ပင့်ကူ အမှုဆန်း – အပိုင်း(၁)

(ဂျာမန် ထိတ်လန့်သည်းဖို စာရေးဆရာ Hans Heinz Ewers သည် အမှန်အားဖြင့် ပြဇာတ်သရုပ်ဆောင်ခြင်း နှင့် ကဗျာများအတွက် အသိများသူ ဖြစ်သည်။ လိင် နှင့် အကြမ်းစားဇာတ်ကွက်များကြောင့် သူ့လက်ရာများ ချိနဲ့ သွားသည်ဟု (ဖတ်သူစိတ်ထဲ) ဖြစ်ရသော်လည်း ဟန့်စ် ကမူ ရေးဖို့ ရှက်ရွံ့လက်တွန့်မည် မဟုတ်ပါ။ နာဇီပါတီ ကို ပထမတွင် ထောက်ခံအားပေးခဲ့သော်လည်း ဂျူးများနှင့် လိင်တူချစ်သူများအပေါ်တွင် နာဇီတို့ ထားရှိသော သဘောထားကို မနှစ်သက်သောကြောင့် ပါတီမှ ခွာခဲ့သည်။ နာဇီများက အငြှိုးထားကာ သူ့အ လုပ်များနှင့် သူ့စာများကို ပိတ်ပင်သည်။ သူ့ပိုင်ဆိုင်မှုများကို သိမ်းပိုက်သည်။ အသနားခံစာပေါင်းများစွာ ရေးတင်ခဲ့သော် လည်း အရာမရောက် မထူးခြားခဲ့ချေ။ ထိုနှစ် ၁၉၄၃ ခုနှစ်မှာပင် ဟန့်စ် တစ်ယောက် အဆုတ် ရောဂါဖြင့် ဆင်းဆင်းရဲရဲ ကွယ်လွန်ခဲ့ရှာသည်။ သူရေးခဲ့သော ထိတ်လန့်သည်းဖို ဝတ္ထုတိုများအနက် The Spider(၁၉၁၅)  ဆိုသော ဝတ္ထုတိုမှာ အကောင်းဆုံးလက်ရာ ဖြစ်သည်ဟု ညွှန်းဆိုကြသဖြင့် အမှီးဝတ္ထု တိုအဖြစ် ဘာသာပြန် တင်ဆက်လိုက်ပါသည်။)

          အငြိမ်းစား ရဲမင်းကြီး ဦးလှဖြိုးနှင့် ကျွန်ုပ် သူငယ်ချင်း၏ ဘိုးအေဖြစ်သူ ဦးငွေဘော်တို့မှာ ငယ်သူငယ် ချင်းများ ဖြစ်ကြသော်လည်း တိုင်းပြည်တာဝန်ကို နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ရသဖြင့် တွေ့ဆုံချိန် နည်းပါးခဲ့ကြရာ ယခုကဲ့သို့ အငြိမ်းစားများဘဝတွင် သူ့အိမ်ငါတစ်လှည့် လည်ပတ်ရင်း ရှေးဖြစ်နှောင်းဟောင်း များ ပြောဆိုလေ့ရှိကြသည်။

ကျွန်ုပ်သည် သူငယ်ချင်း၏ အိမ်သို့ လည်ပတ်ခိုက် အဘိုးကြီးများ စကားလက်ဆုံကျနေသည်ကို ကြုံကြိုက်တိုင်း အနီးအနား တွင် မယောင်မလည်ဖြင့် ဝင်ရောက်နားထောင်လေ့ရှိသည်။ သက်ကြီးစကား သက်ငယ်ကြား ဆိုသ ကဲ့သို့ မှတ်သားဖွယ်ရာ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ ပါလေ့ရှိသဖြင့် ငြီးငွေ့ဖွယ်ရာ မဖြစ်လှပါ။ အထူးသဖြင့် ၎င်းတို့၏ ကိုယ့်တွေ့ အကြောင်းများမှာ အဖြစ်အပျက်၏ စိတ်ဝင်စားစရာကောင်းခြင်းနှင့် စကားပြောကောင်းခြင်း တို့ကြောင့် အလွန်နားထောင်ကောင်းလှပေသည်။

တစ်ရက်တွင် အဘိုးကြီးများ စကားလက်ဆုံကျနေရာ ကျွန်ုပ်လည်း ထုံးစံအတိုင်း အနီးတွင် နားထောင်နေ၏။ စကားစပြတ်သွားချိန်တွင် ဦးလှဖြိုးသည် ဓာတ်ကြိုးများကြား အိမ်ဖွဲ့နေသော ပင့်ကူကြီးများကိုငေးကြည့်ရင်း –

