မျက်နှာသစ်ကြမယ်

etoneAugust 20, 20162min2778

မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ဆုမျိုးတောင်းခဲ့ ကြဖူးလားဟင် ။

ကျွန်မတော့အဲ့လို ဆုမျိုး မတောင်းခဲ့ဖူးပေမယ့် မွေးရာပါ မျက်နှာကြောတင်းတဲ့ရုပ်ကြောင့် ငယ်ငယ်ကဆို့ အဲ့ဒီဆုပေးစကားသံ ခဏခဏ ကြားခဲ့ရဖူးတယ် ။ စိတ်ထဲတော့ သိပ်မကြည်လှဘူး အထူးသဖြင့်သီတင်းကျွတ်ကန်တော့လို့ ဆုပေးလျှင် အဲ့ဆုပေးစကားကြီးပါပါလာတာ ခံအပြင်းဆုံးပါ ။ ငယ်ငယ်ကတည်းက စိတ်ထဲ မှတ်ယူခဲ့တာ ၊ မျက်နှာမြင်လို့ မချစ်ချင်တော့ရော ၊ ဘယ်သူ့ကို ဒုက္ခပေးနေသတုန်း ၊ ကိုယ့်ထမင်းကိုယ်စား ကိုယ့်သမိုင်းကိုယ်ရေး အပိုတွေမလိုဘူးတွေးပြီး အဲ့ဒီဆုပေးသံကို အတော်မုန်းခဲ့ဖူးတာရယ် ။

လူမှု ပတ်ဝန်းကျင်မှာ ကျင်လည်နေရတော့မှပဲ မျက်နှာတစ်ခုရဲ့ အရေးပါမှုကို သိလာရတော့တယ် ငယ်ငယ်က တွေးထားလက်ခံထားသမျှ ဒီအချိန်မှာ ရာနှုန်းပြည့်မမှန်ကန်တော့ဘူး ။ လူတစ်ဦးနှင့်တစ်ဦးစတင် မိတ်ဆက်စဉ်ကတည်းက မျက်နှာကြည့်ပြီး ပြောဆိုဆက်ဆံရတယ်  ပထမဆုံး မျက်နှာချိုချို လှလှလေးမြင်လိုက်ရလျှင်ပဲ မြင်ရတဲ့လူလည်း စိတ်အေးချမ်းပြီး ခင်မင်ရင်းနှီးစိတ်ဖြစ်စေတယ် အနှုတ်သဘော ဆောင်တဲ့ စကား ၊ အပြုမူ ၊ အကြံစည်တွေကို တော်ရုံ မလုပ်ဖြစ်တော့ဘူး ။ ကျွန်မတော့ ချောတဲ့ အမျိုးသမီတွေတွေ့လျှင် သိပ်သဘောကျတာပဲ တခါတလေ သူတို့ကို ငေးရင်း စကားပြောဖို့တောင် မေ့နေတတ်တာ ၊ လုပ်ငန်းခွင်ထဲမှာလည်း မကြာခနဆိုသလို မြင်တွေ့ရလေ့ရှိပါတယ် ။ လှတာမြင်ရလျှင်ကို အလိုလို ချစ်ခင်စိတ်ဖြစ်ပြီး ပင်ကိုယ်ဘုကလန့်လုပ်ချင်စိတ်တောင် ပျောက်ပျောက်သွားတတ်တာပါ ။ ဒါကြောင့်လည်း အမျိုးသမီးတိုင်းကို လှစေချင်တယ် အလှပြင်စေချင်ပါတယ် ။ တချို့တွေက အလှပြင်ရမှာကို ရှက်ကြတယ် တယောက်နဲ့တယောက် ခံယူချက်ချင်း မတူပေမယ့် အလှပြင်တာက သူများ ပစ္စည်းခိုးစားတာလည်းမဟုတ် ၊ လုစားတာလည်း မဟုတ် ၊ မတရားမှု လုပ်တာ မဟုတ်လို့ ရှက်စရာတခုရယ်လို့ မမှတ်စေချင်ဘူး ။ တချို့ကျတော့လည်း လှတော့ လှချင်ပေမယ့် သူများ အမြင်ဆိုတာကို အရမ်းဦးစားပေးကြတယ် ၊ ငါဒီလိုလုပ်လို့ ဘယ်သူကများ ရယ်မလဲ ၊ နောက်ကွယ်မှာ အတင်းပြောမလဲ ၊ ကြည့်ရများဆိုးနေလား စသဖြင့် တွေးပြီးအလှပြင်ဖို့ တွန့်ဆုတ်ကြပြန်တယ် ။ အလှပြင်တယ် ဆိုမှတော့ နဂို ရုပ်နဲ့ ကွာခြားပါလိမ့်မယ် ၊ ပထမဆုံး လက်တည့်စမ်းတဲ့အခါ အလွန်ကျွံမဖြစ်အောင် ထိန်းရင်း တဖြည်းဖြည်း လေ့ကျင့်သွားရမှာပါ ။ ကိုယ့်မျက်နှာကိုယ်မှန်ထဲပြန်ကြည့်ချိန် ကျေနပ်နေဖို့ပဲ လိုတာပါ ၊ သူများ ဘာပြောမလဲဆိုတဲ့ အတွေးတွေ ဘေးဖယ်ထားပြီး အလှပြင်ရအောင်ပါ ။ မွေးလာတဲ့မျက်နှာ ဘယ်လိုဖြစ်နေပါစေ ၊ ကြည့်ကောင်းအောင် လှနေအောင် ပြင်ဆင်လို့ရနေပါပြီမို ့ အလှပြင်ဖို့ပဲ တိုက်တွန်းချင်ပါတယ် ။

