ဝါးခယ်မအလွမ်းပြေ – စားကြမယ်သွားကြမယ် တပတ်စာကွယ်

padonmarOctober 24, 20162min3778

တနင်္လာနေ့

“သမီးရေ၊အေးမ၊ထတော့လေ၊ညည်းတူတွေ တူမတွေ ရွှေဇင်မင်း မနက်ကားနဲ့ ပါလာမယ်တဲ့။ ကလေးတွေစားဖို့ ဈေးစောစောသွားလေ။ သူတို့ကို ဝါးခယ်မရောက်တုံး ဝါးခယ်မစာတွေ ကျွေးရမယ်။”
“အမေကတော့လေ၊သူ့မြေးတွေဖို့ဆိုတော့ ဝီရိယကောင်းပြီ။အခုမှ ၆နာရီပဲ ရှိသေးတာ။”
“ညည်းတို့ ကျောင်းနေတုံးကလည်း ရန်ကုန်ကျောင်းပိတ်လို့ ပြန်လာတယ်ဆိုရင် မင်းဆန်းသင်္ဘော မဝင်ခင် ကျုပ်ဈေးပြေးပြီး ဝယ်ခဲ့တာပါပဲတော်။”
“ဟုတ်ပါတယ် ချစ်မာမီရယ်။ အဲဒီတုံးက ဝိုင်ယာလက်တိုင်မြင်ရင်ကို အိမ်ရောက်ချင်စိတ်က ပိုကဲလာရော။အမေချက်တဲ့ ပုဇွန်ဟင်းမျိုးစုံ စားရတော့မယ်ဆိုပြီးလေ။”
“အေးအခုလည်း ငါ့မြေးတွေ ပုဇွန်ပေါတဲ့ ဝါးခယ်မလက်ရာတွေ စားရအောင် စောစောသွားဝယ်ပါသမီးရယ်။”
“ကောင်းပါပြီ မာမီမာမားချစ်မေမေရေ။”
“အမေရေ၊ ကလေးတွေ ကံကောင်းတယ်။ ပုဇွန်ထုပ်တွေ ရလာတယ်။ အကောင်ကြီး ၂ကောင် မီးဖုတ်ပေးမယ်။ အမေ့မြေးအငယ်မက ပုဇွန်လက်မ ကိုက်စားရတာ သိပ်ကြိုက်တာ။”
“သမီးရေ၊လက်မလောက်ကောင်တွေတော့ ခေါင်းဖြတ်ပြီး ပြုတ်လိုက်နော်။ ပုဇွန်ပြုတ်ရင် ရေမထည့်နဲ့၊ဆားများများနယ်ပြီး ဒယ်အိုးပူထဲပစ်ထည့်၊အဖုံးသာအုပ်ထားလိုက်၊သူ့ရေနဲ့သူခန်းသွားရင် ကျက်ရော။မာပြီး စားလို့လည်းကောင်း၊အထားလည်းခံ၊ရေခဲသေတ္တာ မလိုပေါင်အေ။”
“ကျမတို့ ငယ်ငယ်က ပုလဲနဲ့ငါးက အိတ်စပို့ ပုဇွန်ခေါင်းတွေ ပိဿာ ချိန်နဲ့ ထုတ်ရောင်းတာ မှတ်မိသေးတယ်အမေရယ်။ပုဇွန်ဆီထုတ်၊ နံ့သာပုငှက်ပျောသီးနဲ့ ထမင်းနဲ့ နယ်စားရတာ။ ပါးသားကို ငံပြာရည်ဆီသတ်ချက်၊ပုဇွန်ခေါင်းတွေကိုတော့ ငံပြာရည်နဲ့ပြုတ်ပြီး ချည်ရည်ဟင်းမှာ ဟင်းခတ်လုပ်ရင် ချိုနေရောပဲ။ဆရာသော်တာဆွေကတော့ ပုဇွန်ခွံတွေ ထောင်းပြီး ချက်ရင် ပုဇွန်ဆီ ခရမ်းရောင်ရတယ်လို့ ရေးဖူးတာပဲ။ ကိုယ့်မြို့မှာ ပေါလွန်းတော့ ပုဇွန်ခွံဆို စားစရာလို့ကို မထင်မိဘူး။”
“ဒီနေ့တော့ ပုဇွန်ပြုတ်ရယ်၊ ဗုံလုံသီးကို ပုဇွန်နုတ်နုတ်စင်းပြီး အစာသွတ်အေ၊ဟို ပုဇွန်အကောင်လတ်လတ်တွေကို ကြောခွဲ ငရုပ်သီးဆီသတ်၊ငံပြာရည်လေးဖျန်း ၊မာတော့မှ ခရမ်းချဉ်သီးလေးထည့် ပုဇွန်ထုပ်ဆီပြန် ကောင်းမှကောင်း၊ မုန်လာရွက်ကို ချည်ရည်ချက်၊ဒါဆို ကလေးတွေ စားမြိန်မှာပါအေ။”
“နေ့လည်တော့ ကလေးတွေကို ဘုရားကြီးလမ်းက ရွှေညာမုန့်ဟင်းခါး လိုက်ကျွေးလိုက်မယ်အမေရေ၊ ပုဇွန်ဦးနှောက်ကြော်လေး ပေါ်တုံးစားရအောင်။ငါးဖယ်ကြော်နဲ့ မန္တလေး ပဲကြော်လည်း သူတို့ကြိုက်တာပဲ။”

