မှန်တာပြော ဆဲစေပါ

 

အစကတော့လေ ဒီအရေးတွေနဲ့ ပတ်သက်ပြီး ဘာမှမပြောတော့ဘူးလို့နေတာပဲ။ ဒါမဲ့လဲ ကျုပ်ခမျာ အရိယျာလဲမဟုတ် ပုထုဇဉ်တောင်မှ အောက်တန်းစားပုထုဇဉ်ဖြစ်လေတော့ သူများယောင်လို့ တို့မယောင်ရင် ခေတ်နောက်ကျသွားမှာစိုးလို့ ၀င်ယောင်လိုက်ဦးမယ်လေ။ ကဲ… ကဲ… ဖရုဿဝါစာကျမ်းကို အနားယူထားပြီး ဆဲဖို့သာပြင်ထားကျပေတော့။

ဘယ်နှယ့်ဗျာ… ရိုဟင်ဂျာလို့ ဟိုသံအမတ်ကခေါ်တော့ မရဘူး မခေါ်နဲ့ဆိုပြီး ဆန္ဒပြ၊ ဘင်္ဂလီလို့ခေါ်ပြန်တော့လဲ အဲ့လူမျိုးတွေက ကြိုက်ဘူးမခေါ်နဲ့ဆိုပြီး ဆန္ဒပြ၊ ကဲ ဒါနဲ့ ကြည်စေ အေးစေဖြစ်အောင် ရခိုင်ပြည်ကမွတ်စလင်လို့ ခေါ်ဖို့ပြောပြန်တော့လဲ ကန့်ကွက်လိုက်ကျတာများ ကိုယ့်ဖအေ မယားငယ်ယူသွားသလားအောင့်မေ့ရတယ် မြင်မကောင်းရှုမကောင်း။ ဒါနဲ့နေပါဦး ခင်များတို့က သူတို့ကို ဘယ်လိုခေါ်ချင်ကျလို့လဲ။ တစ်ခုတော့ပြောခဲ့မယ် ဘုရားရှင်တောင်မှ ပြည်ငြိမ်းရေးတရားဟောလို့မရတဲ့အဆုံး ဆွေတော်မျိုးတော်ဖြစ်တဲ့ သာကီဝင်တွေ သွေးချောင်းစီးတာကို မျက်ကွယ်ပြုခဲ့ရတာ။ သိပ်တော့ ပြသနာမရှာနဲ့၊ ငြိမ်းချမ်းရေးဆိုတာ တစ်ကယ်လိုချင်မှရတာ။ ကိုယ့်လုပ်ရပ်ကို ပြန်စဉ်းစား။

စကားစပ်မိလို့ပြောဦးမယ်။ ခင်များတို့တွေ အမျိုးနဲ့ ဘာသာဆိုတာကိုရော သေချာခွဲသိရဲ့လား။ အဲ့စကားလုံးနှစ်လုံးက အတူတူမဟုတ်ဘူးနော်၊ နှစ်လုံး။ အခုမြင်ရသမျှတော့ ခင်များတို့အတော်များများက သေချာခွဲပြီး မမြင်နိုင်ကျသေးဘူး။ သိသလောက်ကလေးပြောကြည့်မယ်။ အမျိုးစောင့်တရားဆိုတာ လွယ်လွယ်ပြောရရင်တော့ ကိုယ့်အမျိုးကိုချစ်ပါပေါ့ဗျာ။ ဒီတော့ဗျာ ကျုပ်က ဗမာဆိုတော့ ဗမာလူမျိုးကိုချစ်တယ်ဗျာ၊ ဗမာစစ်စစ်ရဲ့သွေး မပျက်စီးရအောင် ထိန်းသိမ်းရမယ်ဗျာ။ ဆိုတော့ကာ ကျုပ်က ကျုပ်ချစ်သူ ရှမ်းမလေးနဲ့ ယူလို့မရတော့ဘူးပေါ့နော်… … …။ အမယ် အမယ်… ရတာပေါ့ မျိုးနွယ်တူတွေပဲဟုတ်လား။ မဟုတ်ဘူး… သူကရှမ်းလူမျိုး ကျုပ်ကဗမာလူမျိုး… မတူဘူး။ ဘာတော့တူလဲဆိုတော့ တစ်မြေထဲနေ တစ်ရေထဲသောက်တဲ့ တိုင်းရင်းသားဆိုမှ တူတာ။ ကျုပ်ပြောနေတာက ခင်များတို့ ပြောပြောနေတဲ့ အမျိုးဆိုတဲ့စကားနဲ့ ပြောနေတာ။

