*ခေါက်ဆွဲခြောက်၏ သမိုင်းအစ* နှင့် ခေါက်ဆွဲခြောက်များနှင့် ကျန်းမာရေး

Yin Nyine NwayAugust 29, 20101min1485

Instant noodle ခေါ် အလွယ်တကူပြုတ်၍ စားသုံးနိုင်သော ခေါက်ဆွဲခြောက်များကို ယခုအခါ တကမာ္ဘလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် စားသုံးလျက်ရှိပါသည်။ ဈေးနှုန်းသင့်လျော်ခြင်း၊ ပင်ပင်ပင်ပန်းပန်း ချက်ပြုတ်ရန်မလိုခြင်း၊
အချိန်ကုန်သက်သာခြင်းနှင့် လူမျိုးတိုင်းလိုလို လက်ခံစားသုံးနိုင်ခြင်းတို့ကြောင့် ၎င်းခေါက်ဆွဲခြောက်ထုပ်များမှာ
ဈေးကွက်အတွင်း အတော်အသင့် နေရာယူလျက်ရှိနေသည်။ နာမည်အခေါ်အဝေါ်၊ အရည်အသွေး၊ အရသာ ကွဲလွဲမှု ရှိသော်လည်း နိုင်ငံတော်တော်များများတွင် ခေါက်ဆွဲခြောက်ထုပ်များကို လိုလိုလားလား လက်ခံစားသုံးလျက်ရှိပြီး
အာရှ နိုင်ငံများတွင်သာမက အနောက်ဥရောပ နိုင်ငံများတွင်လည်း ခေါက်ဆွဲခြောက်ထုပ်များ စားသုံးသည့်လူဦးရေမှာ မြင့်မားလျက်ရှိပါသည်။ တရုတ်နိုင်ငံသည် တကမ္ဘာလုံးခေါက်ဆွဲခြောက်စားသုံးမှု၏ ၄၈ ရာခိုင်နှုန်းရှိပြီး တစ်နှစ်စားသုံးမှုမှာ ခေါက်ဆွဲခြောက် ပါကင်ထုပ် ၄၅ ဘီလျီယံခန့်ရှိပါသည်။ တောင်ကိုရီးယားလူမျိုးများသည် ခေါက်ဆွဲခြောက်အများဆုံး စားသုံးသူများဖြစ်ပြီး တစ်နှစ်လျှင် လူတစ်ဦးချင်စီ စားသုံးမှုမှာ ပျမ်းမျှ ခေါက်ဆွဲထုပ် ပါကင်ထုတ်ကြီး ၆၉ ထုတ်ခန့်ရှိပါသည်။

*ခေါက်ဆွဲခြောက်၏ သမိုင်းအစ*

ကမာ္ဘနှင့်အဝှမ်း စားသုံးလျက်ရှိသော instant noodle ခေါက်ဆွဲခြောက်ထုပ်များကို စတင်ထုတ်လုပ်ခဲ့သူမှာ ထိုင်ဝမ်နိုင်ငံသား Momofuku Ando ပင်ဖြစ်သည်။

