Phuket Big Buddha (ဘုရားကြီး)

Mon LayOctober 17, 20163min1472

 

big buddha phuket
Image Credit-www.phuket.com

Phuket မှာရှိတဲ့ ဘုရားကြီးကတော့ ဖူးခက်ကျွန်းပေါ်က နာမည်ကြီးလူသိများတဲ့ နေရာတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Chalong နဲ့ Kata ခရိုင်ငယ်နှစ်ခုကြားက Nakkerd တောင်ကုန်းထိပ်မှာ တည်ထားတဲ့ ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးဖြစ်ပြီး အမြင့်ပေ ၄၅ မီတာမြင့်တဲ့အတွက် အဝေးကနေဖူးမြင်နိုင်ပါတယ်။

မြင့်မားတဲ့တောင်ကုန်းပေါ်မှာရှိတဲ့အတွက် စိမ်းစိုနေတဲ့ ဖူးခက်မြို့အလှ၊ Kata ကမ်းခြေ၊ Karon ကမ်းခြေ နဲ့ Chalong ကမ်းရိုးတန်းဒေသ စသဖြင့် ကျွန်းတစ်ကျွန်းလုံးကို ဘုရားပေါ်ကနေမြင်ရပါတယ်။ ဖူးခက်ကနေ ပင်မလမ်းမကြီးအတိုင်း (၆) ကီလိုမီတာ လောက်ဆက်သွားရုံနဲ့ အလွယ်တကူရောက်နိုင်တဲ့အတွက် ဖူးခက်ကိုရောက်ရင် မသွားမဖြစ် သွားသင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

phuket-big-buddha
Image Credit-www.phuket.com

Big Buddha

ဘုရားပေါ်ကိုရောက်ပြီဆိုရင်တော့ အရမ်းကိုအေးချမ်းပြီး ဆည်းလည်းသံတွေ၊ ဘုရားပရဝုဏ်အတွင်းမှာ စိုက်ထူထားတဲ့ သာသနာ့အလံတွေရဲ့ လေတိုက်တိုင်း တဖျတ်ဖျတ်မြည်နေတဲ့အသံ နဲ့ ညှင်သာစွာဖွင့်ထားတဲ့ တရားသံ၊ ဗုဒ္ဓသီချင်းသံတွေကို ကြားရသူတိုင်းကို စိတ်ချမ်းမြေ့စေပါတယ်။ ထိုင်းလူမျိုးတွေအခေါ်အရ ဘုရားကြီးရဲ့ ဘွဲ့တော်က “ ဖြ ပုတ္တမိန္ဂမောန္ဂကောလ် အကေနက္ကိရိ ဗုဒ္ဓ”  လို့သိရှိရပါတယ်။ ဘုရားကြီးရဲ့ အခြေက အလျား (၂၅) မီတာရှိပါတယ်။ ရုပ်ပွားတော်တစ်ခုလုံးကို စကျင်ကျောက်တွေကြားမှာ ကွန်ကရစ်အလွှာနဲ့အားဖြည့်ပြီး ထုဆစ်ထားတဲ့အတွက် နေရောင်ထဲမှာ တောက်ပနေပြီး ကြည်ညိုဖွယ်ကောင်းလွန်းပါတယ်။ သပ္ပာယ်စရာ ကောင်းလွန်းတဲ့ ရုပ်ပွားတော်နဲ့ ဘုရားကုန်းမြင့်ပေါ်ကမြင်ရတဲ့ ရှုခင်းတွေကြောင့် သွားရောက်ဖူးမြော်သူတိုင်း စိတ်ကြည်လင်ချမ်းမြေ့မှာအသေအချာပါပဲ။