အင်္ဂါနေ့

“ဖိုးသားနဲ့ မီးမီး၊ထတော့ ။အန်တီလေးနဲ့ ဈေးလိုက်ပြီး ကလေးတို့ ကြိုက်တာ ဝယ်စား။ ဖိုးသားကြိုက်တဲ့ အုန်းကောက်ညှင်းက အစောကြီး ကုန်တတ်တယ်။ ဖိုးသား အုန်းကောက်ညှင်းချိုးကြိုက်ရင် များများထည့်ပေးပါပြောနော်။ အုန်းသီးနုနုနဲ့ ပုဇွန်လှော်၊နှမ်းထောင်းဖြူးစားရင် မင်းအမေနဲ့ အဖေကိုမေ့သွားမယ်။အန်တီလေးတို့ ငယ်ငယ်ကဆို အုန်းကောက်ညှင်းရောင်းတဲ့ ခါးကုန်းကုန်းနဲ့ ဒေါ်ကျင်သိန်းဆိုင်မှာ တန်းစီ စောင့်ရတာ။”

“အမေရေ၊ဒီနေ့တော့ ပုဇွန်ဆိတ်တွေပဲရတယ်။”

“ပုဇွန်ဆိတ်လည်း ကောင်းတာပါပဲအေ။ချဉ်ပေါင်ရွက်ကို မျှစ်ရယ်ရုံးပတီသီးရယ်၊ ပုဇွန်ဆိတ်လေးတွေများများနဲ့ ရောချက်ရင် ကလေးတွေကြိုက်ပါတယ်။ပုဇွန်အမြီးဆိတ်ခေါင်းဆိတ်ပြီး ငရုပ်သီးစပ်စပ်လေးနဲ့ ကြော်အေ။ဖောက်ဖောက်နဲ့ စားလို့တောင် ကောင်းသေး။ အာလူးလေး ရှစ်စိတ်ကွဲ လှီးပြီး ပုဇွန်နဲ့ ရောကြော်။”
“ဟုတ်ကဲ့။ အကြော်မှုန့်နဲ့ ရောပြီး ပုဇွန်ငါးပေါင်းကြော်လည်း ကြော်ကျွေးမယ်နော် အမေ။”

“နေ့လည် တော့ သဲကုန်းရွာက မန်းစစ်လျောင်တို့ လာပို့တဲ့ ကောက်ညှင်းကြိုးပြတ်တွေ ရှိတယ်၊အဲဒါ အုန်းသီးနဲ့ သကြားဖြူးပြီး ကျွေးလိုက်ပါအေ။”

“နက်ဖန်ကျ နောက်တမျိုးပေါ့၊မပြန်မချင်း မထပ်အောင် ကျွေးလိုက်မယ်နော်။”

ဗုဒ္ဓ္ဒဟူးနေ့

“ဒီနေ့တော့ စောစောထ လမ်းလျှောက်ပြီး စာတိုက်လမ်း မုန့်ဟင်းခါးသွားစားမယ်။ပြီးရင် ဆေးရုံနားမှာ ထွက်တဲ့ မီးမီးကြိုက်တဲ့ အာဒက်ကို ကြက်ဥနဲ့ တခု ၊ရိုးရိုးသကြားနဲ့ တခုစီ ဝယ်ကျွေးမယ်နော်။”

“ဈေးက ပိန်းကြက်ဥတွေ ရလို့ ဝယ်လာတယ်အမေ၊ ပုဇွန်ကတော့ လက်သန်းလောက်တွေပဲ ရတယ်။အခွံခွာပြီး ငရုတ်ဆုံနဲ့ထောင်း၊ပုဇွန်ငါးဆုပ်ချဉ်ရည်ချက်မယ်အမေ၊”

“အေး။တခြို့ မြို့တွေက ပုဇွန်ငါးဆုပ်ကို ပဲမှုန့်တွေ ထည့်ကြော်ကြတယ်။အဲဒါ စားမကောင်းဘူး။ပုဇွန်ချည်းပဲ နာနာထောင်းပြီး စေးနေမှ လုံးရင် မာမာလေးနဲ့ ဒီတိုင်းလည်း စားကောင်းတယ်။ ချည်ရည်ချက်လိုက်ရင် အချည်ရည်က ပုဇွန်လုံးထဲ ဝင်ပြီး အရည်တောင် စားလို့ ချိုနေတာ။အဖြူထည်ကြော်ကို မုန့်ဟင်းခါးထဲလည်း ထည့်စားလို့ရတယ်လေ။”