Momofuku Ando

Ando အား ၁၉၁ဝ ခုနှစ်၊ မတ်လ (၅)ရက်နေ့တွင် ထိုင်ဝမ်ကျွန်းစု အနောက်တောင်ပိုင်း Chiayi မြို့တွင် မွေးဖွားခဲ့သည်။ သူသည် ချမ်းသာသော မျိုးနွယ်စုမှ ပေါက်ဖွားဆင်းသက်လာသူလည်းဖြစ်ပါသည်။ Ando အား မွေးဖွားစဉ်က ထိုင်ဝမ်ကျွန်းစုသည်
ဂျပန်အင်ပါယာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သော ကာလပင်ဖြစ်သည်။ Ando ၏ မိဘများသည် သူ ငယ်စဉ်ကတည်းကပင် ကွယ်လွန်သွားခဲ့သဖြင့် Ando သည် အဘိုးအဘွားများ၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာခဲ့ရသူဖြစ်သည်။
Ando ၏ အဘိုးအဘွားများသည် ချည်မျှင်နှင့်အထည်စက်ရုံပိုင်ဆိုင်ပြီး Ando အသက် ၂၂ ရောက်သောအခါ ယင်းလုုပ်ငန်းများအား Ando ကိုပင် ကြီးကြပ်လုပ်ကိုင်စေခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် Ando သည် ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး Ritsumeikan တက္ကသိုလ်တွင် ပညာတက်ရောက်ဆည်းပူးခဲ့သည်။ဒုတိယ ကမာ္ဘ စစ်ပြီးသောအခါ Ando သည် ဂျပန်နိုင်ငံသား အဖြစ်ခံယူခဲ့ပြီး ထိုအချိန်က ဂျပန်နိုင်ငံသည် စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို ခံစားနေရချိန်ဖြစ်သည်။ စားနပ်ရိက္ခာအခက်အခဲကြောင့် ဂျပန် ကျန်းမာရေးအဖွဲ့အစည်းက ဂျပန်နိုင်ငံသူ နိုင်ငံသားများအား ဂျုံဖြူမှ ပြုလုပ်သော ပေါင်မုန့်များကိုပိုမိုဖြည့်စွက်စားသုံးရန် အကြံပြုခဲ့သည်။ ထိုအခါ Ando သည် ဂျုံမှပြုလုပ်တာချင်းအတူတူ ပေါင်မုန့်ထက် ခေါက်ဆွဲက ဂျပန်လူမျိုးများအတွက် စားသုံးဖို့ ပိုမိုသင့်လျော်မည်ဟု စူးစမ်းမိသည်။သို့သော်လည်း ထိုအချိန်က
ခေါက်ဆွဲထုတ်လုပ်နိုင်သည့် ကုမ္ပဏီ အရေအတွက်မှာ အင်မတန်နည်းပါးနေသဖြင့် တိုင်းပြည်၏လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ခဲ့ပေ။ ထို့ကြောင့်Andoသည် မိမိကိုယ်ပိုင် စက်ရုံတည်ထောင်၍ ခေါက်ဆွဲထုတ်လုပ်ရန်
ဆုံးဖြတ်ခဲ့သည်။

“လူတွေမှာ စားစရာသာ အလုံအလောက်ရှိမယ်ဆိုရင် ဒီကမာ္ဘကြီးဟာ ငြိမ်းချမ်းမှုတွေနဲ့ ပြည့်စုံနေပါလိမ့်မယ်” ဟု Ando သည် သိမြင်လာခဲ့သည်။ သူ့အသက် ၄၈ နှစ်သို့ရောက်သောအခါ chikin ramen ခေါ် ကမ္ဘာ့ပထမဆုံးခေါက်ဆွဲခြောက်ကို
ဈေးကွက်အတွင်းဖြန့်ချိနိုင်ခဲ့သည်။ Ramen ခေါက်ဆွဲအား ဂျပန်နိုင်ငံတွင် ယနေ့တိုင်စားသုံးလျက်ရှိပြီး ၎င်းခေါက်ဆွဲထုတ်လုပ်သည့် Nissin Food Products ကုမ္ပဏီမှာလည်း နာမည်ကျော်ကြားလျက်ရှိပါသည်။ ထိုအချိန်က Ramen
ခေါက်ဆွဲခြောက်တထုပ်၏ တန်ဖိုးမှာ ဂျပန်ယမ် ၃၅ ခန့်ရှိပြီး ထိုအချိန်က ပေါ်ပေါက်ခဲ့သော ဂျပန်ရိုးရာ ခေါက်ဆွဲများထက် ၆ဆခန့်ဈေးကြီးမားခဲ့ပါသည်။ သို့သော် Andoသည် အသင့်စား ခေါက်ဆွဲဘူး(Cup noodle ) များကို ၁၉၇၁ ခုနှစ်တွင်
ထုတ်လုပ်နိုင်ခဲ့ပြီးနောက် ထိုခေါက်ဆွဲဘူးများမှာ ဈေးကွက်တွင် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး ခေါက်ဆွဲထုပ်
ဈေးနှုန်းများလည်း သက်သာလာခဲ့သည်။

၂၀၀၈ ခုနှစ်တွင် ဈေးကွက်ရောင်းလိုအားမှာ ခေါက်ဆွဲထုပ်ပေါင်း အထုပ်ရေ ၉၈ ဘီလျီယံထိ မြင့်တက်လာခဲ့သည်။ Chikin Ramen ခေါက်ဆွဲတထုပ်၏ တန်ဖိုးမှာ ယမ် ၆ဝ ဝန်းကျင်ခန့်ရှိပြီး ဂျပန်စားသောက်ဆိုင်များရှိ ခေါက်ဆွဲတစ်ပန်းကန်၏ တန်ဖိုးထက် ၃ဆခန့် သက်သာလာခဲ့ပါသည်။

