အယ်ဒီတာ့သင်ပုန်း – စက်တင်ဘာ ၂၀၁၆

kaiAugust 22, 20161min1314

ဒေါ်အောင်ဆန်းစုကြည်အစိုးရ အာဏာရသည်မှာ စက်တင်ဘာ၁ရက်ဆိုလျှင် ၆လတိုင်လေပြီ။
၈၈အရေးတော်ပုံကြီး ၂၈နှစ်မြောက်နှစ်ပါတ်လည်သည် အမေ့များနှင့် ငြိမ်သက်ဖြတ်သန်းလျှက်ရှိခဲ့ပါ၏။ မြန်မာ့နိုင်ငံရေးသတ္တဝါတို့သည် ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်ချမှတ်ထားသော နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တန်းတန်းမတ်မတ်လျှောက်သွားလျှက်ရှိကြပေရာမြန်မာ့တပ်မတော်သည်လည်း ထလှုပ်မည့်ပုံမပေါ်ပေ။ အိမ်နီးချင်းနိုင်ငံထိုင်းနိုင်ငံ၌သည်ကား ၂၀၁၄ ကအာဏာထသိမ်း၍ စစ်အစိုးရတက်ခဲ့လေပြီ။ ချိုင်းနားပြည်၏ အရှေ့ပင်လယ်ထွက်ပေါက် South China Sea တွင်လည်းချိုင်းနားပြည်ကတည်ဆောက်လိုက်သော လူလုပ်ကျွန်းအရေးနှင့်ပါတ်သက်၍ ဒေသတွင်းနှင့် စူပါပါဝါနိုင်ငံကြီးတို့စစ်ရေးပြင်ကြ
တကြွကြွနှင့်တရုံးရုံးလည်းရှိသည်။ တင်းတင်းမာမာလည်းရှိ၏။

ပြည်ပြောင်းခရီးစဉ်

အာဆီယံနိုင်ငံများသို့ သွားရောက်ပြီးသောအခါတွင် ဒေါ်အောင်ဆန်စုကြည်ရွေးချယ်လိုက်သော နိုင်ငံကြီးများသို့ပထမဆုံး တရားဝင်ခရီးစဉ်မှာ ချိုင်းနားပြည်ဖြစ်၏။ ထို့နောက် စက်တင်ဘာလကုန်ပိုင်းတွင် အမေရိကပြည်သို့ သမ္မတအိုဘားမား၏ဖိတ်ကြားမှုဖြင့် လာရောက်မည်ဖြစ်ပါသည်။
ချိုင်းနားခရီးစဉ်တွင် ကော်ဇောနီခင်းကာ ဂုဏ်ပြုတပ်ဖွဲ့၊ နိုင်ငံတော်အခမ်းအနားဖြင့် (ထုံးစံအတိုင်း)ကြိုဆိုခဲ့ပြီး နိုင်ငံအကြီးအကဲများကလက်ခံတွေ့ဆုံခဲ့ကြသည်။ ဤသို့အားဖြင့် မြန်မာနိုင်ငံအား အုပ်ချုပ်နေသူမှာ “သူမ” ဖြစ်ကြောင်းကို အသိအမှတ်ပြုစေခဲ့သကဲ့သို့ တရားဝင်လည်းဖြစ်စေခဲ့ပါ၏။
တကယ်တော့လည်း သူမ ကြောင့်သာ NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲတွင်အနိုင်ရခဲ့ခြင်းဖြစ်ကာ သူမသည်သာသမ္မတဖြစ်ထိုက်ပါလျှက် အခြေခံဥပဒေ ၅၉(စ)ဆိုသည်နှင့်ညှိစွန်းနေသောကြောင့်သာ သမ္မတမဖြစ်ခဲ့ခြင်းမဟုတ်ပါလော။
ထို့ကြောင့် သမ္မတအဖြစ် ဦးထင်ကျော်ကိုတင်ထားပါသော်လည်း တည်ထောင်စမြန်မာဒီမိုကရေစီနိုင်ငံတော်သစ်အတွက် အစဉ်အလာကားမကောင်း၊ ဖြစ်လည်းမဖြစ်သင့်။ တနေ့နေ့တွင် သူမကိုယ်တိုင် အစဉ်အလာကောင်းချမှတ်ပေးမည်ဟု မျှော်လင့်ရပါ၏။

