ကျနော်နဲ့ အိမ်နီးချင်း -(၁)

kotun winlattAugust 14, 20161min25514

ကျနော်နဲ့ အိမ်နီးချင်း
(1)
နေပူလိုက် မိုးရွာလိုက်နှင့်မို့ နေရထိုင်ရ မကောင်းလှ။ မိုးကရွာသော်လည်း ဖွဲဖွဲမျှသာ မိုးရွာပြီးလျှင် ပူသည့်နေက ခပ်ပြင်းပြင်းမို့ နေရထိုင်ရခက်သည့် ရာသီဥတု အိုက်စပ်စပ် …။ ဒီနေ့မှ လူက ထိုင်းမှိုင်းလေးလံပြီး အိပ်ချင်စိတ်ကကြီးစိုးနေသည်။ တစ်ရေး တစ်မောလောက် အိပ်လိုက်ဦးမည်ဟု ကြံစည်နေတုန်း။
“ဟေ့ကောင် …. လာခဲ့စမ်း … ငါပြောနေတယ်နော် …. အခု ပြန်လာခဲ့စမ်း …”
“မလာဘူး … မလာဘူး …. ငါက သွားတိုင်ပြောမှာ နေခင်းကြောင်တောင် မူးနေတာလို့ …”
“ဘာကွ ….. တိုင်ချေကွာ …. တိုင်ချေ…. မင်းလာခဲ့စမ်းလို့ ငါပြောနေတယ်နော်..”
” ဂလုံ …. ဂွမ် …. ထန် …. ဂလွမ် ….”
အိမ်ရှေ့ ဘက်မှ ရပ်စ်သီချင်းသံ ဂီတသံများကဲ့သို့ ပေါ်ထွက်လာသည့် သံစဉ်များကြောင့် အိပ်ချင်နေသည့် စိတ်များ ပျောက်သွားရသည်။ အိမ်ရှေ့ သို့ တစ်ချက်လှမ်းကြည့်မိရာ ကိုရွှေငန်းနှင့် သူ့ သား အငယ်ဆုံးကောင် အာဇာနည် ပြဿနာတက်နေတာကို မြင်ရ၏။ ကိုရွှေငန်းဆိုတာက ကျနော်ပေးထားတဲ့ နာမည်သာ ဖြစ်သလို အာဇာနည်ဆိုတာကလည်း ကျနော်ပေးထားသည့် နာမည်ပင် …။ နာမည်ပေးကင်ပွန်းတပ်တွေလုပ်ပြီး ပေးထားသည့် နာမည်တွေတော့ မဟုတ်ပါ။ ကိုရွှေငန်းလို့ နာမည်ပေးရတာက ဒီလိုခင်ဗျ…။
ကျနော်တို့ဒေသမှာ အခုတစ်မျိုး တော်ကြာတစ်မျိုး လုပ်ကိုင် ပြုမူ ပြောဆိုတတ်သူတွေကို ငန်းကျန်သလိုလို့ ပြောဆို သုံးစွဲတတ်သည်။ ငန်းကျန်သည်ဆိုတာကို သဘောပေါက်အောင် ရေးပြရမယ်ဆိုရင် ကြက်တွေ ဘဲတွေမှာ လည်လိမ်ရောဂါဖြစ်ပြီး မသေပဲကျန်ခဲ့တတ်တဲ့ အကောင်တွေရှိတတ်ပါတယ်။ မူလအတိုင်း ပြန်မဖြစ်တော့ပဲ လည်ပင်းက စောင်းငန်း စောင်းငန်းနဲ့ပေါ့။ တစ်ခါတစ်လေမှာ ပုံမှန်အတိုင်း ဖြစ်နေတတ်ပြီး တစ်ခါတစ်လေမှာ လည်ပင်းကြီးလိမ်ကာ လှည့်ချာ လှည့်ချာ ဝိုင်းကြီး ပတ်ပတ် ဖြစ်ရင်လည်း ဖြစ်နေတတ်တာမျိုးလေ…။ ဒါကို အစွဲပြုပြီး ငန်းကျံသလိုလို့ ပြောစမှတ်ပြုကြတယ်ထင်တာပဲ…။ (ဟကောင်ရ … မင့်ဟာက ကြက်ကျန် … ဘဲကျန် မဟုတ်ဘူးလားလို့ စောဒကမတက်ကြစေလို …. ငန်းဆိုတဲ့ သတ္တဝါမှာလည်း လည်လိမ်ရောဂါ ဖြစ်တတ်ပါတယ်…ဤကား စကားချပ်)
