အော်သံပေးတဲ့ အရိုးခေါင်း – ဇာတ်သိမ်း

အပိုင်း – (၁)

အပိုင်း – (၂)

အပိုင်း – (၃)

မနက်ကျတော့ ကတ္ထူပုံးကို သွားရှာတယ်။ ချုံပင်က အကိုင်းတွေနဲ့ ငြိနေတာ တွေ့တာပဲ။ အဖုံးက လည်း ပုံးအောက်တည့်တည့်မှာ ကျလို့။ အဲဒီတော့ ငါ့လက်က လွတ်ကတည်းက အဖုံးပွင့်သွားတာ မဟုတ်ဘူး ပေါ့။ တစ်ခါတည်း ပါသွားတာ..။ အထဲကဟာရော။

          ဒါပဲ။ အင်း..ကတ္ထူပုံး အိမ်ပြန်သယ်သွားပြီး ဟို ခေါင်းခွံကို ပြန်ထည့်၊ ဗီရိုထဲမှာ တစ်ခါတည်း သော့ခတ် ထားလိုက်တယ်။ အိမ်အကူကလေးမက မနက်စာပြင်ပေးရင်း ဘာပြောသလဲဆိုတော့ သူဒီမှာ မလုပ်နိုင်တော့ ဘူးတဲ့။ သွားတော့မယ်တဲ့။ ပြီးခဲ့တဲ့လက လစာ မရလည်း ကိစ္စမရှိပါဘူး ဆိုပဲ။ ကလေးမ မျက်နှာကြည့်တော့ လည်း ဖြူလျော်လျာ်လိုလို ပြာနှမ်းနှမ်းလိုလို ကို ဖြစ်လို့။ ငါလည်း အံ့ဩချင်ယောင်ဆောင်ပြီး ဘာပြုလို့လဲ၊ ဘာညာ မေးကြည့်တယ်။ ငါမေးတာ မဖြေဘဲ သူက ငါ့ပြန်မေးတယ်။ ဘာလို့ ဒီလို သရဲခြောက်တဲ့ အိမ်မှာနေ နေရတာလဲတဲ့။ နေမယ်ဆိုလည်း ဘယ်လောက်ကြာအောင်ထိ နေဖို့ စိတ်ကူးထားသလဲတဲ့။ သူလည်း နည်း နည်းတော့ သတိထားမိမှာပေါ့ကွာ။ ငါလည်း ပြန်မဖြေတော့ သူလည်း ထွက်သွားရော။ ငါ့တစ်ယောက်တည်း ကျန်နေရစ်တော့တာပေါ့။

          ဒီလိုတော့ မဖြစ်သေးဘူး ဆိုပြီး ရွာထဲဆင်း၊ အိမ်အကူ တစ်ယောက်ယောက်များ ရနိုင်မလား မေးရ မြန်းရတာပေါ့။ ထမင်းဟင်းချက်၊ အဝတ်ကလေး ဘာလေးလျှော်၊ ညစာပြင်ပေးပြီးရင် ကိုယ့်အိမ်ကိုယ် ပြန်အိပ် လို့ရမယ်။ အဲဒီလိုမျိုး လိုချင်တာ။ သိပ်တော့မကြာဘူး။ အသက် သုံးဆယ်နီးနီး ကရင် ညီအစ်မနှစ်ယောက်နဲ့ တွေ့တယ်။ မသုန်တဲ့၊ မမှုန်တဲ့။ ခရစ်ယာန် နာမည်တွေလည်း ရှိတယ်။ ကလဲယာတို့၊ ဖလော်ရာ တို့ပေါ့။ ဒါနဲ့ ငါလည်း သူတို့ကို ငါအိမ်အနေအထား ပြောပြရတာပေါ့။ အိမ်ကတော့ မြင်တဲ့အတိုင်း မိုးလုံ၊ လေလုံရုံလောက် ရှိတာလို့။ ဒါပေမဲ့ မိုးရွာ လေတိုက်တဲ့အခါကျတော့ အသံဗလံ အစုံထွက်မှာလို့။ နောက်ပြီးတော့ ရွာထဲက အယူ သီးတဲ့ လူတချို့ပြောကြဆိုကြတာတွေလည်း ကြားမှာပေါ့ ဘာညာပြောတော့ ဟိုညီအစ်မနှစ်ယောက်က ပြုံးစိစိ နဲ့။ သူတို့က သရဲ တစေ ္ဆဘာမှ မကြောက်ဘူးတဲ့။ အင်မတန် သရဲခြောက်လှပါတယ်ဆိုတဲ့ အိမ်တွေမှာလည်း နေခဲ့ဖူးပါသတဲ့။ ကိစ္စမရှိပါဘူးပေါ့ကွာ။

          ဟုတ်သဟေ့။ သူတို့ရှိတဲ့အချိန် အေးလို့ တိတ်လို့။ တော်တော်ကြာကြာတော့ နေသွားသေးတယ်။ နောက်တော့ သူတို့လည်း သွားတော့မယ်ဆိုပြီး ထွက်သွားတာပဲ။ တို့ရွာက ဘုရားကျောင်းကို သူတို့မသွားဘူး ကွ။ ဟိုဘက်ရွာ သွားတက်ရတော့ ဝေးတယ်တဲ့။ အဲဒီလို ပြောတာပဲ။ နောက်တော့ အငယ်မ မသုန်က ပြန်လာ ပါတယ်။ သူက ဒီက ကောင်လေးနဲ့ အိမ်ထောင်ကျတာကိုး။ မောင်နေမျိုး တဲ့။ သူက ငါ့ကို ဥယျာဉ်ကလေးတစ်ခု လုပ်ပေးတယ်။ လူက လူအေး။ စကားလည်း သိပ်ပြောတဲ့ကောင်မဟုတ်ဘူး။ မေးနိုင်မှ ဖြေတဲ့ကောင်မျိုး။ ဒီရွာ မှာတော့ကွာ ဘာထူးထူးခြားခြား လုပ်စရာရှိမလဲ။ ဒီကောင်က လုပ်နိုင်သမျှ၊ လုပ်တတ်သမျှ အကုန်လုပ်။ မာလီ လုပ်ရမလား။ လက်သမား လုပ်ရမလား။ အို..နောက်ဆုံး အလောင်းမြှုပ်ဖို့ မြေကျင်းတူးရမလား။ လာခဲ့ ဆိုတာ မျိုး။ သူတို့လင်မယားက တို့ဆီက ဘုရားကျောင်းနားမှာ အိမ်သေးသေးလေး တစ်လုံးဆောက်နေသကွ။

