ကိုယ့်ပေါင်ကိုယ်သာ ထောင်းပါတော့မည်..(၂)

နေရောင်ပြင်းပြင်းအောက်က တောအုပ်ကလေးတစ်ခုအလား….
စိန်ပန်းပွင့်ချုပ်ကြွေ နီနီလေးတွေ ဖြန့်ခင်းထားသလို ရက်ရက်စက်စက်လှပနေတဲ့ ခြေသွားလမ်းဖုံဖုံကလေးက သစ်ပင်အုပ်အုပ်တွေကြား ကွေ့ကောက်တိုးဝင်ပျောက်ဆုံးသွားသည်
အဲသည်ရဲ့အဆုံး သစ်ပင်တွေကြားတစွန်းတစထွက်နေတဲ့ ခေါင်မိုးကလေးကိုမြင်ရသည်
မမှား…  မမှားနိုင်ပါ ..

အဲဒါ ဘီအီးဒီကင်တင်းလို့ခေါ်တဲ့ စားသောက်ဆိုင်တန်းကလေးပါပဲ..
နောင်ကို ဘယ်တော့မှမတွေ့ရတော့မယ့် သည်ခြေသွားလမ်းကလေးပေါ်
ဦးပါလေရာတစ်ယောက် မနင်းရက်နင်းရက်ဖြင့် တစ်လှမ်းချင်းတိုးဝင်သွားမိသည်
ပထမတွေ့ရတာက အစွန်ဆုံးက အဒေါ်ကြီးထမင်းဆိုင်
ထမင်းအဝစား သုံးကျပ်ခွဲထဲနဲ့ ဘီအီးဒီ တီတီစီ ကျောင်းသူကျောင်းသားတွေ ဝမ်းဖြည့်စားသောက်နိုင်သည်။
အဲသည်ဘေးမှာတော့ တစ်ကျပ်ခွဲတန် ပုဇွန်ခွက်ကြော်သုပ်နာမည်ကြီးတဲ့ ဦးတင်ဝင်းအအေးဆိုင်ပေါ့..
အဲသည်ဆိုင်ကိုကျော်ရင် စဉ့်ပန်းအိုးထဲ ဝါးတူလေးတွေစိုက်ထားသည့် စန္ဒာစားသောက်ဆိုင်..
ဆက်သွားရင်တော့ အသုပ်ဆိုင်ကလေးတွေ့ပါပြီ။
လဘက်ချင်းသုပ်တစ်ပွဲမှာပြီး ရေနွေးအိုးအကြိမ်ကြိမ်တောင်းကာ တနေကုန်တနေခမ်းထိုင်လို့ကောင်းလှသည့် ဆိုင်ကလေးဖြစ်လေသည်။
အဲသည်ဆိုင် အတွင်းကျကျစားပွဲမှာ ငွေတောင်ဆေးပေါ့လိပ်တစ်လိပ်ကို လက်ကြားညှပ်ရင်းထိုင်နေတာကတော့ မောင်ပါလေရာခေါ် ဂျပန်ကြီးဆိုတဲ့ ငနဲလေးပဲပေါ့..။

အပေါ်ရည်တင်းနေတဲ့လဘက်ရည်ကျကျတစ်ခွက်ရှေ့ထားပြီး ငေးမောတွေးတောနေတဲ့

ကောင်လေးကို ချောင်းဟန့်ပြီးအသံပေးနှုတ်ဆက်လိုက်ရသည်…

ဦးပါ-   အဟမ်း အဟမ်း…

ပန်-    ဟာ…. ဦးပါလေရာကြီးပါလား.. လာလေ..ထိုင်.. ထိုင်.. ။

ဦးပါ-   အေး…။ မင်းဆီ စကားလေးဘာလေးပြောရအောင် လာတာပဲ..။ ကျောင်းပိတ်ရက်ကို

အိမ်မပြန်ပဲ အဆောင်မှာကပ်နေမှာသိလို့ လူရှင်းတဲ့နေ့လေး ရွေးလာခဲ့တာ…။

ပန်-    အေးဗျာ…။ ဒီနေ့မှ ဗိုလ်ကျော်ကလဲ ဗဟန်းကသူ့အမျိုးတွေဆီသွားနေတယ်။

ကျနော်တစ်ယောက်ထဲဖြစ်နေလို့ ညနေဘားလမ်းမသွားခင် ဒီလာထိုင်နေတာ ..