မျက်နှာနဲ့ပတ်သတ်လျှင် အခြေခံအကျဆုံးနဲ့အဓိက အကျဆုံးကတော့ သန့်စင်မှုပါပဲ ။ အခု မျက်နှာသစ်ခြင်း အကြောင်း လေ့လာမှတ်သားထားသမျှ ပြန်ပြောပေးပါ့မယ် ။

အမျိုးသမီးထုအတွက် ရည်ရွယ်ခဲ့ပေမယ့် မျက်နှာသစ်ခြင်း ၊ မျက်နှာသန့်စင်ခြင်းကိုတော့ အမျိုးသားရော ၊ အမျိုးသမီးပါ လုပ်နိုင်တာကြောင့် ဒီအကြောင်းရာလေးကို ပထမဆုံး ပြောပေးချင်ပါတယ် ။ မျက်နှာသစ်တာ ဒီလောက်လွယ်တာများလို့ ထင်ကောင်းထင်ပါလိမ့်မယ် ။ သမန်ကာလျှံကာ ပြောလျှင်တော့ မျက်နှာသစ်တာ အရမ်းလွယ်ကူ ရိုးရှင်းပါတယ် ။  ဒါပေမယ့်လည်း ကိုယ့်မျက်နှာကို ထိရောက်တဲ့ သန့်စင်မှုမျိုးရဖို့ အဆင့်ဆင့် လုပ်ဆောင်မှုတွေနဲ့ မျက်နှာသစ်ချင်တဲ့ လူတွေအတွက်တော့ သိသင့်တဲ့အချက်လေးတွေပြောပေးမှာပါ ။

မျက်နှာမသစ်ခင် ကိုယ့်မျက်နှာအသားရည်က ဘယ်အမျိုးစားလည်း သိထားသင့်ဖို့ လိုပါတယ် ။ ယေဘုယျအားဖြင့် မျက်နှာ အသားရည်ကို အဆီပြန်တဲ့ အသားရည် ၊ ခြောက်သွေ့တဲ့ အသားရည်၊ ပေါင်းစပ်အသားရည် / ပုံမှန်အသားရည်လို့ ခွဲခြားပါမယ် ။ ထူးခြားတဲ့ အသားရည်ကတော့ ထိခိုက်လွယ်အသားရည်မျိုးပေါ့ ။  ကိုယ့်အသားရည်ပေါ် မူတည်ပြီး မျက်နှာသစ်တဲ့အခါ အသုံးပြုမယ့် ဆပ်ပြာကွာခြားမှာကြောင့် ကိုယ့်အသားရည် ဘယ်အမျိုးစားလဲ သိထားသင့်ဖို့ လိုပါလိမ့်မယ် ။