မြန်မာ-ချိုင်းနား

ယခု “သူမ”ခရီးစဉ်တွင် လူပြောလူသိအများဆုံးမှာ ချိုင်းနားပြည်နှင့်မြန်မာပြည်စစ်အစိုးရတို့ ၂၀၀၆ ဒီဇင်ဘာလကချုပ်ဆို၍ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၁ စက်တင်ဘာ ၃ဝ ကရပ်ဆိုင်းထားမည်ကြေညာလိုက်သော မြစ်ဆုံဆည်စီမံကိန်းများဖြစ်ပုံရသည်။
မြစ်ဆုံဆည်စီမံကိန်းများတွင် ဆည်ပေါင်း ရခုပါဝင်ကာ စုစုပေါင်း လျှပ်စစ် MW ၂၀၀၀ဝ ထုတ်နိုင်မည့် ဆည်များဖြစ်ပါသည်။
အဆိုပါဆည်များအတွက် စုစုပေါင်းရင်းနှီးမြုတ်နှံမှုပမာဏမှာ ၃.၆ဘီလီယံဒေါ်လာဖြစ်၍ လောလောဆယ် စာရင်းနှင့် သတင်းစာရှင်းလင်းပွဲများအရ ၁ဘီလီယံဒေါ်လာဖိုးမျှ ရင်းနှီးမြုတ်နှံ သုံးစွဲပြီးဖြစ်သည်ဆိုပါသည်။ မြစ်ဆုံစီမံကိန်းများ၏ Time line ကိုချရေးကြည့်ပါက အောက်ပါအတိုင်းတွေ့နိုင်မည်။
၂၀၀၁ ပရောဂျက်အကြမ်းရေး။
၂၀၀၆ ဒီဇင်ဘာ ချိုင်းနားနဲ့စစ်အစိုးရ စာချုပ်လက်မှတ်ထိုး။
၂၀၁ဝ ဖေဖော်ဝါရီ UK-based Kachin National Organization (KNO) မှနိုင်ငံတကာ ဆန့်ကျင် ကင်န်ပိန်းစ။
၂၀၁၁ ဇွန် ၉ KIA နဲ့ တပ်မတော် ၁ရနှစ်ရပ်ထားတဲ့ စစ်ပွဲပြန်စ။
၂၀၁၁ စက်တင်ဘာ ၃ဝ ၊ ဦးသိန်းစိန်မှ ရပ်ဆိုင်း။

သည်လော/မသည်လော

မြန်မာပညာရှင်များ၏ တွက်ချက်မှုများအရမူ ဆောက်သင့်၍ ဆောက်ရန်စီမံကိန်းရှိခဲ့သည်။ဆည်မြောင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးခင်မောင်ချစ်၏ ပြောစကားအရမူ စီမံကိန်းသည် ၁၉၇၄ မဆလခေတ်ကတည်းက စရှိခဲ့ပြီး ၂၀၀၂ခုနှစ်တွင် ဧရာဝတီမြစ်ဆုံနှင့်ဘက်စုံစီမံကိန်းကိုရေးဆွဲခဲ့သည်ဆိုပါသည်။ ထိုစဉ်ကတည်းက ဧရာဝတီမြစ်ဝှမ်းရေလွှမ်းမှုကိုပါ ထည့်တွက်ချက်ထားသည့် ဆောက်မည့်စီမံကိန်းများဟု ဆိုပါသည်။ နောက်ပိုင်းစစ်အစိုးရလက်ထက်တွင် ချိုင်းနားလက်ရောက်သွားသော စီမံကိန်းများဖြစ်ပါသည်။ သို့ဆိုသော် မြစ်ဆုံဆည်နှင့်ပါတ်သက်သော လူပြောများသည့်
“ကယ်တင်ပါ”အချက်များကို ချပြပါမည်။