ဦးပါလာတာ အတော်ဖြစ်သွားတယ်..။
ဒါနဲ့ ဦးပါ နေရောကောင်းရဲ့လား…  မတွေ့ရတာတစ်လလောက်ပဲရှိသေးတယ်..

နှစ် နှစ်လောက် ပိုအိုသွားသလိုပဲ….။

ဦးပါ-   တစ်လတွေ နှစ်နှစ်တွေ ဆိုတာက အိုင်စတိုင်းအဆိုအရတော့ နှိုင်းရသဘောတွေပါ

မောင်ရင်ရယ်။ ပကတိသဘောမှ မဟုတ်ပေပဲ…။

ပန်-    ဦးလေးလဲ အိုင်စတိုင်းကို ပါးစပ်က သိပ်မချပါလား…

ဦးပါ-   မချဆို မောင်ရင်တို့က ဘုရားလောက်နီးနီး သဘောထားနေမှတော့ မောင်ရင်တို့ခေတ်ကို

မဆန့်ကျင်မှဖြစ်မယ် မဟုတ်လား

ပန်-    ဘုရားလောက်တော့မဟုတ်ပါဘူးဗျာ…။ သူပြောထားတာကိုယုံကြည်ကြတာပါ။ ကိုးကွယ်တဲ့ဘုရား

ကတော့သီးသန့် တစ်ဆူထဲပါ.. မရောပါနဲ့ ဦးလေးရဲ့….။

ဦးပါ-   ဟုတ်လား….
ကျုပ်ကတော့ အရွယ်အမျိုးမျိုးမှာ ကိုးကွယ်တဲ့ဘုရားက အမျိုးမျိုးရှိသဗျ..။

ပန်-    ဟမ်…။ ဦးလေးက ဟိန္ဒူဘာသာကိုးကွယ်တာလား.. ဘုရားအမျိုးမျိုးဆိုတော့…..

ဦးပါ-   ကြံကြီးစည်ရာကွာ… ကျုပ်က ဗုဒ္ဓဘာသာစစ်စစ်မှ ဒေါင်ဒေါင်မည်ရေမရောပါ..
ဘုရားအမျိုးမျိုးကိုးကွယ်တယ်ဆိုတာက-
ငယ်ငယ် – လေးငါးခြောက်နှစ်အရွယ်တုန်းက ကျုပ်ကိုးကွယ်တဲ့ဘုရားက အာဠာဝက ဘီလူးကြီးကို

အောင်နိုင်တဲ့ဘုရားကွ..၊ လက်ရုံးပေါင်းတစ်ထောင်မှာလက်နက်ပေါင်းတစ်ထောင်စွဲကိုင်ပြီး

နတ်စစ်သည်တစ်သိန်းနဲ့ စစ်လာထိုးတဲ့ မာရ်နတ်ကို မတုန်မလှုပ်ရင်ဆိုင်ပြီး အနိုင်ယူနိုင်တဲ့ဘုရား..။

ပန်-    အာ … အဲဒါ ဂေါတမဗုဒ္ဓပဲလေဗျာ

ဦးပါ-   ကျုပ်ဆယ့်သုံးလေးနှစ်အရွယ်မှာ ကိုးကွယ်တဲ့ဘုရားကျတော့ လူနတ်သတ္တဝါခပင်းတို့ကို သံသရာက

ထုတ်ဆောင်ကယ်တင်ဖို့ လေးသချေင်္နဲ့ကမ္ဘာတစ်သိန်း ပါရမီတော်တွေဖြည့်ကျင့်ခဲ့တဲ့ဘုရား..ပေါ့ကွာ…

ပန်-    အဲဒါလဲ ဂေါတမဗုဒ္ဓပဲ..