“ပင့်ကူကြီးတွေ ကြီးလှချည်လား။ ပင့်ကူတွေ မြင်မှ ဟိုတစ်ရက်က အိမ်ရှင်းရင်း ထွက်လာတဲ့ အမှုတွဲဟောင်း လေးတွေ လှန်ကြည့်ရင်း လူသေမှု ခပ်ဆန်းဆန်းတစ်ခုပြန်ဖတ်မိတာ သတိရသဗျို့။”

“ပြောစမ်းပါဦးဗျာ..ခင်ဗျား အမှု။”

ဦးငွေဘော်က တိုက်တွန်းသဖြင့် ဦးလှဖြိုးက ဆက်၍ ပြောလေသည်။

“ဒီလိုဗျ..ကျုပ် အထက်ဘက် (_) မြို့မှာ တာဝန်ကျတုန်းကပေါ့ဗျာ။ မြို့က စည်စည်ကားကားတော့ ရှိပါတယ်။ အဲ..ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုမှာ တည်းခိုခန်း ခပ်သေးသေးလေးတစ်ခုရှိသဗျ။ တည်းခိုခန်းလို့သာ ဆိုရတာ၊ တစ်လကိုးသတင်းမက နေတဲ့လူတွေလည်း ရှိသဗျ။ အဆောင်သဘောမျိုးပေါ့ဗျာ။ ဈေးလည်းသက်သာ၊ ပိုင်ရှင် အဘွားကြီး ဒေါ်အုန်းနွယ်ကလည်း သဘောကောင်းပုံရလို့ သူ့ဟာနဲ့သူတော့ ပြည့်နေတာပဲ။ ရွှေဧည့်လာ ဆိုလားပဲ..သူ့တည်းရိပ်သာ နာမည်က။ အခန်းလေးတွေ ရှိလှမှ ဆယ်ခန်း ဆယ့်နှစ်ခန်းပေါ့။ အင်း..တစ်ရက် ကျတော့ အဲဒီမှာ လူသေမှုဖြစ်ပါရောဗျို့။ မာရဝါရီ ကုန်သည်တစ်ယောက်ပါပဲ။ တခြားမြို့ကပေါ့။”

“အဲဒါနဲ့ ကျုပ်လည်း ရဲတပ်ကြပ်ကြီးတစ်ယောက်နဲ့ ဆားပုလင်းတစ်ယောက်လွှတ်။ သွားကြည့်ပေါ့။ အဲဒီတုန်းက ကျုပ်က ရဲအုပ်ဖြစ်ခါစ။ အလောင်းကိုတွေ့တော့ စနေနေ့ ညနေပိုင်းဗျ။ ဆရာဝန်ပြောတာတော့ သောကြာနေ့ ညနေ ငါးနာရီနဲ့ ခြောက်နာရီကြားလောက်က ဆုံးဟန်တူတယ်တဲ့။”

“ဘယ့်နှယ်လုပ် သေသလဲဗျ။”

“သေတာတော့ ဆွဲကြိုးချသေတာပဲ။ အင်း..ဒီလိုဗျ။ အခန်းက ခပ်သေးသေးရယ်။ ပြတင်းပေါက်လေး တစ်ပေါက် ရှိသဗျ။ တံခါးက ကျုပ်တို့ ရထားတွေက တံခါးမျိုး နှစ်ထပ်။ အပေါ်အောက် လျှောထိုးပုံစံ။ လိုက်ကာ ရှိတယ်။ သေတဲ့သူက အဲဒီလိုက်ကာဆွဲတဲ့ ကြိုးကိုသုံးပြီး သတ်သေတာပဲ။ တံခါးဘောင် အပေါ်ဘက်နားမှာ အကျင်္ ီတွေဘာတွေ ချိတ်ဖို့ ချိတ်ကြီးတစ်ချောင်း ရှိပါရော။ အဲဒီချိတ်ကြီးမှာ စောစောက လိုက်ကာဆွဲတဲ့ကြိုးကို ရစ်ပြီး တစ်ဖက်စကို ကွင်းလျှောလုပ် ကိုယ့်လည်ပင်းကိုစွပ်တာပေါ့။”

“အလိုဗျာ။”

