ဂူဂဲလ် Call Phone လာပြီ

toyoAugust 28, 20101min553

ဂူဂဲလ် အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီကြီးက ဂျီမေးလ်မှ တဆင့် ကမာ္ဘတဝန်းလုံးရှိ ကြိုးဖုန်းများ အပါအဝင် လက်ကိုင် ဖုန်းများကို ခေါ်ဆိုနိုင်မည့် Call Phone ဝန်ဆောင်မှုကို ကြာသပတေးနေ့က မိတ်ဆက် လိုက်ကြောင်း သိရသည်။

call-phones-from-gmailအမေရိကန်ရှိ ဂျီမေးလ် အသုံးပြုသူများသို့ ဂျီမေးလ်မှ တဆင့် ဖုန်းများ ခေါ်ဆိုနိုင်မည့် ဂူဂဲလ်၏ ဖိတ်ခေါ်ချက်ကို ယမန်နေ့က ပေးပို့ထားကြောင်း တခြားသော နိုင်ငံများတွင် အသုံးပြုသူများ ထံသို့လည်း မကြာမီ ပေးပို့မည် ဖြစ်ကြောင်း ဂူဂဲလ် ကုမ္ပဏီ၏  အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

Call Phone ဝန်ဆောင်မှုကို အသုံးပြုမည် ဆိုပါက Voice and Video Plug-in ဆော့ဖ်ဝဲလ်ကို ကွန်ပျူတာ အတွင်း ဦးစွာ ထည့်သွင်းရန် လိုအပ်ကြောင်းလည်း သိရသည်။

ထို့နောက် ဂျီမေးလ်ရှိ Chat List စာရင်း အပေါ်ဆုံးတွင် ပေါ်လာမည့် Call Phone မှတဆင့် ခေါ်လိုသည့် နံပါတ်ကို နှိပ်၍ သာမန် ဖုန်းများ အသုံးပြုသကဲသို့ ခေါ်ဆိုနိုင်မည်ဖြစ်ပြီး ကွန်ပျူတာရှိ နားကြပ်နှင့် မိုက်ခရို ဖုန်းများကို အသုံးပြုကာ ပြောဆို ဆက်သွယ်နိုင်မည် ဖြစ်သည်။

ပြီးခဲ့သည့် ၂ နှစ်က ဂျီမေးလ်မှတဆင့် အသုံးပြုနိုင်သော အရုပ်နှင့် အသံပါ မြင်တွေ့ကြားသိနိုင်သည့် Video Chat ကို ဂျီမေးလ် အသုံးပြုသူများထံသို့ မိတ်ဆက်ပေးခဲ့သည်။

ယခု Call Phone ဝန်ဆောင်မှုသည် ဖုန်းလိုင်းမကောင်းသည့် နေရာများတွင်လည်း အလုပ်ဖြစ်နိုင်ဖွယ်ရှိပြီး ကုမ္ပဏီတွင် အချိန်အတန်ကြာ စမ်းသပ်ထားကြောင်း ဂူဂဲလ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ယခုနှစ်အတွင်း အမေရိကန်နှင့် ကနေဒါနိုင်ငံများသို့ အခမဲ့ ခေါ်ဆိုနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ခေါ်ဆိုပါက တမိနစ်လျှင် အမေရိကန် ဒေါ်လာ ၃၅ ဆင့် (ကျပ် ၃၅ဝ ခန့်) ကုန်ကျမည် ဖြစ်သည်။

https://www.google.com/voice/rates အင်တာနက် စာမျက်နှာတွင် ဖုန်းခေါ်ဆိုခ နှုန်းထားများကို အသေးစိတ် ဖတ်ရှုနိုင်သည်။

အဆိုပါ Call Phone ဝန်ဆောင်မှုကြောင့် ဂူဂဲလ် အနေဖြင့် အင်တာနက်မှတဆင့် တယ်လီဖုန်း ဝန်ဆောင်မှု ပေးနေသည့် Skype အပါအဝင် တခြားသော တယ်လီဖုန်း ဝန်ဆောင်မှု ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရဖွယ် ရှိကြောင်း လေ့လာသူများက သုံးသပ်သည်။

ကမာ္ဘတဝန်းလုံး၌ လစဉ် Skype အသုံးပြုသူ ၁၂၄ သန်းရှိပြီး ဖုန်းခေါ်ဆိုမှုကြောင့် တလလျှင် အမေရိကန် ဒေါ်လာ ၈.၁ သန်း ဝင်ငွေရရှိကြောင်း သိရှိရသည်။

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုနိုင်သော မြို့ကြီးများရှိ အင်တာနက်ဆိုင်များတွင် Pifingo အင်တာနက် ဆော့ဖ်ဝဲလ်ကို အသုံးပြု၍ နိုင်ငံအသီးသီးသို့ ခေါ်ဆိုနိုင်သည့် ဝန်ဆောင်မှုကို အင်တာနက်ဆိုင်များက ပေးနေ ကြောင်း သိရသည်။

ဂျီမေးလ် အသုံးပြုသည့် အရေအတွက်ကို ဂူဂဲလ်က ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း သန်း ၂၀ဝ ရှိသည်ဟု လေ့လာသူ များက ခန့်မှန်းသည်။

ဖေဖော်ဝါရီလတွင်လည်း ဂူဂဲလ်က ၎င်းတို့ အသစ်ဖန်တီးလိုက်သည့် လူမှု ကွန်ရက် အင်တာနက် စာမျက်နှာ Google Buzz အား ဂျီမေးလ် အသုံးပြုသူများကို် မိတ်ဆက်ပေးခဲ့သည်။

၂၀၀၉ ခုနှစ် စက်တင်ဘာလကလည်း ဂူဂဲလ် ကုမ္ပဏီကြီးက ကမာ္ဘ့သတင်း ဌာနများမှ လူကြိုက် အများဆုံး သတင်းများကို တနေရာတည်းတွင် ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ အင်တာနက် ဝန်ဆောင်မှုတခု ဖြစ်သည့် Google Fast Flip ကို မိတ်ဆက် ပေးခဲ့သည်။

အရှေ့တောင် အာရှ နိုင်ငံများတွင် စင်္ကာပူနှင့် မြန်မာနိုင်ငံတို့သည် Apple iPhone အမျိုးအစား လက်ကိုင်ဖုန်းကို အများဆုံး အသုံးပြုနေကြောင်း Cellular news အင်တာနက် သတင်းတရပ်တွင် ရေးသားထားသည်။

3 comments

  • k19

    August 29, 2010 at 1:28 pm

    good idea
    မသိလိုမေးမယ်နော်
    မြန်မာနိုင်ငံကခေါ်ရင်ကောပေးရမှာလားရှငး
    ်ပါအုံးဗျာခင်ဗျာတိုကလူကိုခေါင်းစားအောင်လုပ်နဲလေနော်

  • မန်း ရိပ်

    September 18, 2010 at 8:38 am

    မြန်မာနိုင်ငံကဘာမို့လို့လဲ
    ပေးရမှာပေါ့

  • လင်းငယ်

    September 19, 2010 at 9:38 pm

    ပျော်စရာကြီး။ ဒါဆို ဆက်သွယ်ရေးတွေ အရင်ကထက် ပိုပြီးကောင်းလာပြီးပေါ့။

Leave a Reply