မှားတတ်ကြပေမဲ့လို့

နွေဦးOctober 18, 20161min2057

လူတိုင်း မှားတတ်ကြပါတယ်နော်..
ကျွန်တော်လဲ မှားတတ်တာဘဲ..
ခင်ဗျားတို့လဲ မှားတတ်ကြတာဘဲ..
ကိုယ့်ကြောင့်လဲ မှားတတ်တာဘဲ
စက်ကြောင့်လဲ မှားတတ်တာဘဲ..
မှားတဲ့အခါ……
“ဟလိုဟလို…”
” ဒေါ်လုံးကြီးတင်ရှိလား..”
” ဖုန်းမှားနေပါတယ်…”
” ဂျလောက် ဂွပ် ..”
မှားတယ်လို့ပြောတာကို ခင်ဗျားက ဘာမှပြန်မပြောဘဲ ဂွပ်ဆို ချပစ်တတ်တဲ့သူလား…
“ဟလိုဟလို…”
“ရန်ကနားရေရန်ကနားရေ ဂန်ဂျီမကို ဖုန်းပေးလိုက်စမ်း..”
“အကို ဖုန်းမှားနေတယ်..”
“အေး မရှိရင် ဗေတားကို ပေးပြောလိုက်..”
“ဟေ့လူ ဖုန်းမှားဆက်နေတယ်လေဗျာ..”
“အော်..ဟုတ်လား…”
“ဂွပ် ဂျလောက်.”
ဖုန်းမှားတာကို နှစ်ခါလောက်ပြောမှ ဟုတ်လား ဆိုပြီး ဖုန်းချပစ်တတ်တဲ့ သူမျိုးထဲ ခင်ဗျား ပါသလား..
“ဟလို…”
“ဟလို..ဟလို..ဒေါ်လေးတို့အိမ်ကလား. ”
“ဘယ်သူ့ဆီဆက်တာလဲခင်ဗျား..”
မေးရတော့တာပေါ့.. အိမ်မှာက ဒေါ်လေး ၂ယောက်တောင်ရှိတာကိုး..
” အဲတော့.. ဖုန်းမှာနှိပ်မိပြန်ပြီနဲ့တူပါရဲ့..ဂွပ် ဂလောက်..”
ခင်ဗျားက သူဘာသာသူပြော သူဘာသာသူ ဂလောက် သွားတဲ့သူမျိုးလား …
” ဟလို..”
” ဟေ့ မောင်မျိုး..ငါ ဘဦးပါကွ..မင်း ဘယ်ရောက်နေလဲ..”
” ဖုန်းမှားနေတယ်ဗျ.. မောင်မျိုးမဟုတ်ပါဘူး..”
“မှားစရာလား.. ငါဖုန်းနံပါတ်နှိပ်တာ မမှားဘူးကွ..”
” ကျွန်တော့ဆီ မှားပြီး ရောက်နေတယ်ဗျ..”
” အေး ဒါဆိုလဲ ပြီး ရော…ဂွပ် ဂျလောက်..”
မှားပါတယ်ဆိုတာ ပြန်ငြင်းပြီး အထက်စီးနဲ့ ဂွပ် ဆို ဖုန်းချပစ်တတ်တဲ့သူလား..
“ဟလိုဟလို…”
” ဒေါ်လေးတင် ရှိလားဟင်..”
“အကို ဖုန်းမှားနေတယ်..”
” ဟုတ်လား.. ဆောရီးနော်.”
“ဂွပ် ဂျလောက်.”
အဲလို ကိုယ့်အမှားကို မှားမှန်းသိပြီး တောင်းပန်တတ်တဲ့ သူမျိုးက ရှားပါတယ်ဗျ..
အဲလို လူ စာရင်းထဲ မှာ ခင်ဗျား ပါနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်…
“ဂွပ် ဂျလောက်.”

နွေဦး ခံစားခဲ့ရလို့ပါ..

7 comments

  • Thint Aye Yeik

    October 18, 2016 at 2:17 pm

    တစ်ခါ ဖုန်း မှား ဝင်လာတာ ရခိုင်တစ်ယောက်
    ကျနော်က ဦးလေး ဖုန်းမှားနေပါတယ် ပြောတာကို ဘာမှမပြောပဲ ချသွားတယ်။ ဂွပ် ဂျလောက်ပေါ့။
    တစ်မိနစ်လောက်နေတော့ ထပ် လာတယ်။ သူပဲ။
    ဦးလေးရေ မှားနေပြန်ပြီ လို့ ကျနော် ပြောတယ်။
    ဂွပ် ဂျလောက်ပဲ။

    တအောင့်နေတော့ ထပ် မှားပြန်တယ်။
    မှားကြောင်း ပြောရပြန်တယ်။
    ဒီတစ်ခါတော့ သူက စိတ်ဆိုမာန်ဆိုးလေသံကြီးနဲ့
    လခွီးးးးမှားစရာလားကွ ဘာညာ ဆိုပြီး ရခိုင်လိုရော ဗမာလိုရော ဆဲဆိုလိုက်တာမှ။
    ကျနော်လည်း စိတ်တိုပြီလေ။
    ပြန်ဆဲပစ်လိုက်မယ်ဆိုပြီး ပါးစပ် ဟရုံ ရှိသေး။
    သူ့ဘက်က ဂွပ် ဂျလောက်တဲ့။

