ဘွဲ့နှင့်လျော်ညီသော အလုပ်အကိုင်ရရှိမှု နည်းပါးလာပြီး နေ့ကျောင်းတက်ရောက်၍ ဘွဲ့ရရှိထားသူ လူငယ်အချို့ ယာဉ်နောက်လိုက်၊ လုံခြုံရေး၊ အရောင်းမြှင့်တင်ရေး စသည့် အလုပ်အကိုင်များကို လုပ်ကိုင်နေကြ

Yin Nyine NwayAugust 29, 20101min852

ဘွဲ့နှင့် လျော်ညီသော အလုပ်အကိုင် ရရှိမှုများ ယခု နောက်ပိုင်းတွင် နည်းပါးလာပြီး တက္ကသိုလ်များ၌ နေ့ကျောင်းတက်ရောက်ပြီး ဘွဲ့ရရှိထားကြသူ လူငယ်အချို့သည် ပညာအရည်အချင်းများစွာ မလိုအပ်သော ယာဉ်နောက်လိုက်၊ လုံခြုံရေးဝန် ထမ်း၊ အရောင်းမြှင့်တင်ရေး ဝန်ထမ်း အစရှိသည်တို့ကိုပင် လုပ်ကိုင်နေကြကြောင်း သတင်းရရှိပါသည်။

ယခင်ကမူ အလုပ်အကိုင် ရှာဖွေရာတွင် များသောအားဖြင့် ရရှိထားသည့် ဘွဲ့တစ်ခုတည်းနှင့် အလုပ်အကိုင် ရရှိမှုများ ရှိခဲ့ကာ ယခု နောက်ပိုင်းတွင်မူ အလုပ်အကိုင် အတွေ့အကြုံ၊ အခြား ကျွမ်းကျင်မှုလက်မှတ်များ စသည်တို့ ပါရှိမှသာ အလုပ် လျောက်ထားနိုင်ခြင်း၊ အလုပ် ခန့်ထားနိုင်မှုများကလည်း အကန့်အသတ်ရှိလာခြင်း စသည်တို့က လူငယ်များအား အလုပ်ရွေးချယ်ခွင့် နည်းပါးမှုကို ကြုံတွေ့လာစေသည်ဟု သိရှိရသည်။

”စီးပွားရေးတက္ကသိုလ်မှာ နေ့ကျောင်းတက်ပြီး ဘွဲ့ရထားတဲ့ တစ်ယောက်ကို အထူးယာဉ်လိုင်းတစ်ခုမှာ ယာဉ်နောက်လိုက်အဖြစ် တွေ့လိုက်ပါတယ်။ ကိုယ်နဲ့ မရင်းနှီးပေမယ့် တစ်ကျောင်းတည်းမို့ သေချာမှတ်မိတယ်”ဟု ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောပြသည်။

နေ့ကျောင်း တက်ရောက်ကြသူများသည် အဝေးသင်တက္ကသိုလ် တက်ရောက်ခဲ့ကြသူများထက် အချိန်နှင့် ငွေကြေးကို ပိုမိုရင်းနှီး မြှုပ်နှံခဲ့ကြရသူများ ဖြစ်ပြီး လူငယ်များအနေဖြင့် ကျောင်းပြီးပါက အလုပ်ခွင်သို့ ဝင်ရောက်နိုင်မည်ဟု မျှော်မှန်းမှုများ ရှိခဲ့ကြသော်လည်း အမှန်တကယ် ကျောင်းပြီးသည့် အချိန်တွင်မူ မျှော်မှန်းသည်နှင့် ကွာခြားမှုများ ရှိလာကြောင်း သိရှိရသည်။