ဦးပါ-   ကျုပ်ဆယ့်ရှစ်ဆယ့်ကိုးနှစ်အရွယ် လောက်မှာတော့ ကိုးကွယ်တဲ့ဘုရားက သတ္တလောက သင်္ခါရလောက

ဩကာသလောက ဆိုတဲ့ လောကသုံးပါးကို ကုန်စင်နှံ့စပ် အလုံးစုံသိတော်မူတတ်တဲ့

အတုမရှိဉာဏ်တော်ရှင်မြတ်စွာဘုရားပဲ…။

ပန်-    ကျနော်အင်မတန်ကြည်ညိုတဲ့ဂုဏ်တော်တွေပေါ့ ဦးပါရယ်။ အဲဒါ ဂေါတမဗုဒ္ဓပဲလေ

ဦးပါ-   ကျုပ်အသက် နှစ်ဆယ့်ကိုးလောက်မှာတော့ သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင်သိမြင်ပြီး

သတ္တဝါဝေနေယျတို့ကိုလဲ ထုတ်ဆောင်ဟောပြ သိမြင်စေတတ်တဲ့ ဘုရားကို ကြည်ညိုကိုးကွယ်တယ်..။

ပန်-    ဦးလေးပြောတာတွေအကုန်လုံးက ဂေါတမမြတ်စွာဘုရားတစ်ပါးထဲပဲလေဗျာ..

ဦးပါ-   ဟုတ်မှာပေါ့ကွာ… ဒါပေသိ သဒ္ဓါဦးတန်းပြီး ကြည်ညိုတဲ့အချက်ချင်းကတော့ မတူပေဘူးကိုယ့်လူ..

လူဆိုတာ သူ့အရွယ် သူ့အသိ သူ့အတွေ့အကြုံအလျှောက် သူကြည်ညိုယုံကြည်ပုံတွေ

အဆင့်ဆင့်ပြောင်းတတ်တာပါပဲ.. အဲဒါသဘာဝပဲကွ

ဘုရားကို ဒီလိုကြည်ညိုတာသဘာဝမကျဘူး၊ ဟိုလိုယုံကြည်တာယုတ္တိမရှိဘူး စသည်ဖြင့်-

ဘုရားဆိုတာ ဘယ်လိုဖြစ်သင့်တယ် ဘယ်လိုမဖြစ်သင့်ဘူး စသည်ဖြင့်-

ဘုရားရဲ့အဖေလုပ်နေမယ့်အစား ကိုယ်ကြိုက်တဲ့ဘုရားကိုယ်ကိုးကွယ်တာအကောင်းဆုံးပဲ..။

ပန်-    ဒါပေမယ့် လူတွေ ဘုရားကိုးကွယ်တဲ့ပုံ ယုံကြည်တဲ့ပုံက တစ်မျိုးပါဗျာ..

ဦးပါ-   ဘယ်လိုတစ်မျိုးလဲ…

ပန်-    ဥပမာ ရွှေတိဂုံဘုရားက ဆူးလေစေတီထက် တန်ခိုးကြီးတယ်ဆိုတာမျိုး အကျိုးများတယ်ဆိုတာမျိုး

ဦးပါ-   ရုပ်အဆင်းကို ဦးစားပေးတဲ့အရွယ်မှာ ရုပ်အဆင်းဟာ သဒ္ဓါအတွက် အထောက်အပံ့ဖြစ်ပါတယ်

မောင်ရင်ရယ်…။ ကြိုက်သလိုထင်ကြပါစေ… တစ်ချိန်ချိန်မှာ ပိုရင့်ကျက်သွားကြမှာပေါ့..

ပန်-    ကျနော်ပြောတာက ကလေးတွေမဟုတ်ဘူးဗျ..၊ လူကြီးတွေ အဖိုးကြီးအဖွားကြီးတွေ ၊ ဘုန်းကြီး

သီလရှင် ရသေ့ ယောဂီတွေ ..။ တွက်ကြည့်ရင် လူအကုန်လောက်နီးနီးပဲ…

ဦးပါ-   ကျုပ်ပြောတဲ့ အရွယ်ဆိုတာကလဲ ထမင်းစားတဲ့သက်တမ်းကို ဆိုလိုတာမဟုတ်ပါဘူး..

