ကိုငှက် နဲ ့ ညီညီသွင်…။ (ညီညီစံ ရေးသည်)

black chawAugust 9, 20161min282412

ကိုငှက် နဲ ့ ညီညီသွင်…။ (ညီညီစံ ရေးသည်)
———————————————————–
ကိုငှက် နဲ့ ညီညီသွင် ဟာ
ကိုငှက် ပထမစီးရီး
နာရီပေါ်ကမျက်ရည်စက်များ
မထွက်ခင်ကတည်းက
တပူးပူး တတွဲတွဲ ရှိခဲ့ကြပေမယ့်
ညီညီသွင့် သီချင်းကို ကိုငှက် တခါမှ မဆိုဖူးပါဘူး။
ကိုငှက်ကလည်း သူကိုယ်တိုင်
ရေးနိုင်၊ ဆိုနိုင်၊ ဖန်တီးနိုင်သူမို့
တော်ရုံတန်ရုံ သူများ သီချင်းကို ဆိုတာ တော်တော်ရှားပါတယ်။
ညီညီသွင်ကလည်း သူ့မှာ ရေးထားတဲ့
သီချင်းအသစ်လေးတွေ ရှိပေမယ့်
ကိုငှက် ဆိုပါလားလို့
တခါမှ မပြောဘူး၊ မတောင်းဆိုဘူးတာ ကျနော် သတိထားမိခဲ့တယ်။
ဒါကလည်း သီချင်းတွေနဲ့ ပတ်သက်တဲ့၊
ညီညီသွင်မှာ ရှိတဲ့ နူးညံ့သိမ်မွေ့တဲ့
အနုပညာမာန စိတ်လေးကြောင့် ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် တနေ့မှာတော့ သူငယ်ချင်းတွေ စုနေတဲ့
အခန်းလေး တခုကို ကျနော်နဲ့အတူ ညီညီသွင်ရော၊
ကိုငှက်ပါ ရောက်သွားကြရင်း နားနားနေနေ နေကြတဲ့ အချိန်…၊
ညီညီသွင်က သူ ရေးလက်စ သီချင်းလေးတပုဒ်ကို
ဂစ်တာလေးနဲ့ ညည်းပြီး ဆက်ရေးဖို့ သီဆိုကြည့်နေ ပါတယ်။
ကိုငှက်က မလှမ်း မကမ်းက အိပ်ရာတခုပေါ် လဲလျောင်းရင်း
စာအုပ်တအုပ် ဖတ်နေချိန်ပေါ့။
“မုသား မပြောတတ်ပါဘူးလေ…
အသက်လောက် ချစ်တယ်
ယုံကြည်ရဲ့လား ကလေး . . . ”

ညီညီသွင်က အဲဒီလို သူရေးလက်စ သီချင်းလေး ကို
ညည်းဆိုလိုက်တာနဲ့ စာဖတ်နေတဲ့
ကိုငှက် ခေါင်းထောင်နားစွင့် လိုက်ပြီး
“ညီညီ အဲဒါ ခင်ဗျားသီချင်းလား”
လို့ လှမ်းမေးပါတယ်။
ညီညီသွင်ကလည်း
“ဟုတ်တယ်ငှက်၊
ကျနော် အခုမှ စရေးနေတုန်း၊
တကြောင်း နှစ်ကြောင်းပဲရှိသေးတယ်”

လို့ ပြန်ဖြေ ပါတယ်။
ကိုငှက်ဆီက အသံနက်နက်တခု ထွက်လာ ပါတယ်။
“ညီညီ အဲဒီသီချင်း ရေးပြီးသွားရင်
ကျနော် ဆိုမယ်၊ ကျနော့်ကိုပေးပါ”

တဲ့။
ဟုတ်ပါတယ်။
ဒါကတော့ ညီညီသွင်ရဲ့
“ကလေးရေ” လို့ အမည်ရတဲ့
JAZZ သီချင်း တပုဒ်ကို ကိုငှက် ပထမဆုံး
သီဆိုဖို့ ဖြစ်လာတဲ့ အမှတ်တရ အပိုင်းအစလေး ပါပဲ။
ကိုငှက်က “ကလေးရေ” သီချင်းကို
သူ့ရဲ့ “သက်ငြိမ်” စီးရီးထဲမှာ တလေးတစား သီဆိုခဲ့ ပါတယ်။
သီချင်းကောင်း တပုဒ်ရဲ့ အတိမ် အနက်ကို
ခန့်မှန်း သိရှိနိုင်စွမ်းရှိတဲ့
ကိုငှက်ရဲ့ ဂီတပါရမီကို
ကျနော်သတိထားမိ၊ အမှတ်ရမိနေဆဲပါ။
(ညီညီစံ)

12 comments

  • nozomi

    August 9, 2016 at 5:23 pm

    မသေစေချင် သေးတဲ့ထဲ ကိုငှက် ထိပ်ဆုံး က ပါတယ် ဗျာ

    • black chaw

      August 10, 2016 at 9:13 pm

      @ nozomi ;
      အစားထိုးလို့ မရနိုင်သော အနုပညာရှင် တစ်ယောက်ပေါ့
      ကိုနိုကြီးရေ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • kai