သူကလည်း ဒီအတိုင်းနေရင် အကောင်းသားရယ်… အရည်လေး ဝင်လာပြီ ဆိုရင်တော့ … သူ့ကိုယ်သူ ကောလိပ်ဂျင် နေဝင်းလိုလို ဦးကျော်ဟိန်းလိုလို အက်တင်တွေနဲ့ စကားလုံးတွေကလည်း လိုက် မမှီနိုင်အောင် ပြောတတ်တာ။ “တင်ဝင်းကွ … တဝင်းထဲရှိတယ်… မင်းတို့တွေလောက်ကတော့ တင်ဝင်းက ပျင်းတယ်လို့ …. မင်းတို့နဲ့ ကျမှ ကေသရာဇာက မြက်စားတယ်ဆိုတဲ့ အဖြစ်မျိုး အဖြစ်မခံနိုင်ဘူးဟေ့ … တင်ဝင်းတို့က ၂၄ နာရီ အိုးပင်းပဲ သိလား ….” ဒီလို တော်ကီမျိုးတွေ ပစ်တတ်တာကိုးဗျ။ ဒါကြောင့် ကျနော်က သူ့ကို ရွှေငန်းတင်ဝင်းလို့ နာမည်ပေးထားတာ။ ( ကျနော်ငယ်ငယ်က နားထောင်ဘူးတဲ့ ရွှေမန်း ဦးတင်မောင်ဆိုတာ အလွန်အဆို အငို အပြောကောင်းတဲ့သူကိုးဗျ…. ။) အခုသူနဲ့ ဇယားရှုပ် အဲလေ ပြဿနာတက်နေတဲ့ သူ့သား အငယ်ဆုံးကောင်လေး(သူ့မှာ သားသမီး ဘော့လုံးအသင်းတစ်သင်းစာလောက်ရှိတယ်။ ခံသာတာက သူ့ဇနီးဆုံးတာစောသွားလို့ နို့မိုဆို အရံလူအင်အားပါ အပြည့်ပေါ့) လသားလောက်က ကလေးကို သူက ထိန်းရင်း “ငါ့သားလေးက အာဇာနည်နေ့မှာ မွေးထားတာ နှယ်နှယ် ရရမဟုတ်ဘူးကွ။ “လို့ ခဏခဏကြွေးကြော်တတ်လို့ ကျနော်က သူ့သားနာမည်ကို အာဇာနည်လို့ ပေးလိုက်တာ။ ( အဆိုတော်အာဇာနည်သာ ဖတ်မိရင်တော့ ရင်နာနေလိမ့်မယ် ထင်ပါ့ဗျာ။)
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
(2)
“ဟေ့ ကောင် … ပြန်လာခဲ့စမ်း … အခု လာခဲ့နော် …”
” ဒုန်… ခလွမ်း …ချန်း ” ( မီးဖိုခန်းမှ စတီး ပန်ကန်ပြား ၊ ရေပုံး၊ ရေခွက်များ ပလူပျံထွက်လာသည့် မြည်သံစွဲ အလင်္ကာ)
” မလာဘူး …. မလာဘူး …. အေး …. ပစ်လိုက် …. ခွဲလိုက် … ချလိုက်…. ငါက သွားတိုင်ပြောမှာ…” (ကဲ … သကောင့်သား ယဉ်ကျေးလိုက်ပုံ အဖေကို ပြန်ပြောနေတဲ့ ပုံစံ)
ကျနော်တွေးတယ် … ဒီကလေး ဘယ်သူ့ကိုများ သွားပြီး တိုင်ပြောမှာပါလိမ့်ပေါ့။ ရဲစခန်းကိုလား။ လူကြီး အိမ်ကိုလား။ တစ်ခုခုတော့ တစ်ခုခု …. ကျနော့် အတွေး မဆုံးခင် …..
“ဟေ့ကောင် …. ငါက မင့်အစ်မရဲ့ အဖေ … ငါလုပ်လို့ မင့် အစ်မဖြစ်လာတာ … ငါက ကြောက်ရမှာလားကွ … သွားတိုင်ချေ… သွား … A Yoe Lay….”
ကိုရွှေငန်းက အော် … သူ့သားက အော်ပြေးပြေး …. ကိုရွှေငန်း ဒေါသတွေက အပေါ်တက်လာသလို … လူကလည်း အိမ်ပေါ်တက်သွားပါတော့တယ်။