“အလို မဗျာနဲ့ဦး။ စဉ်းစားကြည့် ပြတင်းပေါက်က ခပ်နိမ့်နိမ့်ရယ်။ အဲဒီက လိုက်ကာကြိုးနဲ့ ကြိုးဆွဲချတော့ ခြေထောက်တွေက ကြမ်းပြင်မှာ ခပ်ကွေးကွေးကြီးဖြစ်လို့..။ ဒူးနဲ့တောင် ထိတော့မယ်။”

“အဆန်းသားပဲ..။ လူသတ်တာရော မဖြစ်နိုင်ဘူးလားဗျ။”

“သဲလွန်စ ရှာဖွေကြည့်သလောက်တော့ လူသတ်မှု မဟုတ်ဘူးဗျ။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာပဲ။ ဒါနဲ့ ဒီလူ အကြောင်း စုံစမ်းကြည့်ရတာပေါ့။ အိမ်ထောင်ရှိတယ်။ ကလေးလေးယောက် ဖခင်။ ကုန်သည် အလုပ်နဲ့ ဝင်ငွေလေးလည်း မှန်တယ်။ ရောင့်ရဲ တင်းတိမ် တတ်တဲ့သူတဲ့။ ရင်းနှီးတဲ့ မိတ်ဆွေများကတော့ ဒီလိုဖြစ်စရာ အကြောင်း မရှိပါဘူးတဲ့။ သတ်သေမယ် ဘာညာ သင်္ကာရနံ့ မကင်းစရာ ဘာမှ မပြောဖူးပါဘူးတဲ့။”

“အဲဒါနဲ့ လူသေမှုနဲ့ပဲ အမှုတွဲထားရတာပေါ့။ ဘာကြာလဲ..နောက်တစ်ခါ လူသေမှု ထပ်ဖြစ်ပြန်ရော။ အဲဒီ တည်းရိပ်သာမှာပဲ။ အဲဒီအခန်းမှာပဲ။ အခန်းနံပါတ် ရ တဲ့ဗျ။ သေတဲ့နေ့ သေတဲ့အချိန် ပထမအမှုနဲ့ အတူတူပဲ။ သောကြာနေ့၊ ညနေ ငါးနာရီနဲ့ ခြောက်နာရီကြား။ တည်းခိုခန်းက အလုပ်သမားကလေးက တွေ့တာ။”

“ဒီတစ်ခါ သေတာ ဇာတ်မင်းသားဗျ။ နာမည်ကြီးကာစ။ ရုပ်ချော၊ အကကောင်း..အဲ..အကကောင်းတာထက် ကျွမ်းထိုးကောင်းဆိုလား။ ထားပါ။ ရှေ့လျှောက် ဒါထက် နာမည်ကြီးဖို့ရှိတာပဲတဲ့။”

“အဲဒီမြို့မှာက ဘုရားပွဲ၊ ဘာပွဲ ဆို ဇာတ်ပွဲသွင်းတော့တာကလား။ တစ်နှစ် တစ်နှစ်မှာ မြို့ကလူတွေ ဇာတ်တော့ နှစ်ပွဲ သုံးပွဲ အသာလေး ကြည့်ရတာကိုး။ စောစောက ဇာတ်မင်းသားဆို အနီးအနားက ရွာတွေကအစ လာပြီး အားပေးကြတာ။ အိမ်က သိန်းသိန်း တို့တောင် ပါသေး။ အင်း..အသက်ကလေး ရှိလှမှ နှစ်ဆယ်ကျော် အစိတ် ထဲ လောက်ဗျာ။ လောကကြီးမှာ သူ့အနေအထား၊ သူ့အရွယ်လေးနဲ့ ပျော်ကောင်းတုန်း။ တစ်ရက် သူရောက်မ လာလို့ ဇာတ်ဆရာက ရုံစောင့်တဲ့ကောင်လေးကို လိုက်အခေါ်ခိုင်းတာ။ အဲဒီမှာပဲ..အင်း.. ရှေ့တစ်ယောက်လို သူ့အခန်းထဲ သေနေတာ တွေ့ရတာပဲ။ သေတမ်းစာ ဘာညာလဲ မထားခဲ့ဘူးဗျ။ အခန်းတံခါးကလည်း စေ့လျက်သား။”

“သနားစရာဗျာ။”