“ဟုတ်ကဲ့အမေ။ ပုဇွန်ငါးဆုပ်ချဉ်ရည်ရယ်။ ပိန်းကြက်ဥကို ပုဇွန်နဲ့ အရည်သောက်ဟင်းချို ချက်မယ်။ ကြက်ဟင်းခါးသီးကို ကြော်မယ်နော်။”

“ကြက်ဟင်းခါးသီးကို ပါးပါးလှီး၊ဆားနယ်ပြီး ဆန်ဆေးရည်နဲ့ဆေးလိုက်နော်သမီးရေ။ကလေးတွေ ခါးလို့ မစားနိုင်ဘဲနေမယ်။”
“ပုဇွန်နိုင်နိုင်နဲ့ဆို အခါးပေါ့သွားလို့ စားနိုင်မှာပါအမေရယ်။ အခါးလည်း စားတတ်အောင်ကျင့်ပေးမှ။ ဒါမှ ပညာရှိမယ်လေ။”

“ကလေးတွေကို နေ့လည်စာတွက် သက်ကယ်ရွာက ဒေါ်တင်ရွှေရောင်းတဲ့ သာကူရွှေကြည်ဝယ်ထားတယ်။ အုန်းသီးကြော်လေးတွေနဲ့ မွှေးနေတာပဲ။”

“ကဲ…နောက်နေ့ကျ ဘာစားချင်သေးလဲ ဖိုးသားနဲ့ မီးမီးရေ။”

ကြာသပတေးနေ့

“ဒီမနက် အရှေ့ပိုင်း တံတားနားက ကိုကျော်ဝေရဲ့ ချင်းမမုန့်ဟင်းခါး သွားစားမယ်။ဒေါ်အေးချစ်ရဲ့ သဘာဝထန်းသီးမုန့် ဝယ်စားမယ်။ တံတားဖြတ်လျှောက်ပြီး ဟိုဖက်ကမ်း တရုတ်တန်းမှာ ကလေးတွေ အပြန်တွက် မခင်ဝေဆီမှာ ပဲငှက်ပျောကောက်ညှင်းထုပ်နဲ့ တိုးတိုးဆီမှာ ပုဇွန်ချဉ်သွားမှာမယ်။”
………………..
“အမေရေ၊တိုးတိုးက ပုဇွန်ချဉ် အော်ဒါမှာလို့ စားဖို့ လက်ဆောင်ပေးလိုက်တယ်။ဒီနေ့တော့ ပုဇွန်ချဉ်သုပ်မယ်နော်။ ကြက်သွန်စိမ်း ပါးပါးလှီး၊ ငရုပ်သီးစိမ်းလေး ပါလေဟန်ထည့်၊ဆီဆမ်းပေါ့။နော်အမေ။”

“ဟဲ့ ပုဇွန်ချဉ်က ဆိုးဆေးမပါ ၊သန့်တယ် ဆိုပေမယ့် ရန်ကုန်သားတွေ ဗိုက်က ခံနိုင်ချင်မှ ခံနိုင်မှာ ။ပန်းကိုကိုတွေ ပန်းမမတွေ ဖြစ်နေမှ ဒို့သားအမိကို သူ့အမေလှမ်းဆူနေပါ့မယ်။ ပုဇွန်ချဉ်ကို မသုပ်နဲ့အေ။ ပုဇွန်နဲ့ ပုဇွန်ချဉ်ရော၊ငရုပ်သီးလေးနဲ့ ကြော်လိုက်၊ဒါဆို စိတ်ချရပြီ။”
“ဒါဆိုကုလားပဲလေးပြုတ်ပြီး ပဲကြာဇံနဲ့ ပုဇွန်ရော၊ဟင်းချိုချက်မယ်။ဖလံတောင်ဝှေးနုနုလေးတွေ ကို ပုဇွန်နဲ့ ရောကြော်မယ်။ကလေးတွေ ဉာဏ်ကောင်းအောင်ပြောပြီး ဉာဏ်ပွင့်ချဉ်လေး တို့စရာပါမယ်။ ဒါဆိုရပြီပေါ့နော်အမေရယ်။”

“နေ့ခင်းကျရင် ကလေးတွေကို မုန့်ဟင်းခါးသည် လက်ရာစုံအောင် ဆေးရုံလမ်းက ကြည်ကြည်ဝေ မုန့်ဟင်းခါးနဲ့ ဒေါ်ခင်မြင့်ဘူးသီးကြော်ဝယ်ကျွေးလိုက်ပါအေ။”
“အမေကလဲ။ တောင်အူက မအေးငြိမ်းတို့ လက်ဆောင်ပေးထားတဲ့ မုန့်ဆန်းစစ်စစ်ကို ရေနွေးလေးဖျောပြီး အုန်းသီးနုနု သကြားနဲ့ ထပ်ပြီး ကျွေးရဦးမယ်။
ပြန်ရခါနီးတော့ ကျွေးစရာတွေ စုပုံနေပြီ။”

