ရာသီဥတုက
နောက်ပြန်အဆောင်းခံထားရတဲ့ ဦးထုပ်လို
ခဏခဏ
ထညှိနေရတဲ့ ဆေးလိပ်လည်း
ဖောက်ပြန်မှုအသစ်စက်စက်မှာ တောက်လောင်
ကိုယ့်ညံ့ရင်ညံ့သလောက်ချစ်ကြတဲ့
ရေရောထားသော ကျွဲမြီးတိုပြဇာတ်
ငါ
ထိုအရာမှာ
မီးထိသွားတဲ့ ခရမ်းချဉ်သီးလို
စိတ်ရောကိုယ်ပါ
ရှုံ့တွတွ ဖြစ်နေတယ်
ယုံပါ အလင်းလေးရေ
မြင်မကောင်း
ကြားမကောင်း
တဖြောင်းဖြောင်းနဲ့ကြေမွနေပါတယ်
အချစ်တဲ့လား
လူတိုင်းသိနေတဲ့ ပက်စ်ဝပ်
ငါ့ကျမှ ဖြည်မရ ဖွင့်မရ
တစ်ဖက်သားရဲ့ဓာတ်ပြယ်မှုမှာ
ငါ့အလွမ်းက
စည်ပင်သိမ်းခံရတော့မယ့် အမှိုက်တစ်စ
တခမ်းတနားနဲ့ကို
ငရဲကျနေခဲ့ပါပြီ ချစ်သူ။ ။
ကိုစစ်

ko six

About ko six

ko six has written 99 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014