ငလျှင်

ကယ်လီဖိုးနီးယားပြည်နယ်၏ အကျယ်သည် မြန်မာနိုင်ငံ၏ ၆၃%ရှိကာ တောင်မြောက်ဖြတ်ထားသော ဆန်အန်ဒရီယာပြတ်ရွှေ့ကြောကြီးက ဆန်ဖရန်စ္စကိုမြို့အောက်၊ လော့စ်အိန်ဂျလိစ်မြို့အောက်တွင် တည်ရှိလေသည်။ ထိုပြတ်ရွေ့ပေါ်တွင် မြို့ကြီးများသာမကပြည်နယ်တခုလုံးတွင် တည်ဆောက်ထားသော ရေကာတာနှင်ရေသိမ်းဆည် ပေါင်း ၂၇၀ဝ ကျော်၏အများစုလည်းရှိနေပါ၏။ ထိုပေသည်မှ ငလျှင်ကြောင့် ဆည်များမှ ပြဿနာကြီးငယ်ဖြစ်သည်ဟု၍ မကြားဖူး။
မြန်မာတွင် မြစ်ဆုံဆည်စိမံကိန်းဝင် ဆည် ၅ခုမှာ မေခမြစ်ပေါ်တွင်တည်ရှိကာ မြန်မာပြည်၏ငလျှင်ဘေးအန္တရာယ်စကေးဇုံ နံပါတ်၁ အပြင်းဆုံး( စစ်ကိုင်းပြတ်ရွေ့ဇုံတည့်တည့်) နှင့် အနည်းဆုံးရ ဟု ရဆင့်သတ်မှတ်ပါက အဆင့်၆ဇုံတွင် ရှိနေသဖြင့် ငလျှင်ဒဏ်လွတ်ဆည်များဟုပင်ဆိုနိုင်မည်။ MW ၆၀၀ဝ ထွက်မည့် မြစ်ဆုံဆည်သည် မြစ်ကြီးနားမြို့အထက်နားတွင်ရှိကာ ငလျှင်ဘေးအန္တရာယ်စကေးဇုံတွင် အဆင့်၅ တွင်ပါသည်။ သို့ဖြစ်၍ ဆည်တို့တွင် ငလျှင်အန္တရာယ်ကားထင်ရှားမရှိရာ။

ရေကြီး/ရေရှား

ချင်းတွင်း၊ဧရာဝတီမြစ်တလျှောက်၏မိုးတွင်း၌ရေကြီး နွေရာသီရေရှားခြင်းသည် လွန်ခဲ့သော ဆယ်စုနှစ် ၄ခုကတည်းကဖြစ်နေခြင်းဖြစ်ပြီး ပြီးခဲ့သော ၁ဝစုနှစ်ကစ၍မူ သစ်တောပြုန်းကြမ်းလာခြင်း၊ ရွှေနှင့်ကျောက်များကို မြစ်ရေအားမော်တာဖြင့်စုတ်ယူကာ ထိုးဖျော်ချ၍ ထုတ်ယူရှာဖွေခြင်းများကြောင့် ပိုမိုဆိုးဝါးလာဟန်ရှိသည်။ ပို့ချနေသော နှုန်းများကြောင့် အချို့နွေရာသီများတွင် ဧရာဝတီမြစ်ကြီးအား လူလမ်းလျှောက်၍ဖြတ်ကူးရနိုင်လောက်အောင် မြစ်ရေတိမ်ကောသွားသည်အထိ အသက်ငင်နေလေပြီ၊ အသက်ငင်လျှက်မှ မြစ်ဆုံ/မြစ်စမှသည် မြစ်ဝကျွန်းပေါ်ပုသိမ်အထိ မြစ်ဘေးနေ ရွာမြို့များ၊ လူနေအိမ်နှင့် လူ့အသက်များကိုပါ နှစ်စဉ်ခြွေချနေပေပြီ၊
လာမည့်နှစ်များတွင်လည်း ပို၍ပို၍တိုးလို့ကာသာဖြစ်လတ္တံ။

