သူမများ ဘယ်တော့မှ အကြွေးနဲ့အကျိုးမပေးဘူးထင်ပ။ သူမက ချေးလိုက်တဲ့ပိုက်ဆံမှန်သမျှ ပြန်မရတဲ့အပြင် ဒီလိုလေးပြောသွားတာတောင်ခံလိုက်ရသေး။ အဟေးဟေး………..နင်တို့အိမ်က အဆင်ပြေတယ်လေဟာတဲ့။ ကိုယ့်အိမ်တွင်းရေး သူသိတာကျလို့။ အိမ်မှာ အပြင်ထွက် အလုပ်လုပ်တာ ဆိုလို့သူမတစ်ယောက်တည်း။ ရတဲ့လစာကလည်း လေးသောင်းစွန်းစွန်းသာရယ်။ အောက်က အငယ်တွေအကုန်လုံးကကျောင်းသား။ အဖေအမေကိုယ်တိုင်လုပ်တဲ့ မိသားစု စီးပွားရေးကလည်း ကိုယ်ရမယ့် အကြွေး သိန်းဆယ်ချီရှိတာတောင် တခါသွားတောင်း ၂သောင်း၊ ၃သောင်းပဲပေး။ ကိုယ်ပေးရမယ့်အကြွေးကျတော့ ချက်ချင်းလက်ငင်းရှင်းနေရတဲ့ဘဝ။ အဲလို ပြောတဲ့သူကလည်း အခြားမဟုတ် ကိုယ့်အမျိုးအရင်းကြီးရယ်။ အစ်ကို ၄ယောက်လောက် ရှိတာတောင် သက်ရှိကျန်နေတဲ့ အမေကို မထောက်ပံ့နိုင်ကြ။ သူ့ခမျာ မိန်းကလေးတန်မဲ့ အမေအိုကြီးကို တင်ကျွေးထားလို့ ဘာမှမပြောတော့ပါဘူးလေ။ အဲဒီတုန်းကတော့ သူ့အတွက်ဆိုပြီး ကိုယ့်နာမည်ခံချေးပေးထားတဲ့ ၄သောင်းကို အတိုးပါဝိုင်းဆပ်ပေးလိုက်ရတာ တစ်နှစ်ကြာလောက်မှ ကြေပါလေရော။ ဒါက တပိုင်းပေါ့။

နောက်တစ်ယောက်ကျန်သေးတယ်။ သူလည်း ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးဗျ။ သူက ဂျာနယ်တိုက်တစ်ခုမှာ အယ်ဒီတာပေါက်စပေါ့။ လစာကတော့ သူမထက်သာမှာတော့ အသေအချာ။ မေးလည်း မမေးကြည့်မိပါဘူး။ တစ်ရက်တော့ နင့်မှာ ၃သောင်းလောက်ရှိရင် ခဏချေးစမ်းပါတဲ့။ Laptop ဝယ်ဖို့ လိုနေလို့ဆိုပြီး ချေးသွားပါလေရော။ သူမလည်း သူမအိတ်ထဲက ပိုက်ဆံလေးထုတ်ပေးရင်းနဲ့ သူ့ကိုမှာဖြစ်အောင်မှာလိုက်ပါသေးတယ်။ နင်လကုန်ရင်တော့ အဲပိုက်ဆံပြန်ပေးနော်လို့။ ငါ့ညီမတွေကျောင်းအပ်ဖို့အတွက် စုထားတဲ့ပိုက်ဆံတွေနော်လို့။ နောက်လဆို ကျောင်းတွေကပြန်ဖွင့်တော့မှာနော်.. သူမကတော့ ဘယ်လောက်ပဲ မှာတမ်းခြွေခြွေ၊ ဖုန်းတွေဆက်ဆက်၊ အဖက်ပြန်မလုပ်တော့လို့ အိမ်လိုက်သွားပြီး သူ့အမေကို သွားတိုင်ရတာပေါ့။ အိမ်လိုက်သွားလို့ အကြွေးပြန်ရတယ်လို့ မထင်ကြပါနဲ့။ သူ့သားလုပ်တာသူမသိပါဘူးတဲ့။ သားတစ်ယောက်၊သမီးတစ်ယောက်မွေးထားပြီး သားဆီကလစာရနေတဲ့သူက အဲလိုပြောတော့လည်း ဟုတ်ကဲ့ပါ။ အန်တီသိအောင်လာပြောတာပါဆိုပြီး ထပြန်ခဲ့ရလေရဲ့။ ကိုယ်ကတော့ ရစရာရှိတာတောင် မာနကြီးနဲ့များ။ ပိုက်ဆံပြန်ဆပ်ပါလို့ တခွန်းမဟခဲ့ပါဘူး။ အံသြဘန်းတွေ ကြုံရပြန်တာပေါ့….သူ့အိမ်လိုက်သွားရမလားဆိုပြီး သူမကို ဖုန်းဆက်ပြီး ရန်ရှာတာတောင်ခံရပေါ့။ သူမပိုက်ဆံလား…အခုထက်ထိမရသေးပါဘူး…အခုဆို သူ့ရဲ့လစာက ၈သိန်း၊ ၁၀သိန်းဝန်းကျင် ရမယ် ထင်တာပါပဲ။