“ကလေးတွေကို ကျွေးချင်တာက အများကြီး၊ရောက်ခါစ ရေပြောင်းရေလဲနဲ့ ဝမ်းသွားမှာ စိုးလို့ နည်းနည်းချင်း ကျွေးရတာ။ အခု တိုးကျွေးရတော့ တနေ့ထဲ အစားစုံဖြစ်နေပြီ၊ ကျွေးမကုန်လည်း ထားလိုက်ပါတော့ သမီးရယ်”

” ဒါမှ သူတို့ ကျောင်းပိတ်တိုင်း သမီးတို့ဆီ ပြန်လာမှာပေါ့အမေရဲ့။သမီးတို့ကတော့ လွမ်းကျန်ခဲ့မှာ။သူတို့လည်း ဝါးခယ်မစာတွေ စားဖူးကြိုက်ဖူးမှ ကိုယ့်ဇာတိမြေကို သတိရမှာပေါ့ အမေရဲ့၊ကျွေးပါရစေ အမေရယ်။နော်မာမီနော်။”

သောကြာနေ့

“ဒီမနက်တော့ သီရိမင်္ဂလာလမ်းထိပ် ညောင်ပင်ကြီးအောက်က မုန့်ပျစ်စလက်ကို သွားတန်းစီပြီး ကျွေးရမယ်။ ဖိုးသားက အဖြူ ပဲပြုတ်နဲ့ ကြိုက်တယ်။ မီးမီးက ထန်းလျက်နဲ့ အနီ အချိုကြိုက်တယ်။ဟုတ်တယ်နော်။တယောက် ၂ခုဆို ကျေနပ်ပြီလား။ပြီးရင် ဆေးရုံလမ်း အေးမောင် လက်ဖက်ရည်သောက်ပေါ့။”

“ဟင်းစပ်ကတော့ ကြက်သွန်ဖြူ ဒါးပြားရိုက်လေး ကြွပ်ကြွပ်ကြောြ်ပီးပုဇွန်အကောင်ကြီးကို ကြောခွဲပြီး အဖြူထည် ကြော်လိုက်ရင် ကြက်သွန်ဖြူနံ့လေး မွှေးနေတာပဲ။ ကုလားပဲလေးပြုတ်ပြီး အာလူးရယ်၊ရုံးပတီသီးရယ်။ခရမ်းသီးရယ်၊သီးစုံချည်ရည်ချက်မယ်။ ဟိန္ဒူတွေကတော့ သက်သတ်လွတ်ချက်တာပဲ။ဒို့ကတော့ ပါဏာတိပါတာ မပါရင် ဟာတိဟာတာမို့ ပုဇွန်ခေါင်းဖြုတ်ထားတာလေးတွေ ရောချက်မယ်။ဒေါ်ပုမဆလာနဲ့ အရည်စပ်စပ်လေးချက်မယ်။ဖက်သန်းသီးလေးတွေ ပြုတ်ပြီး ဆစ်ထားရင် အမေလည်း ကြိုက်တယ်လေ။
ပဲတောင့်ရှည်ကို ပုဇွန်လေးစင်းပြီးကြော်မယ်။ တကယ်တော့ ပုဇွန်ဥလေးနဲ့ဆို ပိုလိုက်တာ။ အခုတော့ ပုဇွန်ဆီလည်းရှား၊ပုဇွန်ဥလည်း ရှားပြီ။”

“သမီးရေ။ကလေးတွေကို ရွှေပြည်အေးရုံမှာ ရုပ်ရှင်သွားပြရင်း ညနေမှ ထွက်တဲ့ ဘုရားကြီးလမ်းဒေါင့်က ပီလောပီနံ ရွှေကြည်သွားဝယ်ကျွေးပါအေ။ အပြန်တွက်လည်း တပိဿာလောက် မှာထားအုံးှ၊ အုန်းနို့ကို ပလပ်စတစ်အိတ်လေးနဲ့ သီးသန့်ထည့်ခိုင်း၊ဒါမှ ကြာကြာခံမှာ။”

“အခုချိန် ဝဲကြီးဆိပ်မှာ ပီလောပီနံ လှေတွေ ဆိုက်ပြီထင်တယ်နော် အမေ။”