“ကျုပ်တို့လည်း တစ်ခါက နှစ်ခါဆိုတော့ ခေါင်းကိုက်ရတာပေါ့။ ဇာတ်မင်းသားလေးမှာလည်း အမေတစ် ယောက်သာ ရှိရှာသတဲ့။ ပစ္စည်းလုတာလည်း မဟုတ်၊ ရန်ငြိုးရန်စ ဆိုရအောင်လည်း သတ်ပစ်ရလောက် အောင် ထွေထွေထူးထူး မရှိ။ ရှေ့က မာရဝါရီ ကုန်သည်နဲ့ ဒီဇာတ်မင်းသား ဆိုတာလည်း ဘယ်လို အဆက်အစပ်မှ မရှိဘူး။ သေပုံသေနည်း တစ်ထပ်တည်းကျနေတာက ဆန်းနေတာပဲ။”

“လူသတ်မှုဆိုရင်တောင် အရူးတစ်ယောက်ယောက်ကများ သတ်သလားဗျာ။”

“အင်း..လူသတ်မှုဆိုရအောင်လည်း အထောက်အထားက ခိုင်ခိုင်မာမာမရှိဘူးလေ။ တည်းရိပ်သာ ပိုင်ရှင် ဒေါ်အုန်းနွယ် ခမျာတော့ သနားစရာပေါ့။ ရှိတဲ့လူတွေလည်း ဆင်းပြေး၊ ပြောင်းပြေးကုန်ရော။ နောက်လာမဲ့လူ လည်း သတင်းကြားတာနဲ့ ရှောင်ကုန်ကြတာပေါ့။ ဒါနဲ့ ခရိုင် ရဲမင်းကြီးကို သွားပြီး အကူအညီတောင်းတော့ တာပဲ။ အဲဒီတော့ ကျုပ်တို့က ဖိအားပေးခံရတာပေါ့။ အကြောင်းအရင်းက ဘာတုန်း ဆိုတဲ့ ထုချေလွှာကို တင်ရ တော့မှာပေါ့။”

“ကျုပ်လည်း ခေါင်းခဲနေတုန်း ရဲတပ်ကြပ်ကြီး ကိုသိုက်ထွန်းက ဘာကြောင့်လဲ ဆိုတဲ့ လျှို့ဝှက်ချက်ကို သူစုံစမ်းပေးပါမယ်တဲ့။ အဲဒီ တည်းရိပ်သာက အခန်းမှာ သူသွားနေမယ်ပေါ့။ အဲဒီ ကိုသိုက်ထွန်း ဆိုတဲ့လူက လည်း နှယ်နှယ်တော့ မဟုတ်ဘူးဗျ။ စစ်တပ်ကနေ ရဲထဲ ပြောင်းလာတဲ့လူ။ တိုက်ရည်ခိုက်ရည်လည်းကောင်း၊ အကြံဉာဏ်လည်းကောင်းတဲ့လူ။ အရင်က လုပ်သေနတ်တွေဘာတွေတောင် ရှိတဲ့ ဓားပြတွေကို သူဖမ်းနိုင်ခဲ့ ဘူးသဗျ။”

“ခု ဒီအမှုမှာ သရဲလိုလို တစ္ဆေလိုလို ပြောနေတဲ့ ကောလာဟလတွေကို သူရှင်းထုတ်ပစ်မယ်တဲ့။ တနင်္ဂနွေနေ့ပဲ အဲဒီအခန်း သူပြောင်းနေတော့မယ် ဆိုပြီး လာပြောတော့ ကျုပ်လည်း မင်းဒီလောက် စိတ်အားထက်သန်နေလဲ လုပ်ပေါ့ကွာလို့။ မနက်တိုင်းတော့ စခန်းလာပြီး အစီရင်ခံစာလေးတော့ တင်ကွာ။ စာနဲ့ဖြစ်ဖြစ်၊ ပါးစပ်နဲ့ဖြစ်ဖြစ်  သတင်းလည်းပို့ ပေါ့လို့။”

“အင်း..စိတ်ဝင်စားစရာပဲဗျ။”

“ဟုတ်တယ်။ အဲဒါနဲ့ မနက်ဆို တပ်ကြပ်ကြီး ကိုသိုက်ထွန်းက စခန်းကို ရောက်လာပြီး သတင်းပို့။ အစီရင်ခံ။ နှစ်ရက်၊ သုံးရက်တော့ ဘာမှ ထူးခြားတာ မတွေ့ဘူးတဲ့။ ဗုဒ္ဓဟူးနေ့ကျတော့ သဲလွန်စတစ်ခုတော့ တွေ့ပြီ ထင်တာပဲတဲ့။ ဒါနဲ့ အသေးစိတ် ပြောစမ်းပါဦးဆိုတော့ ခုလောလောဆယ် မပြောနိုင်သေးပါဘူးတဲ့။ သူတွေ့တာ လည်း ရှေ့ကဖြစ်သွားတဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ အမှုတွေနဲ့ တစ်ကယ်ရော သက်ဆိုင်ပါ့မလား ဆိုတာ မသေချာသေးလို့ပါတဲ့။”