ဘုရားကြီးရဲ့အနီးမှာ ရွှေရောင်တောက်ပနေတဲ့ ကြေးသွန်းဘုရားလေးတစ်ဆူလည်း ရှိပါသေးတယ်။

phuket-big-buddha
Image Credit-www.phuket.com

သက်ဝင်ယုံကြည်မှု

“ မြတ်ဆုတောင်း

ဒီမှာငါတို့ထပ်ဆုံကြပြန်ပြီနော်…။၂၀၀၅ ခုနှစ်တုန်းက ဒီမှာ ငါတို့တူတူရှိခဲ့ကြတယ်။ နောင်တစ်ချိန်မှာ ပြန်ဆုံကြမယ်လို့ ငါမျှော်လင့်ပါတယ်။ အဲ့ဒီ့အချိန်မရောက်ခင်အထိ ကောင်းမွန်စွာအိပ်စက်အနားယူပါ…။

ချစ်လှစွာသောဇနီး(၁၉၃၁-၂၀၀၈) အတွက် မြတ်သောဆုတောင်း

မှ / ချစ်ခင်ပွန်း Craig နှင့် မိသားစု’’

 

ဒီဆုတောင်းစာလေးကတော့ ရုပ်ပွားတော်ရဲ့ကိုယ်ထည်ပေါ်က အုတ်ချပ်တွေ စကျင်ကျောက်ပြားတွေပေါ်မှာ ကမ္ဗည်းထိုးထားတဲ့ စာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ရာသီဥတုသာယာတဲ့နေ့တွေမှာ ဘုရားကြီးကိုလာရောက်ဖူးမြော်သူ (၁၀၀၀) ကျော် ရှိပြီး ဖူးမြော်သူအများစုက ဘုရားကြီးပြုပြင်မွမ်းမံဖို့အတွက်အလှူငွေတွေလှူပြီး ကျောက်ပြားပေါ်မှာကံကောင်းဖို့အတွက်ဆုတောင်း ဒါမှမဟုတ် သေဆုံးသွားတဲ့ ချစ်ခင်သူတွေအတွက် အမှတ်တရဆုတောင်းတွေ ရေးထိုးသွားကြတယ်။

ဘုရားကြီးတည်ထားဖို့အတွက် ကုန်ကျစရိတ်တွေကလည်း အလှူရှင်တွေဆီကပဲ ရခဲ့တာပါ။ “ ဒီစီမံကိန်းကအရမ်းကြီးမားပြီး ငွေအများကြီးလည်းလိုအပ်ပါတယ်။ ဒါပေမယ့်ကျွန်တော်တို့သေချာစီမံနိုင်ခဲ့ပါတယ်။ ဒီလောက်အလှူရှင်တွေအများကြီး ရှိလာမယ်လို့တောင် မထင်မိပါဘူး။ တကယ်အံ့ဩစရာပါပဲ။ အလှူရှင်တွေကလည်း ဘုရားတည်ဖို့ဆန္ဒရှိနေကြတယ်နဲ့ တူပါတယ်” လို့ ဘုရားကြီးတည်ဖို့စီမံကိန်းစတင်တဲ့ Mingmongkol Faith 45 Foundation ဥက္ကဌ Suporn Wanichkul က ပြောကြားခဲ့ပါတယ်။

phuket-big-buddha
Image Credit-www.phuket.com

အလှူခံပုံးများ

ဘုရားကြီးရဲ့အောက်ခြေအနီးမှာ ခန်းမတစ်ခုရှိပြီး အဲ့ဒီ့ခန်းမထဲမှာ စီမံကိန်းရဲ့သမိုင်းတွေ ဗုဒ္ဓအဆုံးအမတွေကို ပြထားတဲ့အပြင် အလှူခံပုံးတွေလည်း ထားရှိပေးထားပါတယ်။ လာရောက်ဖူးမြော်သူတချို့အတွက် အလှူခံပုံးတွေနဲ့ ဆက်တိုက်အလှူခံနေမှုတွေက စိတ်အနှောက်အယှက်ဖြစ်စေပြီး အကျည်းတန်တဲ့လုပ်ရပ်လို့မြင်စေနိုင်ပါတယ်။