          အေး..မနှင်းရည်နဲ့ လူထက်ကို မြေမြှုပ် သင်္ဂြ ိုဟ်ပေးတာ နေမျိုးပဲကွ။ သင်္ချိုင်းရာတွေက သူတို့အိမ် နောက်နားတင် သိပ်မဝေးဘူး။ ငါ့စိတ်ထဲ ဒီကောင် တစ်ခုခုတော့ သိမှာပဲလို့ စိတ်ထဲ ဆက်စပ်ကြည့်မိတယ်။ သေချာတယ်ကွာ။ ဒီ သူတောင်းစားက မြုံစိစိပေမဲ့ တစ်ခုခုတော့ သိမှာပဲ။

          အင်း..ဟုတ်တယ်။ ခုတော့ ငါ့တစ်ယောက်တည်းပါပဲ။ မသုန်က ညစာပြင်ပေးပြီးရင် ပြန်ပေါ့။ နေမျိုးရဲ့ တူမကလေးတစ်ယောက် ပါသေးတယ်။ ညပြန်တော့ နေမျိုးက လာခေါ်တယ်။ မသုန်က မကြောက်တတ်တော့ တစ်ခါတလေလည်း သူ့ဟာသူ ပြန်သွားတာပဲ။ အေး…ဒီလို လူနဲ့သူနဲ့ အပေါင်းနဲ့ အသင်းနဲ့ ပြောဟဲ့ ဆိုဟဲ့။ စား ဟဲ့ သောက်ဟဲ့နဲ့ ဆေးလိပ်ကလေး ဖွာလိုက်နဲ့ နေရတာ ကောင်းသကွာ။ ဟို အပေါ်ထပ်အခန်းထဲက ဟာကို တောင် မေ့တယ်။

          အဲ..ဟိုကောင် နေမျိုးကလေ ဦးခေါင်းခွံရဲ့ အောက်မေးရိုးကို ရှာတွေ့တဲ့အကြောင်း မပြောရသေးဘူး နော်။ ဟုတ်တယ်..ဟုတ်တယ် မပြောရသေးဘူး။ ဆောင်းကုန်ခါနီး ကညွတ်စိုက်ခင်းလေး လုပ်ဖို့ဆိုပြီး မြေတူး ရင်းတွေ့တာ။ မြေကြီးက ခြောက်ပေလောက်တူးရတာကိုး။ မြေတူးတဲ့နေရာမှာတော့ တော်တော် လက်ကြော တင်းတဲ့ကောင်။

          တူးရင်း သုံးပေလောက်ရောက်တော့ မြေကျင်းနံရံတစ်ဘက်မှာ ထုံးကျောက်ခဲကြီးတစ်လုံးကို သွား ပေါက်မိရော။ အဲဒီနားမှာလည်း မြေကြီးက နည်းနည်းပွနေသတဲ့။ သူပြောတာတော့ ဒီနားမှာ ဘာမှ မစိုက်မပျိုး နဲ့မို့လို့ မြေရိုင်းတွေလိုဖြစ်နေတာ ကြာလှပြီတဲ့။ ထုံးကျောက်က ကညွတ်အတွက် မကောင်းဘူးဆိုပြီး ပေါက်ခွဲပြီး တူးထုတ်တာပေါ့။ အတုံးကြီး တစ်တုံးတော့ သူမနည်းခွဲရတယ်။ ပေါက်ချွန်းယူပြီး တအားပေါက်ထည့်လိုက်တာ အစအနတွေ လွင့်ထွက်လာရော။ အဲဒီ အစအနတွေထဲမှာ အောက်မေးရိုးကို တွေ့ရတာပဲ။ ရှေ့သွားနှစ်ချောင်း တော့ သူပေါက်လိုက်လို့ ပြုတ်သွားတယ်နဲ့ တူတယ်တဲ့။ ငါ့ လှမ်းပေးတယ်။ သေတဲ့အချိန်ထိတော့ သွားတွေ စုံစုံ လင်လင် ရှိမှာပါဆိုပြီး ရှာနေသေးတယ်။ မတွေ့ပါဘူး အဲဒီ သွားနှစ်ချောင်း။ မိန်းကလေးတစ်ယောက် မေးရိုးဖြစ် မယ်ဆိုပြီး ပြောသေးတယ်ကွ။ ငါ့ကို ယူချင်လည်း ယူထားပေါ့တဲ့။ မယူချင်လည်း သူ့အိမ်နောက်က သင်္ချိုင်းမှာ မြှုပ်ပေးမယ် ဆိုပဲ။ ခရစ်ယာန် တစ်ယောက်ရဲ့ မေးရိုးများ မှတ်နေလား မသိဘူး။ ငါလည်း လူထက်က အရိုး တွေ ဘာတွေကို ထုံးကန်ထဲစိမ်ပြီး ဖွေးအောင်လုပ်တာ ဖြစ်မယ်လို့။ အဲဒါအတွက် ကျင်းတူးထားတာကို ပြန်ဖို့ လိုက်တာဖြစ်မယ်ပေါ့။ အောက်မေးရိုးကတော့ သူမေ့ကျန်ခဲ့တာ နေမှာ ဘာညာပြောနေတုန်း နေမျိုးက –