အဆီပြန်တဲ့ အသားရည် (oily skin)

လွယ်လွယ်ခွဲခြားနည်းပြောရလျှင်တော့ ….. တချိန်လုံးကိုယ့်အသားရည်က ဆီပြန်နေလျှင် ၊ မိတ်ကပ် သနပ်ခါး မစွဲလျှင်တော့ သေချာပါပြီ ၊ အဆီပြန်တဲ့ အသားရည်မျိုးပါ ။ တခု သတိထားကြည့်ရမှာက မျက်နှာတပြင်လုံး အဆီပြန်တတ်တာလား ၊ ဒါမှ မဟုတ်တချို့သော အစိတ်ပိုင်းတွေလောက်ပဲ အဆီပြန်တာလားဆိုတာပါ ၊ အထူးသဖြင့် T zone လို့ခေါ်တဲ့ နှဖူးနဲ့ နှာခေါင်းတဝိုက်ပဲဆီနည်းနည်းဝေ့နေလျှင်တော့ ပေါင်းစပ်အသားရည် combination skin လို့သတ်မှတ်ရပါမယ် ။ combination  skin ကတော့ ပြသနာမရှိလှပါဘူး ။ ကိုယ်သာ oily skin ဆိုလျှင် ဂရုစိုက်ဖို့ လိုလာပါပြီ ။ ဝက်ခြံတွေ ထူလဗျစ်ထွက်တတ်တဲ့ အသားရေမျိုးမို့ ဂရုတစိုက်သန့်စင်ပေးရပါမယ် ။ ချွေးပေါက်ထဲ ဆီတွေကျန်နေတတ်တာကြောင့် double cleansing လုပ်ပေးရပါမယ် ။oily skin ဖြစ်တာကြောင့် ဆီတွေက သာမန်သန့်စင်ရုံနဲ့ မပြောင်တာကြောင့် double cleansing လုပ်ဖို့ လိုတာပါ ။  cleanser သုံးပြီး ဆီတွေကို ဖယ်ရှားရပါမယ် ပြီးမှသာ မျက်နှာသစ်ဆပ်ပြာနဲ့ ဆေးကြောပေးရပါမယ် ။ cleanser ရွေးချယ်မှု အပိုင်းမှာလည်း type ရွေးမှန်ဖို့လိုပါတယ် ။ oily skin တွေအတွက်တော့ foaming type or gel type cleanser အမျိုးစားတွေ ရွေးချယ်သင့်ပါတယ် ။ အနည်းဆုံး တနေ့ကို ၂ကြိမ် (မနက်တကြိမ် ၊ ညတကြိမ်) မျက်နှာသစ်ပေးဖို့ လိုအပ်ပါတယ် ။ ဆီပြန်တဲ့အသားရည်ဖြစ်တာကြောင့် အချိန်ရတိုင်းမျက်နှာသစ်စရာတော့မလိုပါဘူး ၊ မလိုအပ်ပဲ အကြိမ်ကြိမ် မျက်နှာသစ်ခြင်းကလည်း မျက်နှာပြင်မှာရှိတဲ့ PH levelကို ပြောင်းလဲစေတာကြောင့် အလွန်မင်းမျက်နှာသစ်ခြင်းကြောင့်လည်း အဆီပိုတွေ ထွက်စေပါလိမ့်မယ် ။ တန်ဆေး လွန်ဆေးဆိုသလိုပါပဲ အလွန်ကျွံမဖြစ်သင့်ပါဘူး ။ oily skin တွေမျက်နှာသစ်လျှင် ညှင်သာစွာသန့်စင်ပေးဖို့လိုပါလိမ့်မယ် ဆီပြောင်ချင်ဇောနဲ့ အတင်း ဖိ ပွတ်တိုက်တာမျိုးကို ရှောင်ကျဉ်သင့်ပါတယ် ။

 

ခြောက်သွေ့တဲ့ အသားရည် ( dry skin )