    အဲ့လိုလည်း ကြုံရသေးတယ်

    😥

  • Tawwin Pan

    October 18, 2016 at 2:25 pm

    ကြုံဖူးပ။ သူ့ဘာသာဖုန်းလှမ်းဆက်ပြီး ဖုန်း Miss Call တွေ့လို့ ခေါ်လိုက်တာတဲ့။ ဘယ်သူတုန်းဆိုပြီးလှမ်းမေးကော။ ကိုယ်ကလည်း ဖုန်းအဝင်အထွက်သိပ်မရှိတဲ့သူဆိုတော့ မခေါ်မိပါဘူးလို့ပြောတာကို မရ။ နင်ကဘယ်ကလဲ ဆိုပြီး မေး၊ နင်မခေါ်ဘဲနဲ့ ငါ့ဖုန်းထဲ ဘာလို့ Miss Call ဖြစ်နေလဲဆိုပြီး လာရစ်ကော။ ကိုယ့်ဖုန်းပြန်ကြည့်တော့လည်း မှားခေါ်ထားတာမရှိ။ အဲဒါနဲ့ အစ်မဘက်က ဖုန်းမှားဆက်မဟုတ်လားလို့ပြောပြီး ဖုန်းချပစ်လိုက်ရတဲ့အထိ….

  • etone

    October 18, 2016 at 2:51 pm

    ကိုယ်ကတော့မှားဆက်ခဲတယ် သူများ မှားဆက်တာက များတယ် အရင် ဖုန်းအဟောင်းတုန်းက ဘယ်ကလူနဲ့ လာလာမှားနေလဲမသိဘူး ။ ကိုုင်လိုက်တိုင်း ကိုသန်းဝင်းနဲ့ ပြောမယ်ဆိုတာ ချည်းပဲ … ။
    တခါတော့ စိတ်ထဲ အချစ်ပေါက်တာနဲ့ အော် ပစ်ဖူးတယ် ဟီး ။

    မှားဆက်တဲ့ဘက်က ပြန်မေးသေးတာ ဒီဖုန်းက ဘယ်ရောက်နေတာလဲတို့ဘာတို့ …. အားရီး စိတ်တိုတယ်ခိ

  • kai

    October 18, 2016 at 3:07 pm

    နိုင်ငံကြီးသားစိတ်..။
    လွယ်ပါတယ်..။ ဘယ်သူမှမလုပ်ချင်နေ.. ကိုယ်ကိုယ်တိုင်က စလုပ်လို့ရတာပဲ..။
    နောက်ဆို.. မှားရင်.. တောင်းပန်..။ သူများကတောင်းပန်ရင်.. ကျေအေး..။ :k:

  • Foolish Girl

    October 19, 2016 at 5:16 pm

    ကြုံဖူးတယ် ခဏခဏ
    နံပါတ်စိမ်းနဲ့ ဖုန်းလာတော့ကိုင်လိုက်တာ ဩဇာသီးတောင်းအခုထိလာမပို့သေးဘူးလားတဲ့ အဟောက်ခံလိုက်ရတယ်
    ဖုန်းမှားနေတယ်လို့ပြောပြီးချလိုက်တာတောင် နောက်ထပ်ထပ်ဆက်သေးတယ်

    နောက်တစ်ခေါက်ကျတော့ Tawwin Pan ပြောသလိုပဲ ကိုယ်လည်းမဆက်ရပါပဲ Miss Call ဝင်လို့ပြန်ခေါ်တာတဲ့

    ရှိသေးတယ် Taxi သမားကိုဖုန်းခေါ်တာမရလို့ခေါ်လိုက်တာတဲ့ ခေါ်ပေးပါတဲ့
    ဘယ်က taxi သမားလဲမသိဘူး ဖုန်းမှားနေပါတယ် ပြောတယ် ဒါပေမယ့် ခေါ်ပေးပါပဲအတင်းပြောနေတော့ ဖုန်းချပစ်လိုက်တယ်
    ဒီတော့ပြန်ခေါ်တယ် ဘာလို့ချလိုက်တာလဲတဲ့သူကပြန်ဟောက်လိုက်သေးတယ်
    ဖုန်းမှားနေတယ်လို့ပြောနေတယ်လို့ပြောတော့လည်း taxi သမားကသူ့ဖုန်းဆက်မရရင်ဒီဖုန်းကိုဆက်ဖို့ပေးထားလို့တဲ့
    ဒါဆိုလဲမှားနေတယ်လို့ အသိထဲမှာလဲ ဘာ taxi သမားမှမရှိဘူးဆိုပြီးပြန်ပြောနေရတယ်
    နောက်ဆုံးဖုန်းချလိုက်တာတောင်ပြန်ပြန်ခေါ်တာ။ ဘယ်လောက်ခေါ်ခေါ်မကိုင်တော့မှ ထပ်မဆက်တော့တာ

  • သျှားသက်မာန်

    October 20, 2016 at 3:31 pm

    ဟုတ်တယ်ဖြစ်တတ်ပါတယ်

  • ဖိုးသာထူး

    November 1, 2016 at 10:14 pm

    မှားလဲဆက်သေး
    ရန်တွေ့လဲခံရသေးဗျာ ။
    ရေးပါဦးမယ် တစ်ပုဒ်လောက်။
    အကြောင်းရှာတွေ့သွားဘီ

Leave a Reply