“ကြာသပတေးနေ့ ညနေ သူ့တွေ့တော့ ပုံစံက ပိုုပြီး မရေရာ မသေချာတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ဒါပေမဲ့ အလေး အနက် တစ်ခုခုတော့ ဖြစ်နေသလား၊ စိုးရိမ်ကြောင့်ကြနေတာလားတော့ မပြောတတ်ဘူး။ ထူးထူးထွေထွေ အစီရင်ခံဖို့တော့ မရှိဘူး ပြောတာပဲ။ သောကြာနေ့ မနက်ကျတော့ တော်တော်လေး စိတ်လှုပ်ရှားပြီး တည်မလို ရီမလိုနဲ့ ဘာပြောသလဲဆိုတော့ အဲဒီအခန်းထဲက ပြတင်းပေါက်ဟာ ဆွဲငင်တတ်တဲ့ တန်ခိုးသတ္တိတစ်မျိုး ရှိသတဲ့။ ဒါပေမဲ့..လူသေမှုတွေနဲ့တော့ ဆိုင်မယ်မထင်ဘူးဆိုတာ ခိုင်ခိုင်မာမာ ယုံတယ်တဲ့။ ဒီထက် ပိုပြော လည်း လူရီစရာကြီး ဖြစ်မှာ ဆိုတော့ ကျုပ်လည်း နည်းနည်းတော့ အံ့အားသင့်သွားမိတာ တစ်ခုပဲ။ ”

“အဲဒီ သောကြာနေ့ ညနေ သတင်းလာမပို့သေးပါလားဆိုပြီး စောင့်နေတုန်း တည်းရိပ်သာက ဖုန်းဆက်တယ်။ ကိုသိုက်ထွန်း တစ်ယောက် သေရှာပြီတဲ့။”

“အလို..။”

“အင်း..ရှေးနည်းတူပဲပေါ့ဗျာ။ ပြတင်းပေါက် အပေါ်ဘောင်နားက ချိတ်မှာ လိုက်ကာကြိုးကို ရစ်ပြီး ကြိုးဆွဲချ သေနေတာပဲ။ ခြေထောက်တွေက ကွေးပြီး ကြမ်းပြင်မှာ တရွတ်ဆွဲလို့။ ပြတင်းပေါက်က ပိတ်လျက်သား။ တံခါး ကတော့ ချက် ချမထားဘူး။ သေချိန်က ညနေ ခြောက်နာရီလောက်။ ပါးစပ်ဟောင်းလောင်းနဲ့ လျှာထွက်။ ”

“ကြောချမ်းစရာကြီးဗျာ။”

“မချမ်းနဲ့ဦး..ပြောစရာ တစ်ခုကျန်သွားလို့။ ကိုသိုက်ထွန်း သေရှာတော့ ကျုပ်လည်း သွားကြည့်တာ။ ရဲသားလေး တစ်ယောက်က အလောင်း လည်ပင်းက ကြိုးကို ဖြုတ်နေတုန်း ပင့်ကူအနက်ကြီး တစ်ကောင် အလောင်း ပါးစပ် ထဲက တိုးထွက်လာသဗျ။ တည်းရိပ်သာက လုပ်သားလေးကလည်း အမလေး ရွံစရာကောင်းလိုက်တာ..လာ ပြန်ပြီ ဆိုပြီး တံမြက်စည်းနဲ့ လှဲထုတ်ရော။ အဲဒါနဲ့ ကျုပ်က ဘာ လာပြန်ပြီလဲ မေးတော့ ကောင်လေးက အရင် အလောင်းတွေတုန်းကလည်း ပါးစပ်ထဲက အဲဒီလို ပင့်ကူကြီးတွေ ထွက်လာဖူးသတဲ့။”

“တယ်ဆန်းပါလား။”

“ဟုတ်တယ်။ ပထမ အစီရင်ခံစာတွေမှာ ပင့်ကူအကြောင်း မပါဘူးဗျ။”