ဒါနဲ့ နေပါဦးဗျ။ ကိုယ့်လူမျိုးအချင်းချင်း… ထားပါတော့ဗျာ ခင်များတို့ပြောသလို ကိုယ့်နိုင်ငံသားအချင်းချင်းပဲ လက်ထပ်ရမယ်ဆိုတဲ့ အမျိုးစောင့်တရားက ဘယ်တုန်းက စပေါ်တာလဲဗျ။ မြန်မာ့ထုံးစံလို့တော့မပြောနဲ့… မြန်မာနိုင်ငံဟေ့လို့ စပေါ်ခဲ့တဲ့ ပုဂံမင်းဆက်ရဲ့ ၄၆ဆက်မြောက်မင်းဖြစ်တဲ့ နရသူ ဝေသာလီပြည်က ကုလားမင်းသမီးနဲ့ လက်ထပ်ခဲ့တယ်ဆိုတာ၊ ပုဂံနိုင်ငံရဲ့ နောက်ဆုံးမင်း နရသီဟပတေ့ တရုတ်မင်းသမီးနဲ့ လက်ထပ်ခဲ့တယ်ဆိုတာ သမိုင်းထဲမှာ အထင်အရှားရှိနေလေတော့… … … အင်းပါ… ခင်များတို့ ပြောသလိုပဲ မြန်မာ့အယူလို့ပဲထားပါတော့။

ကိုယ့်နိုင်ငံမှာ ကိုယ့်တိုင်းရင်းသားမဟုတ်တဲ့ လူမျိုးတစ်မျိုးကို နိုင်ငံသားဖြစ်ခွင့်မပေးရေးဆိုတာကိုတော့ ကျုပ်ထောက်ခံတယ်။ ဒါမဲ့ ခင်များတို့လိုတော့ ထောက်ခံတာမဟုတ်ဘူး။ ခင်များတို့ ထောက်ခံတာက ရိုးရိုးမဟုတ်ဘူး အမုန်းစကားတွေပြောပြီး ရိုက်မောင်းပုတ်မောင်း ထောက်ခံတာ။ နေကျပါစေဗျာ… သူတို့ခမျာနေစရာနေရာမရှိလို့ ကျုပ်တို့နိုင်ငံရဲ့ အဖီအစွန်းမှာ လာနေတာပဲ မေတ္တာထားပြီးနေခိုင်းလိုက်ပါ။ ဒုက္ခသည်တွေကို ကူညီကောင်းပါတယ်။ အေး… တစ်ခုတော့ရှိတယ်။ ဒုက္ခကသည်က ဒုက္ခသည်လိုနေ၊ ဧည့်သည်က ဧည့်သည်လိုနေ။ အိမ်ဦးခန်းကိုတော့ လာမကျူးကျော်နဲ့၊ အိမ်တွင်းရေးတွေကိုတော့ လာခလောက်မဆန်နဲ့။ ဒုက္ခ တစ်ကယ်ရောက်မယ့် ဧည့်သည်တွေဖြစ်သွားမယ်။

ထားလိုက်ပါဗျာ… ကိုယ့်ဘာသာကို မချစ်လို့ သူများဘာသာထဲဝင်သွားတာပဲ၊ ပြစ်ထားလိုက်စမ်းပါ။ သီတဂူဆရာတော်ကြီးစကားနဲ့ပြောရရင် “ရှားမှ ရတနာထိုက်တာ။ ပေါများနေရင် ရတနာမဟုတ်ဘူး”တဲ့။  ကျုပ်ကတော့ အဲ့စကားကို သိပ်ကြိုက်တာ။ တကယ်ပြောတာ… ဒီလိုလူတစ်ယောက် ကိုယ့်ဘာသာထဲရှိနေလို့လဲ လူများရုံကလွဲပြီး ဘာတန်ဖိုးမှရှိတာမဟုတ်ဘူး။ သူတို့က ရတနာသုံးပါးဆိုတာ စိန် နီလာ ပတ္တမြား လောက်ပဲ သိတဲ့ဟာတွေ။ ကိုယ့် ကိုးကွယ်ရာ ဘာသာကို ယုံကြည်သက်ဝင်မှုမရှိတဲ့သူ များများရှိတာထက်စာရင် ကျုပ်ကတော့ တစ်ကယ့်ယုံကြည်သူနည်းနည်းရှိလဲ ကျေနပ်တယ်။ လူများပြီး ပွဲမစည်တာမျိုးတော့ အဖြစ်မခံနိုင်။ ပြီးတော့ သူတို့ကြောင့် ကျုပ်တို့ ဘာသာကြီး ညှီစော်တောင် နံသွားနိုင်သေး။

ဥပမာလေး တစ်ခုပြောပြမယ်ဗျာ။ ကျုပ်ကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ အဖြစ်လေးပါ။ လိုအပ်လို့ပြောရတာ၊ သူတို့ကို အပုတ်ချတာမဟုတ်ဘူး… nothing personal။ ဒီလိုဗျာ ကျုပ်နယ်မှာနေတုန်းက ဘေးအိပ်က အဒေါ်ကြီးဆီမှာ သားတစ်ယောက်ရှိတယ်။ ကျုပ်သိတတ်စအရွယ်ကတည်းက သူကကိုယ်ရင်ဝတ်နဲ့မို့ ကိုယ်ရင်မျိုးလို့ ကျုပ်တို့ကတော့ ခေါ်လိုက်တယ်ဗျာ။ အထင်တော့… သူပဇင်းတောင်ခံပြီးပြီထင်ပါတယ်။ အဲ့အချိန်မှာ မိသားစုစားဝတ်နေရေးအတွက် ရှင်လိင်ပြန်ပြီး မြင်းလှည်းမောင်းတယ်၊ မိသားစုလုပ်ကြွေးတယ်။ နောက်တော့ သူဘာသာခြားတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ဘာသာပါကူးသွားတယ်လို့ သိလိုက်ရတယ်။ဇာတ်လမ်းက ဒါပဲ။ ဒါမဲ့ ကျုပ်ပြောချင်တဲ့ အချက်ကဒီအချက်။ သာမဏေအဖြစ်နဲ့ နှစ်အတော်ကြာ ဖြတ်သန်းခဲ့တဲ့လူတစ်ယောက် နောက်တော့ ဘာသာပြောင်းသွားတယ်ဆိုတာ ဘယ်လောက်နားဝင်ဆိုးလိုက်လဲ။ အဲ့မှာ ကျုပ်တွေးမိလိုက်တာက ‘ငါတို့ဘာသာထဲမှာ ကိုယ့်ဘာသာကို တစ်ကယ်နားမလဲတဲ့ မယုံကြည်တဲ့ အမည်ခံပုဂ္ဂိုလ်တွေ ဘယ်လောက်ရှိနေပြီလဲ’ ဆိုတာ။ ဟုတ်တယ်လေ… သူတို့သာ ကိုယ့်ဘာသာရဲ့အကြောင်းကို ကောင်းကောင်းသိနေရင် The World Best Religion လို့ သပ်မှတ်ခံထားရတဲ့ ဘာသာကြီးကနေ ဘယ်လိုလုပ် တစ်ခြားဘာသာကို ကူးမှာလဲ။ ဘာသာခြားကို ဘာကြောင့် လက်ထပ်မှာလဲ။ အသိသာကြီးလဲ သူတို့တွေ ကိုယ်ကိုးကွယ်နေတဲ့ ဘာသာကို စိန်လား ကျောက်စလစ်လား ခွဲခြားမသိလို့ပေါ့။ အခြားသော စီးပွားရေးတို့ လူမှုရေးတို့ဆိုတာ ပါမွှားတွေ။ အဓိကက ယုံကြည်သက်ဝင်မှုမရှိလို့။

