ကံကောင်းသူများ ဖြစ်ကြဖို့

manawphyulayAugust 29, 20101min875

“ ဖေဖေ၊ လူတစ်ယောက်နဲ့ တစ်ယောက် ကံချင်းမတူနိုင်သလို ပါရမီချင်း မတူနိုင်ဘူးလို့ လူတော်တော်များက ပြောနေကြတယ်။ ကံဆိုတာဘာလဲ၊ ပါရမီဆိုတာကရော  ဘယ်နှစ်ပါးရှိလဲဟင် ?”

“ သမီး ကံဆိုတာ ပါဠိသက် ကမ္မက ဆင်းသက်လာတာ။ အင်း ပြောရရင်တော့ သမီးရယ် အလုပ်လို့ ခေါ်တယ်။ မြတ်စွာဘုရားက “အကြင်သူသည် ကံကို ပြုငြားအံ့၊ ထိုကံ၏ အကျိုးကို အကြင်သူသည် ခံစားရလတ္တံ့” လို့ ဆုံးမခဲ့ဖူးတယ်။ ဆိုလိုတာကတော့ ကိုယ်က ကောင်းမှုကို ပြုရင် ကောင်းတဲ့အကျိုးကို ခံစားရမယ်ပေါ့။ ဒါကြောင့်လည်း “ကိုယ်ပြုတဲ့ကံ ကိုယ့်ဆီပြန်”လို့ ဆိုကြတယ်မလား။ ဘယ်အလုပ်ကိုပဲလုပ်လုပ် သမီး မှတ်ထားဖို့က စေတနာနဲ့လုပ်၊ စိတ်ကောင်းနဲ့လုပ်၊ ကိုယ်ချင်းစာတရားနဲ့လုပ်၊ ဝီရိယထည့်ပြီး ကြိုးစားပမ်းစားလုပ်။ ဒါဆိုရင် သမီး အမြဲကံကောင်းနေမှာ။ စေတနာကောင်းရင် ကံကောင်းတယ်ဆိုတဲ့ စကားလည်း ရှိတယ်လေ”

“ဟုတ်ပါတယ် ဖေဖေ။ သမီး ဒါကို ယုံကြည်ပါတယ်။ ဘယ်အလုပ်ပဲလုပ်လုပ် ကိုယ့်တာဝန်ကိုယ်ကျေအောင် လုပ်မယ်။ ပြီးတော့ အောင်မြင်ရမယ်ဆိုတဲ့စိတ်ကိုလည်း သမီးရင်ထဲမှာ စွဲစွဲမြဲမြဲထားပါတယ်။ နောက်ပြီး စိတ်ထားကောင်းရင် ကံကောင်းမှာပဲဆိုတာ သမီး လက်ခံထားမိတယ်။ ဘယ်သူတွေ ဘယ်လောက် ကောင်းကောင်း မကောင်းကောင်း သမီးဘက်က သည်းခံသင့်တဲ့အတိုင်းအတာထိ တတ်နိုင်သရွေ့ သမီး ကောင်းအောင် နေသွားမှာပါ။ ဘုန်းဘုန်းအရှင်ရာဟုလာက cbox ထဲမှာ လာရေးသွားတယ်ဖေဖေ အရမ်းကြီး သည်းခံနေရင်လည်း လူတုံးလူအ ဖြစ်သွားလိမ့်မယ်တဲ့။ ဪ ဒါနဲ့ ပါရမီဆိုတာကရော….”

“အင်း လောကမှာ သည်းခံခြင်းသည် အောင်မြင်ခြင်းဆိုတဲ့ ဆိုရိုးစကားရှိတယ်သမီး။ ဒါပေမယ့် လူတွေက သည်းခံမှုဆိုတာ နားမလည်ကြဘူးလေ။ သည်းခံတာကို ဒီလူက လူတုံး လူအပါလို့ ဝေဖန်ပြစ်တင်ကြတာလေ။ လူအမျိုးမျိုး စိတ်အထွေထွေပေါ့သမီးရယ်။ အဲ ပါရမီကတော့ (၁၀) ပါးရှိတယ်။ အဲဒီ (၁၀) ပါးကတော့
၁။ ဒါနပါရမီ    – စွန့်လွှတ်ခြင်း
၂။ သီလပါရမီ    – ကိုယ်ကျင့်ကောင်းခြင်း
၃။ နေက္ခမ္မပါရမီ    – တပ်မက်မှုကင်းခြင်း
၄။ ပညာပါရမီ    – အမှန်အတိုင်းသိမြင်ခြင်း
၅။ ဝီရိယပါရမီ    – ဇွဲလုံ့လရှိခြင်း
၆။ ခန္တီပါရမီ    – သည်းခံခြင်း
၇။ သစ္စာပါရမီ    – မှန်ကန်ခြင်း
၈။ အဓိဋ္ဌာန်ပါရမီ    – ခိုင်မာသော ဆုံးဖြတ်ချက်ထားရှိခြင်း
၉။ မေတ္တာပါရမီ    – မေတ္တာစိတ်ထားရှိခြင်း
၁၀။ ဥပေက္ခာပါရမီ    – လျစ်လျူရှုထားခြင်း ဆိုတဲ့ ပါရမီ ၁ဝ ပါးရှိတယ်လေ။
သမီးလည်း ပါရမီ ၁ဝ ပါးကို အသိနဲ့သတိလေးကပ်ပြီး ဘယ်အရာကိုမဆို အသိတရားနဲ့လုပ်၊ ပညာနဲ့လုပ်၊ ဗြဟ္မစိုရ်တရားလေးပါးဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခောတရား လက်ကိုင်ထားပြီး လုပ်ပါ။ ဒါဆိုရင် သမီးဟာ အမြဲ ကံကောင်းနေမယ်လို့ ဖေဖေ ယုံကြည်စိတ်ချနေမယ် သမီး”