    August 9, 2016 at 5:27 pm

    မြန်မာပြည်မယ်.. JAZZ ကို ဆက်လုပ်.. ဆက်ဆိုနေကြသူတွေများ.. ရှိသလား..။
    JAZZ က.. ဒီမှာကျ.. လူမဲတွေ.. အသံကြီးကြီးလေးလေးကြီးတွေနဲ့.. ဆိုကြတာကို ကြိုက်တာမို့.. ကိုငှက်ဆိုထားတာတွေ.. သိပ်တော့ ခံစားလို့မမိ…။ မထိ..။

    • black chaw

      August 10, 2016 at 9:20 pm

      @ kai ;
      ရှိပါသော်ကော သူကြီးရယ်…။
      ဒီလိုပါပဲဗျာ…။
      ကြိုက်တာလည်း ရှိ…၊ မကြိုက်တာလည်း ရှိပေါ့…။
      ကိုငှက်ဆိုထားတဲ့ JAZZ သီချင်းလေးတွေကိုတော့
      ကြိုက်မိတယ် ဗျ…။
      မြန်မာ နားမို့လားတော့ မသိပါဘူးဗျာ…။
      ကွန်းမန့်လေးအတွက် ကျေးဇူးပါ သူကြီးရေ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • ဦးကျောက်ခဲ

    August 9, 2016 at 5:44 pm

    ညီညီသွင်ရဲ့ “ကလေး” က အိမ်ထောင်ကျပြီး နိုင်ငံခြားမှာ… :k:
    ဂီတကဝေ ကိုငှက်လည်း နတ်ထီးစံသွားတာ လာမည့် ဆန်းဒေးဆို ၁၂-နှစ်ပြည့်ပြီ…
    ဩဂတ်စ်ဆိုတာ ကြယ်တွေချွေတဲ့လ ၊ ကြယ်သစ်တွေမွေးတဲ့လ 🙁

    • black chaw

      August 10, 2016 at 9:23 pm

      @ ဦးကျောက်ခဲ ;
      ဩဂုတ် ၁၄ ရက်နေ့ဟာ ကိုငှက် ကွယ်လွန်တဲ့ နေ့ပါ…။
      တတ်နိုင်သလောက် ကိုငှက် နဲ့ ပတ်သက်တာလေးတွေ
      အမှတ်တရ သဘော ပြန်တင်နေတာပါ ကိုကျောက်ရေ…။
      ကွန်းမန့်လေးအတွက် ကျေးဇူးပါ ဗျာ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • ဂျစ်စူ

    August 10, 2016 at 10:25 am

    ကိုငှက် အသံကိုမီအောင် ဆိုနိုင်တာ ကိုဘလက်တစ်ယောက်ပဲစိတယ်
    မယုံမစိနဲ့

    • black chaw

      August 10, 2016 at 9:24 pm

      @ ဂျစ်စူ ;
      အသာလုပ်ပါ ဂျစ်စူ ရယ်…။
      ကိုငှက် ပရိသတ်တွေကြားရင်
      လာဆဲနေပါဦးမယ်…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • မမချွိ

    August 10, 2016 at 1:04 pm

    အဲဒီ သီချင်း သိသလိုလို မသိသလိုလို။ 🙄

    ကလေး သီချင်းတွေက ရောနေပြီ။
    ညီထွတ်မှာရော အဲလက်(စ) မှာ ရော ကလေး သီချင်း ရှိတယ်။

    • black chaw

      August 10, 2016 at 9:33 pm

      @ မမချွိ ;
      ကလေး ချင်း တူပေမယ့်
      ညီထွဋ် ရဲ့ ကလေး နဲ့
      အဲလက်စ် ရဲ့ ကလေး က
      ကျွန်တော့် အတွက်တော့
      တော်တော် ကြီး ဝေးတယ်လို့
      ခံစားရပါတယ်ဗျာ…။
      ကိုငှက်နဲ့ကတော့ တစ်လိုင်းစီမို့
      ဝေးသထက်ဝေးတယ်လို့ပဲ ပြောရတော့မှာပါပဲ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • Thint Aye Yeik

    August 10, 2016 at 1:18 pm

    အခုတလော… ဦးငှက်သီချင်းတွေ… အရမ်း နားထောင်ဖြစ်လာတယ်ဗျို့…။
    အထူးသဖြင့်…အခါလွန်မိုး…နဲ့.. ကြယ်တွေ စုံတဲ့ည….

    😆

    • black chaw

      August 10, 2016 at 9:35 pm

      @ Thint Aye Yeik ;
      ကိုငှက် သီချင်းတွေ နားထောင်ဖြစ်လာတယ် ဆိုလို့
      ဝမ်းသာရပါတယ်ဗျာ…။
      အခါလွန်မိုး ရော ကြယ်တွေစုံတဲ့ည ရော
      သီချင်းကောင်းလေးတွေပါပဲ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

Leave a Reply