ဒါနဲ့…. အဲဒီထဲ မင်းကောပါသလား…

ပန်-    ကျနော်တော့ ဘယ်ပါမလဲဗျ.. မပါလို့ ဒီစကားပြောနေတာပေါ့….

ဦးပါ-   မင်းလို အူကြောင်ကြောင်ကောင်တောင်မပါတာ.. ကျန်တဲ့သူတွေကို ဒါလောက်အထင်မသေးပါနဲ့ကွ..

ပန်-    ဒါပေမယ့် ဦးလေးစဉ်းစားကြည့်…. ဆူးလေနဲ့ ရွှေတိဂုံ ဘယ်ဘုရားလူသွားများသလဲ…

ဦးပါ-   ဟကောင်ရဲ့…. ဘုရားဆိုတာ လည်လို့ကောင်းတဲ့ဘုရား လူသွားများမှာပေါ့..။ ဒါကြောင့် ဘုရားတွေကို

လည်ပတ်လို့ကောင်းအောင် ကြိုးစားလုပ်ထားကြရတာပေါ့…

ပန်-    အဲဒါဆို ဘုရားသွားဖူးတဲ့ရည်ရွယ်ချက်က အမှားကြီးဖြစ်မနေဘူးလားဦးလေး..။ ဘုရားအလိုတော်အတိုင်း

ဖြစ်ပါတော့မလား….။

ဦးပါ-   နေပါဦး ဂျပန်ကြီး…။ အခုလို ဘုရားစေတီတွေတည်၊ ပေါက်ကရတွေ လျှောက်ထည့် ၊ ဂေါပကတွေထားပြီး

ပိုက်ဆံရှာ၊ ဖိနပ်အပ်ဖို့ကအစ အိမ်သာသွားဖို့အဆုံး ပိုက်ဆံကောက်၊ ဆိုင်ခန်းငှား ဗေဒင်ဟော၊

စာကလေးတွေဖမ်းလိုက်လွှတ်၊ ငါးတွေလိပ်တွေထောင်ချထားတာတွေကရော

ဘုရားအလိုတော်ကျတွေလို့များ မင်းထင်နေတာလား….။ ဘုရားက လူတွေကို ဘာလုပ်စေချင်တာလဲ

ဆိုတာကိုရော ခန့်မှန်းမိရဲ့လား…။

ပန်-    ဒါဆို ဘုရားတွေတည်ပြီး ဘုရားတွေလျှောက်ဖူးရတာက အကျိုးမရှိဘူးလို့ ဦးလေးဆိုချင်တာလား…

ဦးပါ-   ဖြစ်ရလေကွာ ….  အကျိုးရှိတာပေါ့…ဟ   အကျိုးမရှိပဲလျှောက်လုပ်ရအောင် လူတွေကို အရူးလို့များ

မင်းထင်နေသလား……

ပန်-    ဦးလေးပြောတော့ ဘုရားအလိုတော်ကျမဟုတ်ဘူးဆို….

ဦးပါ-   အေးလေ… ဘုရားကလဲ စေတီတွေတည်ပြီး လျှောက်မလည်ခိုင်းပါဘူး.. ဒါကဘုရားခိုင်းလို့

လုပ်တာမှမဟုတ်တာ.. ကိုယ့်ယဉ်ကျေးမှု့နဲ့ကိုယ် – ကိုယ်ကြိုက်လို့ကိုယ်လုပ်တာလေ..

ကိုယ်လုပ်လို့ကိုယ်ပျော်ရင် ကိုယ်စိတ်ချမ်းသာရင် နဲနဲပါးပါးလဲကုသိုလ်ရရင်

အဲဒါ အကျိုးရှိတာမဟုတ်လို့ ဘာလဲ မောင်ရင်ရဲ့ ….

ပန်-    ဒါပေမယ့် … ဘုရားတွေနဲ့ပတ်သက်ပြီး ဘဝင်မကျစရာတွေကတော့များတယ်ဗျာ…

ဦးပါ-   မောင်ရင့်လိုအရွယ်မှာ ဘဝင်မကျစရာတွေက အမြဲများနေမှာပဲ မောင်ရင်…

တစ်ခုလောက် နမူနာပြောကြည့် –

ကျုပ်လဲနဲနဲပါးပါး ဆွေးနွေးတာပေါ့..

