ဆိုင်းဘုတ်
* * * * * * *
“လူကြီးဆိုတာ ရပ်ရွာလူထုက အားကိုးလို့ တင်ထားတာ . . . ဒါကို ရပ်ရွာလူထုထဲက တစ်ယောက်ဖြစ်တဲ့ ငါ့ဘက်က မရပ်တည်ပဲ . . . တခြားဘက်ကရပ်တည်ပြီး ငါ့မိသားစု ပြိုကွဲအောင်လုပ်တဲ့ လူကြီး . . . ခင်ဗျားကြီးကို “Yee” ပဲ . . . အခု ခင်ဗျားကြီးကြောင့် ကျုပ်မိသားစု ပြိုကွဲရပြီ … ။ ခင်ဗျား ဝမ်းသာနေတယ် မဟုတ်လား . . .။ ကျုပ်အခု ခံစားနေရသလို ခင်ဗျား မခံစားရပါစေနဲ့လို့ ဆုတောင်းပါတယ်။ ”
ညနေကတည်းက ကြားနေရသည့် ဆုတောင်းစကား ည ၁၁ နာရီကျော်သည်အထိ မပြီးနိုင်သေး။

– – – – – = – – – – – –

အိမ်နီးနားချင်းတွေလည်း အိပ်မရ သို့သော် မည်သူတစ်ဦးတစ်ယောက်မှ ထွက်ပြီး ဟန့်တားပြောဆိုခြင်း အမှုကို မပြုကြချေ။ လူကြီးကိုယ်တိုင်ကပင် ဘာမှ လာမပြောတာမို့ မည်သူကမှလည်း မပြောကြခြင်း ဖြစ်ပေလိမ့်မည်။
ဇာတ်လမ်း အစသည်ကား . . .
* * * * * * * * * *
သူနာမည်က ငသန့် . . . အသားညိုညို . . . အရပ်က ငါးပေခြောက်လက်မခန့် . . . သူ့မှာ ညီနှစ်ယောက် အစ်မတစ်ယောက်ရှိတယ်။ အဖေက သူငယ်ငယ်ကတည်းက ဆုံးသွားခဲ့တာ။ အမေက နောက်အိမ်ထောင်မပြုပဲ သူတို့မောင်နှမတွေကို ပြုစုပျိုးထောင်ပေးခဲ့သည်။
အခုတော့ သူတို့မောင်နှမတွေ အိမ်ထောင်ကိုယ်စီ ….. သူအိမ်ထောင် ကိုယ့်အိမ်ထောင်နဲ့ပေါ့။ ငသန့်လည်း အိမ်ထောင်ကျပြီး ကလေးသုံးယောက်ရနေပြီလေ။ သူ့တို့မိသားစုနဲ့အတူ သူ့အမေအတူနေကြတယ်။
ငသန့်မိန်းမက ဒီဒေသခံ မဟုတ်ဘူး။ မြစ်ရိုးဘက်က . . . အဲ့ဒီဘက်မှာ ငသန့် အလုပ်သွားလုပ်ရင်း ဖူးစာဆုံလာတာ . . . ။ အိမ်ထောင်ကျကာစက ငသန့် အလုပ်မျိုးစုံလုပ်ခဲ့ရတယ်။ လက်သမား| သစ်စက်အလုပ်သမား အစုံဆိုပါတော့ ။
ဒီဘက်ခေတ်ရောက်လာတော့ ရွာမှာ ပရိဘောဂတွေ အလုပ်ဖြစ်တော့ ငသန့် အလုပ်ရုံလေးတစ်ခုကို စတည်တယ်။ ဖြည်းဖြည်းချင်းအဆင်ပြေလာတယ်။ ဒီလုပ်ငန်းက လုပ်ရဲကိုင်ရဲ လိမ်ရဲ ဖားရဲမှ အလုပ်ဖြစ်တဲ့ လုပ်ငန်းမျိုးလေ . . . ။ ပရိဘောဂဆိုတာမျိုးက ကျွန်းသစ် တန်မလန်း စတဲ့ တရားမဝင်သစ်တွေနဲ့ လုပ်ကြရတာကိုး . . . ။ ငသန့်ဆိုတာကလည်း နဂိုကတည်း ဇ ကလေးကလည်း ရှိတဲ့လူမို့ သူ့စရိုက်နဲ့ သူ့အလုပ်က အံ့ကိုက်ပေါ့။
ပညာကလည်း မသင်ခဲ့ရ . . ငွေလေးကလည်း ရှိလာ . . . ဒေသခံ အရာရှိတွေနဲ့လည်း ပေါင်းသင်းရဆိုတော့ . . . အပြောအဆို အနေအထိုင်က အဆင်မပြေစဉ်ကနဲ့ ဘယ်လိုမှ မတူတော့ . . . ခပ်မြောက်မြောက်ပေါ့။
