ရခိုင်နယ်စပ် မနေ့က နယ်စပ်လုံခြုံရေးစခန်း၃ခု ဝင်အစီးခံရလို့ စခန်းမှူးအပါအဝင် ၉ယောက်သေ၊ ဒဏ်ရာအများအပြားရ၊ သေနတ်အလက် ၅၀ကျော် ပျောက်ဆုံးတဲ့သတင်း အားလုံးကြားပြီးကြပါမယ်။ ဝင်စီးသူတွေ တုတ်ဓါးလက်နက်များ ကိုင်ဆောင်ထားပြီး အာရ်အက်စ်အို ဘင်္ဂါလီ သောင်းကျန်းသူများနဲ့ ဆက်နွယ်ပုံရကြောင်း သုံးသပ်ကြပါတယ်။ တဆက်ထဲမှာ နိုင်ငံရေးအမြတ်ထုတ်မည့် စစ်ဘောမနဲ့ မျိုးညစ်များ အသံလည်း ထွက်လာတယ်။ ဆုံးရှုံးမှု အကြောင်းပြပြီး ဒီမိုကရေစီကို ပျက်ရယ်ပြု ၊ လူ့အခွင့်အရေးကို မေးငေါ့၊ လူမျိုးဘာသာရေး မီးထိုးနေကြပြီ။ ဘယ်လို အတန်းအစား လုပ်တယ် ဘာကြောင့်လုပ်တယ် သိနေတာမို့ သိပ်မထူးဆန်းပေမဲ့ ဘာရယ်ညာရယ် မလေ့လာ ကလားအသံကြားတိုင်း သွေးဆူတတ်သူအချို့လည်း ရှိသမို့ လစ်လျှူ ရှု ထားလို့ မရပြန်ဘူး။

ဖြစ်စဉ် ပြန်ကြည့်ရင် နယ်စပ်လုံခြုံရေးဌာနချုပ် တခုအပါအဝင် အခြားစခန်း၂ခု အတိုက်ခံရတယ်။ တိုက်သူများက တုတ်ဓါး အရပ်သုံးလက်နက်များ ကိုင်ဆောင် အလစ်အငိုက် ဝင်တိုက်တယ်။ ရဲတွေ သေသူသေ ဒဏ်ရာရသူရ ပြေးသူပြေး.. အဆိုးဆုံးက လက်နက်တိုက် အဖေါက်ခံရတယ်။ ဝင်စီးသူရာဂဏန်း ပြီးတော့ သုံးနေရာတောင် ချိန်ကိုက်လုပ်တာ သတင်းကြို မရဘူးလား။ မရ ရအောင် မိန်းမနဲ့ ဖက်အိပ်နေလို့ရတဲ့ အဖြူ ရောင်နယ်မြေလား။ မဟုတ်ပါဘူး.. နယ်စပ်မှာ အာရ်အက်စ်အိုအဖွဲ့ လှုပ်ရှားနေတယ်၊ နယ်မြေသည် ကိုယ့်ဖက်မှာမရှိ၊ နယ်မြေခံလူထုနဲ့ ပြသနာကြီးကြီး မားမားရှိထားတယ်။ မကြာသေးခင်ကတောင် အိုင်အက်စ် အကြမ်းဖက်သမားတွေ ဝင်လာလို့ မဆီမဆိုင် ချင်းပြည်ဖက်တောက် သွားဂယက်ရိုက်သေးတယ်။ သူတို့ ပြည်ထဲရေးကပဲ ထွက်တဲ့သတင်းနော်။ ပြောလိုက်ရင် သူတို့မှ မရှိရင် တိုင်းပြည်ပျက်တော့မလို၊ လုံခြုံရေးတပ်တွေကို ထိုင်ရှိခိုးရတော့မလို။ ရဲချုပ် သတင်းစာရှင်းလင်းပွဲမှာပြောတယ်၊ ရခိုင်မှာ လုံခြုံရေး အများကြီး ချထားပါကြောင်း၊ သဘောက ပေါ့ပေါ့တန်တန် မလုပ်ထားဘူးပေါ့ဗျာ။ သိခြင်တာ ဒီလောက် လုပ်ထားပါလျက် ခံရတာ ကိုယ်အသုံးမကျလို့လား ဒါမှမဟုတ် အစောက ပြောထား ချောက်ထားတာတွေဟာ ဖိန့်လုံးတွေလား။ လှိမ့်ရင်း ဖိန့်ရင်းနဲ့ တကယ်ဖြစ်သွားသလား။ ရွာထဲ တာတေကြီးလာမည် ခြောက်ထားပြီး တကယ်လဲလာရော ဘာမှ အဆင်သင့်မဖြစ်။ ဘယ်ဖြစ်မလဲ ကိုယ်က စားကောင်း ဖိကောင်းအောင် ရွှီးထားတာကိုး။ ငါမရှိ မဖြစ်အောင် ကိုယ့်အထဲမှာ ဝါဒဖြန့် လှုံ့စော်ထား၊ တဖက်ကိုကြတော့ အထင်သေး လုပ်နိုင်မည်လဲမထင်.. ခုတော့ ခံရပြီ။