ဆောင်းတွင်းမဟုတ်တဲ့ ရာသီဥတုမျိုးမှာတောင် အရေပြားတွေ ခန်းခြောက်နေမယ် ၊ အဖတ်တွေလန်မယ် ကြည့်ရတာ ခြောက်ခြောက်သွေ့သွေ့ အရောင်နည်းနည်းမွဲနေမယ်ဆို dry skin လို့သတ်မှတ်ပါမယ် ။ တနေ့ ၂ကြိမ်မျက်နှာသစ်သင့်တယ်ဆိုပေမယ့် ဒီလို အသားရည်မျိုးအတွက်ကတော့ ညဘက်ကိုသာ clenser သုံးပြီး သစ်ဖို့ အကြံပေးချင်ပါတယ် ။ ကျွန်မကိုယ်တိုင်က dry skin အသားရည်ထဲပါပါတယ် ဒါကြောင့် မျက်နှာသစ်ပြီးချိန် moisture တခု ထပ်သုံးလေ့ရှိပါတယ် ။ ဒီလို dry skin မျိုးက ချွေးပေါက်တွေ အကျဉ်းဆုံးမို့ ဝက်ခြံဖြစ်စေမှု ရာနှုန်းနည်းတယ် ဆိုပေမယ့် ကျွန်မကတော့ စိတ်ဖိစီးမှုများတိုင်း အဖုတွေထွက်လေ့ရှိတယ် ။  dry skin တွေရှိတဲ့လူတွေကတော့ cleanser ကို cream type သုံးသင့်ပါတယ် ။ မိတ်ကပ်တွေ heavy လိမ်းထားပြီးပြန်ဖျက်ချိန်ကလွဲလျှင် ညဘက်တကြိမ်လောက်သာ cleanser သုံးသင့်ပါတယ် ။ သူလည်း double cleansing လုပ်လို့ရပါတယ် ။ cleanser သုံးမျက်နှာသန့်စင်ပြီး စေးကပ်ကပ်ဖီလင်ကို မကြိုက်ကြလို့ မျက်နှာပြန်သစ်လေ့ရှိကြတာပါ ။  မျက်နှာသစ်ဆပ်ပြာပျော့လေးနဲ့ မျက်နှာသစ်သင့်ပါတယ် ။  ညဘက် မျက်နှာသစ်ပြီးချိန်တော့ moisture လေးလိမ်းပေးသင့်ပါတယ် ။ ညအိပ်ချိန်မှာ skin repair လုပ်တာမို့ moisture လိမ်းပေးခြင်းဖြင့် ကိုယ့်အသားရည်ကို ဂရုစိုက်သင့်ပါတယ် ။

 

ပေါင်းစပ် အသားရည် (combination skin)

မျက်နှာပြင်တခုလုံး အဆီပြန်နေတာ မဟုတ်ပဲ ၊ တချို့သော မျက်နှာပြင် အစိတ်ပိုင်း အထူးသဖြင့် နှဖူးနဲ့ နှာခေါင်း တဝိုက်သာ အဆီပြန်လေ့ရှိတဲ့ အသားရည်မျိုးကို ဆိုလိုပါတယ် ။  အဲ့ဒီနေရာတွေကို T zone လို့ခေါ်ပါတယ် ။ သူလည်း ယေဘူယျ တနေ့ နှစ်ကြိမ်ပဲ မျက်နှာသစ်သင့်တယ် ။ တစိတ်တပိုင်း အဆီပြန်တဲ့ အသားရည်ဖြစ်တာကြောင့် Tzone တဝိုက်ဝက်ခြံထွက်မှာ စိတ်ပူရလို့ အဲ့ဒီနေရာတွေကို မျက်နှာသစ်တော့မယ်ဆို ကျန်အစိတ်ပိုင်းထက်ပို ဂရုစိုက်သင့်ပါတယ် ။ မျက်နှာတပြင်လုံးရဲ့  Tzone မှာရှိတဲ့ ချွေးပေါက်လေးတွေကျယ်လေ့ရှိတာကြောင့် ဆားဝက်ခြံ အဖြစ်များတတ်ပါတယ် ။ cleanser သုံးပြီးမျက်နှာသစ်တဲ့အခါ foaming type  မသုံးသင့်တာကိုတော့ ဂရုပြုရပါမယ် ။ သူက combination skin ဖြစ်တာကြောင့် moisture လိမ်းဖို့ လိုအပ်ပါတယ် ။ Tzone နေရာတဝိုက်သာ အဆီပြန်တာကြောင့် oily skin မဟုတ်လို့ ပေါ့ပေါ့တန်တန်  နေလို့လည်း မဖြစ်ပါဘူး ။ ဂရုမစိုက်မိလျှင် oily လိုပဲ ဖြစ်လာတတ်ပါတယ် ။ မျက်နှာသစ်ပြီးချိန်  moisture ခပ်ပါးပါးကို လိမ်းလို့2မိနစ်လောက် နှိပ်နယ်ပေးလျှင် သွေးလည်ပတ်မှုကောင်းစေတာကြောင့် ပေါင်းစပ် အသားရည်ပိုင်ရှင်တွေအတွက် အဆင်ပြေစေပါလိမ့်မယ် ။