ပန်-    ဥပမာဗျာ…

ဘုရားဆင်းတုတော်မျက်နှာတွေက တချို့က တော်တော်ကြီးမလှဘူး.. ရှေးခေတ်ပုံတော်တွေဆို

ပိုဆိုးတယ်။ တကယ်ဆို သူ့ခေတ်အလျှောက် လူမျက်နှာကို လှအောင်လုပ်နိုင်တဲ့ ပန်းပုပန်းရံတွေ

ရှိရမှာပေါ့လို့ ထင်တာပဲ…

…………………………………….

…………………

………………..

 

ဦးဦးပါလေရာ

 

 

 

25 comments

  • ဂျစ်စူ

    June 25, 2016 at 4:33 pm

    ကျန်ကျောင်းကား ဝူခုန်းကား ပေါ်ဂဒဲက
    အပိုင်းဆက်တွေကို စိတ်နာနေတာနော် ဟင်း

    • ဦးဦးပါလေရာ

      June 28, 2016 at 2:09 pm

      မှန်းထားတာ (၈)ပိုင်း..
      ဒါပေသိ ကျုပ်အကျင့်က ဘယ်တော့မှအဆုံးမသတ် :mrgreen:

  • kai

    June 25, 2016 at 4:53 pm

    စေတီဆောက်အတတ်. ရုပ်ထုကိုးကွယ်တဲ့ဓလေ့.. လွန်ခဲ့တဲ့အနှစ်၂၆၀ဝ ကအိနိ္ဒယမှာ မရှိတာတော့ သေချာတယ်.။ :k:

    • ဦးဦးပါလေရာ

      June 28, 2016 at 2:10 pm

      ကျုပ်အထင်တော့ လွန်ခဲ့တဲ့ နှစ် ၂၂၀ဝ အထိကို စေတီဆောက်ကိုးကွယ်တာ ရှိပုံမရဘူးသူကြီး..
      ရုပ်ထု ဆင်းတု ကတော့ ဒါ့ထက် အများကြီးနောက်ကျဦးမယ်..

  • ဦးကျောက်ခဲ

    June 25, 2016 at 5:25 pm

    မြန်တျန့်မှာ နောက်တည်တဲ့ဘုရား အကုန် ငါ့သားချည်းပဲ…
    ပုံ
    ရွှေတိဂုံ
    .
    ဘာပဲပြောပြော သစ္စာလေးပါး (နောက်တစ်ချက်ကျန်သေး- မေ့နေလို့) မှာတော့ ဗုဒ္ဓဘာသာ ဂိုဏ်းခွဲတိုင်းတူတယ် ။
    အဲဒါမှမတူရင်တော့ ဗုဒ္ဓဝါဒီလို့ အမည်မတတ်သင့် ….. 🙂

    • ဦးဦးပါလေရာ

      June 28, 2016 at 2:12 pm

      ဗုဒ္ဓအဆုံးအမကို ချုပ်ရင် သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါး ..
      အဲဒါနဲ့တိုင်းတာ အမှန်ဆုံးထင်တာပဲ ကိုကျောက်ရေ..

  • မြစပဲရိုး

    June 25, 2016 at 7:51 pm

    ရွှေတိဂုံ မှာ ကျောက်စိမ်း နဲ့ ထုထားတဲ့ ဆင်းတု တစ်ဆူ ရှိတယ်လေ။
    ဟွာ ရဲ့ မျက်နှာ လို့ ပြောတာ ဟုတ်သလိုဘဲ။
    ဒီတော့ ညင်ညင်သာသာ လေးတော့ ထောင်းပါလို့။ 😀

    • ဦးကျောက်ခဲ

      June 26, 2016 at 10:50 am

      အဲသည့်ဆင်းတုရဲ့ နောင်တော်ကြီးက မော်လမြိုင် ကျိုက်သလ္လန်ဘုရားမှာရှိပါတယ် ။ ဆင်းတုထုပြီးမှ ရင်ဘတ်မှာ အက်ရာ (Fracture) ကြီးနဲ့မို့ ချောင်ပို့ထားတာ ။ အရင် သတ္တုတွင်းဝံဂျီးဟောင်း သာခိုရဲ့ ဖားချက်လေ ….. 🙂