ကွန်ပျူတာကျွမ်းကျင်မှု လက်မှတ်များ၊ အင်္ဂလိပ်၊ တရုတ် စသည့် ဘာသာစကားတစ်မျိုးမျိုး တတ်ကျွမ်းမှုများ၊ LCCI တက်ရောက်ဖြေဆို အောင်မြင်သည့် အသိအမှတ်ပြုမှုများ အပြင် လုပ်ငန်းအတွေ့အကြုံ တစ်နှစ်ဝန်းကျင် အနည်းဆုံးထားကာ တောင်းဆိုလာမှုများက ကျောင်းပြီးသည်နှင့် အလုပ်ဝင်ရန် အခြေအနေ ရှိနေသူများ အပေါ် အခက်အခဲ ကြုံလာစေသည်ဟု လူငယ်အချို့က ဆိုပါသည်။

”ရှော့ပင်းစင်တာတစ်ခုမှာ ကျောင်းက အစ်မတစ်ယောက်ကို တွေ့လိုက်တော့ တော်တော်အံ့ဩသွားတယ်။ သူက လုံခြုံရေးဝန်ထမ်း လုပ်နေတာပါ။ အဲဒါနဲ့ သူ့ကို ဒီအလုပ်က ထွက်လိုက်ပါလားလို့ ပြောမိတယ်။ သူကတော့ သူ့မှာ ဘာလက် မှတ်မှ မရှိလို့ တခြားအလုပ်ပြောင်းဖို့ မလွယ်ဘူးလို့ ပြောပြတယ်။ သူရတဲ့ လစာနဲ့ သူ့ဘာသာတော့ အဆင်ပြေ နေတယ်လို့ သိရပါတယ်”ဟု စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရရှိထားသူ တစ်ဦးက ပြောကြားသည်။

”ရထားတာတော့ မဟာဘွဲ့ပဲ။ ဒါပေမယ့် အရောင်းမြှင့်တင်ရေးအလုပ်ကို စလုပ်ခဲ့ရတယ်။ အလုပ် မရွေးနိုင်ဘူးလေ။ ကျွန်မလိုပဲ အလုပ်မရွေးနိုင်တဲ့သူတွေ ပတ်ဝန်းကျင်မှာ တော်တော်တွေ့ရတယ်။ အရောင်းမြှင့်တင်ရေး လုပ်ရင်းကနေမှ ကုမ္ပ ဏီတစ်ခုကို ထပ်ပြောင်းခဲ့ရတယ်။ ရထားတဲ့ဘွဲ့နဲ့ ဘာမှမဆိုင်တဲ့ နယ်ပယ်အသစ်မို့ လေ့လာရတာတွေလည်း အများကြီးပဲ။ ဖြစ်နိုင်ရင်တော့ ရထားတဲ့ဘွဲ့ကို အသုံးချချင်တာ။ ဒါပေမယ့် အသုံးချခွင့်တော့ အခုထိ မရသေးပါဘူး”ဟု အသက် ၂၅ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါသည်။

ယခုအခါတွင် အလုပ်အကိုင် ရှားပါးမှုများကို လူငယ်များ ကြုံတွေ့နေရပြီး အလုပ်ရှာဖွေလိုသူ လူငယ်အများစုသည် ကြောငြာများ၊ ဂျာနယ်များမှ အလုပ်ခေါ်စာများကို မိမိတွင် ရှိထားသည့် အရည်အချင်းနှင့် ကိုက်ညီရာ ရှာဖွေလျှောက်ထားနေရ ကြောင်း၊ အလုပ်နေရာတစ်ခုအတွက် အင်တာဗျူးဝင်ရန် သွားရောက်ပါက ယင်းနေရာအတွက်ကိုပင် လာရောက် ဖြေဆိုသူဦးရေမှာ အဆများစွာ ပိုမိုနေကြောင်း လူငယ်အချို့က ဆိုပါသည်။