ပုံမှန် အသားရည် (normal skin)

သူကတော့ ကံအကောင်းဆုံး အသားရည်ပါ အထူးတလည် ပြသနာ မပေး ၊ စိတ်ဒုက္ခမပေးတဲ့အသားရည်မျိုးပေါ့ ။ ချွေးပေါက်တွေလည်း ခပ်သိပ်သိပ် ၊ အဆီလည်းမပြန် ၊ အသားခြောက်ကွဲတာလည်း မရှိတာကြောင့် အရမ်း အဆင်ပြေတဲ့ အသားရည်မျိုးပါပဲ ။ နဂို အသားရည်ကောင်းတာမို့ မထိန်းသိမ်း ဂရုမစိုက်ပဲပစ်ထားလျှင်တော့ သူလည်း ပျက်ဆီးသွားမှာပါ ။ တခု သထိတားရမှာက ဒီလို အသားရည် ပိုင်ရှင်တွေက bar soapလို ဆပ်ပြာတွေ မသုံးသင့်ဘူး ။ bar soap တွေက PH level များတာကြောင့် အသားရည်ရဲ့ လက်ခံနိုင်တဲ့  PH ပမာဏထက်၂ဆနီးပါး ကျော်လွန်နေတာတွေကြောင့်  သူ့ကိုသုံးပြီး မျက်နှာသစ်ပြီးတာနဲ့  အသားရည်ကို ခြောက်သွေ့ပြီး ပျက်ဆီးစေပါတယ် ။ အသားရည်ပေါ်က အရေးကြောင်းတွေ ထင်းလာမယ် ၊ ပါးရည်တွန့်လာမယ် ဒီလို ဆိုးကျိုးတွေဖြစ်လာမှာပါ ။ ဒါကြောင့်တွေ့ကရာ ဆပ်ပြာနဲ့ မျက်နှာသစ်ခြင်းကို ရှောင်ပေးသင့်ပါတယ် ။ တချို့သော bar soapတွေကတော့ မျက်နှာအတွက် တသီးတသန့် ထုတ်ထားတာမို့ အဲ့လိုproduct မျိုးဆို မျက်နှာတိုက်လို့ရပါတယ် ။  ဒီလို အသားရည်ပိုင်ရှင်တွေက တပတ်တခါလောက် ဆီလိမ်းပြီး မျက်နှာကို နှိပ်နယ်ပေးတာမျိုး ၊ night cream သုံးပြီး ဂရုစိုက်ပေးတာမျိုးလောက်နဲ့ အဆင်ပြေပါတယ် ။

ထိခိုက်လွယ် အသားရည် ( sensitive skin )