“လောကကြီးမှာ ဘွဲ့ရဖို့ မလိုဘူး အလိုက်သိတတ်ဖို့ပဲလိုတယ် ….” ဒါက ငသန့်ရဲ့ လက်သုံးစကား …။
ပြောင်းလဲလာတာက ငသန့်တင် မဟုတ်ဘူး။ ငသန့်မိန်းမပါ ပြောင်းလဲလာတာ . . .။ အဆင်မပြေစဉ် မဝတ်စား မပြင်ဆင်ခဲ့ရသမျှ အဆင်ပြေချိန်ရောက်တော့ အစွမ်းကုန် . . . ဝတ်စား ခြယ်သတော့တာကိုး။ အပျိုရှုံးလောက်တဲ့ အထိဆိုပါတော့။
“ကောင်မက ကလေးသုံးယောက်ရမှ လှချင် ပချင်နေတယ် … ပြင်ထားလိုက်တာ အပျိုရှုံးတယ်…. အပြောအဆို အနေအထိုင်ကအစ အရင်ကနဲ့ တူကို မတူတော့ဘူး။ စီးပွားရေးလေး နည်းနည်း အဆင်ပြေလာတော့ အောက်ခြေက လွှတ်ချင်နေပြီ” အရပ်ထဲက မိန်းမကြီးတွေ ငသန့် မိန်းမအပေါ် သုံးသပ်တဲ့ စကား …။
# # # # # # # # # # #
” မင်း သေချင်ပြီလား . . . မင်းလုပ်နေတာတွေ . . . ငါမသိဘူးများ မှတ်နေလား . . .။ ငါမပြောပဲ ကြည့်နေတာ . . . ပြင်လာမလား ပြင်လာမလားဆိုပြီး . . . ဘာ . . . ကွဲပေးရမယ် ဟုတ်လား . . . မကွဲပေးဘူးကွ . . . မင်းဟိုကောင်နဲ့ ပြေးချင်နေတာ ငါသိတယ် . . . မင်းကို မကွဲပေးဘူး။ မင်းစိတ်ဆင်းရဲစေရမယ် . . . မိသားစုအပေါ် နည်းနည်းလေးမှ မငဲ့ညာတဲ့ မိန်းမမျိုး ”
ငသန့်မိန်းမ သူ့အလုပ်ရုံက အလုပ်သမားနှင့် နောက်မီးလင်းသည်ဆိုသည့် ကိစ္စ . . . ငသန့်သိသွားပြီး ပြဿနာတက်လေပြီ။ မိန်းမဖြစ်သူက ကွာရှင်းပေးရန် တောင်းဆို ယောက်ျားဖြစ်သူက မကွားရှင်းပေး . . .။
ညတိုင်း လင်မယား နောင်ဂျိန်ပွဲက တဂျိမ်းဂျိမ်း . . . .။
@ @ @ @ @ @ @ @ @ @
ငသန့်ဆိုတဲ့ကောင်ကလည်း ဇပြင်းသလို ရိုက်ချက်ကလည်း ပြင်းသည်။ မိန်းမကို အကြောင်းမရှိ အကြောင်းရှာ …။ ပါးနားတွေရိုက် …။ မိန်းမကလည်း မျက်ရည်နဲ့ မျက်ခွက် ….။ ပြဿနာတက်ပြီး တစ်လကျော်လောက် ကြာတော့ နည်းနည်းအေးသွားသလို ရှိတယ်…။ အလုပ်တွေကလည်း နဂိုကအတိုင်း ဖြစ်နေမြဲမို့ … ငသန့် လုပ်ငန်းတိုးချဲ့ဖို့အတွက် ဆိုပြီး မန ္တလေးကို ဈေးဝယ်ဆင်းသွားတယ်။ တစ်ရက်လည်း ပြန်မလာ…။ တစ်ပတ်လည်း ပေါ်မလာ …။ အရပ်ထဲက တီးတိုးစကားက ငသန့် မိန်းမနောက်တစ်ယောက်ယူသွားတယ် ဆိုသလိုလို ပြောလာကြပြီ။ ပိုပြီးသေချာစေတာက သူ့မိန်းမကိုယ်တိုင်က ငသန့် နောက်မိန်းမယူသွားတဲ့အကြောင်း ကြေညာမောင်းခတ်ပုံက ….