“အပေါ်ထပ် အခန်းထဲက ဦးခွံမှာ တပ်ကြည့်ပါလား ဦးကြီးရဲ့။ ဒေါက်တာ ဦးလူထက်က အဲဒီဦးခွံကို ထုံးနဲ့ချွတ် ပြီး မေးရိုးကိုကျတော့ မေ့ကျန်ခဲ့တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒီမှာ ထုံးစတွေထဲမှာ လူ့ဆံပင်မွှေးတွေတောင် ကပ်နေသေးတယ် ဦးကြီးရဲ့။” တဲ့။

ဆံပင်မွှေးတွေ ငါမြင်သားပဲ။ ဒီကောင် အဲဒီလိုပြောတော့ မင်းစဉ်းစားကြည့် ငါ့စိတ်ထဲ ဒီကောင်တစ်ခုခု သိကို သိရမယ်ဆိုတာ ပိုတောင် သေချာသွားသလိုပဲ။ အမယ်..ဟို ဦးခေါင်းခွံမှာတပ်ကြည့်ပါလား ဆိုပဲ။ မနှင်းရည်ကို မြေမမြှုပ်ခင် ဒီကောင် စပ်စုဦးမလားပဲ။ ဒါမှမဟုတ် လူထက်ကို မြှုပ်တဲ့အချိန်မှာ တူးကြည့်တာလဲ ဖြစ်ချင်ဖြစ် မှာ။ သူတို့က ဘေးချင်းယှဉ်မြှုပ်တာကိုး။

ဒီကောင် တော်တော်များများ သိတယ်။ မီးဖိုခန်းကို အင်္ဂတေပြန်ကိုင်တဲ့ အကြောင်းပြောဖြစ်တော့ ဒီကောင်က ကျွန်တော်မှတ်မိသေးတယ်တဲ့။ အင်္ဂတေကိုင်တာ မနှင်းရည် မဆုံးခင် တစ်ပတ်လောက်ထိ မပြီးသေးဘူးဆိုပဲ။ ပန်းရံဆရာက အဲဒီကပိုတဲ့ ထုံးတွေ ဒီနားလာမြှုပ်သွားသလား မပြောတတ်ဘူးတဲ့။ ခု ကညွတ်ခင်းတူးလို့ထွက် လာတဲ့ ထုံးခဲတွေနဲ့ တော်တော်တူဆိုပဲဟ။ တော်တော်သိတဲ့ အကောင်။ စောက်သတောင်းစားလေးက မြုံစိစိ ပေမဲ့ အထင်မသေးနဲ့မောင်။ သူ့စိတ်ထဲ သိချင်စိတ်ဖြစ်လာရင် မြေပုံကို ပြေးတူးကြည့်လိုက်ရုံပဲ။ ဟုတ်ဘူးလား။ သူ့အိမ်နောက်တင်ဟာကို။ ဂေါ်ပြား၊ ပေါက်တူး များကိုင်တာဖြင့် အသွက်ဆုံးကောင်ကွ။ ဒီလိုရွာမျိုးမှာကွာ.. ည ဆယ်နာရီလောက် သင်္ချိုင်းကုန်းထဲ ဒီငတိတူးဆွနေတာ ဘယ်သူများ သွားကြည့်မှာလဲ။

အေး..လူထက် ဒီလိုစဉ်းစားပြီး လုပ်သွားတာ တွေးကြည့်တာနဲ့တင် စိတ်မသက်သာစရာကြီးကွ။ အင်း..အင်း.. သူလုပ်ခဲ့ရင် ပြောတာ။ ဘယ်သူမှ မသိနိုင်ဘူးဆိုပြီး သိပ်သေချာခဲ့သပေါ့လေ။ ရှားပါပေ့ကွာ..ဒီလိုကြံဝံ့တာ။ တစ်ခါတလေ ငါတွေးကြည့်တယ် ဒီလိုဖြစ်ခဲ့တဲ့နေရာဟာ နေဖို့တောင် မကောင်းဘူး ဆိုတာပေါ့။

ဆေးလိပ်လေး ဖွာဦးမယ်။ ဟ..ဆယ်နာရီတောင် ထိုးတော့မှာပါလား။ ရာသီဥတုကလည်း ဆိုးပါ့ကွာ။ လေက လည်း တိုက်နေလိုက်တာ။ ဘယ့်နှယ်ကွာ..နိုဝင်ဘာလကြီးမှာ ဒီလောက်တောင်ပဲလား။ ဟောဟော..လေငြိမ် သွားတယ်။ ဒါပေမဲ့ ခဏငြိမ်နေတာကွ။ တိုက်ဦးမှာ။ မင်းကြည့်နေ။

ေဩာ်..အဲဒါနဲ့ အောက်မေးရိုးကို ငါရတော့ အပေါ်ထပ်ယူသွားပြီး ဟိုဦးခေါင်းခွံမှာ တပ်ကြည့်မယ်ပေါ့။ အဲဒါနဲ့ အပေါ်ထပ်ရောက်လို့ အခန်းထဲလည်း ဝင်လိုက်ရော အသက်ရှုသံလိုလိုကြားလိုက်ပြီးတော့ ရိပ်ခနဲ တစ်ခုခု မြင်လိုက်ရတာပဲ။ သေတော့ မသေချာဘူးကွ။ ကိုယ့်နောက်နား တစ်ယောက်ယောက် ရှိနေတယ်လို့ စိတ်ထဲ ခံစားမိတာနဲ့ ဖျတ်ခနဲ လှည့်ကြည့်မိတာပဲ။ ဘာလဲပေါ့။ ကြောက်စိတ်တော့ ဖြစ်မလာဘူး။ ငါလည်း ဦးခေါင်းခွံ ကိုထုတ်ပြီး မေးရိုးကို တပ်ကြည့်တော့ ငါ့ကို ဇတ်ခနဲကိုက်ထည့်လိုက်တာဟေ့။ ငါလည်း ထခုန်မိတာပဲ။ အေး.. တစ်ခုတော့ ပြောဦးမယ်။ ငါ ထခုန်တဲ့အချိန် စိတ်ထဲဖျတ်ခနဲ သိသွားတာ တစ်ခုက ငါ့လက်တစ်ဖက်က မေးရိုး ကို ဆောင့်ပိတ်ပစ်လိုက်တယ် ဆိုတာပဲ။ ဘာလို့ အဲဒီလိုဖြစ်တာတုန်း။ နေ့ခင်းကြောင်တောင်ကြီးကွာ..ငါ့လခွီး.. ကိုယ့်ဟာကိုယ် ဒီလိုလုပ်မိတယ်လို့။ အဲဒီအချိန်မှာ လူထက်လည်ပင်းက ဒဏ်ရာ ဘယ်လိုနေပါလိမ့်လို့ သိချင် စိတ်က ဟုန်းခနဲ ဖြစ်လာသေးတယ်ကွ။

