“ခါတော်မီ စွန်ရဲအင်းအတွက်အတွေးတစ်စ “

IMG_7084“ခါတော်မီ စွန်ရဲအင်းအတွက် အတွေးတစ်စ”

အခုရက်ပိုင်း လည်ကြပါတ်ကြတာနဲ့ပါတ်သက်ပြီး ဖေစ်ဘုတ်စာမျက်နှာမှာ
ရေပန်းစားတာကတော့“ စွန်ရဲအင်း “ပါဘဲ။
ကြာခင်းကြီးတွေရှိတဲ့အင်းပေါ့။
အချို့ကတော့လည်း လည်စရာပါတ်စရာအဖြစ်ညွှန်းကြသလို
အချို့ကတော့ သဘာဝအလှတရားတစ်ခု ပျက်စီးပါပြီဆိုပြီး ကန့်ကွက်ကြပါတယ်။
စွန်ရဲအင်းဆိုတာက
မန်းလေးမြို့တောင်ဘက် ကျောက်ဆည်သွားတဲ့လမ်းမှာရှိနေတာပါ။
မန်းလေးကျောက်ဆည် လမ်းသစ်အတိုင်းသွားရင်
စဉ့်ကိုင်အလွန် လမ်းဘယ်ဘက်ခြမ်း(မန္တလေးအခေါ် အရှေ့ဘက်ခြမ်း)
မှာ ကျောက်ပြားထုတ်လုပ်တဲ့စက်ရုံ
ဆိုင်းဘုတ် ကျောက်ပြားကြီး စိုက်ထားတာတွေ့ရင် အဲဒီလမ်းအတိုင်း ကွေ့ဝင်လိုက်ပါ။
လမ်းခွဲတွေ့ တိုင်း ညာဘက်လမ်းကို လိုက်သွားပြီး လမ်းအဆုံးရောက်ရင်
စွန်ရဲအင်းရှိတဲ့နေရာကိုရောက်သွားပါမယ်။
စ ဝင်ဝင်ခြင်းကတော့ ကတ္တရာလမ်းဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ကျောက်ခဲနဲ့မြေရောတဲ့
လမ်းဖြစ်ပေမယ့် လမ်းကောင်းပါတယ်။
အင်းထဲကို ကွေ့ဝင်တဲ့လမ်းကတော့ အောက်ခံမြေက မြင့်တဲ့အတွက်
အောက်ပိုင်းနိမ့်တဲ့ကားဆိုရင်တော့ သတိထားမောင်းရပါလိမ့်မယ်။

စွန်ရဲအင်းက အတွင်းပိုင်းမှာရှိတော့ အရင်က လူသိနည်းပါတယ်။
အလှအပတရားကိုရှာဖွေကြတဲ့ ဓါတ်ဖမ်းသူတွေက အရင်တွေ့ခဲ့ကြတာပါ။
အင်းဆိုမှတော့ ငါးဖမ်းတဲ့လုပ်ငန်းက သေချာပေါက်ရှိပြီပေါ့။
နောက်ပြီး ကြာပင်တွေကနေ လျှော်ထုတ်တဲ့လုပ်ငန်းလဲရှိပါတယ်။
ဒီစွန်ရဲအင်းမှာထူးခြားချက်တစ်ခုက ကြာပန်းပွင့်ဖတ်တွေကိုချွေချပြီး
ကြာဝတ်ဆံတွေကို ဘဲ ရောင်းဘို့အတွက်ယူကြတာပါ၊
ဟိုအရင်ကတော့ ကြာပွင့်ဖတ်တွေကို ဒီအတိုင်းချွေချလိုက်တာပါဘဲ။
ဒါပေမယ့် အလှတရားကို မြင်တတ် လှသထက်လှအောင်စီရင်တတ်လွန်းတဲ့
ဓါတ်ဆရာများကတော့ လှေတွေ ရယ် ချွေချထားတဲ့ကြာပွင့်ဖတ်တွေနဲ့လူတွေကို
ပေါင်းပြီး လှပပြီး အမြင်ဆန်းတဲ့ ဓါတ်ပုံတွေကိုဖန်တီးယူခဲ့ကြပါတယ်။
စွန်ရဲအင်းပုံတွေနဲ့ ဓါတ်ပုံဆုတွေရကြသူရှိသလို ဖေစ်ဘုတ်စာမျက်နှာများပေါ်တင်
တဲ့အခါ မြင်ရသူအပေါင်းက like တွေ တပြုံတမကြီးပေးခဲ့ကြပါတယ်။
ဘယ်မှာလဲ ဘယ်နေရာလဲ လို့ မေးရင်းကနေ
ဓါတ်ဆရာတွေ တစ်ယောက်ပြီးတစ်ယောက် လမ်းပေါက်ခဲ့ကြပါတယ်။