“ကျွန်မယောက်ျားက ကျွန်မကို ပစ်ထားခဲ့ပြီ …. သားသမီးသုံးယောက်အတွက် ကျွန်မ အလုပ်မလုပ်ပဲ နေလို့မရဘူး။ ရှိတဲ့ အရင်းအနှီးတွေလည်း အကုန်နီးပါး သူ့ဆီပါသွားတာ…။ အလုပ်လေးအထိုင်မပျက်အောင် ငွေချေးပြီး လုပ်နေရတာ …။ သူပြန်လာရင်တော့ ကျွန်မသူနဲ့ မပေါင်းနိုင်ဘူး။ နှိပ်စက်နိုင်မက နှိပ်စက် အပြစ်တင်နိုင်မက တင်ပြီး သူလုပ်သွားပုံက … ကျွန်မရင်နာတယ် … စိတ်နာတယ် …။ ပြန်လာရဲ ပြန်လာကြည့် ကျွန်မ သူနဲ့ ကွဲမယ် ”
အိမ်မှာ ကျန်နေခဲ့တဲ့ ငသန့်အမေနဲ့ မိန်းမက လုပ်ငန်းလေး မပျက်သွားစေဖို့ ကျားကန်ပြီး ရုန်းကန်လှုပ်ရှား …. ငသန့်ကတော့ သုံးလကြာလည်း ပေါ်မလာ….။ လေးလကြာလည်း ပေါ်မလာ ….။
@ @ @ @ @ @ @ @ @ @ @ @ @
ကိုဘကျော်က ဒီရွာသား စစ်စစ် မဟုတ်ဘူး ….။ တနယ်တကျေးကနေ အလုပ်လာလုပ်ရင်း ဒီရွာက မိန်းမနဲ့ ဖူးစာဆုံတာ …။ သူနဲ့ သူ့မိန်းမရဲ့ ကြိုးစားမှုကြောင့် ရွာထဲမှာ ပြေပြေလည်လည် နေနိုင်ကြတယ်။ သူ့မိန်းမက အရောင်းအဝယ်လုပ်တယ်။ သူကတော့ စပါးစိုက်ချိန်စပါးစိုက် မြေပဲစိုက်ချိန် မြေပဲစိုက်သည့် တောင်သူ …။ တခြားငွေဝင်လမ်းလေးတွေလည်း လုပ်ပေါ့။ အနေကြာလာတော့ ဒီရွာသားစစ်စစ်လိုပဲ ဖြစ်လာတယ်။
@ @ @ @ @ @@ @
အခုနောက်ပိုင်းနှစ်တွေ ဒီရွာမှာက လူကြီးလုပ်ချင်တဲ့သူ မရှိဘူး။ ဘာကြောင့်လည်းတော့ မသိဘူး။ လူကြီးလုပ်ဖို့ဆို အကုန် ခေါင်းရှောင်ကြတယ်။ ဘယ်သူမှ မလုပ်ချင်တဲ့ လူကြီးနေရာကို မဲစနစ်နဲ့ ဆုံးဖြတ်ပြီး ကိုဘကျော်ကို ဝိုင်းတင်ကြတယ်။ ဒီလိုနဲ့ ဘကျော် ဒီရွာမှာ လူကြီးဖြစ်လာတာ ငါးလကျော်ပြီ။
လူကြီးစဖြစ်ပြီး ရှင်းရတဲ့ ပြဿနာက ဘာလဲဆိုတော့ ….။
“ကိုဘကျော် …. ကျွန်မယောက်ျားနဲ့ ကျွန်မ မပေါင်းနိုင်ဘူး …။ ကွဲပေးပါ။ ”
“ဟေ …. ဘာဖြစ်လို့တုန်းဟ … မင်းတို့ အိမ်ထောင်သက်က နည်းတော့တာမှ မဟုတ်တာ … အခု မင်းတို့ သမီးကြီးပဲ အပျိုဖြစ်နေပြီ … မဟုတ်သေပါဘူးဟာ …. ငြိငြိနှိုင်းနှိုင်း လုပ်ကြပါ …မယ်သင်ရယ်”