အေး လူဆိုတာ တစ်ခါတစ်ခါလည်း ကိုယ့်ဟာကိုယ် ဘာလုပ်လို့ လုပ်မှန်းမသိတာမျိုးလည်း ရှိတာပေါ့ကွာ။ သစ်ပင် တက်ခုတ်တဲ့ကောင် သစ်ကိုင်းခုတ်တာ အဖျားဘက်မှာထိုင်ပြီး အရင်းကို ဓားနဲ့ချိုင်နေတာမျိုးလေ။ ဟာသပုံပြင်လေ ကြားဖူးတယ် မို့လား။ အေး..တကယ့်အပြင်မှာတော့ ဟာသမဟုတ်ဘူးဟေ့။ သင်္ဘာ တစ်စီး ပေါ်မှာတုန်းက ကုန်းပတ်ဘေး လက်ရန်းနားမှာ ချည်ထားတဲ့ မိုးကာဖျင်စကို ဆွဲပြီး တွဲလောင်းကြီးကျနေတဲ့ ငနဲတစ်ကောင်ကို မြင်ဖူးသကွ။ အဲဒီလိုဖြစ်နေတာကို နောက်လက်တစ်ဖက်က မိုးကာဖျင်စကို ဓားနဲ့ဖြတ်နေတာ မောင်။ ဟာ..ဒီကောင် သူ့ဟာသူ ဘာလုပ်လို့ လုပ်နေမှန်း နည်းနည်းမှ မသိဘူး။ တစ်ဘက်ကဆွဲ၊ တစ်ဘက်က ဖြတ်နေတာ။ ငါလည်း ပြေးဆွဲရတာပေါ့။ သမုဒ္ဒရာအလယ်ခေါင်မှာ ရေမိုင် ၂ဝကျော်နဲ့ခုတ်နေတာ။ ကျသွားလို့ ကတော့ ဘယ်လွယ်လိမ့်မလဲ။ ငါလည်း အဲဒီကောင်လိုပဲ ဖြစ်တာ။ ကိုယ့်ဟာကိုယ် ဘာလုပ်လို့ လုပ်မိမှန်းမသိ၊ လက်နဲ့ မေးရိုးကို သွားစိထည့်လိုက်တော့ ပါးစပ်ထဲဝင်နေတဲ့လက်က ညပ်တော့တာပေါ့။ ကိုက်ထည့်လိုက်တဲ့ အတိုင်းပဲ။ ေဩာ်.. သနားစရာ မနှင်းရည်ကလေး။ ငါ့ကို အင်မတန် မုန်းရှာသပေါ့လေ။ ခေါင်းခွံထဲက ဂလောက် ဂလောက်ဆို ခဲတုံးကလေးတွေများ ဖြစ်နေရော့သလားကွာ။ မင်း ဘယ်လိုထင်တုန်း။ ငါ့ဟာငါတော့ မကြည့်ဝံ့ ဘူး။ မသိရဲဘူးကွ။ အမလေး..ခဲတုံးလေးတွေဆိုရင်ဖြင့် စောက်ကျိုးနည်းပါပြီ။ အေး..ဟို မြုံစိစိ သူတောင်းစား နေမျိုးတော့ သိမှာပဲကွ။ သေချာတယ်။

စားပွဲပေါ်က ဖယောင်းတိုင်က ဘယ်လိုဖြစ်တာတုန်း။ ငြိမ်းချင်ချင်နဲ့။ သိပ်မကောင်းဘူးနဲ့တူပါရဲ့။ အေး..မင်းကို ပြချင်ပါသေးတယ်။ အဲဒီဦးခေါင်းခွံ၊ ဘယ့်နှယ်လဲ။ အမယ်..မကြည့်ချင်ဘူး။ ကြောက်လို့နဲ့ တူပါရဲ့။ အေး..အိမ် မှာ မထားခဲ့ဘူး။ အခုကို ယူလာခဲ့တာ။ ဒီမယ်..ကတ္ထူပုံး..တွေ့လား။ အထဲမှာ ပါ..ဟ..ဖယောင်းတိုင်က ဘယ် နှယ့်တုန်း။ ဖန်ပြောင်းစွပ်ထားတာတောင် ငြိမ်းမလိုလိုနဲ့။ ကဲကဲ..သောက်လိုက်ဦး..မင်းခွက်ထဲကဟာ ကုန် အောင်။

ဟားဟား..အော်သံကြားတယ်။ ဟုတ်လား။ လေတိုက်တာပါကွာ။ ကိုင်း ဒီမှာ ကတ္ထူပုံး။ စက္ကူတိပ်နဲ့ သေချာ ကပ်ပြီး။ အပေါ်က ကြိုးနဲ့ ချည်ထားတာ။ စက္ကူတိပ်ပေါ်မှာတောင် ငါ့လက်ရေးနဲ့ စာရေးထားသေးတယ်။ တွေ့ လား။ ကွယ်လွန်သူ ဒေါက်တာလူထက်၏ ပစ္စည်း ဖြစ်ပါသည် လို့။ ချိတ်ပိတ်တဲ့ သဘောမျိုးပေါ့ကွာ။ ကြိုးတွေ ကလည်း ဖြည်ရခက်လိုက်တာကွာ။ အေး..နောက်တစ်ခါ ဘယ်တော့မှ ဖွင့်မကြည့်တော့ဘူးလို့ ဆုံးဖြတ်ထား တာကွ။ မီး ဒီဘက်နည်းနည်းတိုးပြစမ်းပါ။ အင်းအင်း..ရပြီ။ ကိုင်း..အဖုံးဖွင့်လိုက်ပြီ။ ကြည့်ပေရော့ အထဲမှာ။