ကျနော်ကိုယ်တိုင်လဲ ၂၀၁၄ ခုနှစ်ထဲမှာ နှစ်ကြိမ် ရောက်ခဲ့ပါတယ်။၏
ပထမအကြိမ်ကတော့ ဇန်နဝါရီလထဲမှာရောက်ခဲ့တာပါ။
မနက်လေးနာရီခွဲလောက် မန်းလေးကနေထပြီး သွားကြတာပါ။
ကျနော်တို့ရောက်တဲ့အချိန်ဆောင်းနင်းငွေ့တွေကြွနေတော့ အတော်လေးလှတယ်ဆိုနိုင်ပါတယ်။
မနက်ခင်းမှာငါးဖမ်းလှေလေးတွေထွက်စအချိန်မှာ ပါတ်ဝန်းကျင်ကလဲ အေးဆေးတိတ်ဆိတ်ဆိုတော့
အင်မတန်ကိုသာယာတယ်လို့ဆိုနိုင်ပါတယ်။
ကမ်းစပ်နံဘေးမှာရှိနေတဲ့ ကုက္ကိုပင် ခပ်ကိုင်းကိုင်းလေးနဲ့ ငါဖမ်းလှေကလေးတွေကိုတွဲ့ပြီး
ဓါတ်ပုံရိုက်ရတာ လွှတ်ကောင်းပေါ့။
ကျနော်တို့ လှေတစ်စင်းငှားပြီး ကန်ထဲကို လှေပါတ်စီးရင်းဓါတ်ပုံတွေရိုက်ကြပါတယ်။
ပိုက်ချနေတဲ့လှေကလေးတွေကို လိုက်ရိုက်တာပေါ့။
အဲဒီအချိန်က ကြာတုံးချိန်ဆိုတော့ ကြာပွင့်တွေ မမြင်ခဲ့ရပါဘူး။

အင်းရေကတော့ ရွှံ့ရေအရောင် ခပ်နောက်နောက်ပါဘဲ။
ရေကတော့ သိပ်မနက်ဘူးပြောပါတယ်။
ကျနော်ကတော့ လှေပေါ်မှာမတ်တပ်ရပ်လိုက်ရင်း ဓါတ်ဖမ်းတာပေါ့။
လှေငှားခ ငါးထောင်ပေးရပါတယ်။
ကျနော်တို့ အားလုံး ငါးယောက်ပါ။