လွယ်လွယ်ပြောရလျှင်  ဓါတ်မတည့်မှုတွေ ဖြစ်လေ့ရှိတဲ့ အသားရည်မျိုးပါ  ၊ တွေ့ကရာ ကြုံသလို သုံးလို့ မဖြစ်တဲ့ အသားရည်မျိုးမို့ အတော်လေးဂရုစိုက်ရပါတယ်  ။ အရည်ပြားရဲ့ အပေါ်ဆုံးအလွှာ epidermis မှာ ဆဲလ်တွေခမ်းခြောက်ပျက်ဆီးပြီး ပုံမှန်အလုပ်မလုပ်လေ့ရှိတဲ့အခါ ပထမဆုံးအလွှာရဲ့အောက်မှာရှိနေတဲ့ dermis ဆိုတဲ့အလွှာနဲ့ပြင်ပလေထုကြားကို အဟန့်တားဖြစ်စေတာကြောင့် အရေပြားယောင်ရမ်းခြင်းတွေ ဖြစ်စေပါတယ် ဓါတ်မတည့်တာတွေဖြစ်စေတယ်လို့ မှတ်သားဖူးပါတယ် ။  မိမိအသားရည်နဲ့ တည့်မတည့် အရင် စမ်းပြီးမှသာcosmetic တွေ ၊ skincare တွေဝယ်သင့်ပါတယ် ။  organic ကနေထုတ်ထားတဲ့ product မျိုးတွေသုံးသင့်ပြီး အနံ ့မပါတာမျိုးတွေ alcohol မပါတာမျိုးတွေ ရွေးသင့်ပါတယ် ။ ကျွန်မသူငယ်ချင်းတယောက်ဆို သူ့ရဲ့ sensitive skin အတွက် baby care product တွေသာ ရွေးသုံးခံရတယ် ။ ကိုယ်နဲ့ တည့်မတည့်သိအောင် လည်ပင်းမှာ စမ်းပြီး ဓါတ်မတည့်မှု allergic မဖြစ်မှသာ သုံးသင့်ပါတယ် ။ ရေနွေးခပ်ပျော့ပျော့နဲ့ မျက်နှာသစ်ပေးလို့လည်း ရတယ် ။ mild cleanser type မျိုးသုံးသင့်ပါတယ် ။ cleanser ကို လက်ဖဝါးနှစ်ဖက်ပေါ် အရင် တင်ပြီးမှ မျက်နှာပေါ်ကိုapply  လုပ်ပေးသင့်တယ် ။  ပါးနှစ်ဖက်နဲ့ နှဖူးတဝိုက်ကို စက်ဝိုင်းပုံသဏ္ဍန်နှိပ်နယ်ပြီးသုံးပါက သွေးလည်ပတ်မှု ကောင်းစေပါတယ် အကြမ်းပတမ်းတော့ ဖိနှိပ်မှု မလုပ်ဖို့ သတိထားသင့်ပါတယ် ။ မျက်နှာကို ဂရု တစိုက်သစ်သလိုပဲ ၊ ညအိပ်ချိန်မှာ မျက်နှာနဲ့ ထိတွေ့နေရတဲ့ ခေါင်းအုံးတွေရဲ့သန့်စင်မှုကိုလည်း ဂရုစိုက်ရပါမယ် ။

T-Zone
T-Zone

ဘယ်လို အသားရည်ပိုင်ရှင်ဖြစ်ဖြစ်ပါ ဘယ် product အသစ်ကိုမဆို မျက်နှာပေါ်မတင်ခင် လက်ကောက်ဝတ်လိုနေရာ လည်ပင်းလိုနေရာမျိုးမှာ စမ်းပြီးမှသာ မျက်နှာပေါ်တင်သုံးသင့်ပါတယ်။ ကဲ အခုဆို အသားရည်ခွဲခြားနည်းလည်း သိပြီမို့ မိမိအသားရည်နဲ့ ကိုက်ညီတဲ့ product တွေသုံးပြီး မျက်နှာသစ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ် ။ ကြည်လင်သန့်စင်တဲ့ မျက်နှာလေးများကို ပိုင်ဆိုင်ကြပြီး မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ဆုမတောင်းပဲ ပြည့်ကြပါစေနော် ။  😀

 

 

 

 

အရေပြားအလွှာ
အရေပြားအလွှာ

8 comments

  • ဦးကျောက်ခဲ

    August 22, 2016 at 3:13 pm

    တို့များတော့ အသားတော်ကဉ္စနက အနက်နုရောင်ဝင်းတာမို့ အပိုတွေမလိုပေါင်…
    တချို့တွေများ … ဆန်ဆေးရေနဲ့သစ် ၊ သခွါးသီး/ခရမ်းချဉ်သီး ကပ်လိုကပ်…
    ကော်ဖီ ထောပတ်သီးတွေနဲ့ ပွတ်လိုပွတ် … ရှုပ်ယှက်ခတ်နေတာပဲ… :k:

  • Tawwin Pan

    August 22, 2016 at 5:59 pm

    ကိုယ့်အသားအရေက ဘယ်အမျိုးအစားထဲမှာပါလဲဆိုတာမခွဲတတ်ပါဘူးလေ…
    မွဲခြောက်အဆီပြန်တဲ့အသားအရေမျိုးဆိုတော့ ဘယ်အထဲမှာပါလဲ အလင်းပြပါဦး…..
    ဝက်ခြံတော့မပေါက်…စိတ်ရှုပ်လာတဲ့အချိန် အဖုလေးတွေပေါက် ..သနပ်ခါးတို့ထားရင် ခြောက်ပြီးကြွေသွားကော……..

  • ကိုယ့်ကိုကိုယ်တော့ ခြောက်တဲ့အသားရည်ထဲပါတယ် ထင်တာပဲ . . စိတ်ဖိစီးမှုများရင် ဝက်ခြံပုန်းထွက်တာကလွဲလို့ ဝက်ခြံဖြစ်ခဲတယ် . . ခုဆို whitening ထက် moisture ပါတာကို အဓိကထားဝယ်ဖြစ်တယ် . . cleansing မသုံးဘဲ ရိုးရိုး facial foam နဲ့ သစ်ရင်လည်း အဆင်ပြေတယ်မို့လားဟင်

  • Ma Ei

    September 1, 2016 at 12:44 pm

    မျက်နှာမြင် ချစ်ခင် ဆိုသူတွေထဲ မပါတာသေချာတဲ့ပြင် သူ့လုပ်စာ တကမ္ဘာလုံးစားနေတယ်များထင်နေသလားလို့တောင် ပြောခံရသူပါ
    ကိုယ့်ပေါ် မကောင်းသူကိုလဲ အကူညီတောင်းလာရင် မညင်းခဲ့ ပြန်မချေတတ်သူ၊
    တဆယ်ကောင်းရင် တရာပြန်ပေးတတ်သူ ဆိုတာ သူတို့ တကယ်မသိကြလို့ပါ ၊မသိကြပါစေနဲ့….
    မျက်နှာကတော့ ဆီပြန်တဲ့ အသားအရေဆန်ပါတယ် ဝက်ခြံမထွက်ပါဘူး ကံကောင်းခြင်တော့ ဆီပြန်ရင် တစ်ရှူ းနဲ့သုတ် ခရင်ပတ်ဖ် ရိုက်တာနဲ့တင်အဆင်ပြေ…

  • uncle gyi

    September 8, 2016 at 3:33 pm

    မ ျက်နှာသစ်ဆေးကုမ်ပဏီကလာကြော်ငြာသလားထင်ရအောင်ကိုစုံလင်ပါပေ့
    ဘာပြောပြောတကိုယ်ရေသန့်ရှင်းတာကောင်းတာပါပဲလေ
    ကိုယ်တိုင်တော့တနေ့ကိုမနက်တခါရေခ ျိုးရင်တခါ၂ခါပဲသစ်ဖြစ်ပါရဲ့
    ဘာမှတော့မဖြစ်ဖူးဘူး

  • ဇီဇီခင်ဇော်

    September 16, 2016 at 12:33 pm

    အမက ပေါင်းစပ်အသားအရည်။
    သိပ်စိတ်ညစ်ဖို့ကောင်းဒေ။
    ချွေးပေါက်ကလည်း ကျယ်သေးး

    😥

    • ကြောင်ဝတုတ်

      September 16, 2016 at 2:57 pm

      အစ်မကြီးက ပေါင်းစားတဲ့အသားအရည်လား…
      ကျုပ်က ဟမ်ဘာဂါမှတ်လို့ကြည့်နေတာ… လက်စသတ်တော့ ငုံထားတာ ပေါက်စီ (၂)လုံးကိုး…
      လစ်ပြီ…ဝှစ်…ဝှစ်…

Leave a Reply