သစ်ခုတ်သမားများ

ခရိုနီတို့ သစ်တောများဖြုတ် သစ်ထုတ်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် သစ်တောပြုန်းတီးမှုနှုန်းအမြန်ဆုံးတနိုင်ငံဖြစ်ခဲ့ပါပြီ၊
ထို့အတူ ကုလသမဂ္ဂစစ်တမ်းများအရ မြန်မာ့အိမ်ထောင်စုများ၏ ၆၉% သည်ထင်းမီးကို ဟင်းထမင်းချက်ရာတွင် အဓိကလောင်စာအဖြစ်သုံးစွဲနေရပေရာ ထင်းမီးလောင်စာကြောင့်လည်း သစ်တောပြုန်းတီးရခြင်းသည် အဓိကအကြောင်းတခုဟု ဆိုနိုင်ပါလိမ့်မည်။ ထိုသို့ဖြစ်သည်ကို ကုစားရန် ကုလသမဂ္ဂနှင့် ဂျပန်၊ဥရောပနိုင်ငံတို့မှ ထင်းအစားထိုး လောင်စာမျိုးစုံကို စမ်းသပ်ထုတ်ပေးဝေခဲ့ကြသည်။ အောင်မြင်ခြင်းကားမရှိ၊ ခုတ်စရာထင်းရှားလာ၍ အိမ်ထောင်စုတခုသည် တနှစ်လျှင် နာရီပေါင်း ၂၃၃နာရီကို အသုံးပြုထင်းရှာနေကြရသည့်အခြေအနေဖြစ်ပါ၏။ ထို့အတူ သစ်ကြီးသစ်ကောင်းများလည်း လက်နက်စရိပ်ဖြစ်ရရှာကာပြည်တွင်းစစ်မီးကြောင့် ပြုတ်ပါကုန်သလို လက်ညိုးထိုးရောင်းစားခဲ့သည့် “လာဘ်စားသူကြီးများ”ကြောင့် စာရင်းပေါက်နေသည်ထက် ၁ဝဆမက လျှော့ကုန်ပေပြီ၊

ကမာ္ဘပူနွေး

ဧရာဝတီမြစ်သည် ဟိမဝန္တာတောင်တန်းကြော၏ ရေခဲပြင်များကို ရေအရင်းအမြစ်အဖြစ်သုံးရသော မြစ်ကြီးတစင်းဖြစ်သည်။
ကမ္ဘာပူနွေးလာ၍ ရေခဲပြင်များတဝုန်းဝုန်းပျော်ကျလျှက်ရှိရာတွင် ဟိမဝန္တာတောင်တန်းကြောအားလည်း ချမ်းသာမပေးထားပါ။ ဓာတ်ပုံအထောက်အထားများအရ လွန်ခဲ့သော နှစ် ၄ဝက ရေခဲပြင်များမှာ တွင်းချိုင့်ကြီးများဖြစ်၍နေလေသည်။
မကြာမှီ ဟိမဝန္တာတောင်တန်းကြောသည် ရေခဲပြင်တို့လျှော့နည်းကာ သွေ့ခြောက်မှုကြီးနှင့်ရင်ဆိုင်ရဖွယ်ရှိပါသည်။

ဆက်သင့်/မသင့်

မြန်မာသမ္မတမှ မြစ်ဆုံစီမံကိန်းများကို ပြုလုပ်ရန် သင့် မသင့် ကိစ္စနှင့် စပ်လျဉ်း၍လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်ကို ဩဂုတ်လ ၁၂ရက်နေ့က ဖွဲ့ထားပေရာ မြစ်ဆုံစီမံကိန်းဆက်သင့်/မသင့်မှာ ကော်မရှင်ဆုံးဖြတ်ချက်သဘောအတိုင်းဖြစ်ရမည်။
ကင်ဆာကားဖြစ်ခဲ့ပြီးလေပြီ။ ဓာတ်ရောင်ခြည်ဖြစ်ကုမည်လော။ အလုံးအကျိတ်ဖြတ်ထုတ်မည်လော။
အသက်မြှင်းရှုကာသေမိန့်စောင့်မည်လော။ ဗမာတိုင်းရင်းဆေးတို့ဖြင့် စမ်းကြည့်မည်လော။