“သုံးယောက်တောင် ရှိပြီဆိုတော့ ကျုပ်လည်း ပြူးပြူးပျာပျာ ဖြစ်လာရော။ တည်းရိပ်သာ ပို်င်ရှင် ဒေါ်အုန်းနွယ် ခမျာလည်း ဘယ်သက်သာလိမ့်မလဲ။ ရှိသမျှလူ အကုန်ပြေးတော့တာပေါ့။ ဘိုင်ကျနေတဲ့ ကျောင်းဆရာလား၊ ကဗျာဆရာလား မသိတဲ့ လူတစ်ယောက်ပဲ ကျန်တော့တာ။ ဒါတောင် သူက ဒေါ်အုန်းနွယ်ကို ဈေးလာဆစ်သေး သတဲ့။ အင်း..အခန်းခ လျှော့ခိုင်းတာ။”

“အင်း..ကြားထဲ ဘာဖြစ်သေးသလဲဆိုတော့ နာမည်ကြီး ရုပ်ရှင်မင်းသမီးတစ်ယောက်က ဒေါ်အုန်းနွယ်ဆီက ဟို ဆွဲကြိုးချတဲ့ လိုက်ကာကြိုးကို လာဝယ်သေးသဗျ။ ငါးရာတောင် ပေးဆိုပဲ။ အဲဒီခေတ်ကဆို မနည်းဘူး။ ဒေါ်အုန်းနွယ် အနေနဲ့ အဆိုးထဲက အကောင်းလို့ ပြောရမလား မဆိုတတ်ဘူး။ ဝယ်တဲ့ မင်းသမီးကလည်း အဲဒီကြိုးက ကံကောင်းစေတဲ့ အဆောင်ဖြစ်မှာတဲ့၊ နောက်ပြီးတော့ သတင်းတွေထဲပါပြီး သူလည်း ပို နာမည်ကြီး မယ်တဲ့ဗျာ။ ဟားဟား။”

“ဟား..ဒီလိုလူတွေက ရှိသေး။ ကြံကြီးစည်ရာ ဗျာ။”

“ဟုတ်ပ။ တကယ်က အမှုတောင် သတင်းထဲ ခပ်မှိန်မှိန်ပဲ ပါတာ။ သိတဲ့အတိုင်း အဲဒီတုန်းက တိုင်းပြည်မှာက အရေးပေါင်းစုံနဲ့ ခပ်လှုပ်လှုပ်ကိုးဗျ။”

“အမယ်..ရှိသေးသဗျ။ အဲဒီအခန်းမှာ ဗော်လံတီယာ လုပ်ပြီး သွားစုံစမ်းပေးမယ် ဆိုတဲ့လူတွေလည်း မနည်းဘူး ဗျ။ တစ်နေ့တစ်နေ့ ရဲစခန်းလာပြီး သူတို့အကြံဉာဏ်တွေပြော၊ ဘယ့်နှယ်လုပ်လိုက်မယ်၊ ဘယ်လိုဖြစ်မှာပဲ ဘာညာ လာလုပ်နေကြတာများ တရုန်းရုန်းနဲ့။ နှင်ထုတ်လည်း နောက်နေ့ရောက်လာကြပြန်တာပဲ။ ကိုယ့်မှာ ဒီအမှုနဲ့ ခေါင်းရှုပ်နေရတဲ့ကြားကိုဗျာ။ ”

“စုံထောက် ဝတ္ထုတွေ အဖတ်များကြတယ် ထင်ပ။”

“အေးဗျ..ဦးစံရှားလုပ်ချင်တဲ့လူတွေကြားထဲ၊ မယ်စံရှားလုပ်ချင်တဲ့ မိန်းကလေး သုံးယောက်ကပါသေးဗျိူ့။ ဘာရယ်မဟုတ်ပါဘူးဗျာ။ တစ်ချို့က နာမည်ကြီးချင်လို့၊ တစ်ချို့က စုံထောက်တာ ဝါသနာပါလို့၊ တစ်ချို့များ ဒီလိုနေရာမှာ ထူးထူးဆန်းဆန်းများ တွေ့ရမလားပေါ့။ ဟီးရိုးလုပ်ချင်တဲ့လူလဲ ပါတယ်။ ယောင်ခြောက်ဆယ် သမားတွေရော၊ အလကား နေရ စားရ မနည်းဘူးဆိုတဲ့ ငနဲများရော စုံလို့ပါဗျာ။ နှစ်ဆယ်၊ အစိတ်လောက် ရှိမယ်။ လူငယ်၊ လူရွယ်၊ အိုကြီးအိုမတွေတောင် ပါသေး။”

“ဟားဟား။”