    • ဦးဦးပါလေရာ

      June 28, 2016 at 2:13 pm

      နောက်တစ်ပိုစ့်မှာ အဲဒါကြီးထည့်လုပ်တော့မှာဆိုတော့ ..
      အားနာလိုက်တာ မလတ်ရေ.. :mrgreen:

  • Thint Aye Yeik

    June 26, 2016 at 12:14 pm

    ဘုရားတစ်ဆူထဲရဲ့ ဂုဏ်တော်တွေကို အသက်အရွယ်အလိုက် တဆင့်ချင်း သဒ္ဒါရိုကျိုးသွားတဲ့ ဦးပါရဲ့ ဘုရားကိုးကွယ်ပုံကို
    မှတ်သားပြီး အားကျမိ။

    ကျနော်ဖြင့် အသက် ၁၈ လောက်ထိကို ဘယ်ဘုရား ကိုးကွယ်ရမှားမသိ။
    ဘယ်ဘုရားရဲ့အဆုံးအမကို နာယူမှတ်သားလိုက်နာရမှန်းကို မသိရေးချမသိခဲ့
    အခုမှ ဂေါတမ စကားတွေကို စိတ်ဝင်စားနေတုန်း
    ဒါတောင် ဘုရားကို သင်္ကေတ ပြုထားတဲ့ ကျောက်ရုပ်တုတွေ အုတ်ပုံတွေကို ကန်တော့ခဲ

    ဘာသာရေးလုပ်ဖူးတာဆိုလို့ ဘုရားအဆုံးအမတွေ လေ့လာ ဖတ်မှတ်တာရယ်
    တရားထိုင်တာရယ် ဒါပဲ ရှိသေး

    :k:

    • ဦးဦးပါလေရာ

      June 28, 2016 at 2:16 pm

      တရားထိုင်တာက နိဗ္ဗာန်ရမရနောက်ထား..
      လက်ငင်းမှာကို အများကြီးအကျိုးရှိတယ်ဗျာ…
      လက်ငင်းအကျိုးရှိမှလဲ ဘုရားရဲ့တရားလို့မှတ်ယူအပ်တယ်..
      တရားဂုဏ်တော်ခြောက်ပါးထဲက အရေးအကြီးဆုံး (ပေတံ)ဂုဏ်တော်ပေါ့နော..

  • ဝင့်ပြုံးမြင့်

    June 26, 2016 at 2:35 pm

    သူများတွေ ကုသိုလ်လုပ် အမျှဝေရင် ကိုယ်က သာဓုခေါ်ရင် ကိုယ်လည်း ကုသိုလ်ရသွားတယ်။ သူများတွေ သတ်ပြီးရောင်း၊ ကိုယ်ဝယ်စားလို့ ဗိုက်ထဲရောက်သွားလည်း အကုသိုလ် ဝေစု မရဘူး။ ကုသိုလ်ကို လိုသလောက် ရနိုင်ပြီး အကုသိုလ် ငရဲကို သတ်မှတ်ချက်မျိုးစုံနဲ့ ခါချထားလို့ရတယ်။ နောက်ဆုံးတော့ လူ့ဦးနှောက်ပါပဲ။

