အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော် – ပါမောက္ခမျိုးကျော်မြင့်

kaiAugust 24, 20162min1364

Articles လေးတွေကအကြောင်းပြောစရာအများကြီးကျန်ပါသေးတယ်။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းတွေအကြောင်းဖတ်ရတာများလာရင် ငြီးငွေ့သွားမှာကို စိုးရသေးတယ် မဟုတ်လား။ ဒီတော့ အင်္ဂလိပ်စာလေ့လာလိုသူ မြန်မာတိုင်း ကိုဒုက္ခပေးတတ်တဲ့ tense လေးတွေအကြောင်း ဒီလပြောင်းပြီး လေ့လာကြရအောင်။ ဦးစွာပထမ simple present tense အကြောင်းပြောကြရအောင်။ တကယ်တော့ ဒီ simple present tense ဟာလွယ်လည်းမလွယ်လှဘူး။ ပစ္စုပ္ပန်အချိန် နှင့်လည်းလားလားမျှမဆိုင်ဘူး။ ဒါပေမဲ့ နာမည်လေးကြောင့်မှားယွင်းစွာ သုံးစွဲမိသူတွေအများကြီး။ simple present tense လို့ခေါ်ပေမဲ့ present ပစ္စုပ္ပန်အချိန်နှင့်လုံးဝမဆိုင်တာကို အရင်ဆုံးသတိပြုမိဖို့လိုပါတယ်။ ဖိုးဝကြီးလို့ခေါ်ပေမဲ့ ပိန်ချုံး ချိနဲ့နေတဲ့ လူတယောက်လိုပေါ့။ simple present tense ကို မှန်မှန်ကန်ကန်လေးသုံးတတ်အောင် ဘယ်လိုအခြေအနေမျိုးမှာ သုံးရမယ်ဆိုတာ နားလည်ထားဖို့လိုပါတယ်။ ပထမဆုံးမှတ်ထားဖို့ကတော့ Simple present tense ကို habit လို့ခေါ်တဲ့ လုပ်လေ့လုပ်ထရှိတဲ့ ကိစ္စလေးတွေမှာ အသုံးပြုရပါတယ်။ လူတိုင်းမှာ habit လေးတွေရှိကြတယ် မဟုတ်လား။ မိမိရဲ့ habit လေးတွေက အတုယူစရာကောင်းလောက်အောင် တကယ်ကိုကောင်းပေမဲ့ တခြားသူတွေရဲ့ habit လေးတွေကတော့ ရှောင်ချင်စရာကောင်းလောက်အောင် ဆိုးဝါးနေမှာပေါ့။ ဒါလူ့သဘာဝပဲပေါ့။ ဥပမာ-” I usually go to the temple on weekends. ”
” I never drive too fast, but Donald drives like a maniac. ”
” Hillary always tells the truth, but Donald often lies. ”
Simple present tense ကို facts လို့ခေါ်တဲ့ အမြဲတန်းမှန်ကန်တဲ့ကိစ္စလေးတွေမှာလည်း အသုံးပြုပါသေးတယ်။ ဥပမာ- ” the sun rises in the East. ” နေဆိုတာ အရှေ့ကဘဲထွက်ရမယ်နော်။ အဲ့နေမင်းကြီးအနောက်ဖက်ကထွက်လာပြီ ဆိုရင်တော့ အမေကယ်ပါ၊ အဖေကယ်ပါ အော်ရပြီပေါ့။ ” I’m Burmese. I come from Burma. ” လို့လည်းသုံးလို့ရပါတယ်။ အမေရိကန် Citizen ဖြစ်နေသည့်တိုင် မြန်မာလူမျိုးကတော့ မြန်မာဘဲပေါ့။ မြန်မာပြည်ကဘဲ လာခဲ့တာဆိုတော့ ” I come from Burma. ” လို့ဘဲ သုံးစွဲရပါတယ်။ လာခဲ့ပြီးသားကိစ္စကို ပြင်လို့မရတော့ဘူးမဟုတ်လား။ ဒီနေရာမှာ Simple present tenseကို လောလောဆယ် ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့ကိစ္စလေးတွေနဲ့ မသုံးမိဖို့လိုပါတယ်။ အနာဂတ်နှင့်လည်းမဆိုင်ပါ။ တနည်းအားဖြင့် timeless သို့မဟုတ် အချိန်နှင့်လုံးဝမဆိုင်သည့်ကိစ္စမှား၌သာ အသုံးပြုသင့်ပါသည်။ Simple present tense ကိုသုံးသည့်အခါ singular အနည်းနှင့် plural အများကို အထူးဂရုစိုက်ရပါသည်။ ဂရုမစိုက်မိ၍ မှားသွားသူတွေ ဒုနှင့်ဒေး singular မှာ ” -s ” သို့မဟုတ် ” -es, -ies “တို့ ထည့်ပေးရသည်ကို လုံးဝမေ့၍မဖြစ်ပါ။ အဲဒီ “-s,-es” လေးတွေကို မေ့ပြီးမထည့်မိ၍ စကားပြောသည့်အခါ စာရေးသားသည့်အခါ အမှားတွေ့တတ်ပါသည်။ လုံးဝမမေ့ပါစေနှင့်။ အချို့ဆို permanent marker နှင့် နဖူးတွင် ” -s “လေးကို ရေးကိုရေးထားပါသည်။ မမေ့တော့ဘူးပေါ့။ simple present tense ကို ” be ” ကြိယာနှင့်လည်း သုံး၍ရသဖြင့် ” am, is, are ” တို့ကိုပါ သုံးတတ်အောင်လေ့ကျင့်ထားပါ။ ဥပမာ –
” I’m a teacher. ”
“Donald is a big liar.”
“Hillary always fights for us.”