ဘာကွ..။ အထဲမှာ ဘာမှမရှိဘူး။ ဟုတ်လား။ ဟ..သွားပြီ။ ဦးခေါင်းခွံ ပျောက်သွားပြီ။

ဟာ..ဟာ..ဘယ်လိုဖြစ်တာတုန်း။ အဲဒါကို သေချာထည့်ပြီး အဖုံးကို တိပ်နဲ့ပတ်၊ စာရေး၊ ကြိုးအထပ်ထပ်ချည် ထားခဲ့တာကွ။ သေချာတယ်။ ငါ့ကိုယ်ငါ သေချာတယ်။ စောက်တလွဲတော့ ဖြစ်ပြီနဲ့တူတယ်။ နေဦး..သဘာဝ လွန် ဘာညာတွေကို ပြောတာမဟုတ်ဘူးနော်။ အေး…တစ်ယောက်ယောက်တော့ ငါ့ ချိတ်ပိတ်ထားတဲ့ဟာကို ရအောင် ဖောက်ပြီး ထုတ်ယူသွားတာပဲ ဖြစ်မှာ။ ဟုတ်ပြီ..ငါက တစ်ခါတလေ ပန်းခြံလေးထဲဆင်းပြီး ဟိုလုပ် ဒီ လုပ် လုပ်တဲ့အချိန် ဟိုမသာ နေမျိုးက ထုတ်ယူသွားတာပဲ ဖြစ်မယ်။

နေဦး..အဲဒီကောင် မဟုတ်ရင်..အာ..ဦးခွံက သူ့ဟာသူ ထွက်သွားတယ် မဆိုလိုပါဘူး။ အေး..ထွက်ချင်လည်း ထွက်သွားမှာ။ တစ်နေရာရာမှာတော့ ရှိမယ်။ အမှောင်ထဲက ငါ့ကို လှမ်းအော်…ဟာ..အော်မှာပေါ့..ငါ့ကို မုန်းလို့။ ဟင်..ငါပြောခဲ့သားပဲ။

ဒီမယ်ကြည့်..ဘူးထဲမှာ ဘာမှရှိတာ..ဟောဒီလို မှောက်ပြီး ခေါက်ပြ..ဟာ…ဘာလေးလဲ..အောက်ထွက်ကျသွား တာ။ စားပွဲပေါ်တစ်ချက်ကျပြီး ခုန်ထွက်သွားတာကွ။ ကြမ်းပြင်ပေါ်မှာ ရှိမယ်။ မီးနဲ့ကြည့်..။ ဟိုမယ်..မင်း ခြေ ထောက်နားမှာ ကောက်လိုက်ဦး။ အောင်မလေး…ပေးစမ်းပါ မြန်မြန်။

ခဲ..ခဲ..။ ငါသိတယ်..ငါသိတယ်။ ကျသွားတဲ့ အသံကြားကတည်းက။ အောင်မလေးဗျာ…စောက်ကျိုးနည်းပါပြီ။ လူထက်..လူထက်..မင်းတကယ် လုပ်ခဲ့တယ်နော်။ အလိုလေး..ငါ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လို့ပါလား။ ငါ့အပြစ်တွေ..ငါ့အပြစ်တွေ..အဲဒီခံစားချက်ကြီးကြောင့်ကွ..။ ဟို စောက်ပေါက်ကရ ဇာတ်လမ်း ငါပြောမိလို့ ခမျာ လေး အသေဆိုးရှာတယ်။

ကြည့်စမ်း..ဒီခဲလုံးလေး..ပုံပန်းသဏ္ဌာန်ရယ်လို့ တိတိကျကျမရှိဘူး။ အဲဒါကဘာဖြစ်စေသလဲ မင်းစဉ်းစားကြည့်။ မင်း မတုန်လှုပ်ဖူးလား..ဟင်။ ဟိုကောင် လူထက်က သူ့ကို အိပ်မောကျနေအောင် တစ်ခုခုနဲ့လုပ်ထား။ ဟား… စောက်ရမ်းကို မချိမဆန့်ကြီး ဟေ..။တွေးကြည့်..ကျိုက်ကျိုက်ဆူနေနဲ့ ခဲရည်တွေ နားထဲလောင်းထည့်တာ..ဟို ဦးနှောက်ထဲထိ လောင်ကျွမ်း..အား..ကလေးမခမျာ အော်တောင် မအော်လိုက်နိုင်ပဲ အသက်ထွက်သွားရရှာမှာ။ ဟာ..အေး..မအော်နိုင်..စိတ်ထဲမှာတော့ အော်လိုက်မဲ့ဖြစ်ခြင်း…ဒါ့ကြောင့်..ဒါကြောင့်..အဲဒီအသံက ငါ့ခေါင်းထဲ က..ငါ့ခေါင်းထဲကကိုး..အပြင်က မဟုတ်ဘူး။ အလိုလေး..လေး။

