ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းရှိ သဘက် ချောင်းရေကို သောက်သုံး မှုကြောင့် ကျေးရွာလေး ရွာခန့်မှ ဒေသခံရွာသားအများအပြား ဝမ်းရောဂါဖြစ်ပွားပြီး ၅ ဦးထက်မနည်း သေဆုံး

Yin Nyine NwayAugust 29, 20101min650

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းရှိ သဘက် ချောင်းရေကို သောက်သုံး မှုကြောင့် ကျေးရွာလေး ရွာခန့်မှ ဒေသခံရွာသားအများအပြား ဝမ်းရောဂါဖြစ်ပွားပြီး ၅ ဦးထက်မနည်း သေဆုံးခဲ့ကာ ယင်းသည် သတ္တုရိုင်း တူးဖော်မှုနှင့် ဆက်စပ်နိုင်သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နှစ်လခန့်က ဝမ်းရောဂါဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံနှင့် နီးစပ်သူတဦးက ယခုလို ပြောသည်။

“ဖြစ်တာက နောင်ကား၊ နောင်ပစ်၊ ဟမ်းစူးရွာတို့ပေါ့နော်။ အဲဒီချောင်းမှာ မှီခိုနေတဲ့ လူတွေ ပေါ့နော်။ တချို့က ရွာနဲ့နည်းနည်းဝေးပေမယ့်လည်း ချောင်းမှာ လယ်တွေ သွားလုပ်၊ ယာတွေ သွားလုပ်တော့ အဲမှာ သောက်ကြတာပေါ့နော်။ အထူးသဖြင့် အဲဒီချောင်း တလျှောက်မှာ ရှိတဲ့ ရွာတွေပေါ့နော်။ ဒီအ ပေါ်မှာပိုင်းမှာရှိတဲ့ ရွာတွေက အဲလိုမျိုး ဖြစ်ကြတယ်။ ဝမ်းလျော ကြတယ်၊ ဝမ်းကိုက်ကြတယ်ပေါ့နော်။ အခုတော့ အနည်းဆုံး ငါးယောက်လောက် သေသွားပြီလို့ သိရတာပေါ့နော်။”

တောင်ကြီးမြို့အရှေ့ဖက်ရှိ ယခုလက်ရှိ တည်ဆောက်နေသည့် ပင်းပက်သံသတ္တုရိုင်း စက်ရုံက ယင်း သဘက်ချောင်းကို အသုံးပြုနေသည့်အတွက် ရေထုညစ်ညမ်းမှုကြောင့် ဝမ်းရောဂါ ဖြစ်သည်ဟု ဒေသခံများက သံသယ ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

“အဲဒီစက်ရုံကလည်း အဲဒီရေကို ပိတ်ထားတာ ရှိတာပေါ့နော်။ ရေကာတာနဲ့ အဲဒီချောင်းကို ပိတ်ထား တာ ရှိတယ်။ နောက်အဲဒီစက်ရုံကွင်းထဲမှာ သူတို့ရေသွားသိုလှောင်ပြီးတော့မှ အဲဒီ သိုလှောင်ထားတဲ့ ရေကို ပြန်လွတ်တာ ရှိမရှိတော့ ကျနော်တို့ မသိဘူးပေါ့နော်။ ရွာသားတွေ က အဲဒီဥစ္စာကို သံသယ ဖြစ်နေကြတယ်။”

မည်သည့်အတွက်ကြောင့် ဝမ်းရောဂါ ဖြစ်ပွားသည်ကို တိကျ မသိရသော်လည်း စပါးပင် အတွက် ပိုးသတ်ဆေး နှင့် ဓာတ်မြေဩဇာ သုံးစွဲပြီး ယင်းရေများ ချောင်းအတွင်း စိမ့်ဝင်မှု ကြောင့် ဖြစ်နိုင်သည်ဟု ပင်းပက်သတ္တုရိုင်း စက်ရုံနှင့်ပတ်သက်ပြီး အနာဂတ်ကို လုယူ ဖျက်ဆီးခြင်း အစီရင်ခံစာ ထုတ်ခဲ့သည့် ပအိုဝ်းလူငယ်အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ခွန်ချန်ကီက ပြောသည်။

“ကျနော့်အထင်မှာကတော့ အဲဒါတော့ မဖြစ်နိုင်ဘူးပေါ့နော်။ လယ်မှာရှိတဲ့ စိုက်ခင်းမှာ သူတို့ ပိုးသတ် ဆေးသုံးတာတို့၊ ဓာတ်မြေဩဇာ သုံးတာတို့ အဲဒါများပြီးတော့မှ ရေထဲကို စိမ့်ဝင်ပြီးတော့မှ ဖြစ်လိမ့် မယ်လို့ ကျနော်အဲလိုမျိုး မြင်တာပေါ့နော်။ ဒါပေမယ့် ဆေးဆရာ တို့၊ ကျန်းမာရေးလုပ်သားတို့ သူတို့ ဘယ်လိုပြောလဲတော့ မသိဘူး။”

ဒေသတွင်းရှိ ကျန်းမာရေးလုပ်သားများက ယခု ဝမ်းရောဂါဖြစ်ပွားမှုအပေါ် တစုံတရာ စစ်ဆေးခြင်း၊ ဆေးဝါးကုသ ပေးခြင်း မရှိဟု ရွာသားများက ပြောသည်။

ဝမ်းလျော၊ ဝမ်းကိုက်ရောဂါ ဖြစ်ပွားမှုနှုန်းသည် ယခုချိန်ထိ မကျသေးပဲ တိုးမြှင့်လာသဖြင့် ဒေသခံများ လယ်ယာ လုပ်ငန်းကို ခေတ္တရပ်ဆိုင်းထားရသည်ဟု ဒေသခံများက ပြောသည်။