ရဲချုပ်ပြောတာ ရခိုင်နယ်စပ်ကို အထူးဂရုစိုက် လုံခြုံရေးယူထားတယ်၊ စစ်တပ်လဲ အဆင်သင့်ရှိတယ်။ နယ်စပ်လုံခြုံရေးတပ်တွေရှိတာ လက်ခံတယ်။ အဲဒီမှာ ရခိုင်တွေ အများကြီးပဲ။ ကျဆုံး ဒဏ်ရာရသူ စာရင်းကြည့်လျင်ကို ရခိုင်များစွာ တွေ့ရမည်။ ပြသနာက စစ်တပ်က သူတို့ကိုမယုံဘူး၊ ကိုရွှေရခိုင်များကလည်း သိတဲ့အတိုင်း မျိုးခြစ်ဆိတ်သိပ်ပြင်း၊ ရလျင် နိုင်ငံတခု ထူထောင်လိုသူများ။ ဒီတော့ သူတို့ကို နယ်စပ်အဆင့်မှာ ချွေးသိပ်၊ သာမန်လက်နက်ငယ်များ တပ်ဆင်ပေး လုံခြုံရေးယူစေတယ်။ လိုအပ်လာလျင် စစ်တပ်သာ ထိန်းနိုင်အောင် တမင်လုပ်ထားတယ်။ အာရ်အက်စ်အို ပြောပြော ဘင်္ဂါလီအရပ်သားပြောပြော ခုလို လက်နက်ကိုင် ယူနီဖောင်းဝတ် အဖွဲ့အစည်းတခု အလဲထိုးခံရတာ စိတ်ဓါတ်၊ လေ့ကျင့်မှု၊ လက်နက်ကိရိယာ၊ သတင်းအချက်အလက်၊ ဖွဲ့စည်းတည်ဆောက်မှု အားနည်းချက် ကြီးကြီးမားမား ရှိတာ ညွှန်ပြတယ်။ ပြောတာ ညကင်းလဲချိန်အားနည်းချက်ကို အသုံးချသွားတယ်။ ဘယ်လိုဖြစ်ဖြစ် တုတ်ဓါးသမား ချတာတောင် ခံရလျင် တဖက်နိုင်ငံက စနစ်တကျဖွဲ့ လေ့ကျင့်ထားသူများဝင်တိုက်ရင် တချီထဲ ပြုတ်ပြုတ်ပြုန်းဖွယ်ရှိတယ်။

ဒါကြောင့် ပြည်ထဲရေးဝံကျီးနဲ့ ကာချုပ် ဖြေဗျာ၊ တိုင်းပြည်လုံခြုံရေးကဏ္ဍ ကုပ်စီးထားတဲ့ ဗျားတို့စစ်တပ်မှာ တာဝန်ရှိတယ်… ရခိုင် ဘင်္ဂါလီအရေး ဘယ်လိုလဲ၊ တကယ်လား ဘာလား ညာလား၊ သရဲအမွေးလွန်နေပြီလား။ အရှေ့ဖက်မှာတော့ ဝသရဲ သိပ်ကြီးသွားပြီ။ အရှေ့ အနောက် သရဲနှစ်ကောင် ပိတ်အညှပ်ခံရလျင်တော့ မချောင်ရေးချ မချောင်….

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 601 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး