ဗုဒ္ဓ၏အလိုတော်ကျ ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး
အစဉ်ဟောကြားတော်မူလေ့ရှိသော တရားတော်များ

သီလဆောက်တည်ပြီးလျှင် ပြည့်စုံအောင်ဖြည့်ကြ၊ ဖြည့်လို့ပြည့်စုံပြီဆိုလျှင် မိမိစိတ်အလိုတောင်းတတဲ့ အတိုင်းပြီးမယ်။ ယခုလည်းချမ်းသာမယ်။ နောင်လည်းချမ်းသာမယ်။
ပစ္စုပ္ပန်ချမ်းသာ၊ သံသရာချမ်းသာ နှစ်ဖြာကို ပေးစွမ်းနိုင်တာဟာ ဘုရားရှင်အဆုံးအမတော်ကလွဲလို့ တခြားမရှိဘူး။
ဘုရားရှင် အဆုံးအမဆိုတာ ပိဋကတ်သုံးပုံပဲ။ ပိဋကတ် သုံးပုံဆိုတာ အလွန်ကျယ်ဝန်းတယ်။ ပိဋကတ် သုံးပုံကို အဆီထုတ်ပါလျှင် “ဗောဓိပက္ခိယတရား ၃၇-ပါး´´ ရတယ်။ ဗောဓိပက္ခိယတရား ၃၇-ပါးကို အဆီထုတ်လျှင် မဂ္ဂင်ရှစ်ပါးရတယ်။ မဂ္ဂင်ရှစ်ပါးကို အဆီထုတ်လျှင်တော့ သိက္ခာသုံးပါးရတယ်။ သိက္ခာသုံးပါးဆိုတာ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာပါဘဲ။
သိက္ခာသုံးပါးကို အဆီထုတ်လျှင် “ဧကောဓမ္မောတရားတစ်ခု´´ ရတယ်။ ရုပ်ပေါ် နာမ်ပေါ်မှာနေပြီး ယခုလိုဆောင်ထားတော့ (ရှုမှတ်နေတော့) ကာယကံသောင်းကျန်းမှု၊ ဝစီကံသောင်းကျန်းမှု မရှိဘူး။ အဲဒါ“အဓိသီလ´´ လို့ခေါ်တယ်။
အဓိသီလအားကောင်းလျှင်တော့ စိတ်တွေသောင်းကျန်းမှုမရှိဘဲ ငြိမ်ဝပ်ပိပြားပြီး တည်နေတော့တယ်။ အဲဒါ “အဓိစိတ္တ´´ လို့ခေါ်တယ်။
အဓိစိတ္တ(သမာဓိ) အားကောင်းလို့ အချိန်ကြာလျှင် ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာမှ ဖန်တီးခွင့် မပြုဘူး။ လျှပ်တပြက်အတွင်း ကုဋေတစ်သိန်းဖြစ်ပြီး ပျက်နေတယ်။ ရုပ်နာမ်ကို သိနေလျှင်တော့ ဖြစ်ပျက်ကို သိတော့တာပဲ။ ဖြစ်ပျက်ကို သိတာ “အဓိပညာ´´ လို့ခေါ်တယ်။
အများနားလည်အောင် ပြောမယ်ဆိုရင် ခန္ဓာကိုယ်ပေါ်မှာ ထင်ရှားနေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှာဖျား၊ နှာဝမှာ ထွက်လေ ဝင်လေနှစ်ရပ်ဟာ အမြဲတိုက်ဝင် တိုက်ထွက်နေတယ်။
နှာဖျားနှာဝဟာ ကာယပသာဒအကြည်က အထိခံ ထွက်လေဝင်လေဖြစ်တဲ့ လေနှစ်ရပ် ဝါယောဖောဌာဗ္ဗက ထိတယ်။ ထို အထိခံနှင့် ဒကာမကြီးတို့ သူများမေးမနေနဲ့၊ ကိုယ်နှာဝကို ဉာဏ်နဲ့စောင့်ကြည့် ဝင်တော့ ထိဝင်မယ်။ ထွက်တော့လဲ ထိထွက်မယ်။ ထိတာကို သိလျှင် သိနေလျှင် လောဘ၊ ဒေါသ၊ မောဟ ဖြစ်ခွင့် မရလို့ လောဘမီး၊ ဒေါသမီး၊ မောဟမီး ငြိမ်းတယ်။ ငြိမ်းတော့ အေးတယ်။
မထိခင်ကလဲ သိလို့ မဖြစ်ဘူး။ ထိပြီးပြန်တော့လည်း သိလို့မဖြစ်ဘူး။ ထိတုန်းကိုသာ သိလို့ဖြစ်တယ်။ အဲဒါကို ပစ္စုန်ပ္ပန်တည့်တည့်လို့ ဆိုတယ်။ အဲသလို တစ်ထိတည်းထိနေတာကို တစ်ဆက်တည်း သိနေအောင် ဆောင်ကြဗျာ။ တစ်ရက် (၂၄)နာရီ တစပ်လောက်ရလျှင် အလွန်သိသာပါတယ်။ အဲသလို ထိတာကို မသိမှတ်နိုင်လျှင် လျှပ်တပြက်အတွင်းတွင်ပဲ ကုဋေတစ်သိန်း အကြွေးတင်သွားရောဗျာ။
ထိတာကို သိလျှင် ရုပ်နှင့် နာမ်သာရှိပါလားလို့ သိလိမ့်မယ်။ ရုပ်နာမ်မှတစ်ပါး၊ ငါ၊ သူတစ်ပါး၊ ယောကျာင်္း မိန်းမမရှိဘူးဆိုတာ ဘုရားရှင်၏ တရားတော်အမှန်ပါလားလို့  ကိုယ့်ဟာကိုယ်သိလိမ့်မယ်။ သူများကို မေးနေဖို့ မလိုပါဘူး။ နှာဖျားနှာဝမှာ လေထိတာကို သိနေလျှင် ထိုအချိန်မှာ အတ္တဆိုတဲ့ ကိုယ်မရှိဘူး။
ထိုသိနေတဲ့ အချိန်မှာ ဉာဏ်အမြင် စင်ကြယ်တယ်။ သမ္မာဒိဠိဖြစ်တယ်။ ထိတာကို သိနေတဲ့ အချိန်မှာ “ရုပ်နာမ်မှတစ်ပါး ဘာမှ မရှိပါလား´´ လို့ သိတာကို ရုပ်နာမ်ကို ပိုင်းခြားပြီး သိလို့ `နာမရူပပရိစ္ဆေဒဉာဏ်´ လို့ခေါ်တယ်။
တထိတည်းထိ၊ တသိတည်းသိနေလျှင် အတ္တစင်၍ ဉာဏ်အမြင်စင်ကြယ်တဲ့ အကျိုးရတယ်။ ဒါဟာ တဒင်္ဂပဟာန် ခဏအချိန်ကလေးအတွင်းမှာ ရတဲ့အကျိုး၊ နည်းတယ်လို့ မမှတ်ကြနဲ့ `ကမ္မဌာန်းထိုင်ရတာများ ဘာမှလဲ မတွေ့ပေါင်၊ ဘာမှလဲ မရပေါင်´ လို့များမမှတ်လိုက်ကြပါနဲ့။ မြင့်မြတ်တဲ့ ဘဝ၊ ဘုရားသာသနာကြုံကြိုက်တဲ့အခါမှာ ဒီလို အကျိုးထူးများရနိုင်တယ်။ စားဘို့သောက်ဘို့ အသာထားပြီး အထူးကြိုးစားကြ။

About manawphyulay

manawphyu lay has written 943 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။