ငါ သတိလက်လွတ် ဖြစ်သွားသလား။ နေဦး..တို့ ရှာရမယ်။ အဲဒါကို ရှာမှ ဖြစ်မယ်။ ဘာ..ရှာလည်း မထူးဘူး။ ဟုတ်လား။ မင်း ဘယ်လို ပြောလိုက်တာလဲ။ အဲဒါက အပြင်မှာ နေချင်မှာ မဟုတ်ဘူး။ ဒီ ကတ္ထူဘူးထဲ ပြန်ဝင် ချင်တာ။ သူ့အခန်းထဲက ဗီရိုထဲမှာပဲ နေချင်တာကွ။ သနားစရာ..ဟာ..ဟိုခွေးမသား နေမျိုး..ဒင်း ယူသွားတာ သေချာတယ်။ ဘူးခွံကို သေချာပြန်ပိတ်ခဲ့သပေါ့လေ။ ဟင့်အင်း..ငါ ဒီကောင့်ကို ဆဲနေပေမဲ့..ဒီကောင်က လူဆိုး လူသွမ်းတော့ မဟုတ်ဘူးကွ။ ကောင်းကောင်းမွန်မွန် မြေမြှုပ်ပေးချင်တာ..ဒီကောင်က။ ဒါမှ နောက် ခြောက်တာ လှန့်တာတွေ မရှိတော့မှာလို့ ထင်နေတာပဲ။ ဘာသာရေး သိပ်ကိုင်းရှိုင်းတဲ့ကောင်။ ဘယ်ဘာသာ၊ ဘယ်ဘုရား ဖြစ်ဖြစ် ကြည်ညိုတဲ့ကောင်။ ဒီဦးခေါင်းခွံခမျာ သူ့နေရာသူ ကောင်းကောင်း မြေမမြှုပ်ခံရလို့ သနားစရာဖြစ်နေ တယ်ထင်တာကိုး။ လိုက်ရှာရမယ်..မဖြစ်ဘူး။ အလို..လို..ဟေ့ နားထောင်ကြည့်စမ်း။

ကျွန်ုပ်လည်း စိတ်မနှံ့သော အဘိုးကြီးတစ်ယောက်နှင့် ဆက်လက်မထိုင်လိုတော့သဖြင့် ရုတ်တရက်ထရပ်မိ လေသည်။ ကျွန်ုပ် သူငယ်ချင်းအား ပြန်ရန်ပြောမည် အပြု ၎င်းသည် စားပွဲပေါ်တွင် မှောက်လျက် အိပ်နေ သည်ကို တွေ့ရသဖြင့် အတင်းလှုပ်နိုးသည်တွင် အဘိုးကြီး၏ အသံသည် ဘက္ထရီဝပ်သွားသော ကက်ဆက်မှ အသံကဲ့သို့ လေးလံနှေးကွေးသွားသည်ကို သတိပြုမိ၏။ ထို့နောက် ကျွန်ုပ်၏ နားနှစ်ဘက်သည် ရုတ်တရက် ကန်းသွားသကဲ့ ဘာကိုမျှမကြားတော့ချေ။ စားပွဲပေါ်ရှိ ဘီယာခွက်အတွင်း တစီစီတက်လျက်ရှိသော ပူစီဖောင်း ကလေးများမှာ ဆောင့်ဆွဲလိုက်သကဲ့သို့ တန့်သွားပြီး အလွန်နှေးကွေးစွာဖြင့် ခွက်မျက်နှာပြင်ထက်ဆီသို့ ဆန် တက်လျက်ရှိကြောင်း ထူးဆန်းစွာတွေ့ရှိရလေသည်။ ဦးခေါင်းသည် တရိပ်ရိပ်ကိုက်ခဲလာကာ မျက်လုံးထဲမြင် သမျှသည် တွန့်လိမ်လှုပ်ရှားကာနေသည်။ ရုပ်ရှင်ဖလင်ကွက်များကို နှေးတလှည့် မြန်တလှည့် ကြည့်ရသကဲ့သို့  ဖြစ်လာရာ စိတ်တွင် အပြင်းအထန် တုန်လှုပ်မိလေသည်။ ကျွန်ုပ်၏ သိစိတ် အဆောက်အအုံသည် ယိမ်းယိုင် လှုပ်ရှားလာကာ ရူးသွပ်လုမတတ် ဖြစ်လာ၏။ ဆိုင်ရှင်တရုတ်မကြီးမှာလည်း ကျွန်ုပ်သူငယ်ချင်းကဲ့သို့ပင် ငွေ သိမ်းစားပွဲပေါ် ခေါင်းစိုက်လျက်ရှိ၏။ ဆိုင်လုလင်ကလေးမှာလည်း ခွေးခြေတစ်လုံးပေါ်တွင်ထိုင်၍ နံရံကိုမှီကာ ငိုက်လျက်ရှိပြန်၏။ အခြားသောသူ များကား တစ်ယောက်မျှ မရှိတော့ပေ။ အသက်မဲ့သော တိတ်ဆိတ်ခြင်းက  လုံးဝဥဿုံလွှမ်းမိုးထားသဖြင့် အကောင်ထည်မဲ့သော သေခြင်းတရားကိုပင် ခံစားလာမိလေသည်။ ကျွန်ုပ်သည် တအားကြုံးအော်ဟစ်လိုက်ရာ လည်ချောင်းအတွင်း တုန်ခါမှုကို သိသော်လည်း မိမိအသံကိုမူ မကြားရချေ။ လေဟာနယ်အတွင်း ရောက်ရှိနေသကဲ့သို့ပင်။ အလွန်အမင်း တိတ်ဆိတ်သောအခါတွင် နားထဲ၌ကြားရလေ့ ရှိသော တစီစီမြည်သံသည် တဖြည်းဖြည်းကျယ်လောင်လာကာ အော်သံကဲ့သို့ အပြင်းအထန် စူးရှလာပြီး နောက် လေးလံကျယ်လောင်သော အသံကြီးတစ်ခုကို ရုတ်ချည်းကြား လိုက်ရလေသည်။ ကျွန်ုပ်တစ်သက်တာ တွင် အချိန်မျှလောက် အားငယ်ခြင်း၊ ကူကယ်ရာမဲ့ခြင်းမျိုးကို မခံစား ရဘူးချေ။ လှိုဏ်သံပေါက်နေသော အဘိုး ကြီး ၏အသံသည် ကျွန်ုပ်နားတွင် တဖြည်းဖြည်း ပီပြင်ကာ ကြည်လင် လာသည်တွင်..သွပ်ပြားကပ်ထားသော ဆိုင် တံခါးကို အပြင်းအထန်ခေါက်နေသည့် အသံကိုပါ ကြားမိလေ တော့သည်။

သူငယ်..ကြားတယ်မို့လား..တံခါးခေါက်နေပြီ..အဲဒါ ပြန်လာပြီ။ တံခါးသွားဖွင့်ရအောင်..ဖယောင်းတိုင်ယူခဲ့။ ငါ တစ်ယောက်တည်း ဖယောင်းတိုင်တစ်ဖက်၊ အဲဒါတစ်ဖက်နဲ့ မလွယ်ဘူး။ လာခဲ့။ ဖယောင်းတိုင်ရော။ ငါက ပုံးကို ယူခဲ့မယ်။ သေချာတယ်ကွ..တခြား လူ မဟုတ်ဘူး။ ငါကြုံဖူးပါသကော။ ခေါက်သံကိုက တခြားလူ ခေါက်တာနဲ့ ကို မတူတာ။ ခေါက်နေလိုက်တာ..သိပ်ဝင်ချင်နေပြီထင်တယ်..လာပါကွာ..မြန်မြန် မကြောက်ပါနဲ့။ ဖယောင်း တိုင်ကို အဲဒီစားပွဲပေါ်ခဏတင်ထား။ ငါတံခါးဖွင့်မယ်..။ ဝင်လာရင် မင်း ဆီးပြီး ကောက်လိုက်။ ပြီးရင် ပုံးထဲ ထည့်..ဟုတ်ပြီလား။

ကျွန်ုပ်သည် စက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေ၏။ မိမိခန္ဓာကိုယ်အား ကောင်းစွာ မထိန်းချုပ်နိုင်တော့ချေ။ အဘိုးကြီး တံခါးဖွင့်နေသည်ကို မျက်စိပြူးလျက် ကြည့်နေမိလေသည်။ ဆိုင်အပြင်တွင် လေသံမိုးသံဆူညံလျက်ရှိသည့် အပြင် အဆက်မပြတ်သော တံခါးခေါက်သံကိုပါ စိတ်တုန်လှုပ်ဖွယ် ကြားနေရလေသည်။ အဘိုးကြီးသည် တံခါး ချက်ကို ဖြုတ်၍ တံခါးကို ဟလိုက်စဉ်တွင် ပြင်းထန်သော လေသည် အခန်းတွင်းသို့ ဝေါခနဲ တိုးဝင်လာရာ ဖန်ပြောင်းစွပ်ထားသော ဖယောင်းတိုင်မီးသည် ငြိမ်းလုငြိမ်းခင် ဖြစ်သွားသည်။ ဆိုင်အတွင်းမှ ဘက္ထရီမီးသည် ပင် မှိန်ခနဲဖြစ်သွားသည် သတိထားလိုက်မိလေသည်။ ထိုမီးမှိန်မှိန်အောက်တွင် ဖြူတူတူ လုံးချော်ချော်အရာ တစ်ခုသည် လျှောခနဲ လိမ့်ဝင်လာလေရာ ကျွန်ုပ်လည်း မည်သို့မျှ မစဉ်းစားပဲ ကောက်ယူမိသည်တွင် ဇတ်ခနဲ အကိုက်ခံလိုက်ရသဖြင့် ပုံးထဲသို့ အလျင်အမြန် ပစ်ထည့်လိုက်ရလေသည်။

ဟ..ဖြေးဖြေးလုပ်ပါဟ..။ ဘာ..မင်းလက်ကို ကိုက်လို့။ မဟုတ်တာကွာ။ ပြစမ်းပါဦး။ သွေးထွက်နေတာပဲ။ အရက်နဲနဲလောင်းလိုက်မယ်။ စပ်တာပေါ့..။ လာလာ။ တစ်ရှုးနဲ့ ခဏပတ်ထား။ မင်းလည်း ငါ့လိုပဲ ဖြစ်တာနဲ့ တူတယ်။ ကောက်ကိုင်လိုက်တဲ့အချိန် လက်ချောင်းလေးက ပါးစပ်ထဲဝင်နေပြီးတော့ နောက်လက်တစ်ဖက်က မေးရိုးကို ဆွဲပိတ်သလို ဖြစ်သွားတာ နေမှာပေါ့။ ဟား..ကြည့်စမ်း ဦးခေါင်းခွံက သွားမှာ သွေးစက်တွေနဲ့။ ကြည့် ရတာ ကြက်သီးထစရာ။ မေးရိုးက စိနေသားပဲ။ ဟုတ်ဘူး..။ မင်းလုပ်လို့ စိသွားတာ မဖြစ်နိုင်ဘူး။ ဗိုက်စ်ခုံကို တင်းထားသလိုကို စိနေတာကွ။ ဆန်းသား။ ဆန်းတာတော့ အတော်ကို ဆန်းနေတာ ဒီအဖြစ်အပျက်တစ်ခုလုံး ပဲ။ ငါတော့ ရှင်းမပြတတ်တော့ဘူး။မင်းလည်း မြင်တဲ့အတိုင်းပဲ။ ကဲကဲ..ဒါကို ပုံးထဲပြန်ထည့်ရမယ်။ စက္ကူတိပ် ကတော့ ပြဲသွားပြီ။ နေဦး..ဖယောင်း စက်ချပြီး ငါ့လက်စွပ်နှိပ်မယ်။ ချိပ်မရှိတော့ ဖယောင်းပေါ့။ ပြီးမှ ကြိုးနဲ့ ပြန်ချည်။ ဟုတ်ပြီလား။

ကိုင်း..ပြီးပါပြီကွာ။ ပြန်ကြတာပေါ့။ စားပွဲပေါ်က မဲခေါင်လေး နဲနဲကျန်နေသေးသကွ။ မင်းဖြတ်နိုင်ရင် ဖြတ် လိုက်။ ဒီမှာ ပိုက်ဆံ။ လောက်မှာပါ။ ဂွတ်နိုက်..အင်း..သိပ်တော့ မဂွတ်ဘူးပေါ့။ ဒီမယ်..သူငယ်.. ဒီအကြောင်း တွေ သိပ်မစဉ်းစားနဲ့တော့။ အိပ်မက်ထဲလည်း ထည့်မမက်နဲ့ဦး။ ကိုင်း သွားပြီဟေ့။