ဆိုလိုရင်းကတော့ဗျာ… ကိုယ့်ဘာသာကို ကာကွယ်မဟေ့လို့ လက်ခတ်မောင်းခတ်ပြီးပြီဆိုရင် အဓိကလုပ်ရမှာက ကိုယ့်ဘာသာဝင်တွေရဲ့ ယုံကြည့်သက်ဝင်မှုကို မြဲသထက်မြဲအောင်လုပ်ရမယ်၊ ပြီးရင် ပြန့်ပွားရေးလုပ်ရမယ်။ ခင်များတို့အခုလုပ်နေသလို ဟိုဘာသာကလူတွေက အဲ့လိုအဲ့လိုဆိုပြီး ၀ိုင်းရိုက်စရာလဲမလိုဘူး မီးရှို့စရာလဲမလိုဘူး။ ဒီမယ် ရွှေတောင်ကြီးကို မှီအိပ်နေတဲ့သူက တစ်မတ်ရွှေလေးနဲ့ မြူဆွယ်တာလောက်ကို မမက်ဘူး။ ဒီတော့ ကျုပ်အမြင်ကတော့ ကိုယ့်ဘာသာဝင်တွေ မိရိုးဖလာအဆင့်ထက်ပိုတဲ့ ဘာသာဝင်တွေဖြစ်ဖို့က ပိုအရေးကြီးတယ်လို့မြင်တယ်။

ထားပါတော့ဗျာ… ဒီအကြောင်းတွေ ထားလိုက်ပါတော့…။

ဒါနဲ့လေ ကျုပ်တို့နိုင်ငံရဲ့ သမ္မတကြီး ဂျောက်ဂျက်ကွဲတဲ့အကြောင်းလေးပြောပါဦးမယ်။ ဘယ့်နှယ့်ဗျာ သမ္မတကြီးနှယ့် ကိုယ့်အဖေ ဆရာကြီးရဲ့ မျက်နှာကိုမှမထောက် တိုင်းတပါးသားရှေ့မှာ မျက်နှာဖြူဘာသာစကားကို ငပိသံကြီးနဲ့ ပြောစရာလားဗျာ။ သူ့ကြောင့် ကျုပ်တို့ပြည်သူတွေ ဘယ်လောက်တောင် အရှက်ရလိုက်လဲ။ ဒီနိုင်ငံက ပြည်သူတွေအားလုံးက မျက်နှာဖြူစကားကိုမပြောတတ်တဲ့ လူတွေရဲ့အုပ်ချုပ်မှုအောက်မှာ အသားကျပြီးသားလေ။ သံရေးတမန်ရေးတွေ ဆွေးနွေးရင် ပါးစပ်ကြီးပိတ်ပြုံးပြုံးကြီးနဲ့ စကားပြန်ပြောသမျှခေါင်းငြိမ့်ပြတဲ့ လူကြီးတွေကို မြင်နေရတာ အကျင့်ပါနေပြီလေဗျာ။ ဒီနေ့စကားပြောဖို့ မနေ့ကတည်းက သူများရေးပေးထားတဲ့စကားတွေ အလွတ်ကျက်ပြီး ပြောတတ်တဲ့ (ဒါတောင် မြန်မာလိုနော်) အကြီးအကဲတွေနဲ့ နေတတ်နေပြီလေဗျာ။ အခုတော့ဗျာ… အဘထင်က ဘယ်သူမှထင်မထားသလို လက်တမ်းထိုး မျက်နှာဖြူစကားတွေ ပြောချလိုက်တော့ ကျုပ်တို့မှာ ဘယ်လောက်နေရခက်လိုက်သလဲ။

ပြောလက်စနဲ့ ဆက်ပြောလိုက်မယ်။ “ဒီမယ် အဘထင်။ ကျော်ရို့လို လူတစ်စုက မျက်နှာဖြူစကားပြောတတ်တဲ့လူထက် ပါးစပ်ကြီးပိတ် ပြုံးပြုံးကြီးထိုင်နေတတ်သူ၊ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်က ဘွဲ့ရတဲ့သူထက် တိုက်ရေးခိုက်ရေး ကောင်းတဲ့သူတွေကိုပဲ ပိုကြိုက်တာဗျ… ပိုကြိုက်တာ… သိပြီလား…”

ကဲ… ကဲ… ကဲလေ။ “မိဘပြည်သူများ ခင်ဗျာ။ ကျွန်တော့ကို ဆဲကြကုန်လော့”။                  ။

Courage

About Courage

has written 45 post in this Website..