” ငြိနှိုင်းလို့ ဘယ်လိုမှ မဖြစ်ဘူးရှင့် … သူက အငယ်နဲ့ သာယာနေပြီ … သူတို့နှစ်ယောက် သာယာနေတဲ့ ပုံတွေ သူ့ဖုန်းထဲမှာ တွေ့တယ် … ကျွန်မ စိတ်ဆင်းရဲ မခံနိုင်ဘူး … ကွာရှင်းချင်တယ်… ကွာရှင်းပေးပါ ”
ခက်ချေပြီ …။ လူကြီး စဖြစ်ဖြစ်ချင်း ရပ်ကျိုးရွာကျိုး မထမ်းဆောင်ရခင် ပြဿနာက တက်လေပြီ …။ ရိုးရိုး ပြဿနာ မဟုတ် …။ ရှေးစကားရှိသည့် မဝင်ကောင်းသည့် ကြားထဲ ဝင်ပါရမည့် ကိစ္စ ….။
“အေး အေး ဒါဆိုလည်း ညနေပိုင်း မင်းတို့ အိမ်ကို ငါလာခဲ့မယ် …။ အိမ်နားက လူကြီး နှစ်ယောက် သုံးယောက်လည်း ခေါ်ထားလိုက် … ငါလာရှင်းပေးမယ်…”
ညနေရောက်တော့ လင်မယားကြား ဖြေရှင်းပေးလိုက်ရတာ … စကားကို ဟိုလှည့်ပြော ဒီဝိုက်ပြောနှင့် လင်မယား ပြေလည်စေရေး စေ့စပ်ပေးလိုက်ရတာ ပါးစပ်ကို ညောင်းရော …..။
“ဘယ်လိုလဲ ကိုဘကျော် တော်တော် ပျော်နေလား … လုပ်ချင်ဦးလေ … လူကြီး …. ပိုက်ဆံမရပဲ … လူသောက်မြင်ကကတ်တဲ့ အလုပ် တော် မို့လို့ လုပ်ချင်တယ်။ သူတို့တွေ မတည့်ကြရင်သာ တော့်ဆီကို လာတာ … သူတို့တွေ အဆင်ပြေနေလို့ကတော့ တော့်ကို သေးတောင် လှည့်မပန်းဘူး ” အိမ်ရှင်မရဲ့ ခနဲ့တဲ့တဲ့ စကားကိုလည်း ဘယ်လိုမှ မတုန့်ပြန်နိုင် ….။ ဒီရွာမှာ လူကြီး မလုပ်ခြင်ကြခြင်း၏ အကြောင်းအရင်းကို ကိုဘကျော် နည်းနည်း ရိပ်စား မိချေပြီ ။
@ @ @ @ @ @ @ @ @
“ကိုဘကျော် ကျွန်မမြေးလေး ယောက်ျားယူတာ အသိအမှတ်ပြု လက်မှတ်ထိုးချင်လို့ ”
“အော် …. ဟုတ်ကဲ့ … ရတယ်လေ … စာချုပ်ဝယ်ခဲ့ .. အသိသက်သေနှစ်ယောက်လောက်လည်း ခေါ်ခဲ့လေ ”
သူမှာလိုက်တဲ့အတိုင်း စာချုပ်တွေ ဝယ်လာ အသိသက်သေတွေခေါ်လာပြီး … ရောက်လာကြတော့ … ကိုဘကျော် အံ့ဩရချေပြီ။
“နေစမ်းပါဦး … ညာဉ်းက ယောက်ျားရှိပြီးသား မဟုတ်လား။ ဟိုတစ်နှစ်ကမှ အိမ်ထောင်ပြုထားတာ မဟုတ်လား” အံ့အားတသင့်မေးတော့ …
“သမီးက ယောက်ျားနဲ့ ကွဲနေတာကြာပြီ .. သူလည်း နောက်အိမ်ထောင်ပြုသွားပြီလေ။ အခု သမီးလည်း နောက်အိမ်ထောင်ပြုတာပါ။”
“ဟေ …. ဒါဆို ညာဉ်းက အရင်ယောက်ျားနဲ့ တရားဝင်ကွဲပြီးပြီလား..”