လူထု၏ပညာရေးအဆင့်

ကမ္ဘာရာသီဥတုသည် နှစ်ရာချီသော လူတို့၏ဖျက်စီးမှုများကြောင့် ပြောင်းခဲ့ရပြီ။ စက်မှုနိုင်ငံကြီးများအဖြစ်အားယူချိန်တွင် မိုးလုံးဝေမျှထုတ်ခဲ့သော ကာဗွန်များနှင့် လူအသုံးအဆောင်များသည် ကမ္ဘာကို ဖျားနာစေခဲ့သည်။ ယခုခေတ်အခါတွင်ထို စက်မှုတော်လှန်ရေးတို့ကြောင်း့ချမ်းသာနေကြသေ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများသည် ကမ္ဘာ့ရောဂါအခြေအနေကို ရိပ်စားမိလာသည်။
ရိပ်စားမိသည်နှင့် တတိယနိုင်ငံငယ်များသို့ ဖိအားပေး စိတ်ဓာတ်စစ်ဆင်ရေးများလုပ်ကြရသည်။ ကိုယ်နှိုက်တို့ကား မလျှော့နိုင်သေး၊
သို့ဖြင့် အဆင်းရဲဆုံးနိုင်ငံငယ်များသည် သဘာဝထိမ်းသိမ်းရေး၊ ပါတ်ဝန်းကျင်စိမ်းလမ်းရေး၊ တို့ဖြင့်ခြေအရှုပ်ခံရဆုံးနေရာဖြစ်မှန်းမသိဖြစ်ခဲ့သည်။ မြန်မာပြည်လည်းပါပါ၏။ ရလဒ်လည်း ဆိုးပါ၏။
နှစ်စဉ်ရေကြီးမိုးခေါင် နေရာဒေသတူများတွင်တလှည့်စီဖြစ်လာခြင်း။ မုန်းတိုင်းကြမ်းကြီးများဝင်ခြင်းတို့ကို ခါးစည်းခံလျှက်မှ  ရွှေမြန်မာလူထုသည် ရေနံမှထုတ်သော ဝါဆိုဖယောင်းတိုင်များထွန်းလျှက်မှ လျှပ်စစ်ထုတ်နိုင်သည့် နည်းပညာအားလုံးကို ဆန္ဒပြသပိတ်မှောက်ကြရသည့် ဘဝတို့ရောက်ခဲ့ရသည်။ NGO, NPO တို့ကားတော်လှပေစွ။ တော်ပေစွ။ သို့သော် ရှိနေသော သစ်ပင်သစ်တောများအတွက် carbon offsets ကြေးလည်းမရ။ တောင်းယူရမှန်းလည်းမသိ။