“ဟုတ်ကဲ့ပါဖေဖေ။ သမီး တတ်နိုင်သမျှ ကြိုးစားနေထိုင်သွားမှာပါ။ ဒီလိုသာ လူတိုင်းလူတိုင်း ကျင့်ကြံနေထိုင်သွားကြမယ်ဆိုရင် သမီးလိုပဲ သူတို့လည်း ကံကောင်းကြမှာပေါ့နော်”

5 comments

  • Gong Zhu

    September 16, 2010 at 5:59 pm

    ၆။ ခန္တီပါရမီ – သည်းခံခြင်း ဆိုတာတော်တော်လေးကို ခက်ခဲတဲ့အလုပ်ပဲ Gong Zhu အတွက်တော့ . . .

  • comegyi

    December 4, 2011 at 7:08 pm

    အော် ..ပါရမီ …..ပါရမီ……
    ကျင့်ကြံခြင်းအမှုကိစ္စတွေတိုင်းမှာ ဖြည်းဖြည်းညင်သာ ကြာကြာစခန်းသွားရတာမလို့ .. .
    ကျွန်တော်တို့ ရွှေမြို့တော်ကြီးက ပါရမီဘတ်စ်တွေလည်း ကြာသလားမှ မသိတာနော်..မမနော…

    • manawphyulay

      December 4, 2011 at 7:17 pm

      ပါရမီကားတော့မသိဘူး။ အဓိပတိကားတော့ အိပ်ရေး ၃ လေးရေး ရတာတောင် ကားမထွက်လို့ ကားသမားနဲ့ အမြဲစကားများရတယ်။ မစီးလို့လည်းမဖြစ်ဘူးလေ။

  • KING

    December 4, 2011 at 7:09 pm

    လုပ်နေတာကို ကြည့်လိုက်တော့ အများဆုံး ပါရမီက ခန္တီပါရမီ ပဲ
    ကျန်တာတွေလည်း ဆက်လုပ်အုံးမှပဲ
    ကျေးကျေး မမနော အဲ … 😀 မမ မနော လို့ ပြောမှ ဖြစ်မယ် … 😀

  • htet way

    December 4, 2011 at 7:57 pm

    တရားနှင့်ညီသော သည်းခံခြင်း
    သည်းခံတယ်ဆိုတာတရားနဲ့ ညီမှ သည်းခံမှာပါ
    ဒါကလည်း လေ့ကျင့်ယူမှ ဆရာမလေးပြောသလို
    အောင်မြင်ချင်လို့ သည်းခံတယ် မဟုတ်ပေဘူးလောကီကိ
    မေ့ထားရလိမ့်မယ်။ လောကုတ္တရာအကျိုးသာကြည့်ရမယ်
    တခါက အိမ်တက်မင်္ဂလာပွဲမှာ ဆရာတော်တပါးက တရားဟောပါလေတယ်
    သည်းခံခြင်းသာအောင်မြင်ရာ၏ပေါ့။တရားပြီးလို့ကျောင်းပြန်ရောက်တော့
    လူ၄ယောက်လိုက်သွားတယ် ဘုန်းဘုန်း ဟောကြားတဲ့ တရားလေး ….ဘုန်းကြီးက
    ခန္တီပါရမီပါကွာလို့ပြောတယ် နောက်တယောက် တက်လာပြီး ဘုန်းဘုန်း ဟို အိမ်တက်
    မှာဟောတာ ဘာတရားး ဘုန်းကြီးက သည်းခံခြင်းသာ….ပြောတာပေါ့ အဲ့ဒီ လူဆင်း
    သွားတော့ နောက်တယောက်တက်လာတယ် ဆရာတော်ဘုရား ဟောတဲ့ တရားလေး
    ခေါင်းစဉ်က ဘုန်းကြီးလည်းပြောတာပေါ့ ဒီလူဆင်းသွားတယ် နောက်တယောက်တက်
    လာတယ။ မေးပြန်ရော.. ဆရာတော်လည်းတရားခေါင်းစဉ်ပြောပြရှာပါတယ် ဒီလိုနဲ့
    ပထမဆုံးမေးတဲ လူ ကျောင်းပေါ် ပြန်တက်လာတယ် အရှင်ဘုရား စောစောက ဟောတဲ့ တရားခေါင်းစဉ်လေး ဘာတဲ့…. ဘုန်းကြီးလည်း ကွမ်းအစ် ကို ကောက်လို့အဲ့ဒီ လူကို
    အားကုန်ပေါက်ပြီး သည်းခံခြင်းသာ အောင်မြင်ရာ၏ ကွ ..သိပြီလား သိပြီလားဆိုပြီး
    အော်ပါလေရော…..ဆရာမလေးရေးတာကောင်းတယ်ဗျာ နောက်လည်းရေးပါဗျာ
    စောင့်ဖတ်ပါ့မယ် ကျွန်တော်ဆိုလိုတာက တရားနှင့်ညီမှသာ သည်းခံနိုင်မယ်
    တရားနှင့်သာ……….. မနော ဖြူ လေး ငြိမ်းချမ်းအေးမြပါစေ အောင်မြင်ပါစေ…။

Leave a Reply