“ဘုန်း …. ဘုန်း ….. ဘုန်း ….”
မာန်ပါပါဖြင့် ဝါးထရံကို သစ်သားနဲ့ အနားကွပ်ထားတဲ့ အိမ်တံခါးမကို လက်သီး သုံးလုံးလောက် ပစ်ထည့်လိုက်တယ်
“ဝုန်း ”
မူးလာတိုင်း ဒီလိုလုပ်နေကျမို့ ယိုင်နဲ့နဲ့ တံခါးလေးက ဟင်းလင်းပွင့် …. ကိုရွှေငန်း အိမ်ထဲဝင်သွားတယ်။ ဟိုငနဲလေး အာဇာနည်ကတော့ လမ်းမပေါ်ကနေ သူ့ ဒက်ဒီငန်းရဲ့ အခြေအနေကို လေ့လာနေတယ်။ သူ့အိမ်က ရွာလမ်းမကြီးနဲ့ မီးရထားလမ်းကြား မီးရထားပိုင်မြေပေါ်မှာ ဆောက်ထားတဲ့ အိမ်ကလေး …. အရင်ကတော့ ရွာအနောက်ပိုင်းမှာ သူတို့ မိသားစုပိုင် အိမ်နဲ့ဝင်းနဲ့ရှိတယ်။ သူ့မှာက မိသားစုကများ အလုပ်လုပ်တာနည်းနည်း မူးနေတာက များများဆိုတော့ အဲ့ဒီအိမ်နဲ့ဝင်းလေးရောင်းပြီး နေစရာ နေရာမရှိလို့ ရွာကလူကြီးတွေက မြေနေရာလွှတ်ရှိတဲ့ ကျနော်တို့ အိမ်ရှေ့ မြေကွက်လပ်မှာ နေရာချထားပေးထားတာပါ။ အိမ်လေးက နှစ်ခန်းပတ်လည် လှေကားသုံးထစ်စာအမြင့် ( ၃ ပေခွဲခန့်)ပဲရှိပြီး သက်ကယ်မိုး ဝါးထရံကာ ပျဉ်ခင်းအိမ်လေးပေါ့။ ကိုရွှေငန်း ရေချိန်ကိုက်လာပြီဆို ဘယ်တော့မှ လှေကားကနေ မတက်ဘူး … လှေကားတပ်ထားတဲ့ဘက်ကနေ ဝရံတာသဘောထုတ်ထားတဲ့ဆီကို လမ်းမပေါ်ကနေ ပြေးပြီး ဂျွမ်းပစ်တက်လိုက်တာ…။ သူရဲ့ အလုပ်က မန ္တလေး – မြစ်ကြီးနား( အစုန်/အဆန်) မီးရထားပေါ်မှာ ဈေးလိုက်ရောင်းတာ။ ရောင်းကုန်ကတော အတည်အမြဲမရှိဘူး။ ထမင်းဟင်းရောင်းတဲ့အခါရောင်း … ဆောင်းရာသီဆို အုန်းပေါင်းတင်း(ကောက်ညှင်းကျည်တောက်)၊ နွေရာသီဆို အာလူးကြော် စသဖြင့်ပေါ့။ ရထားဈေးသည်ဆိုတော့ ရထားတွဲတွေပေါ် အော်ရောင်း ခေါ်ရောင်းရတာမို့ စကားလုံးတွေကတော့ လန်းတယ်…။ ဗန်းစကား တော်တော်များများ သူ့ပါးစပ်က ထွက်လာတတ်တယ်။ ရထားဈေးသည်ဆိုတော့ အဖမ်းခံရလို့ အရင်းပြုတ်တာရှိသလို။ ဗျတ်ထုလို့ အရင်းပြုတ်တာမျိုးလည်း ရှိတာပဲ။( ဗျတ်ထုတယ်ဆိုတာ ဖဲရိုက်တာကို ပြောတာဆိုပဲ။) နောက်ကိုရွှေငန်းရဲ့ အကျင့်တစ်ခုက အိမ်မှာ စားစရာ ဆန်တစ်ပတ်စာနဲ့ လက်ထဲမှာ ငွေလေးနည်းနည်းပါးပါးရှိပြီရင် … ရထားဈေးရောင်း မလိုက်တော့ဘူး။ မနက်မိုးလင်းကနေ မိုးချုပ် သောက်တော့တာပဲ။ ဖဲဝိုင်းရှိရင် ဖဲရိုက်ပေါ့။ မိုးချုပ်ပြီဆိုရင်တော့ …. ဇာတ်လမ်းတွေက စတော့တာပဲ …။ မိန်းမနဲ့ နောင်ဂျိန် ပလေးရင် ပလေး …( တခြားမတွေးကြနဲ့ဦး လင်မယားရန်ဖြစ်တာကို ပြောတာ)။ ဒါမှမဟုတ်ရင် … ကလေးတွေကို ဆုံးမဩဝါဒပေး … စိတ်မထင်ရင် ရိုက်နှက်ပေါ့။ တစ်ခါတစ်လေ ဘေးပတ်ဝန်းကျင်က အိမ်တွေကို စောင်းပြောမြောင်းပြော ပြောတတ်သေးတာ။ ဘေးပတ်ဝန်းကျင်အိမ်က မခံနိုင်လို့ သွားပြောရင် ” ဟာ … အစ်ကို … အစ်မ …. ကျနော်က ကျနော့်သားသမီးတွေကို ဆုံးမနေတာပါ… ဒီကောင်တွေ အချိုးမပြေဘူး… အစ်ကို/အစ်မ …. ယဉ်ကျေးမှုမရှိဘူး မလိမ္မာဘူးဗျာ …” အစရှိသဖြင့် တော်ကီပျော့လေးနဲ့ ပွားလွှတ်လိုက်တာ။ သူ့အကြောင်း သိတော့ အားလုံးက ဘာမှမပြောကြတော့ဘူး။ ဒါကိုပဲ ကိုရွှေငန်းက ” ဘယ်သူ သောက်ဂရုစိုက်ရမှာလဲ … ကိုယ့်အလုပ် ကိုယ်လုပ် .. ကိုယ့်ထမင်းကိုယ်စားနေတာ… ဒီရပ်ကွက်ထဲက မိုက်တယ်ဆိုတာလောက်တော့ … တင်ဝင်းတို့က ပျင်းတယ်…” ဆိုပြီး လုပ်သေးတာ…။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
(3)
“ဝုန်း” ဆိုသည့် အသံနှင့်အတူ အိမ်တံခါးမ ပိတ်သွားပြန်သည်။ ရွှေငန်းက အိမ်တံခါးမအရှေ့ ဝရံတာလေးကနေ ငုံ့ပြီး လမ်းမကြီးရဲ့ အရှေ့အနောက်ကို ဝေ့ဝဲကြည့်တယ်။ ခဏက အသံကြားလိုက်တာနဲ့ လမ်းမပေါ်က သူ့သား အာဇာနည် ဘယ်ပျောက်သွားမှန်း မသိတော့ဘူး။ လမ်းမပေါ်မှာ သူ့သားကို မတွေ့တော့ ကိုရွှေငန်း အောက်ဆင်းလာပြီး အိမ်အနောက် အဖီထုတ်ထားတဲ့ မီးဖိုခန်းလေးဆီဝင်ပြီး ….. ” ထွမ် …. ကလန်လန် …. ဂွမ် …” ဆိုတဲ့ အသံနဲ့အတူ အိုးတွေ ခွက်တွေ ရေချောင်ပုံးတွေ အပြင်ဘက်ကို ပျံထွက်လာတယ်။
မကြာပါဘူး …..။ကိုရွှေငန်း ပေစောင်း ပေစောင်း ယိုင်ထိုး ယိုင်ထိုးနဲ့ လမ်းမပေါ်ကနေ အရှေ့ ဘက်ကို ထွက်သွားတယ်။ သေချာပြီ …. ရွာထိပ် ဆံပင်ညှပ်ဆိုင်က လက်တောက်ခုံ(ဇယ်ခုံ)ဆီသွားတယ်ဆိုတာ …။
ကိုရွှေငန်းလည်း အိမ်ကနေထွက်သွားရော မကြာပါဘူး။ အာဇာနည်လေး ပြန်ရောက်လာပြီး။ သူ့ဒက်ဒီ ဝဲထားတဲ့ အိုးခွက်ပန်းကန်တွေကို ကောက်သိမ်းပြီး အိမ်ပေါ်တက် ဝရံတာလေးမှာထိုင်ပြီး လမ်းမကြီးပေါ် ငေးလို့ ကြည့်နေလေရဲ့……။ သူအဖေ ပြန်လာမဲ့ လမ်းကိုပဲ ငေးကြည့်နေသလား …။ သူ့ဘဝရဲ့ ကံကြမ္မာအကြောင်းကိုပဲ တွေးနေသလားတော့ မသေချာ ….။

