စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် စစ်တပ် အရာရှိကြီးများ တပ်ရာထူးများမှ အနားယူကာ ရွေးကောက်ပွဲ ဝင်ရန် ပြင်ဆင်နေမှု အပေါ် မြန်မာပြည် နိုင်ငံရေး အသိုင်းအဝိုင်းတွင် အမြင်အမျိုးမျိုး ကွဲပြား နေ

seinrluAugust 28, 20101min550

<စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် စစ်တပ် အရာရှိကြီးများ တပ်ရာထူးများမှ အနားယူကာ ရွေးကောက်ပွဲ ဝင်ရန် ပြင်ဆင်နေမှု အပေါ် မြန်မာပြည် နိုင်ငံရေး အသိုင်းအဝိုင်းတွင် အမြင်အမျိုးမျိုး ကွဲပြား နေကြောင်း သိရှိရသည်။ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေက”တပ်ရာထူးကနေ အနားယူလိုက်တဲ့ သတင်းကိုတော့ ကျနော်ကြိုဆိုတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ တပ်အဝတ်အစားနဲ့ဆို လူက ကြမ်းတယ် ၊ အရပ်ဝတ်နဲ့ဆို လူက ပိုပြီး သိမ်မွေ့လာမယ်လို့ ထင်တယ် ၊ ၁၉၇၄ ခုနှစ်က ဦးနေဝင်းလုပ်သွားတဲ့ပုံစံမျိုးလည်း ဖြစ်နိုင်တာပေါ့လေ ၊ ဗိုလ်ချုပ်ကြီးနေဝင်းက အရပ်သားဦးနေဝင်းကို အာဏာ လွှဲပေးတဲ့သဘောမျိုးပေါ့လေ ၊ အရပ်ဝတ်လဲလိုက် ပေမယ့် အာဏာကတော့ စွန့်မယ့်ပုံမရှိဘူးထင်ပါတယ်”ဟု ပြောသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအဝင် စစ်တပ်အရှိကြီးများ တပ် ရာထူး များမှ အနားယူလိုက်ကြောင်း ယမန်နေ့က သတင်းများ ထွက်ပေါ်ခဲ့ရာ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းအတွင်း လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းသို့ စစ်တပ်အရာရှိကြီးများ စစ်တပ်ရာထူးများမှ စွန့်ခွာလိုက်ခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စရပ်တခုသာ ဖြစ်သည်ဟု ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောသည်။ ၎င်းက”အမှန်ကတော့ အသက် (၆၀)ဆိုရင် ပင်စင်ယူရမှာလေ ၊ အခုတော့ ပင်စင်မယူဘဲ တောက်လျှောက်လုပ်လာတာ အသက် (၇၀) ကျော်တောင် ရောက်နေပြီပဲ ၊ အသက် (၇၀) ကျော် (၈၀) နားနီးထိ နေတာကတော့ အောက်ကလူတွေ ရသင့်ရထိုက်တဲ့ ရာထူးအခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတာပေါ့ ၊ အခုလို တပ်ရာထူးကနေ နုတ်ထွက်ပြီဆိုတော့ အောက်က ဗိုလ်ချုပ်တွေကတော့ ဝမ်းသာနေကြမှာပဲ ၊ ဗိုလ်ချုပ်မှူးကြီး တပ်ကထွက်ပြီး သမ္မတ ဆက်လုပ်မလား မလုပ်ဘူးလား ဆိုတာက လက်ရှိအခြေအနေ အရကတော့ သူလုပ်ချင်ရာလုပ်လို့ ရတဲ့သဘောမှာရှိနေတယ်”ဟု ပြောဆိုသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနှင့် ရာထူးမှ နုတ်ထွက်ချင်လျင်သော်မှ ၎င်း၏ ဇနီး နှင့် သားသမီးများ ဆန္ဒကို လွန်ဆန်နိုင်မည်ဟု မထင်မြင်ကြောင်းလည်း သခင်ချန်ထွန်းက ပြောသည်။ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကမူ ယခုအပြောင်းအလဲသည် လူထုအတွက် အကျိုး ရှိစေမည့် ပြောင်းလဲမှုမျိုးမဟုတ်ဟု ဆိုသည်။ “ဒီတပ်တွင်းအပြောင်းအလဲဟာ လူထုအတွက် တိုင်းပြည်အတွက် အကျိုးရှိလာမယ့် အပြောင်းအလဲမျိုးမဟုတ်ပါဘူး ၊ သူတို့ဟာ စစ်ဝတ်စုံချွတ်ပြီး အရပ်သားအသွင်နဲ့ တိုင်းပြည်ကို ဆက်ပြီး အုပ်ချုပ်လို့ ရအောင် ပြင်ဆင်တဲ့သဘောပါပဲ ၊ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တဲ့ အပြောင်းအလဲမျိုး မဟုတ်ဘူးလို့ပဲမြင်မိတယ်”ဟု ဦးအေးသာအောင်က ဆိုသည်။ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကို ယမန်နေ့က ခန့် အပ်လိုက်ကြောင်း သတင်းများပေါ်ထွက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးသူရရွှေမန်းသည် နောက်တက်မည့် အစိုးရအဖွဲ့၏ သမ္မတ ဖြစ်လာမည် ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။ အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီခေါင်းဆောင်ဦးခင်မောင်ဆွေက”ဗိုလ်ချုပ်မှူးကြီး တပ်ရာထူးစွန့်ပြီး သမ္မတရာထူး ယူ မယ်ဆိုတဲ့ သတင်းထက် ဗိုလ်ချုပ်ကြီးသူရရွှေမန်းက သမ္မတနေရာအတွက် ပြင်နေတယ်ဆိုတာက ပိုဖြစ်နိုင်မယ်ထင်တယ် ၊ ဗိုလ်ချုပ်မှူးကြီးကတော့ တပ်ကို သူယုံကြည်စိတ်ချရတဲ့ လူတွေနဲ့ သူ့စိတ်တိုင်းကျ ပြင်ဆင်ပြီး အနားယူတော့မယ့် သဘောရှိတယ်၊ အသက်ကလည်း ၈ဝ နားတောင်နီးနေပြီဆိုတော့ ဆက်လုပ်ဖို့ကလည်း မသင့်တော်တော့ဘူးကိုး”ဟု ဆိုသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကမူ”နယ်ခြားစောင့်တပ်ဖွဲ့ရေး ကိစ္စတွေ ၊ တိုင်းရင်းသားကိစ္စတွေ ဖြေရှင်းမပေး နိုင်သေးခင် အခုလိုအချိန်မျိုးမှာ တပ်ရာထူးတွေကနေ နုတ်ထွက်ဖို့ဆိုတာ မလွယ်ဘူး ထင်တယ်”ဟု ပြောသည်။ အရပ်သားအသွင်ပြောင်း ဗိုလ်ချုပ်ကြီးများ ပါဝင်လာမည့်ရွေးကောက်ပွဲသည် အရပ်သားပါတီများအတွက် အခွင့်အလမ်း မရှိနိုင် တော့ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိမ်းက ပြောသည်။ “တပ်တွင်းက အရာရှိကြီးငယ်တော်တော်များများ ကြံ့ဖွံ့ပါတီထဲကို ဝင်သွားကြပြီ၊ သူတို့က ရွေးကောက်ပွဲနောက်ပိုင်းမှာ အာဏာ ဆက်ယူထားနိုင်ဖို့အတွက် ဘက်ပေါင်းစုံကနေ နည်းလမ်းစုံသုံးတော့မယ် သဘောပဲ၊ အရင်က အပြောင်းအလဲ ရနိုင်မလား တွေးခဲ့ မိတယ် ၊ အခုတော့သူတို့က ရွေးကောက်ပွဲအောင်နိုင်ရေးအပြင် နောင်လာမယ့် လွှတ်တော်မှာ တပ်ဘက်က ၂၅ ရာခိုင်နှုန်း ယူထား တဲ့အပြင် အရပ်ဝတ်ပြောင်း စစ်သား ကိုယ်စားလှယ်တွေပဲ ရှိနေအောင် လုပ်တော့မယ့် သဘောပဲ”ဟု ကိုမျိုးရန်နောင်သိမ်းက ပြောသည်။ ၎င်းသည် ၂၀၀ရ စက်တင်ဘာအရေးအခင်းပြီးနောက် အဖမ်းခံခဲ့ရကာ ယမန်နှစ်က ပြန်လည်လွတ်မြောက်လာပြီးနောက် ရွေးကောက်ပွဲကို ထောက်ခံသည့်ရေးသားပြောဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ ရွေးကောက်ပွဲကို သပိတ်မှောက် သင့်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာသူဖြစ်သည်။ စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁ဝ ပြည့်နှစ် နိုဝင်ဘာ ရ ရက်နေ့တွင် လွှတ်တော် အသီးသီး အတွက် ကျင်းပသွားမည်ဟု ဩဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။strong>