“ဝဲကြီးဆိပ်တံတားမှာ မော်တော်တွေနဲ့ လာရောင်းကြတဲ့ ရာသီပေါ်သီးနှံကတော့ တနှစ်လုံး မပြတ်ပေါင်အေ။မိုးတွင်းဆို နာနတ်သီးလှေတွေလာရောင်းတယ်။ဇီးသီးကတော့ အညာကလာတာ။ မိုးကုန်လို့ ဇီးသီးတုံးရင် ပြောင်းဖူးပေါ်တော့ ပြောင်းဖူးသွားဝယ်ပြီး ပြုတ်စားရတယ်။ ပြောင်းဖူးတုံးချိန်ကျ ပီလောပီနံတွေ ပေါ်ရင် ပြုတ်စားရပြန်တယ်။ပီလောပီနံကို ရွှေကြည်ထိုးတာတော့ ဝါးခယ်မမှာပဲ စားဖူးတယ်။ပိန်းကြက်ဥပေါ်ချိန်ဆိုလည်း ဝယ်ပြီး ရန်ကုန်လက်ဆောင် ထည့်ပေးရပြန်ရော၊နွေရာသီကျတော့ ဖရဲသီးပေါ့အေ။ညနေစောင်း ဝဲကြီးဆိပ် လမ်းလျှောက်ထွက်ရင်း အပြန်ကျ တောသည်တွေ ဆီက ဈေးချိုချို ပေါပေါများများရတဲ့ အသီးအနှံတွေ ဝယ်ရတဲ့ အရသာကို ရန်ကုန်သူတွေ ရမယ်မထင်ပါဘူး သမီးရယ်။သနားပါတယ်အေ။”

စနေနေ့

“ကလေးတွေလည်း ပြန်ရခါနီးပြီ။ကျွေးစရာက မစုံသေးဘူး။ဒီနေ့တော့ ဆေးရုံရှေ့က ဦးကြူးဟိုရဲ့ဆိုင်မှာ ဝက်နံရိုးဆီချက်ခေါက်ဆွဲ နဲ့ လက်ဖက်ရည် ကျွေးမယ်။ပြီးရင် အချိန်နဲ့ ရောင်းတဲ့ ဂျင်းဗူးသီးငါးပေါင်းကြော်ဝယ်ကျွေးမယ်။ဒီဗူးသီးကြော်က ဦးအံ့ကျော်တောင် ကြိုက်လွန်းလို့ ဝါးခယ်မရောက်တိုင်း ဝယ်စားတာ ”

“အမေရေ၊ ဈေးကကြာရိုးနဲ့ သခွားသီးကြီးကြီးရလာတယ်။ကြာရိုးဟင်းခါးလေးချက်မယ်။၊ငရုပ်ကောင်းနိုင်နိုင်ခပ်ပေါ့။ ကြာပန်းနဲ့ ကြာရိုးတချို့တော့ မီးမီးကို ကြာဆစ်ကြိုး ချိုးပေးမယ်လေ။ကြာခွက်ကတော့ စားလည်းစား၊ဆော့လည်းဆော့ပေါ့နော်”။

“ကလေးတွေလည်းဒီရောက်မှ သဘာဝနဲ့ ဆော့ရတာ။ သခွားသီးကို အသားခြစ်ပြီးရင်လည်း သခွားသီးခွံကို လှေလုပ်တမ်းဆော့ကြအေ။ဒို့ငယ်ငယ်ကတော့ အဲလို ဆော့စရာတွေ ပေါမှပေါ။
“သခွားသီးခြစ်ကို ပုဇွန်လှော်နဲ့ ငရုပ်သီးစိမ်းပါးပါးလှီးရယ်။ငရုပ်ကျက်မှုန့် နည်းနည်းထည့်ပြီး သုပ်မယ်။ပုဇွန်ခပ်လတ်လတ်လေးတွေကို မန်ကျည်းရည်နဲ့ ချည်ရည် ချက်မယ် အမေ။”
” ကစကဲက မော်လီတို့ ငါးဖယ်အောင်းငါးပိ တွေ လာပို့ထားတာရှိတယ်။ ကြော်လိုက်လေသမီး၊ ကလေးတွေကိုတော့ အရိုးမစူးအောင် တခါတည်း အသားနွင်ပေးနော်။”
“ငါးဖယ်အောင်းငါးပိရတော့ အဖေ့ သတိရတယ် အမေရယ်။ အဖေက ငါးဖယ်အောင်းငါးပိကောင်ကြော်၊သံပုရာရည်လေးညှစ်ပေးရင် သိပ်ကြိုက်တာ။ ထမင်းတပန်းကန်က ဒါနဲ့ပဲ ကုန်ရော၊ တခါတလေ ဆန်ပြုတ်နဲ့ စားတတ်သေးတယ်။ အဖေက ငါးလည်း ကြိုက်တော့ ငါးပြေမတို့ ငါးဇင်ရိုင်းတို့ မန်ကျည်းရည်လေးနဲ့ချက်၊နံနံပင်လေးအုပ်ရင်လည်း ကြိုက်တာပဲ။အရိုးများတဲ့ ငါးပြေမတောင် ဘယ်တော့မှ အရိုးမစူးဘူး။မောင်သာရဝတ္ထုတွေထဲ ငါးပြေမစားရင် အရိုးသတ်သတ်လေးထွက်အောင် စားတတ်တယ်ဆိုတာ ဖတ်ရတိုင်း အဖေ့ သတိရမိတယ်။”
“သတိရတာနဲ့ ပူဆွေးတာတော့ ကွဲပါစေ သမီးရယ်၊ကဲ ကလေးတွေနေ့လည်ခင်းတွက်တော့ မုန့်ကျွဲသဲရယ် မုန့်ဖက်ကတော့ရယ် ဝယ်ထားတာကျွေးလိုက် သမီးရယ်။ မည်းမည်းကြီးတွေပေမယ့် စားလို့ကောင်းပါတယ်။”
“အမေလေး အမေရယ်။အမေ့မြေးတွေလေ ကျီးနီစုက ဒေါ်သိန်းရင် လာရောင်းလို့ သရက်ပျဉ်တွေ အပြန်ပေးဖို့ ဝယ်ထားတာ ကပ်ကျေးနဲ့ ညှပြ်ပီး သကြားနဲ့ ဆေးလိပ်လိပ်သလို လိပ်စားနေကြတာ ကုန်တော့မယ် အမေရေ။ ”
“စားပါစေအေ။သူတို့ခမျာ။အခုမှ စားကြရရှာတာ။သရက်သီးတွေလည်း ရှားလာတာ။ အရင်က စိမ်းချို ဆိုပြီး အလုံးသေးသေးကျစ်ကျစ်လေးလေ။ ရန်ကုန်က မချစ်စုထက် အချိုသာတယ်။ အခုတော့ တုံးရှာပြီ။
အမှည့်ထဲကလည်း သုံးနှစ်သီးတို့ သလပ်ဖက်တို့၊နို့ဆီ သရက်တို့လို ဒို့ဝါးခယ်မက သရက်မျိုးတွေ တုန်းကုန်ပါပြီ သမီးရယ်။နှမျောလိုက်တာ။”