“တစ်ချို့ကတော့ ဒေါ်အုန်းနွယ် သွားကပ်ကြတယ်။ အဖွားကြီးလည်း နှစ်ခါမက သုံးခါမြောက် ဖြစ်ထားတော့ ဘယ်ဝံ့မလဲဗျ။ ကျုပ်လည်း သူ့ပြောထားရသေးတယ်။ တွေ့ကရာလူ လျှောက်မထားပါနဲ့ဦးပေါ့။ ကျုပ်စီမံပါဦး မယ် ပြောထားရတယ်။ ပြောသာပြောရတာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ အဖွားကြီးလည်း သူ့တည်းရိပ် သာ ဖျက်ရတော့မလား ဆိုပြီး မျက်ရည်ကလေး တလည်လည်နဲ့။ သူ့သဘောအလိုအရ ဒီအခန်းမှာ တစ်ယောက်ယောက် ဘာမှမဖြစ်ပဲ တစ်ပတ်ပြည့်အောင် နေပြနိုင်ရင် သူ့တည်းရိပ်သာကလေးလည်း ပြန်ပြီး လူစည်လာမယ် မျှော်လင့်တာ။ ကျုပ်က ခင်ဗျားထားရင် ခင်ဗျားတာဝန်နော် ဘာညာ ခြောက်ထားလို့ ဘယ်သူ့ မှ မထားတာ။”

“ကျုပ်လည်း အဲဒီတည်းရိပ်သာ အနီးဝန်းကျင် လိုက်ပြီး လေ့လာကြည့်တော့ ဘာမှ ထွေထွေထူးထူး မတွေ့ဘူး။ တည်းရိပ်သာ ရှေ့က လမ်းကလေးကလည်း ပေနှစ်ဆယ်လောက်ကျယ်တာ။ တစ်ဘက်မှာ အစိုးရဝန်ထမ်းတွေ နေဖို့ နှစ်ထပ် တိုက်တန်းလျား တစ်လုံးရှိသဗျ။ အဆောက်အအုံကတော့ အင်္ဂလိပ်ခေတ်ကပဲ ဆောက်သလား မဆိုတတ်ဘူး။”

“စခန်းလာပြီး တစ်နေ့တစ်နေ့ အာရုံလာနောက်တဲ့ လူတွေတော့ တဖြည်းဖြည်း လျော့သွားတယ်။ နောက်ဆုံး တစ်ယောက်ပဲ ဇွဲကောင်းကောင်းနဲ့ ကျန်ခဲ့သဗျ။ မန္တလေးမှာ ဆေးကျောင်းတတ်နေတဲ့ မောင်စိုးညွန့်တဲ့။ လူက ဖျတ်ဖျတ်လတ်လတ်နဲ့ သတ္တိလည်း ကောင်းတဲ့ပုံ။ သဘာဝလွန် ဘာညာတွေလည်း မယုံဘူးတဲ့။ ဒီအမှုမှာ သိပ္ပံ နည်းကျတဲ့ ဖြေရှင်းချက်ရှိကို ရှိရမယ်ဆိုပြီး အာမခံတာ။ ကျုပ်လည်း ငြင်းလွှတ်တယ်။ နောက်နေ့ မှာ နောက် အိုက်ဒီယာတစ်ခုနဲ့ လာပြောတယ်။ အို..တစ်နေ့တစ်မျိုး မရိုးရအောင် အကြံဉာဏ်အမျိုးမျိုး လာပေးနေတာပဲ။ သူ အဲဒီအခန်းမှာ နေပြီး စုံစမ်းမယ်။ သူဖြစ် သူပဲခံမယ်ပေါ့လေ။ ခွင့်ပြုပေးပါတဲ့။ သူဖြစ်လို့ သူခံပြီးရင် ကျုပ်တို့ လည်း မလွတ်။ အထောင်းခံရဦးမှာ။ ဒီကြားထဲ ဒေါ်အုန်းနွယ်ကပါ ကျုပ်ကို တိုက်တွန်းသေးတယ်။ ကောင်လေး ဒီလောက် စိတ်အားထက်သန်နေတာ ခွင့်ပြုပေးလိုက်ပါရှင် တဲ့။”