၂၀၁၄ ဩဂုတ်လထဲမှာ တစ်ခါထပ်ရောက်ပါတယ်။
ဒီတစ်ခါလဲ မနက်စောစော ထပြီးသွားတော့
ငါးနာရီကျော်ကျော်လောက်မှာ စွန်ရဲအင်းကိုရောက်ပါတယ်။
ကျနော်ရောက်ချိန်က ကြာပန်းတုံးချိန်ဖြစ်နေပါပြီ။
အဲတော့ ကြာပန်းလိုချင်တဲ့ကျနော် နွံထဲမှာခြေကျွံမကျအောင်
စမ်းတဝါးဝါးသွားရင်း လိုချင်တဲ့ကြာပန်းကို ရအောင်ရိုက်နိုင်ခဲ့ပါတယ်။
ကျနော်တို့ရောက်တော့ ကမ်းစပ်မှာလှေအကြီး မရှိပါဘူး။
တစ်ယောက်စီးလှေလေးတွေဘဲရှိပါတယ်။
တစ်ခါငှား ကျပ်ငါးရာထဲပါ။
အဲ့ဒီအခေါက်ကတော့ အင်းရေပြင် ကို လှော်တက်နဲ့ရိုက်ပြီး ငါးတွေကိုလှန့်ပြီး
ငါးဖမ်းတာကို မြင်ခဲ့ရပါတယ်။
ဒီတစ်ခေါက်လဲ ကျနော်တို့အဖွဲ့ဘဲရှိတော့ ဓါတ်ပုံရိုက်ရတာအေးဆေးပါဘဲ။
ပါတ်ဝန်းကျင်မှာ ကွမ်းယာနဲ့မုန့်စုံရောင်းတဲ့ဆိုင်လေးတစ်ဆိုင်ဘဲရှိပါတယ်။
အင်းပါတ်ဝန်းကျင်မှာ လမ်းလျှောက်ပြီး ဒေါင့်ပေါင်းစုံကနေ ဓါတ်ပုံရိုက်လို့ရခဲပါတယ်။
အခု၂၀၁၆ ပြီးခဲ့တဲ့လပိုင်းမှာတော့ ဖေစ်ဘုတ်ပေါ်မှာစွန်ရဲအင်းဆိုတဲ့နာမယ်ကိုတွေ့နေရပါတယ်။
ကြာပန်းပွင့်တွေနဲ့ ဆယ်လဖီပုံတွေကလဲ ဖေစ်ဘုတ်မှာ ပလူပျံလို့ နေပါတယ်။
မရောက်ဘူးလို့သွားချင်သူများကလဲ ဘယ်လိုသွားရလဲ လို့ ဖွဘုတ်မှာမေးကြတာပေါ့။
အဲလို နာမယ်ကြီးလာချိနိ်မှာအမြင်မတူတာတွေထွက်လာပါတော့တယ်။
အချို့ကတော့ ကြာပန်းတွေခူးရတာပျော်သတဲ့။
အချို့ကတော့ ကြာပန်းတွေကို စည်းမဲ့ကမ်းမဲ့ခူးရင်ကြာတွေမျိုးတုံးသွားမတဲ့။
ဖေစ်ဘုတ်မှာ Like တစ်ချက်ရဘို့ အတွက်ကြာပန်းတွေကို မဖျက်ဆီးသင့်ဘူးတဲ့။
ကြာပန်းလေးတွေနဲ့ ဓါတ်ပုံတွဲရိုက်ရတာက သိပ်ပြီး ရိုမင်းတစ်ဖြစ်သတဲ့။
အချို့ကတော့ အလုပ်အားလပ်ရက်မှာစိတ်ပြေလက်ပျောက်သွားစရာနေရာတစ်ခုတိုးလို့ပျော်သတဲ့။
အချို့တော့ လူတွေအဲလို အလာများရင် အင်းရဲ့သဘာဝအလှတွေပျက်ကုန်မှာစိုးသတဲ့။
အချို့ကတော့ ဒီလို လူတွေအလည်လာခဲ့တဲ့အတွက် ဒေသခံတွေမှာ
အလုပ်အသစ်တွေရ ဝင်ငွေတွေ တိုးလာတော့ စားရေးသောက်ရေးအဆင်ပြေတာပေါ့တဲ့။
အချို့ကတော့ ဧည့်သည်တွေစွန့်ပစ်ခဲ့တဲ့ အမိူက်တွေက ပါတ်ဝန်းကျင်ညစ်ညမ်းမူ့ဖြစ်စေသတဲ့။
ဒါကတော့ ဖွဘုတ်စာမျက်နှာပေါ်မှာ ကိုယ့် အမြင်ကိုယ်ရေးကြတာလေးတွေပေါ့။