ဘွဲ့နှင့် မကိုက်ညီသော်လည်း ဘွဲ့ရတစ်ယောက်အနေနှင့် လျော်ညီသည်ဟု ဆိုနိုင်သော အလုပ်များကို ရရှိရန် ခက်ခဲလာမှုသည် လူငယ်များကို အလုပ်ရွေးချယ်ခွင့် နည်းပါးစေကာ တက္ကသိုလ်ဝင်တန်းအောင်နှင့် တက္ကသိုလ်ဝင်တန်း မအောင်မြင်သေး သူများ လုပ်ကိုင်နိုင်သည့် အလုပ်များကိုပင် လုပ်ကိုင်လာကြရသည်ဟု သိရှိရသည်။

နေ့ကျောင်းတက်ရောက်ခဲ့စဉ် က တစ်လလျင် ကျပ်သိန်းဂဏန်းဝန်းကျင် အသုံးပြု ပညာသင်ကြားခဲ့ရသူများသည် ယခုအခါတွင် ကျပ်လေးသောင်းမှ ကျပ်ခြောက်သောင်း ဝန်းကျင်သာ ရရှိသည့် အလုပ်များကိုပင် အပြိုင်လျောက်ထား လုပ်ကိုင်နေ ရသည်ဟု ဆိုပါသည်။

ထို့အတူ အဝေးသင် တက္ကသိုလ်တက်ရောက်ပြီး ဘွဲ့ရရှိသူ အချို့သည်လည်း ဘွဲ့ကိုအသုံးချနိုင်မှု မရှိသော အလုပ်များအား အသက်မွေးဝမ်းကျောင်းအဖြစ် ရွေးချယ်နေကြရကြောင်း လူငယ်အချို့ထံမှ သိရှိရသည်။

2 comments

  • zawana

    August 29, 2010 at 5:49 am

    ကိုယ်ရခဲ့တဲ့ ဘွဲ့နဲ့ လျော်ညီတဲ့ အလုပ်အကိုင်က ကိုယ့်ဘဝ အာမခံချက် ရလောက်အောင် ဝင်ငွေမရှိတော့လည်း လောလောဆယ် ဝင်ငွေကောင်းတဲ့ အလုပ်တွေကို ရှာဖွေ လုပ်နေရတာ မဆန်းပါဘူး။ “အလုပ်ဟူသမျှ ဂုုဏ်ရှိစွ” ဆိုပေမဲ့ ကိုယ်သင်ထားတဲ့ ပညာတွေ အလကား မဖြစ်အောင်တော့ တဖက်တလမ်းက အခွင့်အလမ်းကို ရှာသင့်တယ် လို့ မြင်ပါတယ်။ အထူးသဖြင့် ကျနော်တို့ နိုင်ငံမှာ စွန့်ဦးတီထွင် လုပ်နိုင်တဲ့ ခေတ်ပညာတတ် လူငယ်တွေ အများကြီး လိုအပ်နေပါတယ်။
    အဲလို လူမျိုးတွေ အတွက် တကယ်လဲ နေရာ ရှိပါတယ်။ သူများတွေ လုပ်နေတဲ့ အလုပ်တွေကိုပဲ အလွယ်တကူနဲ့ အတုခိုးနေလို့ မဖြစ်တော့ပါဘူး။
    ယှဉ်ပြိုင်မှုကလည်း ပိုမို ပြင်းထန် လာပါပြီ။ အားလုံး ပိုပြီးတော့ ကြိုးစားဖို့ လိုလာပါပြီ။

  • kai

    August 29, 2010 at 8:06 am

    တရုတ်က စီးပွားတက်ပြီး ကမ်ဘာ့ဒုတိယစူပါပါဝါ လှမ်းနေပြီဆိုတော့ အိမ်နီးချင်း မြန်မာတွေဖက် အလုပ်တွေလျှံကျလာဖို့ရှိပါတယ်။
    အလုပ်ဟူသမျှ လုပ်ထားရင်း၊ ရသလောက်စုရင်း စောင့်နေတာကောင်းတယ်ထင်ပါတယ်။

Leave a Reply