“သူနောက်မိန်းမယူတော့လည်း သမီးဘာမှ မပြောဘူးလေ … အခု သမီးနောက်အိမ်ထောင်ပြုတာကိုလည်း သူကဘာပြောလို့ရမှာလဲ…”
“သေစမ်း … ဘကျော် … မင်း သေလိုက်တော့ … ဒီလောက် ေ-ာက်ပြဿနာရှုပ်တဲ့ရွာမှာ လူကြီး ဖြစ်တဲ့ မင်း … သေလိုက်တော့ … ” စိတ်ထဲမှာ ရေရွတ်နေမိတော့သည်။
” မရဘူး ကလေးမရဲ့ ညာဉ်းအရင်ယောက်ျားနဲ့ တရားဝင် စာချုပ် စာတမ်းနဲ့ ကွာရှင်းထားတာ မဟုတ်ရင် … စာချုပ်မှာ ငါလက်မှတ် မထိုးပေးနိုင်ဘူး။ လက်မှတ်ထိုးချင်တယ်ဆိုရင် … အရင်ယောက်ျားနဲ့ တရားဝင်ကွာရှင်းထားတဲ့ စာချုပ်ယူလာခဲ့ ကြားလား .. အခုတော့ လက်မှတ်မထိုးပေးနိုင်ဘူး။ တော်ကြာ နင့်အရင် ယောက်ျားက မကျေနပ်လို့တိုင်ရင် ငါပါ ကြံရာပါ ဖြစ်နေမယ်…”
ဒါကိုပင် ကလေးမလေးက မကျေနပ် …။ ဗျစ်တောက် ဗျစ်တောက် မြည်ပြီး ပြန်သွားကြလေသည်။
” လူကြီးနော် လူကြီး …. သတိထား … လက်မှတ် အထိုးကောင်းလို့ … ထောင်ကျမဲ့ကိန်း ဆိုက်နေဦးမယ်….” အိမ်ရှင်မရဲ့ စကားအဆုံး ကိုဘကျော် လက်ထဲမှ လက်ဘက်ရည်ကြမ်းပန်းကန်က ကြမ်းပြင်ပေါ် “ခွမ်း”ခနဲ ………။ ဒေါသတို့သည် လက်ဘက်ရည် ပန်းကန်အပေါ် ကျရောက် သွားလေပြီ ….။
@@@@@@@@@@@@@@@@@
မနက်ပိုင်း ကိုဘကျော် လက်ဘက်ရည်ဆိုင်က ပြန်လာတော့ …။ အိမ်မှာ ငသန့် မိန်းမ ရောက်နေသည်။ လာပြန်ပြီ ေ-ာက်ပြဿနာဆိုတာ သူခန့်မှန်းမိလိုက်သည်။
“ဦးဘကျော် … ကျွန်မယောက်ျား ပြန်လာပြီး. . . ကျွန်မနဲ့ ပြန်ပေါင်းချင်တယ် ပြောနေတယ်။ ကျွန်မ မပေါင်းနိုင်ဘူး။ ပစ်သွားတုန်းက ပစ်သွားခဲ့ပြီ။ အခု ခြောက်လကျော် ခုနှစ်လမှ ပြန်လာ ကျွန်မကို ပြန်ပေါင်းချင်တယ်လာပြောနေတယ်။ ညက စကားများလို့ ကျွန်မကို ထိုးလိုက်တာ ကြည့်ပါဦး” သူမမျက်လုံးတစ်ဘက်တွင် အညိုစွဲနေသည့် နေရာကို ပြရင်း ဘကျော်ကို လာတိုင်နေပြန်ချေပြီ။
“ကျွန်မ လုံးဝမပေါင်းနိုင်ဘူး။ ကွာရှင်းပေးပါ”
” မဟုတ်သေးပါဘူးကွယ်။ သေချာစဉ်းစားပါဦး။ မင်းတို့မှာ သားသမီးတွေကလည်း ရှိနေသေးတယ်။ ကလေးတွေမျက်နှာထောက်ကြပါဦး။ မင်းဖြစ်ချင်တာလေးတွေကို ပြောပြ .. ငါတို့က ငသန့်ကို ရှင်းပြပေး ဆုံးမပေးမယ်လေ။ ကွဲကြ ကွာကြတဲ့ အထိတော့ မလုပ်ကြပါနဲ့ …။ သေချာစဉ်းစားပါဦးလေ… ကွဲချင်ကွာချင်တယ်ဆိုလည်း ငါတို့က မလုပ်ပေးနိုင်ဘူး … နင်တို့ကွဲချင်ရင် မြို့ က တရားရုံးမှာ သွားကွဲကြ …” ကိုဘကျော် ပြတ်ပြတ်သားသား ငြင်းလိုက်ရချေပြီ။ သူတို့တွေရဲ့ ပြဿနာတွေ ဖြေရှင်းနေရတာနဲ့ … ရပ်ရွာတိုးတက်ရေး ဘာမှ မလုပ်နိုင် …..။ ကောင်းတော့ ဟိုဒင်း …ညောင်းတော့ ဟိုဝှာဆိုတဲ့ စကားပုံလို ဖြစ်နေပေပြီ။
@@@@@@@@@@@@@@@@@@
ညနေပိုင်းရောက်တော့ ငသန့် ကိုဘကျော် အိမ်ရှေ့ ကဖြတ်ပြီး …..