အဘိုးကြီးထွက်သွားသောအခါ ကျွန်ုပ်လည်း ငူငူကြီးထိုင်ကာ ကျန်ခဲ့လေသည်။ ကျွန်ုပ်လည်း သူငယ်ချင်းအား နှိုး၍ ဆိုင်မှထွက်လာခဲ့လေသည်။ ဆိုင်ရှင်နှင့် ဆိုင်လုလင်လေးတို့မှာမူ အိပ်မောကျဆဲပင် ဖြစ်၏။ အပြင်တွင် အေးစိမ့်လျက်ရှိသော်လည်း ကောင်းကင်ကြီးမှာ အထူးပင်ကြည်လင်၍ လရောင်ဖြင့် လင်းဖြာနေပေသည်။

 

 

နောက်တစ်နေ့မနက်တွင် ကျွန်ုပ်၏ ဘိုးအေသည် အိမ်ရှေ့တန်းလျားလေးတွင် ထုံးစံအတိုင်း ထိုင်လျက်ရှိသည် ကို တွေ့ရသဖြင့် သင်္ဘောသားအိုကြီး ဦးလူမြတ်အကြောင်း မေးမြန်းရန် စဉ်းစားမိလေသည်။ ဘိုးအေနှင့် စကား စမြည် ပြောဆိုလေ့မရှိသဖြင့် ကျွန်ုပ်လည်း နှုတ်လေးလျက်ရှိသည်တွင် သကြားစက်မှ ကားကလေး တစ်စီး ထိုး ဆိုက်လာသည်ကို မြင်ရလေသည်။ သကြားစက်မှ စာရေးကလေး ကိုသက်ထူး ကားပေါ်မှ ဆင်းလာကာ ဘိုးအေ အားနှုတ်ဆက်လေသည်။

ဘ..နေကောင်းတယ် မို့လား။

အေး..။ ဟေ့..ဒါနဲ့ မောင်သက်ထူးရေ..မင်းတို့ သကြားစက်နား (–)ရွာက ဦးလူမြတ်တစ်ယောက် မြင်မိသလား ကွ။

ကျွန်ုပ်လည်း အသာ နားစွင့်နေလေသည်။

ဟာ..အဲဒီ အဘိုးကြီး ဆုံးသွားပြီ ဘ ရဲ့။ ညတုန်းကပဲ။ အင်း..သိတာတော့ မနက်မှ သိတာ။ သူ့ အိပ်ယာပေါ် တင်ပဲ။ ကျွန်တော်တောင် သွားကြည့်လိုက်သေးတယ်။ ဘယ်လို ဖြစ်လဲတော့ မသိဘူး။ လည်ပင်းမှာ ဒဏ်ရာ လိုလိုနဲ့။ ဆရာဝန်ပြောတာတော့ အကောင်ကိုက်..ဟုတ်ဘူး။ လူ တစ်ယောက်ယောက် ကိုက်သွားပုံရတယ်တဲ့။ လေပြွန်ကျိုးသွားတာပဲတဲ့။ လည်ပင်းတော့ ပေါက်မသွားဘူး။ သွားရာ ကြည့်ရတာ မိန်းမဖြစ်နိုင်သတဲ့။ အောက် ရှေ့သွားနှစ်ချောင်းမရှိဘူးတဲ့။ ဆိုတော့ အရူးမ တစ်ယောက် ယောက် ကိုက်သွားတာများ ဖြစ်နေမလားဆိုပြီး အဲဒီပတ်ဝန်းကျင်မှာ ရူးနေသူတွေ လိုက်ရှာကြသေးတယ်။ အဘိုးကြီးက တစ်ယောက်တည်း နေတာဗျ။ အသက်လား..ခြောက်ဆယ့်ငါးလောက်တော့ ရှိမယ်။ သနားစရာ ဗျာ။ သူ့ခယ်မနဲ့ သူ့ညီလည်း ဟိုးတစ်နှစ်ကပဲ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဆုံးရှာတယ်။ ဒီအဘိုးကြီးက သန်သန်မာမာကြီး ရှိသေးတာ ဘရဲ့။ လည်ပင်း အကိုက်ခံရတာတောင် ရုန်းကန်ထားတဲ့ လက္ခဏာမတွေ့ဘူး။

ကိုသက်ထူး..သူ့အိမ်သွားကြည့်တယ်ဆိုတော့ တိပ်ပတ်ပြီး ကြိုးတွေချည်ထားတဲ့ ကတ္ထူပုံးတစ်ပုံးများ တွေ့မိသလားဗျ။

ကျွန်ုပ်၏ အမေးကို မဖြေပဲ ကိုသက်ထူးနှင့် ကျွန်ုပ်ဘိုးအေသည် ကျွန်ုပ်အား စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လျက်သာ ရှိကြလေသတည်း။

3 comments

  • ဇီဇီ

    October 4, 2016 at 1:42 pm

    ငင့်။
    ကြက်သီးတွေထလာတယ်။
    တွေးတွေးပြီးး

    :a:

    • မောင်ဘလိူင်

      October 4, 2016 at 8:09 pm

      ဟုတ်ပ..နောက်ထပ် ဖတ်လို့ကောင်းတာလေး ရှာပြီး ဘာသာပြန်ဦးမယ် စိတ်ကူးတယ်။

  • Foolish Girl

    October 5, 2016 at 10:01 am

    ဒါဆို ဦးလူမြတ် ကို မနှင်းရည် သတ်သွားတာပေါ့ နော် (အရိုးခေါင်းကသတ်သွားတာပေါ့နော်)

    ဦးလူမြတ် ကြီးပြောနေတာကလည်း အရူးတစ်ယောက်လိုပဲဆိုတော့ ကိုယ်တိုင်မကြုံလိုက်ရရင်ရူးတယ်ပဲထင်နေမှာနော်

Leave a Reply