ဆက်ပါဦးမည် …..
ထွန်းဝင်းလတ်

14 comments

  • Ma Ei

    August 15, 2016 at 9:38 am

    တကယ့်အဖြစ်ပျက်လေးထင်ရဲ့ အဲ့လိုမိသားစုအသိုင်းဝိုင်းမှာနေ နေရတဲ့ကလေးတွေကို ကိုယ်တိုင်လဲ မြင်တွေ့ဖူးတာမို့ အရမ်းကိုသနားစရာကောင်းပါတယ်။ တချို့လဲ ကိုယ်ကတာ သနားနေရတာ မိုက်ကန်းကန်းရယ်။ လူဘဝ ခဏတာမှာ ဘယ်လိုနေရမယ်ဆိုတာ ဇာတာမှာပါပြီးသားတဲ့ ။ အိမ်နီးချင်းဇာတ်လမ်းတွဲလေး ဆက်လက်စောင့်ဖတ်ပါဦးမယ်နော်…

    • kotun winlatt

      August 15, 2016 at 2:58 pm

      ကိုယ်ကသနားပေမဲ့ သူတို့တွေကတော့ ဟူးးးးးးး
      ဆက်ရေးပြရရင် ဝတ္ထုရှည် တစ်ပုဒ်စာ ရလောက်တယ်

  • အောင် မိုးသူ

    August 15, 2016 at 11:04 am

    တခါတရံ ကလေးတွေအမှားကို လူကြီးတွေက မပြုပြင်ပေးတဲ့အပြင် လူကြီးတွေက ကလေးတွေကို ပိုမှားမှားအောင် လုပ်တတ်ကြတယ်။

    • kotun winlatt

      August 15, 2016 at 2:59 pm

      လူကြီးမကောင်းလို့ ကလေးမကောင်းတာ . . .

  • မမချွိ

    August 15, 2016 at 3:24 pm

    ဒီလိုနဲ့ပဲ ….
    မျိုးဆက်အဆင့်ဆင့် အတိုင်း နိမ့်ကျလာလားး
    မြင့်တက်လာသလားး

    😥

    • kotun winlatt

      August 15, 2016 at 4:34 pm

      နိမ့်ကျလာတာက အသိပညာ တိုးတက်လာတာက လူဦးရေ

      • Foolish Girl

        August 16, 2016 at 9:58 am

        မြင့်မားလာတာ ကုန်ဈေးနှုန်း
        ခေတ်မှီလာတာ Fashion
        ပြောင်းလဲတာက အုပ်ချုုပ်သူ
        မပြောင်းလဲသေးတာက စနစ်
        မပြောင်းနိုင်တာက အရိုးစွဲ စည်းကမ်းမဲ့မှု

        • kotun winlatt

          August 16, 2016 at 3:15 pm

          ကျနော် ဘာမှ ပြောဘူးနော်

  • kai

    August 16, 2016 at 1:08 pm

    စနစ်ကြောင့်မဟုတ်..။ :k:

    • kotun winlatt

      August 16, 2016 at 3:14 pm

      စနစ်ကြောင့် မဟုတ်ဘူးဗျ . . . စိတ်ဓာတ်ကြောင့်

  • ဦးကျောက်ခဲ

    August 16, 2016 at 1:44 pm

    ကိုရွှေငန်းနဲ့ အာဇာနည်ကို မျှော်ရတာ လည်ပင်းလည်း ငန်းကျန်ဘီ…
    မြန်မြန်ဆက်ပါ ကိုရင်ရဲ့… :k:

    • kotun winlatt

      August 16, 2016 at 3:16 pm

      ဖွဲတစ်ဆုပ် နိုင်တဲ့အထိ အဲလေ မှားကုန်ပါပြီ . . .
      ရေးပါ့မယ် ခင်ဗျ

  • Foolish Girl

    September 14, 2016 at 10:12 am

    အပိုင်း (၂) မလာသေးဘူးလားဗျို့ မျှော်ရတာမောလာပြီ 😀

Leave a Reply