ပြီးခဲ့တဲ့ ဥပုဒ်နေ့ကတော့ဓါတ် မိတ်ဆွေတစ်ယောက်က စွန်ရဲအင်းကို သွားချင်တယ်။.
အဖော်လိုက်ခဲ့ပါ သူ့ကားနဲ့လာခေါ်မယ် လိုက်ချင်တဲ့ မိတ်ဆွေလဲစုထားပါလို့ဖုန်းဆက်လာပါတယ်။
သူဆက်တဲ့အချိန်က မနက် ၁၁ နာရီ။
ဒါနဲ့ဘဲ စိတ်တူ ကိုယ်တူ မိတ်ဆွေ နှစ်ယောက်ကို လှမ်းဆက်သွယ်ပြီး
နေ့လည် ၂နာရီလောက်မှာ လေးယောက်သား စွန်ရဲအင်းကိုချီတက်ခဲ့ကြပါတယ.်။
အင်းရှိတဲ့နေရာကို ကားလဲကွေ့ဝင်လိုက်ရော
ဟိုအရင်က ဘာမှ မရှိတဲ့ ကွင်းပြောင်ပြောင်ကြီးထဲမှာ
အလည်လာသူများရဲ့ကားတွေက ဆီးကြိုလို့နေပါတယ်။
အင်းခြံစည်းရိုးအပြင်ဘက်မှာလဲကားအပြည့်။
ခြံစည်းရိုးထဲမှာလဲ ကားအပြည့်။
ကားအစောင့်တွေဘာတွေနဲ့ အဆင်ကိုပြေလို့ တစ်စီးမှ ကျပ် ၂၀ဝ ထဲပါ။
ခြံစည်းရိုးထဲကို လှမ်းကြည့်လိုက်တော့ လူအပြည့်။
စားသောက်ဆိုင်တွေက လဲအပြည့်။
အထဲရောက်လို့ကြည့်လိုက်တော့ ကျနော် နှစ်သက်လှတဲ့ အပင်ကိုင်းကိုင်းလေးက
စားသောက်ဆိုင် နောက်ရောက်နေပါပြီ။
စားသောက်ဆိုင်ဝါးလုံးတန်းကို သူထမ်းထားရတဲ့ဘဝရောက်နေပါပြီ။
အင်းထဲကိုသွားဘို့ လှေငှားမယ်လုပ်တော့ လှေဆိပ်မှာလူတွေတန်းစီပြီး
စောင့်နေကြပါတယ်။
စားသောက်ဆိုင်ထဲမှာလဲ စားသောက်နားနေသူတွေအပြည့်။
အင်းထဲမှာလည်ပြီး ပြန်လာသူတွေရဲ့လက်ထဲမှာလည်း ကြာပန်းစီးလေးတွေကိုယ်စီနဲ့။
အင်းထဲမှာလှေစီးနေသူအတော်များများမှာလည်း ပုသိမ်ထီးလေးတွေနဲ့။
ကမ်းစပ်မှာထီးငှားလို့ရပါတယ်။
အင်းထဲမှာဆို နေပူကျဲကျဲကြီးကို။
လှေငှားခမေးကြည့်တော့ တစ်ယောက်သုံးထောင်ကျပ်။
ကျနော်တို့ က လေးယောက်ထဲ သွားမယ် ဓါတ်ပုံရိုက်မယ်လို့ပြောလိုက်တော့
ခဏစောင့်ပါ လှေခေါင်းနဲ့ ကြေးညှိပါပြောပါတယ်။
လှေတွေသာတစ်စီးပြီးတစ်စီးဆိုက်
ရပ်စောင့်နေတဲ့သူတွေသာလှေပေါ်တက်သွားလိုက်
နာရီဝက်ကျော်ကျော် သာ ကြာသွားတယ်
ကျနော်တို့ အလှည့် ကိုရောက်မလာတော့ပါဘူး။
ဒါနဲ့ဘဲကျနော်တို့လဲ အင်းတောင်ဘက်က အင်းထဲကိုရေဝင်တယ်ဆိုတဲ့
နေရာကို သွားပြီး ဓါတ်ပုံရိုက်ပါတော့တယ်။
ကြာခင်းနားကို ဓါတ်ပုံရိုက်နေရင်းလူသံတွေကြားလို့ လှမ်းကြည့် တဲ့အခါ
လှေတွေက ကြာခင်းထဲကို ဝင်လာပြိးရပ်ပေး။
လှေပေါ်ကလူတွေက မြေပေါ်ဆင်းပြီး ကြာပန်းတွေခူးကြ
ဆယ်လဖီဆွဲကြ အုပ်စုလိုက်ဓါတ်ပုံရိုက်ကြနဲ့
တပျော်တပါးကြီးပါဘဲ။
စိတ်လွတ်လပ်ပျော်ရွှင်စွာ ရယ်မောခွင့် ရဘို့ ဆိုတာ
အခုခေတ်ကြီးမှာ အတော်မလွယ်တဲ့ကိစ္စပါ။
ညနေငါးနာရီခွဲလောက်မှာတော့ ကျနော်တို့ လှေဆိပ်ကိုတစ်ခေါက်ပြန်လာတော့
အတော်များများပြန်ကုန်ကြပါပြီ။
ကျနော်တို့ စိတ်ကြိုက်လှေကို ငှားလို့ရတော့ အင်းထဲကိုသွားခဲ့ကြပါတယ်။.
လှေငှားခကတော့ ပုတ်ပြတ် တစ်သောင်းခွဲ။
အင်းထဲမှာကြာကြာနေမယ် သွားချင်တဲ့နေရာသွားမယ်ဆိုရင်လှေဆရာလေးတွေကို
မုန့်ဘိုးကြည့် ကျက်ပေးဘို့ ပြောပါတယ်။
ကျနော်တို့လဲ အင်းထဲကိုလှေစီးရင်းစုံစမ်းစပ်စုလုပ်တော့
အင်းပိုင်းကလှေထောင်ထားပါတယ်။
စုစုပေါင်းလှေအစီးလေးဆယ်လောက်ရှိတယ်ပြောပါတယ်။
လှေသမားလေးတွေကတော့ ပုတ်ပြတ် တစ်ရက်ကို ကျပ်ငါးထောင်ရပါတယ်ပြောပါတယ်။
အင်းအလုပ်ကတော့ ငါးဖမ်းတာ အဓိကလို့ပြောပါတယ်။
အင်းရေက တစ်စထက်တစ်စ တိမ်လာပြီ။
ရေအနက်သုံးပေလောက်ဘဲရှိတော့တယ်၊
နွံတွေကျလာပြီလို့ပြောပါတယ်။
ဒီနှစ်မိုးနည်းတော့ အင်းထဲကိုရေအဝင်နည်းတယ်လို့လဲပြောပါတယ်။
အင်းထဲကို လှေတွေသွားတာ ညနေခြောက်နာရီခွဲအထိဘဲခွင့်ပြုပါသတဲ့။
ကျနော်တို့က လူလေးယောက် လှေသမားကနှစ်ယောက်
လေးယောက်ထဲမှာ ဝတဲ့ သူက နှစ်ယောက်ဆိုတော့ လှေနုပ်ခမ်းက ရေပြင်နဲ့ထိနေတယ်။
အရေးထဲလှေကရေမလုံ တော့ ရေတွေဝင်လာတာကို တဖတ်ဖတ်နဲ့ခပ်ထုတ်နေရပြန်ပါတယ်။
ကြာတောထဲကို လှေဝင်ခိုင်းတော့ မရဘူး ရေတိမ်တယ်ပြောတာနဲ့
လှေကို ကြာရွက်တွေရှိတဲ့နားမှာရပ်။
လှေသမားနှစ်ယောက်က အောက်ဆင်း ထိုးဝါးစိုက်။
လှေကိုရပ်ထားပြီးဓါတ်ပုံရို်က်ပါတယ်။
ကျနော်တို့လဲနေဝင်ချိန်လေးတွေရိုက်ပြီးပြန်လာခဲ့ပါတယ်။
အပြန်လမ်းမှာတော့ တွေးစရာတွေပလုံစီလို့ပေါ့။