Ando သည် သူ၏ အထိမ်းအမှတ် ပြတိုက်( Momofuku Ando Instant Ramen Museum)၏ ဥက္ကဌလည်း ဖြစ်ပြီး ထိုပြတိုက်အား ဂျပန်နိုင်ငံ အိုဆာကာပြည်နယ် အိုင်ကီဒါတွင် ဖွင့်လှစ်ပြသလျက်ရှိပါသည်။

ပြတိုက်အတွင်းတွင် Ramen ခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းခွင်အသေးစားလေးအား ပြသလျက်ရှိပြီး အလည်အပတ်လာရောက်သများအနေဖြင့် မိမိတို့ကိုယ်တိုင် ပြုလုပ်စမ်းသပ် စားသုံးနိုင်ပါသည်။

Momofuku Ando Instant Ramen Museum ပြတိုက်အတွင်း တစ်နေရာ

ဤကဲ့သို့သော Ando၏ အောင်မြင်မှုများအတွက် ဂျပန်အစိုးရမှ Andoအား ဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။ ခေါက်ဆွဲခြောက်တို့၏ တီထွင်မှု ဖခင်ကြီးAndoသည် အသက် ၉၆ နှစ်အရွယ် ၂၀၀ရ ခုနှစ် ဇန်နဝါရီ ၅ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဇနီးတစ်ယောက်၊ သားနှစ်ယောက်နှင့် သမီးတစ်ယောက် ကျန်ရစ်ခဲ့ပြီး ၎င်း၏ သားဖြစ်သူ Koki Ando မှာ ယခုအခါ ဂျပန် Nissin Food Products Co. Ltd ၏ ဥက္ကဌအဖြစ် ဖခင်၏ လုပ်ငန်းကို ဆက်လက်ဦးဆောင် လုပ်ကိုင်လျက်ရှိပါသည်။

Momofuku Ando

*ခေါက်ဆွဲခြောက်နှင့်ကျန်းမာရေး*

ခေါက်ဆွဲခြောက်သည် ကာဘိုဟိုုက်ဒရိတ် ကြွယ်ဝသော အစားအစာဖြစ်ပြီး ပရိုတင်း၊ အဆီဓါတ်နှင့် တခြား ဗီတာမင်နှင့် သတ္တုဓါတ်များပါဝင်ပါသည်။သို့သော် ခေါက်ဆွဲခြောက်များတွင်ပါဝင်သော ဆားပမာဏမှာ အနည်းငယ်များနေနိုင်ပါသည်။ အသက် ၄နှစ်အထက် လူတစ်ယောက်အတွက် တစ်နေ့တာ ဆားလိုအပ်ချက်ပမာဏမှာ ၂၄၀ဝ မီလီဂရမ်ဖြစ်ပြီး အချို့သော ခေါက်ဆွဲခြောက်များတွင်ပါဝင်သော ဆားပမာဏမှာ ၁၀၀ဝ မီလီဂရမ် ကျော်နေပါသည်။ တခါတရံတွင်မူ ခေါက်ဆွဲခြောက်ထုတ် တစ်ထုပ်အတွင်း ဆားပါဝင်မှု ပမာဏမှာ ၂၀၀ဝမီလီဂရမ်အထိ ရှိနေတာကိုတွေ့ရပါသည်။ ထို့ကြောင့် သွေးတိုးရောဂါရှိသူများ၊ နှလုံးကောင်းကောင်း အလုပ်မလုပ်သူများအနေဖြင့် ခေါက်ဆွဲခြောက်များကို အလွန်အကျွံမစားမိဖို သတိပြုရန် လိုအပ်ပါသည်။