“လူကြီးဆိုတာ ရပ်ရွာလူထုက အားကိုးလို့ တင်ထားတာ . . . ဒါကို ရပ်ရွာလူထုထဲက တစ်ယောက်ဖြစ်တဲ့ ငါ့ဘက်က မရပ်တည်ပဲ . . . တခြားဘက်ကရပ်တည်ပြီး ငါ့မိသားစု ပြိုကွဲအောင်လုပ်တဲ့ လူကြီး . . . ခင်ဗျားကြီးကို “Yee” ပဲ . . . အခု ခင်ဗျားကြီးကြောင့် ကျုပ်မိသားစု ပြိုကွဲရပြီ … ။ ခင်ဗျား ဝမ်းသာနေတယ် မဟုတ်လား . . .။ ကျုပ်အခု ခံစားနေရသလို ခင်ဗျား မခံစားရပါစေနဲ့လို့ ဆုတောင်းပါတယ်။ ”
” ဒီကောင် ဘာတုန်းဟ …..” ဟု ဘကျော်စိတ်ထဲ ထင့်ခနဲ ဖြစ်သွားသည်။ ဒါပေမဲ့လည်း ငါ့ကိုပြောတာ မဟုတ်လောက်ပါဘူးလေဆိုပြီး ပေါ့ပေါ့ပါးပါး တွေးလိုက်သည်။ နောက်တစ်ပတ် ပတ်လာပြန်ပြီး … ထပ်အော်သွားပြန်တော့ ….
သေချာပြီ ….။ ငသန့် သူ့ကို လာစော်ကားနေတယ်ဆိုတာ ….. အပြင်ထွက်ဖို့ပြင်တော့ အိမ်ရှင်မက “ကိုဘကျော် … ရှင် အေးအေးနေ … မနက်မှ ခေါ်ပြီး ခံဝန်လက်မှတ်ထိုးခိုင်းလိုက် … သမီးကြီးကလည်း နေကောင်းတာ မဟုတ်ဘူး။ စိတ်လျှော့ … ဒါကြောင့် တော့်ကို အစကတည်းက လူကြီး မလုပ်ပါနဲ့ ပြောတာ ….”
“သည်းခံ ဘကျော် … မင်းက ဒီရွာက လူကြီး … စိတ်လိုက်မာန်ပါ မလုပ်နဲ့ … စိတ်လျှော့ ဘကျော် ….” မိမိကိုယ်ကို ဆုံးမရင်း ညတစ်ညကို ဘကျော် စိတ်မရှည်စွာ … ကျော်ဖြတ်လိုက်ရသည်။
# # # # # # # # # # # # # # # # # # # #
မနက်ခင်း ဘကျော် အိပ်ယာကနိုးပြီး မျက်နှာသစ်နေချိန် …..
” လူကြီးတဲ့ ဘာလူကြီးလည်းကွာ … သူများမိသားစုပြိုကွဲအောင် လုပ်တဲ့ လူကြီးမျိုး ….. ငါ့မိသားစုကို ငါပေါင်းစည်းဖို့ ကြိုးစားတာကို ငါ့ဘက်က မရပ်တည်ပဲ ကွဲဖို့ ကွာဖို့ပြောတဲ့ လူကြီး .. ဘာလူကြီးလဲကွ… ရပ်ရွာလူထုက အားကိုးလို့ တင်ထားတဲ့ လူကြီးတဲ့ … အလကားလူကြီး ဘကျော် … မင်းငါခံစားရသလို မခံစားရပါစေနဲ့လို့ ဆုတောင်းပါတယ်ကွာ …..”