တနင်္ဂနွေနေ့

“ကဲ နောက်ဆုံးနှုတ်ဆက်တဲ့နေ့ပေါ့ ဖိုးသားနဲ့ မီးမီးရေ။ ဧရာဝတီ သင်္ဘောဆိပ်ရှေ့က တင်တင်စိုးတို့ ကောင်းထက်လက်ဖက်ရည်ဆိုင် သွားထိုင်မယ်။အဲဒီ ဆိုင်မှာ ညှပ်ခေါက်ဆွဲနဲ့ မုန့်ဟင်းခါးစားမယ်၊ဖိုးသားက ပုဇွန်ကြော်နဲ့ မန္တလေးပဲကြော် ကြိုက်တယ်။မီးမီးက ငါးဖယ်ကြော်နဲ့ ပဲကပ်ကြော် ကြိုက်တယ်။”
” ဒို့ဝါးခယ်မ ပဲကပ်ကြော်က မွမွလေးနေတာ၊သူများတွေ ဆီကလို မာမာကြီးမဟုတ်ဘူး။တချို့ရန်ကုန်ပြန်ရင် ဝယ်သွားပြီး လေလုံအောင် သံပုံးထဲထည့်ပြီး တလလောက်ထားစားကြတာ။ ဘိုကိတ်ပဲပြုတ်ကို ချေပြီးဂျင်းနဲ့ ကြော်ထားတဲ့ မန်းပဲကြော်ကလည်း မန္တလေးမှာတောင် ဒီလောက် ကောင်းပါ့မလားမဆိုနိုင်ဘူး။မင်းတို့ အဖေ အန်တီလေးအကိုဆို မုန့်ဟင်းခါးဖတ်နဲ့ စားပြီးရင် ဟင်းရည်နဲ့ အကြော်ချည်းပဲစားလိုက်သေးတယ်။”
” သမီးရေ၊ပြီးရင် ပတ္တမြားရုံဟောင်းမှာဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်မှာ နံပြားကို ပဲပြုတ်ကြက်သွန်ကြော်လေးနဲ့ သွားကျွေးလိုက်ပါဦး၊ လှိုင်းဧရာလက်ဖက်ရည်ဆိုင်က နံပြားယိုသုတ်ကတော့ နောက်တခေါက်မှ စားကြတော့။ဗိုက်မဆန့်ဘဲ ကွဲထွက်တဲ့ စူဇကာတွေ ဖြစ်သွားမယ်။”