လက်တွေ့

ချိုင်းနားသည် ကမ္ဘာအချမ်းသာဆုံးတနိုင်ငံအဖြစ်သို့ ရောက်လာလေပြီ၊ အမေရိကား၏ ဒေါ်လာထရီလီယံချီမြီရှင်နိုင်ငံလည်းဖြစ်၏။
နိုင်ငံတဝှမ်းသုံးနေသော လျှပ်စစ်စွမ်းအင်သည်လည်း သူ၏ ဆည်ပေါင်း၈သောင်းကျော်မှ MW ၂သိန်း ထွက်နေသဖြင့်ပိုလျှံနေသည့်အခြေအနေရှိသည်။ မြစ်ဆုံဆည်စီမံကိန်းတို့မှထွက်လာမည့် ၉၀%သော လျှပ်စစ်တို့ကို ခရီးဝေးသွယ်တန်းသုံးစွဲရန် လိုအပ်ခြင်းမရှိပါဟု ဒေါ်အောင်ဆန်းစုကြည် ယခုချိုင်းနားခရီးသွားစဉ်က ဝန်ကြီးချုပ်၏ ဆိုစကားဖြင့်ရိပ်မိနိုင်သည်။ ယနေ့ကမ္ဘာတွင် ပါဝါကြီးနိုင်ငံများသည် စွမ်းအင်ကြောင့် အခက်အခဲဖြစ်ကြရန်အခြေအနေမရှိတော့။
အမေရိကားကိုယ်တိုင်က ရေနံနှင့်ဓာတ်ငွေ့များပိုလျှံအောင်ထုတ်နေသည့်အပြင် “လျှပ်စစ်ကား”ထုတ်လုပ်သုံးစွဲနေခြင်းများကြောင့် လူထု၏ ဓာတ်ဆီသုံးစွဲမှုလျှော့ကျကာ တဂါလံလျှင် ၂ဒေါ်လာဝန်းကျင် (ရေနံစိမ်း တပီပါ ၅ဝဒေါ်လာ ) အထိကျဆင်း၍ ဆက်လက်ကျဆင်းလတံ့ကို မြင်နေရ၏။ ထို့အပြင် ချိုင်းနား၏စီးပွားရေးလည် လေးလံနှေးကွေးလာသဖြင့်စွမ်းအင်ကိုသဲသဲလှုပ်လှုပ်လိုတော့မည်ကားမဟုတ်ပေ။
သူတို့ နိုင်ငံအနေဖြင့်ကား မြစ်ဆုံစီမံကိန်းငွေ ၃.၆ ဘီလီယံသည် များပြားလွန်းလှသော ငွေပမာဏလည်းမဟုတ်ချေ။
မြန်မာတို့၏ဆုံးဖြတ်ချက်ကို လိုက်လျှောလာမည်မှာသေချာပါသည်။ သို့သော်ကုန်သည်များသဘောသဘာဝအရ ရလျှင်လည်း ရနိုင်သလောက်ဆွဲမည်မှာ သေချာပါ၏။ နိုင်ငံရေးသမား၏ အလုပ်တည်း။

ညာခြောက်ဘယ်လှမ်း

၂၀၀၄ကတည်းကကျောက်ဖြူရေနက်ဆိပ်ကမ်းစခဲ့ကာ မြန်မာပြည်ဖြတ် ကျောက်ဖြူ-ကူမင်း ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းများလည်းသွယ်တန်းပြီးလေပြီ။ ပေါက်ကြားထားသော စာချုပ်များအရဆိုလျှင် ပိုက်လိုင်းနှင့်တကွ ကျောက်ဖြူ-ကူမင်းအမြန်ရထားလမ်းကြောင်းပါ ပါလာမည်ဖြစ်ပါ၏။
ချိုင်းနား၏ One Belt, One Road မဟာစီမံကိန်းမှာ အာရှ၊ ဥရောပနှင့်အာဖရိကတိုက်ကြီးများဆက်သွယ်ထားသော နိုင်ငံပေါင်း ၆၅နိုင်ငံပါသည့် ကမ္ဘာ့လူဦးရေ၏ ၆၀%ကိုလွှမ်းခြုံထားသည့် ကမ္ဘာ့ကုန်သွယ်မှု၏ ၄၀%ပမာဏရှိသည့်ဒေါ်လာ ၈ ထရီလီယံအထိဖြစ်နိုင်သောစီမံကိန်းကြီးဖြစ်သည်။ ထိုစီမံကိန်းသည် ချိုင်းနားပြည်ကို ၂၁ရာစုမှသည် ၂၂ရာစုအထိ ထိပ်တန်းတင်ဆွဲခေါ်သွားပါလိမ့်မည်။ မြန်မာပြည်တွင်းရှိ
One Belt, One Road အပီအပြင်အကောင်အထည်ပေါ်လာပါက South China Sea နေရာမှ တွန်းတိုက်အားပြိုင်နေမှုများကို လျှော့ချလိုက်နိုင်မည်လည်းဖြစ်ပါသည်။