    • ဦးဦးပါလေရာ

      June 28, 2016 at 2:22 pm

      ဆရာမရေ..
      ကုသိုလ်က ထင်သလောက် ပေါပေါများများအလွယ်တကူမရပါဘူး..
      ရတယ်လို့ လူတွေထင်ကြတာပါ..
      သူများကုသိုလ်လုပ်တာကို အမျှဝေဝေ မဝေဝေ ကိုယ်သိလို့ ကိုုယ့်စိတ်ထဲ ကျေနပ်သဘောတူတဲ့
      စိတ်ကလေးဖြစ်မှသာ (တကယ်ဖြစ်မှသာ) ဖြစ်သလောက် ကလေး ကုသိုလ်ရတာပါ
      အဲသည်ကုသိုလ်ဆိုတာကလဲ ကိုယ့်အတွက် အမှတ်အဆင့်ခရက်ဒစ် တစ်ခုခုရသွားတာမျိုး
      မဟုတ်ပါဘူး.. ကိုယ့်စိတ်ကလေး ပိုကောင်းသွားတာကို ဆိုတာပါ..။
      သူများသတ်လို့သေတဲ့အကောင်ကို အကောင်အဖြစ် သေသွားတာကျေနပ်သဘောကျပြီးစားရင်
      အကုသိုလ်ပဲဖြစ်ပါတယ်။
      သူများသတ်လို့သေတဲ့အကောင်ကို ဟင်းလျှာအဖြစ်သာသဘောထားချက်စားမှ အကုသိုလ်မဖြစ်တာပါ..ဗျား

  • Swal Taw Ywet

    June 26, 2016 at 4:08 pm

    တက္ကသိုလ်ထဲ တခေါက်ဘဲ ရောက်ဘူးရဲ့။
    ပုဇွန်စာ ခွက်ကြော်ဆိုတာလေး စားချင်လာပြီ။
    ဒီတခေါက် အလည်ပြန်ရောက်ရင် သွားထိုင်ရအောင် ဦးပါရေ။
    ဘာသာရေးကတော့
    ခု ဥပုသ်လမို့လို့ တရက် အလုပ်ချိန် ၆ နာရီထဲ ။
    လုပ်ငန်းခွင်ထဲ ပို နေရသမျှ —အိုဗာတိုင်ရမှာမို့
    ရှေ့ လ ကြ ပိုလှူ နိုင်မှာပဗျာ။
    တဖက် ၅၀ဝ ပြေးမလွတ်သူခြင်းးး
    ဆုံကြစို့ ရဲ့။
    With respect,
    Swal Taw Ywet.

    • kai

      June 26, 2016 at 4:15 pm

      ဆက်တွန်းလိုက်ဦးမယ်..
      ( ဖဘထဲကာတွန်းထဲတွေ့တာ…မှီငြမ်းပြီး.. )
      မိန်းကလေးတချို့ ကုသိုလ်ကောင်းမှုပြုရင်.. နတ်ပြည်ရောက်နတ်သမီးဖြစ်ပြီး.. . နတ်သမီးတဖက်၅၀ဝ ရတဲ့ ကိုရင်တို့လိုနတ်သားတွေဘေးမှာ… လင်လုဖက် ၁၀၀ဝ ရသူဖြစ်တာပေါ့နော…။ :k:

      • Novy

        June 26, 2016 at 5:18 pm

        “မိန်းကလေးတချို့ ကုသိုလ်ကောင်းမှုပြုရင်.. နတ်ပြည်ရောက်နတ်သမီးဖြစ်ပြီး”
        ြဲ
        နတ်သမီးပဲဖြစ်ရမယ်လို့ ဘယ်သူပြောလည်း နတ်သားလည်းဖြစ်နိုင်တာပဲ
        အမျိုးသားတွေလည်း နတ်သမီးဖြစ်နိုင်တာပဲ

        အလှဲ့ကျတော့ မနွဲ့စတမ်းနော် ;p

        • ဦးကြောင်ကြီး

          June 27, 2016 at 9:53 am

          မွပ်နို နတ်သား လုပ်ရင် ကြော ်နတ်သမီးလုပ်မယ်.. စိန်လား

        • kai

          June 27, 2016 at 2:26 pm

          မိန်းကလေး ၉၀%အထက်က.. နောင်ဘဝမှာ.. နတ်သားဖြစ်ရပါလို၏.. ယောကျာ်းဖြစ်ရပါလို၏တို့ ဆုမတောင်းဘူးလို့.. မှတ်ဖူးတယ်..။
          မိန်းမက.. မိန်းမပဲပြန်ဖြစ်ချင်တာတဲ့..
          မိခင်သဘာဝဆိုတာပဲ.. :k:

      • ဦးဦးပါလေရာ

        June 28, 2016 at 2:24 pm

        နတ်သမီး တဖက်ငါးရာဆိုတာ ပေါက်ကရတွေလျှောက်ရေးရင်းဖြစ်လာတာပါဗျို့…
        တကယ်ဆို လက်ငင်းတစ်ယောက်ထဲတောင် အရမ်းမာျးနေလို့
        တခြမ်းလောက်ပဲဆို ပိုတောင်ကောင်းမယ်ထင်မိတယ်.. :mrgreen:

    • ပျင်းတကာ့ ထိပ်ခေါင်တင်

      June 27, 2016 at 7:55 am

      နတ်ပြည်မှာတောင် gender discrimination ဒေနဲ့ 🙂
      နတ်သမီးဒေဂလဲ ဟိုအရေးဒီအရေး မတောင်းကြလားမသိ..
      ဥမပါ- နတ်သားတဖက်၅၀ဝရရေးဒို့ ဘာဒို့ :k:

      • kai

        June 27, 2016 at 2:29 pm

        တွက်ကြည့်လေ..
        တဖက် ၅၀၀။ ၂ဖက်ဆိုရင်ပဲ.. ၁ထောင်…။
        တရက်.. ၂၄နာရီ( ၁၄၄ဝမိနစ်) မှာ.. နတ်သားတထောင်ဆို… နတ်သားတယောက် ၁.၄၄မိနစ်ပဲအချိန်ပေးနိုင်မယ်..။
        ဒါတောင်.. အိပ်ချိန်စားချိန်မပါ…။ :k:

        • ပျင်းတကာ့ ထိပ်ခေါင်တင်

          June 27, 2016 at 3:54 pm

          ဟွင်.. တဂျီးကလဲ ၁၀၀ဝတောင်ရှိတာ ဝမ်းဘိုင်ဝမ်းဘယ်သွားတော့မဲ..
          ၁၀၀ဝလုံးဂျွိုင်းလို့ရတာပဲ လုပ်မှာပေါ့ ..
          တူတူပုန်းတန်း ကစားတာတို့ဘာတို့ ပြောပါတယ် :k:

    • ဦးဦးပါလေရာ

      June 28, 2016 at 2:26 pm

      ဆက်ဖတ်ဖို့ပြင်ထားကိုမိုက်ရေ..
      ဒီတစ်ခါတော့ တကယ်ရေးဖြစ်တော့မယ်ထင့်…

  • မမချွိ

    June 30, 2016 at 12:55 pm

    တခြားတော့ မသိပါဘူးး
    ဆင်းတုတော်ဆို ကြော့ကြော့ရှင်းရှင်း အချိုးတကျဖြစ်မှ ဘုရားခန်းမှာ ထားချင်တယ်။

    :k:
    ~~~~~~~~~~~~~~~~~~~~

    ဟုတ်မှာပေါ့ကွာ… ဒါပေသိ သဒ္ဓါဦးတန်းပြီး ကြည်ညိုတဲ့အချက်ချင်းကတော့ မတူပေဘူးကိုယ့်လူ..

    လူဆိုတာ သူ့အရွယ် သူ့အသိ သူ့အတွေ့အကြုံအလျှောက် သူကြည်ညိုယုံကြည်ပုံတွေ

    အဆင့်ဆင့်ပြောင်းတတ်တာပါပဲ.. အဲဒါသဘာဝပဲကွ

    ဘုရားကို ဒီလိုကြည်ညိုတာသဘာဝမကျဘူး၊ ဟိုလိုယုံကြည်တာယုတ္တိမရှိဘူး စသည်ဖြင့်-

    ဘုရားဆိုတာ ဘယ်လိုဖြစ်သင့်တယ် ဘယ်လိုမဖြစ်သင့်ဘူး စသည်ဖြင့်-

    ဘုရားရဲ့အဖေလုပ်နေမယ့်အစား ကိုယ်ကြိုက်တဲ့ဘုရားကိုယ်ကိုးကွယ်တာအကောင်းဆုံးပဲ..။

    ~~~~~~~~~~~~~~~~
    ဒီ စကားကတော့ ဒီပို့(စ) ရဲ့ အနှစ်လေးလိုပဲ။

Leave a Reply