ထို့ပြင် ခေါက်ဆွဲခြောက်များတွင် monosodium glutamate ခေါ် ဟင်းချိုမှုန့်များ ပါဝင်နေနိုင်ပါသည်။ ၎င်း monosodium glutamate(MSG) သည် အမိုင်နို အက်ဆစ် အမျိုးအစား တစ်မျိုးဖြစ်ပြီး ၎င်းသည် အစားအစာများကို အနံ့အရသာ ရှိစေနိုင်ပါသည်။ ထို့ကြောင့် MSG အား ခေါက်ဆွဲခြောက် အရောအနှောမှုန့်များတွင် ထည့်သွင်း အသုံးပြုလာကြပါသည်။ MSGကို မကြာခဏစားသုံးပါက လူကို စွဲစေတတ်သော သတ္တိရှိပါသည်။ ခေါက်ဆွဲခြောက်များတွင် MSG ပါဝင်သဖြင့် စားသုံးသူများအား ဥပဒ်ဖြစ်စေသည်၊ မဖြစ်စေသည်ကတော့ ယနေ့တိုင် အငြင်းပွါးဖွယ်ဖြစ်ပါသည်။ အမေရိကန် အစားအစာနှင့် ဆေးဝါး အဖွဲ့အစည်း(Food and Drug Administration)၏ အဆိုပြုချက်အရ MSG ကိုအလွန်အကျွံစားသုံးမိပါက ခေါင်းကိုက်ခြင်း၊ မျက်နှာသွေးရောင်ဖြန်းခြင်း၊ မျက်နှာ ၊လည်ပင်းနှင့် နောက်ကျော နေရာများတွင် ထုံကျင်ခြင်း၊
ရင်ဘတ်အောင့်ခြင်း၊နှလုံးတုန်ခြင်း၊ ပျို့ခြင်း အန်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ အထက်ပါလက္ခဏာများ ဖြစ်ပေါ်ခံစားရခြင်းကို
တရုတ်စားသောက်ဆိုင်များကြောင့် ဖြစ်ပေါ်လာသော ရောဂါဒြပ်ပေါင်းစု (Chinese Restaurant Syndrome) ဟူ၍ ခေါ်ဆိုပါသည်။ အဘယ့်ကြောင့်ဆိုသော် တရုတ်နိုင်ငံရှိ စားသောက်ဆိုင်များတွင် MSG အများအပြားအသုံးပြုပြီး တရုတ်အစားအစာများတွင်လည်း MSG လိုအပ်သည်ထက် ပိုမိုပါဝင်နေသောကြောင့်ပင် ဖြစ်ပါသည်။ ပန်းနာရင်ကြပ်ရောဂါ ရှိသူများအနေဖြင့် MSG အများအပြားစားသုံးမိပါက ရင်ကြပ်ရောဂါကို ပိုမိုဆိုးဝါးစေနိုင်ပါသည်။

သို့သော် MSG သည် လူသားကို ကောင်းကျိုးပြုသော အချက်များလည်း ရှိပါသည်။ ၎င်းသည် အစားအစာများကို အနံ့အရာသာနှင့် ပြည့်စုံစေနိုင်သောကြောင့် သက်ကြီးရွယ်အိုများ နှင့် အစားအသောက် ခံတွင်းပျက်နေသူများအတွက်
အစာစားချင်စိတ်ဖြစ်ပေါ်စေနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ခေါက်ဆွဲခြောက်စားသုံးခြင်းကြောင့် MSG က လူသားအပေါ်
ဘေးဥပဒ်ဖြစ်စေနို်င်မှုကိုမူ မည်သူမျှ တိတိကျကျမပြောနိုင်သေးပေ။