“အမေရေ၊နေ့လည်စာတော့ ငါးရံ့ကို ဗိုက်ခွဲ ငရုပ်ကြက်သွန်အစာထည့်ပြီး စပါးလင်နဲ့ ချည်ပြီး ပြန်ချက်တဲ့ ငါးရံ့ တုပ်ချက်ချက်ကျွေးမယ်နော်။”
“ဒို့ ဝါးခယ်မ ငါးရံ့ တုပ်ချက်ကနာမည်ကြီးအေ့၊ ဝင်းဦး နာမည်ကြီးချိန်တုံးက မန္တလေးရယ်၊မော်လမြိုင်ရယ် ၊ ဝါးခယ်မရယ်က လွဲရင် ဘယ်မြို့မှ သီချင်းလိုက်မဆိုဘူးတဲ့။ဝါးခယ်မကို ဘာကြောင့်လာလဲဆိုရင် ဝါးခယ်မ ငါးရံ့ တုပ်ချက်ကောင်းလို့ရယ်၊ ဝါးခယ်မသူတွေက အိန္ဒြေရှိလို့တဲ့။ ဟုတ်တယ်လေ ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေမှာ အခုခေတ် စိုင်းစိုင်းလိုပဲ ဝင်းဦးဆို ပန်းကုံးတွေစွပ်ဖက်နမ်း ဝိုင်းဝိုင်းလည်နေချိန် ဝါးခယ်မသူတွေက မိတ်ဆက်ဖို့တောင် မသွားဘူးတဲ့။”
“အမေ့ ငါးရံ့တုပ်ချက်အမွှန်းကောင်းတာ မန္တလေးကျောင်း တန်းဆွမ်းတောင် လွတ်တော့မလို့၊ ငါးရံ့အူတွေလည်း ဝယ်လာလို့ ငါးရံ့အူဆီပြန်ရယ်၊ကတက်ချဉ်သုပ်လေးရယ်၊သရက်ကင်းပါးပါးလှီးပြီး အချဉ်စိမ်ထားတာလေးတို့မယ်။ကလေးတွေ ဗိုက်ကားပြီးမှ ညနေကားနဲ့ ရန်ကုန်ပြန်ပေတော့။သရွတ်မြိုက် ငါးသလောက်မရတာနဲ့ ငါးသလောက်နှပ်ကလေးတောင် မကျွေးလိုက်ရဘူး။”
“ကလေးတွေကို ကားမထွက်ခင် ကြံရည်အေးအေးလေး တိုက်လိုက်ပါဦး။ဟိုအရင်ကလို ကိုအေးဆိုင်က ဖာလူဒါနဲ့ ဖရုံယိုရယ်၊မြေပဲရယ်၊ဆေးကုလားမနဲ့ ကျောက်ကျောမဲမဲကြီးရယ်၊နို့ဆီလေးပါထည့်ထားတဲ့ ရေခဲသုတ်ကတော့ မရတော့ဘူး။အခုအအေးဆိုင်တွေက ရန်ကုန်ဆန်ကုန်ပြီ။ရေခဲမုန့်တို့ သစ်သီးဖျော်ရည်တို့ အအေးပုလင်းတွေပဲ ရတော့တယ်။အဲတော့ ဝါးခယ်မမှာ သဘာဝအတိုင်းရတဲ့ ကြံရည်လေးပဲ သောက်ပါတော့ကွယ်။”

“မှာထားတဲ့ ပုဇွန်ချဉ်ရယ်၊ပဲငှက်ပျောကောက်ညှင်းထုပ်ရယ်၊ငှက်ပျောသီးမုန့်ထုပ်ရယ်။ပီလောပီနံရွှေကြည်ရယ်။ငါးဖယ်မုန့် အစိမ်းနဲ့ ရွှေလက်ရာကန်ဇွန်းဥကြော်လည်းပါတယ်။ ကင်းပဲမုန့်လည်းပါတယ်။ငါးရံ့ခြောက် ဆားပေါ့ ဆေးလွတ်လည်းပါပါရဲ့။ အမွှာညီအမ မြေပဲယို နှမ်းပျစ်လည်းပါတယ်။ကိုသန်းဇော်ရဲ့ ကြက်သွန်ဖြူကြော်လည်း ပါတယ်။ ဆရာမဒေါ်ဥရဲ့ နနွင်းဆေးပြားလည်း ဖိုးသားတို့ အမေက မှာထားသေးတယ်။ညောင်ဝိုင်းက ဝါဝါဝင်း သနပ်ခါးထုပ်လေးတွေလည်း ပါသေးတယ်။ဆွဲခြင်းကတော့ အပြည့်ပဲ။”

“ဒါတွေ စားလို့ ကုန်ရင် တခေါက် ပြန်လာလည်ကြအုံးနော်။
ဒါမှမဟုတ်လည်း ဒီဇင်ဘာလကျရင် ရန်ကုန်မှာ လုပ်မယ့် ဝါးခယ်မအသင်း နှစ်ပတ်လည်ပွဲကို လာကြ။မုန့်ဟင်းခါးလည်း အဝစားရမယ်။ ဒီလိမုုန့်တွေ ဝါးခယ်မထွက်ကုန် ပစ္စည်းတွေလည်း စိတ်ကြိုက်ဝယ်ပေတော့လို့ ဖိုးသားတို့ မီးမီးတို့ မေမေကို ပြောလိုက်ပေတော့နော်။
အန်တီလေးက ကလေးတွေကို လွမ်းသလို ကလေးတွေကလည်း ဝါးခယ်မကို လွမ်းနေမှာ သိပါတယ်။ပြန်ဆုံကြသေးတာပေါ့နော်။”

(ဝါးခယ်မကို လွမ်းရင်း အဝေးကနေ ရေးရတဲ့စာဆိုတော့ ရာသီမကိုက်၊ချိန်ခါမကိုက်၊အတိတ်မှာ ကျန်ခဲ့တဲ့စားဖွယ်တွေ ဖြစ်နေရင် မေတ္တာရှေ့ထားပြီး ခွင့်လွှတ်ကြပါနော်)