အခုတခါလာမှာကတော့ သူမပိုက်ဆံချေးတဲ့အလှည့်ပေါ့။ သူ့ဆီမှာပိုက်ဆံမရှိလို့ဆိုပြီး အခြားသူ ဆီက ချေးပေးတာပါလို့ ပြောပြီး အတိုးနဲ့ သူမကို ပိုက်ဆံချေးတော့လည်း မသိချင် ယောင်ဆောင်ြ့ပီး ကျေးဇူးတင်ရတာပေါ့။ သူမအတွက်က သူချေးပေးတာနဲ့တင် ကျေးဇူးအရမ်းတင် နေပါပြီ။ သူငယ်ချင်းအရင်းဆိုတော့လည်း ငါအဆင်ပြေတာနဲ့ ပြန်ဆပ်မယ်လို့ပြောပြီး ယူလာခဲ့တော့ အခုမဆပ်နိုင်သေးလည်း စိတ်မပူပါဘူး။ အတိုးပုံမှန်ပေးနေတာပဲဆိုပြီး စိတ်အေးရတာပေါ့။ သူ့အိမ်ကသွားရလာရခက်တော့ တခါတလေ အတိုးကို ၂လတခါ၊ ၃လတခါ ပေါင်းပေးမိတာပါပဲ။ အဲလိုနဲ့ လကြာသွားကော။ တရက်တော့ ဖုန်းဆက်ပါလေရော။ အကြွေးယူထားတာ ကြာနေလို့ဆိုပြီးတော့ သူမကပဲ ပြန်မဆပ်နိုင်တော့မယ့်ပုံစံနဲ့။ စိတ်ထဲမယ် အတော်မကောင်း ဖြစ်သွားတာ။ သူမမှာ အတိုးကို တလချင်းမပေးဖြစ်တာပဲရှိတာ။ သူငယ်ချင်း မို့လို့လည်း စယူထဲက အဆင်ပြေတာနဲ့ပြန်ဆပ်မယ်လို့ ပြောထားတာ။ သူဖုန်းမဆက်ရင်တောင် နောက်လဆိုရင် အကြေဆပ်လို့ရပြီဆိုပြီး စိတ်ထဲတေးထားတာ။ ယူတုန်းက တလုံးတခဲတည်းမို့ ပြန်ဆပ်ရင်လည်း တလုံးတခဲတည်းပေးချင်လို့ ဖြည်းဖြည်းချင်းစုထားခဲ့ရတာ။ အခုတော့ သူတို့အဆင်မပြေလို့ ပြန်တောင်းတာလို့ စိတ်ထဲမယ် ဘယ်လိုမှသတ်မှတ်လို့မရ။ ပိုက်ဆံယူထားတာကြာလို့ သူမကို ပြန်မဆပ်နိုင်တော့ဘူးဆိုပြီး ပြောတဲ့ပုံစံ။ အပေါ်မှာပြောခဲ့သလိုပဲ သူများအတွက် ချေးပေးတဲ့ ပိုက်ဆံကိုတောင် အတိုးပါစိုက်ပြီး ဆပ်ပေးခဲ့ဖူးတာပဲ။ အဲဒီတုန်းကလည်း အတိုးနဲ့တင် အရင်းပါကြေပြီး အမြတ်ကြီးမြတ်ပြီးသား။ ဘာမှမပြောတော့ပါဘူးလေ ကိုယ်ကသူ့ဆီက အကြွေးယူထားမိတာကိုး……..ပေးစရာရှိတဲ့ပိုက်ဆံကိုတော့ မြန်မြန်သွားပေးလိုက်ရတာပေါ့………..