ခေါက်ဆွဲခြောက်နှင့်ပတ်သတ်၍ နောက်ထပ် ရေပန်းစားနေသော အရာမှာ ကင်ဆာ ပင်ဖြစ်သည်။
ခေါက်ဆွဲခြောက်များတွင် ခေါက်ဆွဲအမျှင်များပုံသဏ္ဍန်များ မပျက်ယွင်းစေရန်နှင့် ခေါက်ဆွဲခြောက်အား ပြုတ်လိုက်သောအခါ အမျှင်များ တစ်ခုနှင့် တစ်ခုမကပ်စေရန် ဖယောင်း (wax) များကို အသုံးပြုသည်ဟုဆိုပါသည်။ ထိုဖယောင်းများကို
အစာအိမ်က ချေဖျက်ရန် ၇၂ နာရီကြာမြင့်ပါသည်။ ထို့ကြောင့် ခေါက်ဆွဲခြောက် ရေရှည်စားသုံးသူများအနေဖြင့်
ကင်ဆာဖြစ်ဖို ့ အလားအလာများသည်ဟု ဆိုကြပါသည်။ သို့သော် တိကျသော သုတေသနပြုချက်များ ယနေ့တိုင်မရှိသေးပါ။ အကယ်၍ ခေါက်ဆွဲခြောက်များတွင် ဖယောင်းများပါဝင်ခဲ့ပါက ထိုဖယောင်းများအား ဖယ်ရှားပြီး လူ့ခန္ဓာကို ဘေးဥပဒ် မဖြစ်စေရန် ခေါက်ဆွဲပြုတ်ရမည့် နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပထမဦးစွာ ရေနွးကို ဆူအောင်တည်ပါ။ ရေနွေးဆူလာသောအခါ ခေါက်ဆွဲခြောက်ကို ရေနွေးအိုးထဲထည့်ပြီး ခေါက်ဆွဲကျက်သည်အထိ ပြုတ်ပါ။ ထို့နောက် ခေါက်ဆွဲဖတ်များကို ဖယ်ထားပြီး ထိုခေါက်ဆွဲပြုတ်ထားသော အရည်များကို
သွန်ပစ်ရပါမည်။ အဘယ့်ကြောင့်ဆိုသော် ထိုရေများထဲတွင် ဖယောင်းများ ပျော်ဝင်သွားသောကြောင့် ဖြစ်ပါသည်။
ဖယောင်းပျော်ဝင်ထားသော ခေါက်ဆွဲပြုတ်ရည်များမှာ အဝါဖျော့ဖျော့ရောင် သမ်းနေနိုင်သည်ဟု ဆိုပါသည်။ ထိုအရည်များအား သွန်ပစ်ပြီးနောက် ရေနွေးအသစ်ထပ်တည်ပါ။ ထိုရေနွေးအသစ် ဆူလာသောအခါ စောစောပိုင်းကဖယ်ထားသော ခေါက်ဆွဲဖတ်များအား အိုးထဲထည့်ရပါမည်။ ထို့နောက် ခေါက်ဆွဲထုပ်တွင်ပါဝင်သော အရောအနှောအမှုန့်များကို အိုးထဲထည့်ရပါမည်။ တခြားမိမိစားချင်သော အသီးအရွက် ကြက်ဥများကိုလည်း ဤဒုတိယအကြိမ်ပြုတ်သော ခေါက်ဆွဲအရည်ထဲတွင်သာထည့်၍ မိမိတို့နှစ်သက်သလိုထည့်၍ စားသုံးနိုင်ပါသည်။ အထက်ပါနည်းလမ်းများမှာ အကယ်၍ ခေါက်ဆွဲခြောက်များအတွင်း ဖယောင်းများ ပါလာပါက ခန္ဓာကိုယ်အတွင်း မရောက်စေရန် ကြိုတင်ကာကွယ်၍ စားသုံးသော နည်းလမ်းဖြစ်ပါသည်။ ယနေ့ထိတိုင်တော့ ခေါက်ဆွဲခြောက်စားပြီး ကင်ဆာ ဖြစ်ပါွးသူရယ်လို ့ တိတိကျကျ စာရင်းသုတေသန မပြုလုပ်နိုင်၊ မတွေ့ရှိနိုင်သေးပါ။

ခေါက်ဆွဲခြောက်တီထွင်ခဲ့သူ Ando သည်လည်း ခေါက်ဆွဲခြောက်စားပြီး အသက် ရှည်ရှည်နေထိုင်သွားခဲ့ပါသည်။ “Ando အခုလို
အသက် ၉၆ နှစ်ထိ နေထိုင်သွားနိုင်တာကတော့ ထွေထွေထူးထူးမဟုတ်ပါဘူး၊ သူဟာ အားကစားအနေနဲ့ ဂေါက်ကစားခြင်း တမျိုးတည်းကိုသာ ကစားပြီး ramen ခေါက်ဆွဲကို နေ့စဉ်စားသုံးလို့သာ ခုလို အသက်ရှည်နေထိုင်သွားနိုင်တာပါ၊ သူမကွယ်လွန်ခင် တစ်ရက်အထိ သူဟာ ramen ခေါက်ဆွဲခြောက်ကို တရှိုက်မက်မက်စားသုံးသွားခဲ့ပါတယ်” ဟု ကျန်ရစ်သူ Ando၏ဇနီးက ပြောကြားခဲ့ပါသည်။

မည်သို့ပင်ဆိုကြစေကာမူ “အစာလည်းဆေး ဆေးလည်း အစာ” ဆိုသည့်အတိုင်း အရာရာကို ချင့်ချိန်စားသုံးမှသာ မိမိတို့၏ ကျန်းမာရေးကို အထောက်အကူပြုမည်ဖြစ်ပါသည်။ ရောဂါကိုကုသသည့် ဆေးဝါးများကိုတောင် သူ့အတိုင်းအဆနှင့်သူ
သောက်သုံးပါမှ ဆေးစွမ်းထက်ပါလိမ့်မည်၊ ရောဂါပျောက်စေနိုင်သည်ဆိုပြီး လိုအပ်သည်ထက်ပို၍ အလွန်အကျွံသောက်သုံးပါက ဘေးဒုက္ခ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ခေါက်ဆွဲခြောက်ကိုသာမက မည်သည့်အစားအစာကိုမဆို မိမိတို့၏ ကျန်းမာရေးအတွက် သင့်တင့်အောင် စားသုံးမှသာ ကောင်းကျိုးပြုမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