“ဒါနဲ့ ကျုပ်လည်း နေဦး စီမံပါဦးမယ် ဆိုပြီး အဲဒီအခန်းထဲ တယ်လီဖုန်း တစ်လုံးတပ်ခိုင်းတယ်။ ရဲစခန်း တိုက် ရိုက် ခေါ်လို့ရအောင်။ ရဲစခန်းနဲ့ ဧည့်ရိပ်သာက သိပ်ဝေးလှတယ် မဟုတ်ဘူးဗျ။ စက်ဘီးကလေးနဲ့ သုံးမိနစ် လောက်နင်း ရောက်တယ်။ မောင်စိုးညွန့်ကိုလည်း မှာရတယ်။ တစ်နေ့ သုံးခါလောက်တော့ ဖုန်းဆက်လို့။ သောကြာနေ့ဆိုရင် ၅နာရီနဲ့ ၆နာရီကြားမှာ ငါးကြိမ်လောက်ခေါ်ရမယ်လို့။ ဆိုတော့ သူကလည်း ကောင်းပါပြီ ပေါ့။ အဲဒါ ရဲတပ်ကြပ်ကြီး ကိုသိုက်ထွန်းသေပြီး နောက်နှစ်ပတ်အကြာပေါ့။”

“ဖေဖော်ဝါရီလ ၂၈ တနင်္လာနေ့မှာပဲ မောင်စိုးညွန့် အဲဒီအခန်းကို ပြောင်းနေတယ်။ ဒီလို မှတ်မိတာက အမှုတွဲ ပြန်ဖတ်မိလို့လေ။ အဲဒါနဲ့..ဒီကောင်လေးလည်း…။”

“ဘကြီးဖြိုးရေ..ဘွားဘွားသိန်းဆီက ဖုန်းလာတယ်။ ပြန်လာတော့တဲ့။”

ကျွန်ုပ်သူငယ်ချင်းက လာပြောသောအခါ ဦးလှဖြိုးလည်း စကားတန်းလန်းနှင့် ရပ်သွားလေသည်။

“ဒီအမယ်ကြီး ဥပုသ်ကျောင်းမှာ အတင်းတုပ်ရာက ပြန်လာပြီထင်တယ်။ အသိန်း..အသိန်း..ခက်ပါ့ကွာ။ ဒီမှာ စကားပြော ကောင်းတုန်းကို။”

“ကိုင်းကိုင်း ပြန်ချေပါ ကိုလှဖြိုးရယ်။ တော်ကြာ မသိန်း စိတ်ကောက်လို့ ချော့နေရပါဦးမယ်..ဟဲဟဲ။”

ဦးလှဖြိုးပြန်မည် အပြုတွင် ကျွန်ုပ်လည်း ဇာတ်လမ်းကို သိချင်စိတ် မထိန်းနိုင်သဖြင့် နောက်ကလိုက်၍ မေးရာ-

“အေးအေး..အိမ်လာခဲ့ လူလေးရေ။ အမှုတွဲဟောင်းက တစ်နေ့ကမှ ပြန်တွေ့တာဆိုတော့..အဲဒါသာ လာယူ ဖတ်ကြည့်တော့။ မောင်စိုုးညွန့်ရဲ့ ဒိုင်ယာရီကို လက်နှိပ်စက်နဲ့ အဘ ပြန်ကူးခိုင်းထားတာလေး ဖတ်ကြည့်ပေါ့။”

ကျွန်ုပ်လည်း ဦးလှဖြိုးအိမ်သို့ နောက်တစ်ရက်တွင် သွား၍ စာရွက်စာတမ်းများ ယူခဲ့ကာ မိတ္တူဆွဲထားလိုက်ပြီး နောက် ပြန်ပို့ပေးလိုက်သည်။

အောက်ပါ အဖြစ်အပျက်များမှာ ကိုစိုးညွန့်၏ ဒိုင်ယာရီထဲကအတိုင်း ပြန်လည်ရေးသား ထားခြင်း ဖြစ်ပါသည်။

7 comments

  • Foolish Girl

    October 11, 2016 at 5:47 pm

    အပိုင်း (2) မြန်မြန်လာနော် ဒီမှာတန်းလန်းကြီး 😀

  • Tawwin Pan

    October 11, 2016 at 5:55 pm

    အော်သံပေးတဲ့အရိုးခေါင်းထက် ဒီတပုဒ်က ပိုပြီးဖတ်လို့ကောင်းတယ်လို့ တွေးမိတယ်။

  • apolo11

    October 13, 2016 at 10:01 am

    ဆက် မစောင့် နိုင် တော့ လောက် အောင်
    စွဲ ဆောင်မှု အပြည့် ရှိပါသည်။
    ဘယ်နှစ်ပိုင်းလောက် ရှိပါမလည်း
    စောင့်မျှော် လျက်ပါ ခင်ဗျား ။

Leave a Reply