အဲဒီလိုနဲ့ နောက်ထပ် အကြွေးဆိုတာကိုရှောင်ပြီး နားအေးပါးအေးနေလာရင်း လုပ်နေတဲ့အလုပ်ထက် လစာပိုကောင်းတဲ့အလုပ်ကိုပြောင်းဖို့ စိတ်ကူးမိတာပေါ့။ ခက်တာက အဲဒီကအလုပ်ထွက်ဖို့က နှစ်မပြည့်သေးဘူးလေ။ (၃)နှစ်ပြည့်အောင်မလုပ်နိုင်ရင် လျော်ကြေးပေးရမယ်ဆိုတဲ့အတွက် သူမကလည်း အဲမှာလုပ်နေတာ (၂)နှစ်စွန်းစွန်းရှိနေပြီ။ ဒီအချိန်ထွက်လိုက်ရင် လျော်ကြေးက အလကားနေ ပေးနေရဦးမယ်။ မထွက်လိုက်ဘဲနေပြန်ရင်လည်း အခြားအလုပ်က ဒီထက်လစာ ပိုကောင်းတဲ့အတွက် လကြာလာတာနဲ့အမျှ သူမဝင်ငွေတွေ ကွာနေတော့မှာပဲဆိုပြီး စဉ်းစားခန်းထုတ် နေရတာပေါ့။ နောက်ထပ် (၁)နှစ် အချိန်ပုပ်ခံမလား။ လျော်ကြေးပေးပြီးထွက်မလားဆိုတာကို စဉ်းစားရတာလည်း တနေ့တနေ့ ဒုက္ခကြီးတခုပါပဲ။ သူမအတွက် ဒီကုမ္ပဏီမှာ ရေရှည်လုပ်မှ အကျိုးအမြတ်ရမယ်ဆိုတာထက် လက်ရှိ သူမလုပ်ပေးနိုင်သလောက် အသိအမှတ်အပြု မခံရသေး ဘူးလို့ အထင်လေးကလည်းရှိနေတော့ လျော်ကြေးပေးပြီး အလုပ်ပြောင်းဖို့လမ်းကြောင်းကိုပဲ ရွေးပြန်ရတာပေါ့။ အဲဒီမှာနောက်ထပ် အကြွေးထပ်ယူရပြန်ကော။ ဒီတခါ အကြွေးယူတာကတော့ ဘာပြဿနာမှမရှိပါဘူး။ အဆင်ပြေတာနဲ့ ပြန်ဆပ်မယ်လို့ပြောပြီး ယူခဲ့တာပဲလေ။ အဲဒီအကြွေး ပြန်ဆပ်ဖို့ လုံးပန်းနေတဲ့ကာလမှာလည်း အရင်က အလုပ်အတူလုပ်ဖူးတဲ့သူငယ်ချင်းက ပိုက်ဆံချေးပါဦးလို့ ဆိုလာပြန်ကော။ သူမဆီမှာအဆင်မပြေရင်လည်း အခြားသူဆီကနေ အတိုးနဲ့ချေးပေးပါလို့ ထပ်ဆိုလာပြန်တော့ မနေနိုင်သူ သူမက စေတနာဗရပွနဲ့ (၅)သောင်း လွှဲပေးလိုက်ပါသေးတယ်။ အဲဒီပိုက်ဆံလည်း အခုတော့ပလုံ။ သူမရည်းစားကလည်း သူ့သူငယ်ချင်း အိမ်ပြန်လမ်းစရိတ်မရှိလို့ ချေးပေးပါဦးဆိုတော့လည်း (၄)သောင်း ပလုံ။ သူမ သူငယ်ချင်းက မြဝတီဘက်ရောက်နေသလိုလို သတင်းတော့ကြားမိသား။ သူအဆင်ပြေရင် ပြန်ရမှာပါလို့ပဲ တွေးထားပါတယ်။ ဟိုတကောင်ကတော့ နေ့တိုင်းတွေ့နေတာတောင် ကိုယ့်ကိုပြန်ဆပ်ရမယ့်ပိုက်ဆံ မရှိခဲ့သလိုပဲ ခေါ်ခေါ်ပြောပြောလုပ်၊ တည့်ပြောလို့လည်းမရ။ ကြားလူနဲ့ပြောခိုင်းလည်းမရ။ နောက်ဆုံးတော့လည်း ပလုံပလုံပါပဲပေါ့။ တခါတလေတော့လည်း သူမကိုသူမ လှောင်ရယ်မိချင်လား။ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားသလိုမျိုး၊ အတိုးနဲ့ချေးထားတဲ့ပိုက်ဆံ ပြန်တောင်မဆပ်နိုင်သေးဘဲ ကူညီပါဦး၊ ပိုက်ဆံချေးပေးပါဦးဆိုရင် မနေနိုင်မထိုင်နိုင် ကူညီပေးချင်တဲ့ သူမတို့ သမီးရည်းစား နှစ်ယောက် အလွန်ပဲဖြစ်နေတယ်ထင်ပါရဲ့။ ပြီးခဲ့တဲ့နှစ်လလောက်ကပဲ သူမအကြွေးယူတုန်းက အတိုးပုံမှန်ဆပ် နေရဲ့သားနဲ့ ပိုက်ဆံယူထားတာ ကြာလို့ဆိုပြီး မယုံသင်္ကာပြောတဲ့ တစ်ယောက်ကပဲ သူ့ယောင်္ကျား အဆင်မပြေလို့ ပိုက်ဆံမလွှဲနိုင်သေးလို့ ပိုက်ဆံချေးပါဦးတဲ့။ အေးပါ..အေးပါဆိုပြီး အဆင်ပြေမှပြန်ပေးပါဆိုပြီး ချေးလိုက်ရပါသေးတယ်။ သူမကတော့ အခြားသူတွေလို ကိုယ့်အလှည့် ရောက်ရင် ဆော်လိုက်မယ်လို့ စိတ်ထဲမထားပါဘူး။ ဒါပေမယ့် သူငယ်ချင်းတွေက ကိုယ့်ကို အရင်ထက် လစာပိုကောင်း လာတာကိုပဲ မြင်နေကြတယ်လေ။ တကယ်တော့ သူမရဲ့လစာက သူမအသက်ကိုတောင် မမီသေးပါဘူးလေ။ သူမဆီမှာ သူမဆပ်ရမယ့်အကြွေးတွေ ဘယ်လောက် ရှိတယ် ဆိုတာ စိတ်ဝင်တစားတောင် မေးမြန်းဖော်မရ။ အကြွေးကြေသွားပြီလားဆိုတာ ဘယ်သူမှ မမေး။ အခုပြောခဲ့သမျှတွေက ကိုယ်ခံရတာတွေ အကုန်မဟုတ်သေး။ ရေးရင်းရေးရင်းနဲ့ပဲ စာလည်းအလွန်ရှည်နေပြီမို့ ဒီလောက်နဲ့ပဲ တော်ပါရစေ။

(အခုတော့လည်း သူမပေးရမယ့်အကြွေးတွေ အတိုးတွေကို အောင်မြင်စွာနဲ့ ပေးဆပ်ပြီးဖြစ်ပါကြောင်း နှင့် သူမရမည့် အကြွေးများကိုလည်း ရပါစေကြောင်း ဝိုင်းဝန်းဆုတောင်းပေးကြပါလားကွယ်။)

About Tawwin Pan

Tawwin Pan has written 12 post in this Website..

တချိန်တုန်းက ကိုယ်မှန်တယ်ထင်လို့ လုပ်ခဲ့တာဖြစ်ပြီး အချိန်ကျော်လွန်သွားတဲ့အခါမှာတော့ နောင်တရနေတတ်တဲသူ တစ်ယောက်