သူ့အိမ်ရှေ့ မှ ဖြတ်ပြီး ငသန့် အော်ပြောသွားသည့် စကား …။ သူကပဲ သူတို့လင်မယားကို ကွဲစေ ကွာစေဖို့ အကြံဉာဏ်ပေးလိုက်တာလိုလို … လက်မှတ်ထိုးပြီး အတင်း ကွာရှင်းပေးလိုက်တာလိုလို … စွပ်စွဲတဲ့ စကားတွေမို့
ကိုဘကျော်၏ သည်းခံနိုင်စွမ်းတို့ ကုန်ဆုံးသွားချေပြီ။ လှေကားရင်းတွင် ထောင်ထားသည့် တစ်တောင်ကျော်ခန့်ရှိမည့် တန်မလန်းအနှစ်သားတုတ်ကို ကိုင်ကာ သူ့ခြေလှမ်းတို့ကား ငသန့်နောက်သို့ ဦးတည်လိုက်လေသည်။
ငသန့်အိမ်ရှေ့ ရောက်တော့ ငသန့်ကို ဆိုက်ဆိုက်မြိုက်မြိုက် ပက်ပင်းတွေ့ရချေသည်။ ကိုဘကျော် ငသန့်ရဲ့ ဂုတ်ကိုဆွဲကာ တန်မလန်းတုတ်ဖြင့် ကျောပြင်ကို တဗြုန်းဗြုန်း ရိုက်ထည့်လိုက်တော့သည်။ အိမ်နီးနားချင်းတွေက အကုန်ထွက်ဆွဲကြတာမို့ ငသန့် သက်သာရာ ရသွားသည်။ ဒါကိုပင် သကောင့်သားက ” ခင်ဗျားက လူကြီးလား လုပ်ထားပေါ့ဗျာ .. ခင်ဗျား အာဏာရှိနေတုန်းဆိုတော့ ” ဆိုပြီး ရိသဲ့သဲ့ လုပ်နေသေးသည်။

ထိုသို့ ဖြစ်ပြီး သုံးရက်ခန့်အကြာ ……………….
ကိုဘကျော် အိမ်ရှေ့ လမ်းမမှ ငသန့်တို့ လင်မယား ဆိုင်ကယ်တစ်စီးဖြင့် သူ့မိန်းမက ငသန့်ခါးကို ဖက်ပြီး .. ရယ်ရယ်မောမောဖြင့် ဖြတ်ကျော်သွားကြသည်။
ကိုဘကျော် “တောက်” တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်မိသည်။
@@@@@@@@@@@@
ရာသီဥတုသာယာ အေးချမ်းနေသည့် ညနေခင်းတစ်ခု ….
ရွာတွေက လူတွေ ကိုဘကျော် အိမ်ရှေ့ ကြော်ငြာစာ ကပ်သည့် နေရာတွင် စုရုံးစုရုံးဖြစ်နေကြသည်။ တီးတိုး တီးတိုးဖြင့်လည်း ပြောနေသံများကို ကြားနေရသည်။
ကြော်ငြာစာကပ်သည့် ဆိုင်းဘုတ်ဘေးတွင် သဘောင်္ဆေးအနက်ရောင် သုတ်ထားသည့် သစ်သားပြားတစ်ခုကို ဆိုင်းဘုတ်ကဲ့သို့ ဖန်တီးပြီး ချိတ်ဆွဲထားသည်။ ယင်းသစ်သားပြား ဆိုင်းဘုတ်ပေါ်မှာ သင်္ဘောဆေးအဖြူဖြင့် ထင်ထင်ရှားရှား ရေးသားထားသည့် စာသားကား …..
” ယနေ့မှ စပြီး လူကြီးအိမ်တွင် ရပ်ရွာအတွင်းရှိ ေ-ာက်ပြဿနာများကို ဖြေရှင်းပေးမည် မဟုတ်ပါ” ဟူသတတ်။
ပျော်ရွှင် ချမ်းမြေ့ကြပါစေ ….
ထွန်းဝင်းလတ်

About kotun winlatt

ကို ထွန်းဝင်းလတ် has written 134 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။