားနေပေမဲ့

ကျွန်မကို ဘယ်သူမှ နားလည်မပေးကြပါဘူး

ကျွန်မဟာ အစဉ်အလာတွေ နဲ့ လွဲခဲ့တယ်

 

ခုချိန်မှာ တကိုယ်ကောင်းဆန်သူတွေနားမှာ မနေချင်ဘူး

လေထဲမှာ နေရာယူတဲ့သူတွေနဲ့လည်း စကားမပြောချင်တော့ဘူး

ဖြစ်နိုင်ရင် အဆီများတဲ့သူတွေနဲ့ မတွေ့ချင်ဘူး

 

နောက်ဆုံးတော့လည်း … ကျွန်မဟာ ဖြစ်ချင်တာတွေကို မြိုချလို့

ဖြစ်သင့်တာတွေ နဲ့ နာကျင်စရာတွေကို အပေးအယူလုပ်ရင်း နဲ့

မျှော်လင့်ချက်တွေ တစ်စစီ ပြန်ဆက်နေတယ်

About Kabyar Phyu Phyu

Kabyar Phyu Phyu has written 7 post in this Website..