5 comments

  • bigcat

    August 29, 2010 at 4:55 am

    ကျေးဇူးတင်ပါတယ်။ ခေါက်ဆွဲခြောက် စားပုံစားနည်းကို သိရလို့။ နောက် အချိုမှုန့် ဟာကျန်းမာရေးအတွက် လုံးဝမကောင်းလို့ထင်ထားတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်သေးဆိုတော့ ပြန်သုံးရမလိုဖြစ်နေပြီ။ မသုံးတော့တာ ဆယ်စုနှစ်တခုလောက်တောင်ရှိပေါ့။

    • kai

      August 29, 2010 at 7:58 am

      မသုံးလက်စနဲ့ မသုံးဖို့အကြံပေးပါတယ်။
      အောက်ကဆောင်းပါးလေးဖတ်ကြည့်ပါဦး။ အဆင်ပြေရင်တော့ ကျန်တဲ့မြန်မာတွေအတွက် ဘာသာပါပြန်ပေးလိုက်နော..။
      ခေါင်းစဉ်က.. အချိုမှုန့်သည် သင့်ကိုဝစေသည်၊ ပြီးတော့.. အမေရိကကို ဖြည်းဖြည်းချင်းအဆိပ်သင့်စေသည်..ဆိုပါတော့..။ ကြောက်စရာကြီးနော..
      အဲလိုကြေးဆို…မြန်မာတွေကို ယိုးဒယားစီးပွားရေးသမားတွေ အဆိပ်ခပ်ခဲ့တာကြာလှပေါ့..။
      http://www.relfe.com/MSG_cause_fat_obesity.html

      • bigcat

        August 29, 2010 at 8:58 am

        ဟုတ်ကဲ့ပါ ကို KAI ပြောတဲ့အတိုင်း ဘာသာပြန်လိုက်ပါပြီ။ တပ်မတော်အစိုးရ လက်အောက်မှာ လူလားမြောက်ခဲ့ရလို့ ခိုင်းရင်ခိုင်းတဲ့အတိုင်း တသွေမသိမ်း လုပ်တာ အကြင့်ပါနေလို့ပါ။

        ့အိတ်ချ်တီတီပီ ဝစ်စနှလုံးပေါက် ၂ မျဉ်းစောင်း ၃ ဒဘလျူ အောက်ကမြင့် ရယ်လ်ဖီ အောက်ကမြင့် ကွန် မျဉ်းစောင်း အမ်အက်စ်ဂျီ အန်ဒါစကိုး အကြောင်းအရင်း အန်ဒါစကိုး အဆီ အန်ဒါစကိုး အဝလွန်ခြင်း အောက်ကမြင့် အိတ်ချ်တီအမ်အလ်

        ကျန်တာတွေကိုတော့ ကိုယ့်လူတွေအတွက် ဆက်ပြီး တာဝန်ယူလိုက်ပါနော်။ အားကိုးပါရစေ။

  • kopauk mandalay

    August 29, 2010 at 12:20 pm

    ကျနော့်အမြင်ကတော့လတ်လတ်ဆတ်ဆတ်စားဘို့အခွင့်အရေးရှိတယ်ဆိုရင် ကြာကြာခံအောင်လုပ်ထားသောပစ္စည်းများကိုမစားသင့်ပါ။
    ကျနော်တို့မန်းလေးမှာခေါက်ဆွဲ အစို အသီးအနှံအစိ်မ်း တွေကိုအလွယ်တကူဝယ်လို့ရနေသေးသမျှ ဒါမျုးိတွေကိုဘယ်လောက်ကောင်းကောင်းမစားပါဘူးဗျာ။
    ကြာကြာခံအောင်ဘာတွေပါမှန်းမှမသိတာလေ။

  • etone

    August 31, 2010 at 9:30 am

    ဟုတ်တယ် ဖယောင်းပါတာကိုတော့သတိထားရမယ် ။ အူကပ်နေလို့ ဟုတ်ပေ့ဖြစ်မယ် ။ နောက်ပြီး ဆံပင်တွေလည်း ကြွတ်တယ်လို့ပြောကြတယ် ဟုတ်လားတော့မသိပေါင်။

Leave a Reply