အမေရိကားနဲ့မြန်မာ

ယခုနှစ် အမေရိကနိုင်ငံရွေးကောက်ပွဲတွင် ဟီလာရီကလင်တန်နိုင်မည့်အခြေအနေတို့မြင်ရ၏။
၂၀၁၅ မြန်မာ့နိုင်ငံရေးအပြောင်းအလဲသည် အမေရိကနိုင်ငံခြားဆက်ဆံရေးပေါ်လစီ၏ ဂုဏ်ယူစရာအောင်မြင်မှုကြီးဖြစ်ပေရာ ဒေါ်အောင်ဆန်းစုကြည်အား အမေရိကားသို့ဖိတ်ကြားခေါ်ယူထားခြင်းဖြင့်ဒီမိုကရက်တို့သည် ရထားသော အမှတ်တို့အား သိဒ္ဓိထပ်တင်မည်ဖြစ်ပါ၏။ သို့ဖြင့် နိုဝင်ဘာလတွင်ကျင်းပသော ရွေးကောက်ပွဲ၌ ဟီလာရီကလင်တန်သမ္မတဖြစ်လာပါက မြန်မာ-အမေရိကဆက်ဆံရေး၏ ခိုင်မာသွေးစည်းသွားနိုင်မှုကို တွက်ကြည့်နိုင်မည်။
မြန်မာပြည်နှင့်ရွေလမ်းငွေလမ်းပေါက်လာသော အမေရိကားသည် မြန်မာပြည်အားဖြင့် South China Sea မှ ချိုင်းနားက နောက်ဆုတ်ပေးသွားမည်ဆိုပါက လွန်စွာချမ်းသာပီတိဖြစ်ရလိမ့်မည်။ မြန်မာပြည်ဖြတ် ကားလမ်း၊ရထားလမ်းတို့ပြီးစီးပါမူ ချိုင်းနားအတွက် South China Sea ပင်လယ်ထွက်ပေါက်သည် အဓိကလိုအပ်ချက် ဟုတ်တော့မည်လည်းမထင်။

မြန်မာသည် ခွချက်ထားနိုင်ရာနေရာရောက်ပေတော့မည်။
ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီး ၂ခုနှင့် အာစီယံနိုင်ငံများကြားပေါင်းကူးနိုင်ငံအဖြစ်၎င်း။
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးအမေရိကားနှင့် ချိုင်းနား၏ မိတ်ဖက်ဆုံရာအဖြစ်၎င်းတည်း။
မြန်မာပြည်၏ နိုင်ငံဖြတ် ကား/ရထားလမ်းမကွန်ယက်ကြီးများနှင့် အခြေခံအဆောက်အအုံတည်ဆောက်ခြင်း၊ လျှပ်စစ်၊ ရေချို၊ တိုးတက်ထုတ်လုပ်ရေးတို့တွင် အာရုံထားတည်ဆောက်ကြ၍ နိုင်ငံရေးပါးနပ်မှုများဖြင့် တိုင်းပြည်အကျိုးစီးပွားကိုသာရည်ရွယ်ကြပါလျှင် နောင် အနှစ်၂ဝအတွင်း မြန်မာသည်အိမ်နီးချင်းနိုင်ငံများအားလုံးကို သေချာပေါက် ခုန်ကျော်သည်။
သို့သော်…
ဤတောင်ကို မြန်မာအမောင်မကျော်နိုင်လျှင်ကား ဘယ်တော့မှကျော်၍လည်းရမည်မထင်..။

4 comments

  • ဝင့်ပြုံးမြင့်

    August 29, 2016 at 2:51 pm

    သဂျီးပြောတာ ဟုတ်တယ်။ ပြန်မေးကြည့်ပြီးပြီ။ မြန်မာပြည် သစ်တောပြုန်းတာ မီးသွေးဖုတ် ထင်းခုတ် အဓိက တဲ့။ ဘာလို့ဆို သူတို့က အပင်ပေါက်ပါ မချန် ခုတ်ချလို့တဲ့။ သစ်ထုတ်လုပ်ရေးက အပင်ပေါက် မသုံးတဲ့။

    • kai

      August 29, 2016 at 11:48 pm

      သေချာတာပေါ့…။ သချင်္ာနည်းနည်းတွက်တတ်ရင်တောင်အဖြေထွက်နေမင့်ဟာ..။

      မြန်မာပြည်က ..လုံးလည်ချာလည်လိုက်ပြီး… အမှောင်ထဲသွားနေကြတယ်လို့ထင်တယ်..။
      အဖြေကြီး.. ငုတ်တုတ်ရှိရက်နဲ့.. မဖြေနိုင်ကြတဲ့အဖြစ်..။ 😥

Leave a Reply