ဒါတွေ ရေးနေတဲ့ ကိုယ့်ရည်မှန်းချက် ကတော့ ဝါးခယ်မအစားအစာတွေ လူကြိုက်များလာရင် ရန်ကုန်/နိုင်ငံခြားကလူတွေ စားချင်တဲ့ အစားအသောက် (သို့) အလှူအတန်းတွေမှာ ကျွေးချင်တဲ့ ဝါးခယ်မထွက်ကုန်တွေကို ဖုန်းနဲ့ အော်ဒါမှာ၊ငွေကို ဘဏ်ကလွှဲပေး။ဝါးခယ်မဖက်က ကားနဲ့ လိုရာကို အရောက်ပို့ပေး။ ကားဂိတ်တွေကလည်း Delivery fee သင့်တင့်အောင်ယူ ၊ထုတ်လုပ်သူတွေကလည်း အရည်အသွေးကို ထိန်းပြီး ထုတ်လုပ်၊ ဒို့ ဝါးခယ်မသားတွေ သမ္မာအာဇီဝနဲ့ ကြီးပွားကြစေချင်ပါတယ်။ ပုသိမ်ဟာလဝါလို မန္တလေးထိုးမုန့်လို လက်ဆောင်ပေးလို့ လှတဲ့ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အစားအစာတွေ ထွက်ကုန်တွေ နာမည်ရစေချင်တာ ကျမရဲ့ အိပ်မက်ပါပဲ။တနေ့မှာတော့ အကောင်အထည်ပေါ်ကောင်းပါရဲ့။ နောင်လာနောက်သားကောင်းစားဖို့ရာ၊ကျုပ်တို့ ကိုယ်ကျိုး လုံးလုံးမပါ ဆိုတဲ့ ဘဘသခင်သိန်းဖေ ရဲ့ ကဗျာ လိုပါပဲ။

14517656_10202623945916852_7067616207365354918_n 14570367_10202659913656023_4255551939562027316_n 14642489_10202628119421187_419146939519099032_n 14666245_10202659948296889_7498706740115480513_n 14670696_10202644060459703_6322539330275036200_n 14670734_10202654426318843_9211833678741184039_n 14681586_10202640595653085_8175151159929957531_n 14691082_10202640596133097_1750612850161444320_n

8 comments

  • Thint Aye Yeik

    October 24, 2016 at 10:46 am

    .ကြာသပတေးနေ့အစာတွေ ဖတ်ပြီး သွားရေဗျန်းဗျန်းကျသွားတယ် တီဒုံရေ။

    ဝါးခယ်မကိုတောင် ရ ရက်လောက် သွားလည်ချင်လာတယ်။

    တီဒုံ မျှော်မှန်းသလိုလည်း အမြန်ဆုံး ဖြစ်ပါစေ လို့. . .

    • padonmar

      October 30, 2016 at 1:21 am

      စားခင်ရင် လိုက်လည်ပါ။
      ပေးတဲ့ ဆုပြည့်ပါစေ။

  • ဇီဇီ

    October 27, 2016 at 9:51 am

    ဟာ။.။ကောင်းလိုက်တဲ့ တစ်ပတ်စာ။
    ဒေသစာစစ်စစ် အရသာပေးစွမ်းနိုင်သော တစ်ပတ်စာ။

    :chit:

    • padonmar

      October 30, 2016 at 1:23 am

      ဇီကလေးကို ဝါးခယ်မသူရဲ့ ပုဇွန်ဟင်းတွေ ရေးပေးမယ်လို့ ပုံတွေပို့ထားပြီး တနှစ်လောက်ကြာနေခဲ့တာ အားနာမဆုံးပါ။

  • ဦးဦးပါလေရာ

    October 29, 2016 at 8:07 am

    စကားမစပ်
    ဒီနှစ်ရော ဝါးခယ်မစာလေးတွေ
    ဝယ်ထားပေးဖို့ အစီအစဉ်လေးများရှိဦးမလားဟမ်…

    • padonmar

      October 30, 2016 at 1:25 am

      ဝယ်ပေးပါဘူး။ လာစားပါ။ပူပူနွေးနွေးစားမှ ပိုအရသာရှိတာ။

  • ဦးကြောင်ကြီး

    October 31, 2016 at 2:03 pm

    ခိုနီဒုံဂျီး အလုပ်သားတွေကို မုန်းတယ်ဆိုတာ ဟုတ်ပါသလား ခညာ..

  • padonmar

    June 13, 2017 at 11:38 pm

    အခုတော့ ဝါးခယ်မပြန်ရင် ကသုတ်ကရက်နဲ့ ဒီအစားအစာတွေတောင် စုံအောင် မစားနိုင်တော့ပါဘူး။
    လွမ်းမိပါတယ်။

Leave a Reply