ဒါပေမယ့် ဖူးမြော်သူတွေသဘောကျကျ၊ မကျကျ ဘုရားကြီးအတွက် စီမံကိန်းတစ်ခုလုံး ကတော့ အလှူရှင်တွေဆီကရတဲ့ အလှူငွေတွေနဲ့ပဲ ရပ်တည်နေရတာပါ။ Phuket ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တာကြောင့် ဘုရားကြီးကိုညွှန်ထားတဲ့ လမ်းဆိုင်းဘုတ်တွေ ကိုလည်း ကျွန်းပေါ်က နေရာအနှံ့မှာတွေ့နိုင်ပါတယ်။ သွားရောက်ဖူးမြော်သူတွေများပြား လွန်းတဲ့အတွက် လူရှင်းတဲ့အချိန်ဆိုတာ ရှားပါတယ်။

phuket-big-buddha
Image Credit-www.phuket.com

သိထားရမည့်အချက်များ

ဝတ်စားဆင်ယင်မှု

ဝတ်စားဆင်ယင်မှုကတော့မြန်မာနိုင်ငံမှာလိုပါပဲ။ ဘောင်းဘီတို၊စကတ်တို၊ မသင့်တော်တဲ့စာတွေ ပုံတွေပါတဲ့ T shirt တွေနဲ့ မလုံမခြုံဝတ်ဆင်ထားသူတွေကို ဘုရားပေါ်တက်ခွင့်မပြုပါဘူး။ တကယ်လို့ မိတ်ဆွေတို့ ဝတ်ဆင်ထားတာက ဘာသာရေးနဲ့သက်ဆိုင်တဲ့နေရာမျိုးနဲ့ အနည်းငယ် မသင့်တော်သလိုဖြစ်နေရင် ပဝါ ငှားလို့ရပါတယ်။ အဲ့ဒီ့အတွက် ပိုက်ဆံပေးစရာမလိုပါဘူး။

အခြားမှတ်သားစရာများ

(၁) Nakkerd Sea View Restaurant က ဘုရားကြီး အနီးမှာပဲရှိတဲ့အတွက် ဘုရားကအပြန် သွားဖို့သင့်တော်တဲ့နေရာတစ်ခုပါ။ အစားအသောက်တွေက အရသာကောင်းတဲ့အပြင် ဈေးလည်းအသင့်အတင့်ပါပဲ။ ဒါ့အပြင် ရှုခင်းတွေကလည်း သာယာလှပပါတယ်။

(၂) Nakkerd တောင်ကုန်းပေါ်ကိုသွားတဲ့လမ်းရဲ့ နေရာတော်တော်များများက အသစ်ပြန်ပြင်ထားတဲ့အတွက် လမ်းကတော့ကောင်းပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ အကွေ့အကောက်တွေနဲ့ မက်စောက်တဲ့ တောင်တွေရှိပါတယ်။ ဘုရားပေါ်ကိုခြေလျင်တက်ရင် ၁နာရီကျော်ကျော် ကြာပေမယ့် ငယ်ရွယ်တဲ့ ခရီးသွားအချို့ကတော့ အဲ့လိုတက်ရတာကို ပိုသဘောကျကြပါတယ်။

big-buddha-statuesbells-at-big-buddha

big-buddha-phuket
Image Credit-www.phuket.com

Refrence : www.phuket.com

NS : ဖူးခပ်ရောက်ခဲ့ပေမဲ ့..ဘုရားကြီးကိုတော့ဝင်မဖူးဖြစ်ခဲ့ပါ…ဘုတ်စီးတော့မှဦးလေးကြီးကအဝေးမှာလှမ်းမြင်နေရတဲ့ဘုရားကြီးကိုဖူးပြီးပြီလားလို့ မေးတော့မှသိခဲ့ရပါတယ်။

2 comments

  • Thint Aye Yeik

    October 17, 2016 at 5:51 pm

    ဒီပိုစ့် ဖတ်ပြီးမှတော့. . .
    သွားဖြစ်ရင်တော့ သွားဖြစ်ဖို့ သတိရတော့မယ်
    😆

  • သျှားသက်မာန်

    October 18, 2016 at 11:34 am

    ဟုတ်ကဲ့ပါ….အဝေးကနေကြီးရင်တောင်အရမ်းသပ္ပါယ်ဖို့ ကောင်းတာပါ

Leave a Reply