အင်းရေပြင်မှာကြာဖက်တွေရော ကြာဖူးတွေရောအပွင့်တွေရော
မုန့်အိတ်ခွံတွေရော အချိုရည်ဘူးခွံဘီယာဘူးခွံတွေပေါလောမျောလို့။
စားသောက်ဆိုင်တွေရှိတော့ လဲ စားကြွင်းစားကျန်တွေနဲ့
ညစ်ပတ်လို့။

လာရောက်လယ်ပါတ်သူတွေမျက်နှာကိုကြည့်ပြန်တော့လဲ
ပြုံးပြုံးရွှင်ရွှင်နဲ့ရီရီမောမော။
အင်းရေကတော့ အရင်ကလဲ နောက်ကျိကျိ အခုလဲနောက်ကျိကျိပါဘဲ။

စဉ်းစားကြည့်မိတာလေးတော့ပြောချင်ပါတယ်။
သဘာဝအလှပျက်မှာစိုးလို့ အင်းထဲကို လှေမစီးရ ကြာပန်းမခူးရဆိုပြီး အပြီး ပိတ်လိုက်မလား။
ဒါဆိုရင် အလှတော့ မပျက်ဘူးလို့ ယူဆနိုင်ပေမယ့် မသေချာလှပါဘူး။
အခုလို ဝင်ချင်သလိုဝင်ထွက်ချင်သလိုထွက်လုပ်မယ့် အစား စည ်းနဲ့ကမ်းနဲ့ဝင်ခွင့်ပြုလိုက်ရင်
ရမယ်ထင်ပါတယ်။
အင်းနံဘေးမှာ ကပ်ဖွင့်ထားတဲ့စားသောက်ဆိုင်တန်းတွေကို ခြံ ဝင်းအပြင်မှာ
နေရာလုပ်ပေးလိုက်ပါ။
အင်းထဲကို ဝင်မယ်ဆိုရင် ဝင်ခတောင်းပါ။
လှေစီးခ တစ်ယောက်သုံးထောင်ကတော့ များတယ်လို့ ထင်ပါတယ်။
ဝင်ကြေးကျပ်တစ်ထောင် လှေစီး ခ ကျပ်နှစ်ထောင် ပုံသေသတ်မှတ်ပေးလိုက်ပါ။
အင်းနံဘေး ပါတ်ဝန်းကျင်မှာ လမ်းလျောက်လို့ ရအောင် ဖန်တီးပေးလိုက်ပါ။
လာရောက်လည်ပါတ်သူတွေကိုလည်း အမိူက်ကို စည်းကမ်းတကျ စွန့်ပစ်ဘို့ တိုက်တွန်းပါ။
အမိူက်ပုံးတွေထားပေးပါ။
နောက်ကြာပန်းတွေကို စည်းမဲ့ကမ်းမဲ့ခူးခွင့် မပြုပါနဲ့။
ခူးချင်ရင် ကြာတစ်ပွင့် ကို ဘယ်လောက်ဆို တာ အခကြေးငွေသတ်မှတ်ပေးပြီး
ကြာခူးဘို့ အတွက်က လှေသမားကို တာဝန်ပေးပါ။
လှေသမားအတွက်ကလည်းတစ်နေကုန် ပုတ်ပြတ် ငါးထောင်ဆိုတာ နည်းလွန်းပါတယ်။
သူတို့ ကို ကြာပန်းခင်းကို လည်းစောင့်ရှောက်ခိုင်းရင် း လုပ်ခတိုးပေးသင့်ပါတယ်။
တကယ်တော့ အဲလိုသာအကြံတွေစွတ်ပေးကြည့်နေတာ
ဒီတာဝန်တွေကို ဘယ်သူ ယူပေးမလဲ ဆိုတာတော့
ကျနော်လဲ မပြောတတ်တာအမှန်ပါဘဲ။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
10716

3 comments

  • Thint Aye Yeik

    July 12, 2016 at 2:23 pm

    မရောက်ဖူးသေးဘူး။ ရောက်ချင်တယ်။
    အခုတော့ ရောက်ဖူးသူတွေ ပြောပြတာကိုပဲ လိုက် ဖတ်….လိုက်ကြည့်နေရသေး…

  • အောင် မိုးသူ

    July 13, 2016 at 10:25 am

    ကြာပန်းတွေကိုတော့ချစ်တယ်။ သိပ်အထွေအထူးကြီး မဟုတ်ဘူးလို့ ထင်မိတာကြောင့် သွားချင်လှပါပေ့ဆိုတဲ့ နေရာထဲတော့ မပါမိတာအမှန်ပဲ။

Leave a Reply