“Hillary and her family respect everyone.” စသဖြင့်ပေါ့နော်။ Simple present tense ကိုလှလှပပလေး သုံးတတ်အောင် သူနှင့်တွဲပြီးသုံးလေ့ရှိတဲ့ key words သို့မဟုတ် frequency adverbs လို့ခေါ်တဲ့ဝေါဟာရ
လေးတွေကို သိထားဖို့လိုပါတယ်။ ဥပမာ-
“I’m always right. “= အမြဲတန်း
“Donald usually lies. “=အမြဲတန်းနီးနီး
” Hillary often helps people. “=မကြာခဏ
” Donald sometimes likes to use rude words. “=တခါတရံ
” Hillary seldom gets angry “=ဖြစ်ခဲသည်
” Hillary rarely gets upset.”=ဖြစ်ခဲ့သည်
“I never vote for Republicans. “=ဘယ်တော့မှမလုပ်
Habit လေးတွေအကြောင်း simple present tense သုံးပြီးဖေါ်ပြတဲ့အခါ ဒီ frequency adverbs လေးတွေကို အမြဲတန်းထည့်ပြီး သုံးတတ်တဲ့အကျင့်လေးလုပ်ထားပါ။ အမြဲတန်းထည့်သုံးဖို့မလိုပေမဲ့ ထည့်သုံလို့မှားသွားတယ်လို့မရှိပါ။ မထည့်မိရင် မှားတတ်ပါသည်။ Stop Sign မှာရပ်ရသလိုပေါ့။ လူဘယ်လောက်ရှင်းနေနေရပ်တဲ့အကျင့်လေးလုပ်ထားမှ ရဲကားရှေ့ကြတော့ ရပ်မိမှာပေါ့။ အလကားနေရင်း ticket လေးရနေအုံးမယ်နော်။ ဟုတ်ပြီအခု Simple present tense ကို ကောင်းကောင်း သုံးတတ်ပြီဆိုပါစို့။ simple present tense ကိုသုံးပြီး ငြင်းတတ်ဖို့လိုသေးတယ်နော်။ ” No “လို့ပြောရတာ ထင်သလောက် မလွယ်ဘူးနော်။ ဒါပေမယ့် ” No “ပြောတတ်ဖို့ကသိပ်ကိုအရေးကြီးပါတယ်။ အထူးသဖြင့်မိန်းခလေးများအတွက် ပိုပြီးတောင် အရေးကြီးသေးတယ်။ ဒီရေမှာ ” be ” ကြိယာလေးကို Negative ပြောင်းဖို့က အရမ်းကိုလွယ်ပါတယ်။ not လေးတွဲပေးလိုက်ရုံပါဘဲ။ ဥပမာ-
“I’m right. I’m not wrong.”
” Donald is bully. He isn’t kind.”
” Democrats are leaders, but Republicans aren’t even good followers.”
အဲ့ ” be ” မဟုတ်တဲ့အခြား ကြိယာလေးတွေကို negative ပြောင်းတဲ့အခါစစ်ကူလိုပါတယ်။ “do” နှင့် ” does” ကို အကူအညီတောင်းရပါတယ်။ Singular အနည်းကြိယာကို does နှင့်သုံးပြီး plural အမှားကြိယာကို do နှင့် သုံးရပါတယ်။ ဥပမာ-
” Donald makes fun of people with disabilities, and he doesn’t respect immigrants.”
” Donald and his friends promote fear. They don’t encourage hope.” နောက်ဆုံးအနေနှင့် simple present tense ကိုသုံးပြီး မေးခွန်းလေးတွေမေးတတ်ဖို့လိုပါသေးတယ်။ ဒါမှတချို့က “I’ll make American great again. ” လို့ဆိုရင် အပြောကတော့ ချွန်းနေတာပဲ။ ဒါပေမယ့် ဘယ်လိုများဆောင်ရွက်မှာလည်းလို့ မေးနိုင်မှာပေါ့။ ” be ” ကြိယာနှင့်သုံးထားတဲ့ဝါကျလေးတွေမှာ လွယ်ပါတယ်။ ” be ” ကို subject လို့ခေါ်တဲ့ ကတ္တားရဲ့ရှေ့ကိုတွန်းပို့လိုက်ရုံပါဘဲ။ ဥပမာ- “I’m handsome.” ကို “Am I handsome?”
“They are friends.” ကို “Are they friends.” လို့ပြောင်းပေးလိုက်ရုံပါဘဲ။ တခြားကြိယာလေးတွေကြတော့ Do, does ကိုစစ်ကူတောင်းရပြန်ရော။ မေးခွန်းကို do,does တို့နဲ့စပြီးကြိယာကို ကတ္တားရဲ့နောက်မှာထုံးစန်အတိုင်းထားလိုက်ရုံပါဘဲ။ ဥပမာ- ” Donald likes to lie. ” ကို “Does Donald like to lie? “They play fairly well” ကို ” Do they play fairly well ” လို့ပြောင်းရုံပါ။ ကဲ Simple present tense လေးအကြောင်းအတန်အသင့်တော့ ပြည့်စုံသွားပါပြီ။ အင်္ဂလိပ်စာမှာ tense က ၁၂ မျိုးတောင်ရှိတော့ နောက်လကြမှ Present progressive tense လေးအကြောင်းဆက်လက်ဖေါ်ပြသွားပါဦးမယ်။ အားလုံးကျန်းမာချမ်းသာပြီး စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ နှလုံးသားရေးပါမကျန် အစဉ်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါသည်။

4 comments

Leave a Reply